Showing posts with label ကျွန်တော်ရေးမိသော ဆောင်းပါးများ. Show all posts
Showing posts with label ကျွန်တော်ရေးမိသော ဆောင်းပါးများ. Show all posts

Monday, March 4, 2013

ရပ်တည်လည်း မနေဘဲ၊ သွားဖို့ရန်လည်း အားမထုတ်ဘဲ သြဃလေးသွယ်မှ လွတ်မြောက်ခြင်း နှင့် ကျနော်နားလည်မိသော ပို့စ်မော်ဒန်အမြင်


ကျနော် ဒဿနိကဗေဒ နဲ့ ဒုတိယနှစ် တက်တော့
သူငယ်ချင်း ၅-ယောက် စုပြီး ကဗျာစာအုပ်ကလေး လုပ်ဖူးပါတယ်။
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ထုတ်ကြ  . . .
“ရောင်းလို့ရလာတဲ့ စာအုပ်ဖိုးလေးတွေကို  ဆရာကန်တော့ပွဲမှာ အားလုံး ကန်တော့မယ်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။
ဒီ စေတနာကြောင့်လား တော့ မသိဘူး ခင်ဗျာ
စာအုပ်ကလေးတွေ တော်တော်ရောင်းရပါတယ်။  ရောင်းမကုန်လို့ အလကားပေးပြစ်တာတွေလည်း ရှိတာပေါ့လေ . .
ရောင်းလို့ရတဲ့ ပိုက်ဆံလေးတွေလည်း ဆရာကန်တော့ပွဲမှာ အားလုံး ကန်တော့ခဲ့ပါတယ်။

အဲဒီမှာ ကဗျာရေးမယ်ဆိုတော့ ကဗျာတွေအကြောင်းကို လေ့လာကြရင်းနဲ့
ပို့စ်မော်ဒန်အမြင် (Post modern Thought)  ဆိုတာကို ရောက်သွားကြတယ်။

ပို့စ်မော်ဒန်အမြင် (Post modern Thought)  ဆိုတာကို
အကျမ်းအားဖြင့် ကျနော်လေ့လာမိသလောက်ပြောပြရင်
အဆောက်အအုံကို ဖြိုချပြီး အတွင်း သဘာဝတ္ထ၊ အတွင်းမှာ ဝှက်ထားတဲ့ အဓိပ္ပာယ်ကို ထုတ်ကြည့်ရမယ်။
ဒီကွန်စထရပ် Deconstruct လုပ်ကြည့်ရတယ်လို့ ခေါ်ကြပါတယ်။
ဆိုလိုတာက အပေါ်ယံစာမျက်နှာ face value ထက် စာသား text ရဲ့ အတွင်းမှာရှိတဲ့ အနက်ဝှက်ကို ဖော်ထုတ်ဖို့ ပိုပြီးအရေးကြီးပါတယ်။
အဲဒီသဘောလေးကို ပို့စ်မော်ဒန်အမြင် (Post modern Thought)  လို့ ဖော်ပြကြပါတယ်။

အဲ . . . ပြဿနာက အဲဒီမှာ စတာပဲ ခင်ဗျ
သူငယ်ချင်းတွေကတည်း ပို့စ်မော်ဒန်အမြင် ဆိုတာ ဘယ်က စတယ်၊ ဘယ်သူက စတယ် စသည်ဖြင့်
သူတို့ သဘောကျတဲ့ ဆရာကြီးတွေရဲ့ အရေးအသားတွေ၊ ကဗျာတွေ၊ အမြင်တွေကို ချပြကြတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့ ငြင်းခုန်ကြတယ်ပေါ့ ဗျာ (ပျော်စရာတော့ ကောင်းပါတယ်)

တကယ်လည်း ငြင်းခုန်မယ်ဆို ငြင်းခုန်စရာတွေက အများသားနဲ့ရယ်ပါ
ကိုယ်မှ တိတိကျကျ မသိတာကိုး . . .
အဲဒီတော့ ကျနော်လည်း ငြင်းကြည့်တာပေါ့  . . .
“အဲလိုပြောကြကြေးဆို  ငါတို့ ဂေါတမဘုရားက စတယ်လို့ ပြောရင်လည်း ရတယ်” လို့ ပြောပြီး
ဗုဒ္ဓဘုရားရှင်တော်မြတ်ရဲ့ တရားတော်တစ်ခုကို မှတ်မိသလောက် ပြောပြတယ်။


                   အခါတစ်ပါးမှာ ဂေါတမမြတ်စွာဘုရားကို ပုဂ္ဂိုလ်တစ်ဦးက မေးလျှောက်တယ်။
ဘယ်လိုမေးလျှောက်သလဲဆိုတော့ . . .
“ဒုက္ခခပ်သိမ်း ငြိမ်းတော်မူတဲ့ ရှင်တော်ဘုရားသည် ဘယ်ပုံဘယ်နည်းအားဖြင့်
(ကာမောဃ၊ ဘဝေါဃ၊ ဒီဋ္ဌောဃ၊ အဝိဇ္ဇောယ တည်းဟူသော) သြဃလေးသွယ် ရေပင်လယ်ကြီးကို ကူးမြောက်တော်မူခဲ့ပါသလဲ” လို့ မေးလျှောက်တယ်။

ဒီအခါမှာ ဂေါတမမြတ်စွာဘုရားက
“ငါသည် ရပ်တည်လဲမနေဘဲ၊ သွားဖို့ရန်လည်း အားမထုတ်ဘဲ သြဃလေးသွယ် ရေပင်လယ်သမုဒ္ဒရာကြီးကို ကူးမြောက်ခဲ့တယ်” လို့ ဖြေတယ်။

                   ဂေါတမမြတ်စွာဘုရားရဲ့ အဖြေကို တစ်ဘက်က ပုဂ္ဂိုလ်က နားမလည်ဘူး၊
ဒီလိုနားမလည်တော့ ဂေါတမမြတ်စွာဘုရားကို ထပ်ပြီးမေးတယ်။
“အရှင်ဘုရား - အရှင်ဘုရားသည် သြဃလေးပါးတည်းဟူသော ပင်လယ်သမုဒ္ဒရာကြီးကို အဘယ်ကဲ့သို့
ရပ်၍လည်းမနေဘဲ၊ သွားလည်းမသွားဘဲ ကူးမြောက်တော်မူခဲ့ပါသလဲ” လို့ လျှောက်တယ်။

ဒီအခါမှာ မြတ်စွာဘုရားက . . . 
“ရပ်နေတဲ့အခါ နစ်မြုပ်တယ်၊ သွားဖို့ရန် အားထုတ်တဲ့အခါ မျောတယ်။
ငါဟာ . . . ရပ်လဲမနေဘဲ သွားလဲမသွားဘဲ သံသရာရေအယဉ်လို့ ဆိုအပ်တဲ့ သြဃလေးသွယ် သမုဒ်ပင်လယ်ကြီးကို ကူးမြောက်ခဲ့တယ်” လို့ ဖြေတော်မူတယ်။

                   ဒီအခါမှာ မေးတဲ့ပုဂ္ဂိုလ်က . . .
“ရပ်လဲမနေဘဲ၊ သွားဖို့ရန်လည်း အားမထုတ်ဘဲ သြဃလေးသွယ်လို့ ဆိုရတဲ့ သံသရာသမုဒ်ပြင်ကျယ်ကြီးကို ကူးမြောက်တော်မူခဲ့တဲ့ မြတ်စွာဘုရားကို အခုမှပင် ဖူးတွေ့ရပေတယ်” လို့ လျှောက်ထားပြီး ဂေါတမမြတ်စွာဘုရားထံကနေ ထွက်ခွားသွားတယ်တဲ့။

                   ဒီမှာ ဂေါတမမြတ်စွာဘုရား မိန့်တော်မူတဲ့ . . .
“ငါဟာ ရပ်တည်မနေဘဲ” ဆိုတဲ့ စကားက ကာမသုခလ္လိက နုယောဂဆိုတဲ့ ကာမဂုဏ်တွေထဲမှာ နေ,နေတာ မဟုတ်ဘူး။
ကာမဂုဏ်တွေကို လိုက်စား၊ ခံစားနေခြင်းမဟုတ်ဘူးလို့ ဆိုလိုတယ်။

“သွားဖို့ရန်လည်း အားမထုတ်ဘဲ” ဆိုတာက
အတ္တကိလ မထာနုယောဂ ဆိုတဲ့ အကျင့်တွေကို ကျင့်ဆောင်အားထုတ်မှု မလုပ်ဘူးလို့ ဆိုလိုတယ်လို့ အဌကထာဆရာတွေက ဖွင့်ပြတက်ကြတယ်။

ပြီးတော့ . . .
ဒီတော့ “ရပ်နေတဲ့အခါ နစ်မြုပ်တယ်” ဆိုတာ အဲဒီ ကာမဂုဏ်တွေကို ခံစားနှစ်သက်နေရင် . . . သံသရာ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ နစ်မွန်းသွားမယ်၊

“သွားဖို့အားထုတ်တဲ့အခါ . . . သွားပြန်တဲ့အခါ မျောပါတယ်” ဆိုတာက
ဆိုခဲ့တဲ့ အတ္တကိလမထနုယောဂ ဆိုတဲ့ မိမိကိုယ်ကို ညှင်းဆဲတဲ့အကျင့်တွေကိုကျင့်ရင်
ဒါဟာလည်း သံသရာက လွတ်မြောက်ကြောင်း မဟုတ်ဘဲ သံသရာ ပင်လယ်သြဃရေတွေထဲ မျောပါသွားဦးမှာပဲလို့ ဆိုလိုတယ်တဲ့။

                   ဂေါတမမြတ်စွာဘုရားဟာ ဆိုခဲ့တဲ့ ကာမသုခလ္လိကာနုယောဂနဲ့ အတ္တကိလ မထာနုယောဂဆိုတဲ့ အစွန်း(၂)ပါးနောက် မလိုက်ဘဲ
မဇ္ဈိမပဋိပဒါ မဂ္ဂင်ရှစ်ပါးလမ်းကို လိုက်ခဲ့တယ်၊ ဒါကြောင့် ငါဟာ မြုပ်လဲမမြုပ်ဘဲ မျောလဲမမျောဘဲနဲ့ သြဃလေးသွယ် သမုဒ္ဒရာသံသရာ ပြင်ကျယ်ကြီးကို ကူးမြောက်ခဲ့တယ် လို့ ဗုဒ္ဓမြတ်စွာက မိန့်တော်မူခြင်း ဖြစ်တယ်လို့ ဖွင့်ဆိုပြတာလည်း ရှိတယ်။

ကျနော် က ဒီတရားတော်ကို ကျနော် မှတ်မိသလို ပြောပြလိုက်ပါတယ်။

ဒီ တရားတော်ကို ကြည့်ခြင်းအားဖြင့်
ဒါဟာ . . . ဝှက်ထားတဲ့ အနက်အဓိပ္ပာယ်ကို ဖော်ထုတ်ပြီး အတွင်းက အနှစ်သာရသဘောကို ရှာကြည့်ရတာမျိုးပါ။
ဒါမျိုးကို ဒီကွန်စထရပ် Deconstruct လုပ်ကြည့်ရတယ်လို့ ခေါ်တာပါ။
အပေါ်ယံစာမျက်နှာ face value ထက်  စာသား text ရဲ့ အတွင်းမှာရှိတဲ့ အနက်ဝှက်ကို ဖော်ထုတ်ရခြင်းဖြစ်ပါတယ်။

ကဲ … ဒီလောက်ဆို သူတို့ပြောတဲ့
ပို့စ်မော်ဒန်အမြင် (Post modern Thought)  ဆိုတာကို
ဘယ်အချိန်က စခဲ့တယ်၊ ဘယ်သူက စခဲ့တယ်ဆိုပြီး အတိအကျ မပြောနိုင်ပေမယ့်
ကျနော်တို့ရဲ့ ရှင်တော်မြတ်ဗုဒ္ဓမှာလည်း ဒီသဘောပါတဲ့ တရားတော်တွေ များစွာဟောကြားတော်မူခဲ့ပါကြောင်း
ဗုဒ္ဓတရားတော်များကို လေ့လာတဲ့အခါမှာ အတွင်းပိုင်းအထိ လေ့လာသင့်ကြောင်း စသည်ဖြင့် ကျနော် နားလည်သလို ဆွေးနွေးတင်ပြလိုက်ပါ ခင်ဗျာ

(ကပ္ပိယမောင်ရဲ) https://www.facebook.com/yewin.tun.71
Wednesday, October 10,2012           4:31 pm