Showing posts with label ဆရာတော်ကြီးများ၏ သြဝါဒတော်များ. Show all posts
Showing posts with label ဆရာတော်ကြီးများ၏ သြဝါဒတော်များ. Show all posts

Friday, March 15, 2013

ငှက်လေးမျိုးနဲ့ ပုဂ္ဂိုလ်လေးမျိုး

(၁) ပိုက်ကွန်အတွင်းမှာပဲနေပြီး ပိုက်ကွန်အတွင်းမှာပဲ သေတဲ့ငှက်။

(၂) ပိုက်ကွန်အတွင်းမှာနေပြီး ပိုက်ကွန်အပြင်မှာပဲ သေတဲ့ငှက်။

(၃) ပိုက်ကွန်အပြင်မှာနေပြီး ပိုက်ကွန်အပြင်မှာပဲ သေတဲ့ငှက်။

(၄) ပိုက်ကွန်အပြင်မှာနေပြီး ပိုက်ကွန်အတွင်းမှာပဲ သေတဲ့ငှက် တို့ပဲ။



“ ဒီငှက်လေးမျိုးကို ပုဂ္ဂိုလ်လေးမျိုးနဲ့ ဟပ်လိုက်တဲ့အခါ

ပိုက်ကွန်အတွင်းမှာနေပြီး ပိုက်ကွန်အတွင်းမှာ သေသွားတဲ့ငှက်ဆိုတာ 

တရားလည်းမရ၊ ရဟန်းလည်း မပြုနိုင်ဘဲ
ကာမဂုဏ်ထဲမှာနေပြီး ကာမဂုဏ်ထဲမှာပဲ သေသွားတဲ့ အိမ်ထောင်သည် လူပုဂ္ဂိုလ်များကို ပြောတာပါ။”


“ပိုက်ကွန်အတွင်းမှာနေပြီး ပိုက်ကွန် အပြင်မှာသေတဲ့ငှက်ဆိုတာ 

ကာမဂုဏ်တောထဲမှာ အိမ်ထောင်ကျ ပြီးနေသော်လည်း သံဝေဂရတဲ့အချိန်မှာ ရဟန်းပြု တရားအားထုတ်ပြီး ရဟန်းဘဝနဲ့ သေသွားတဲ့ ပုဂ္ဂိုလ်မျိုးကို ပြောတာပါ”


“ပိုက်ကွန်အပြင်မှာ နေပြီး ပိုက်ကွန်အပြင်မှာ သေသွားတဲ့ ငှက်ဆိုတာ 

ငယ်ငယ်လေးကတည်းက ရဟန်းပြုလာပြီး ရဟန်းဘဝနဲ့ပဲ ပျံလွန်တော်မူသွားတဲ့ ပုဂ္ဂိုလ်မျိုးကို ပြောတာပါ”


“ပိုက်ကွန်အပြင်မှာနေပြီး ပိုက်ကွန် အတွင်းမှာ သေတဲ့ငှက်ဆိုတာ 

ငယ်ငယ်ကတည်းက ရဟန်းပြုလာပြီး ဝါတော်ရလာတဲ့ အချိန်ကျမှ အိမ်ထောင်ရက်သားကျပြီး လူ့ဘဝနဲ့ သေဆုံးရတာမျိုးကို ပြောတာပါ”


“ ဒီသေနည်းလေးမျိုးထဲမှာ
(၂) နဲ့ (၃)ဟာ မြတ်သော သေခြင်းဖြစ်ပါတယ်၊

တပည့်များအားလုံး မြတ်သော သေခြင်းမျိုးထဲမှာ ပါနိုင်ပါစေဆိုတာ ဆုတောင်းရင်း သြဝါဒတော်ကို နိဂုံးချုပ်ပါတယ်။ ။


သာဓု - သာဓု - သာဓု



(သံလျင်မြို့၊ ပျားစည်ကျောင်းဆရာတော် အရှင်ဇယန္တ အရိယာ စစ်တမ်း)
မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် ဆရာကောင်းကို ရှာဖွေခြင်း - မှ ကောက်နှုတ်ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲ -  https://www.facebook.com/yewin.tun.71

 

နိဗ္ဗာန်ရောက်ဖို့ထက် ခက်သောအရာ


“အတ္တပျောက်ပြီး အနတ္တပေါက်၍ 
နိဗ္ဗာန်ရောက်ဖို့ နည်းလမ်းက လွယ်လွယ်ကလေးရယ်၊ 
သို့သော်လည်း ပြောမဖြစ်အောင် ခက်နေတဲ့
အခက်ကြီးတစ်ခက်က ရှိနေပြန်တယ်။

အဲဒီအခက်က ဘာလဲဆိုတော့ ဒကာမောင်တို့တွေရဲ့ စိတ်ကလေးတစ်ခုပါပဲ။

အဲဒီ စိတ်ကလေးဟာ ‘ပါပသ္မိံ ရမတိ မနော’ ဆိုတဲ့အတိုင်း
မကောင်းတဲ့ နေရာမှာ မကောင်းတဲ့ အာရုံ၌သာ မွေ့လျော်ပျော်ပါး ကျက်စား၍ နေလေ့ရှိတယ်။

လူမနီးသူမနီး လူသံမကြား သူသံမကြား (ဝိဝေက) ဆိတ်ငြိမ်ရာ အရပ်မှာ ဝိပဿနာတရားပွားများ အားထုတ်ကြစမ်းပါဆိုတော့
တီကောင်ကို ဆားနဲ့တို့သလို တွန့်လိမ်ကုန်ကြတော့တာပဲ။”

“ကြက်လည်းပင်းဆွဲသလို အတင်းနင်းကန်ပြီး နောက်ဆုတ်ကုန်ကြတော့တာပဲ။

အဲဒီအထဲမှာ ဘာကြောင့် ညာကြောင့်ဆိုတဲ့ ပရိယာယ်(ကြောင့်) တွေက ပါလိုက်သေးတယ်။

ဒကာမောင်ရဲ့၊ အတ္တပျောက်၍ အနတ္တပေါက်ဖို့
တရားဟော လွယ်ကူသလောက်

ဒကာမောင်တို့ရဲ့ စိတ်ကလေးဟာ
ဝိပဿနာအလုပ်ဆို သေရတော့မလောက် ကြောက်နေကြတာက ခက်တာ၊

အဲဒီစိတ်ကလေးဟာ ပြုပြင်မှုနဲ့ မကင်းနိုင်တဲ့ သင်္ခါရသေဘောတရား ဖြစ်လေသောကြောင့် 

အမြဲတမ်းပြုပြင်ပေးနိုင်မှ တော်ရုံကျမယ်။

သို့မဟုတ်ဘဲ သူ့အလို သူ့စရိုက်၊ သူ့အကြိုက်ကိုသာ လိုက်လျောနေမယ်ဆိုလျှင် 

အပါယ်လေးပါး တစ်လမ်းသွားဖြစ်မယ် ဒကာမောင်ရဲ့ . . . ”


“ အဲဒါကြောင့် ဒကာမောင်တို့ ယောဂီတွေ အပါယ်လေးပါး တံခါးပိတ်ပြီး နိဗ္ဗာန်သို့ ရောက်ကြလေအောင် 

မိမိတို့စိတ်ကို မိမိတို့ ပြုပြင်ကြရလိမ့်မယ်။

မိမိစိတ်ကို မိမိပြုပြင်ပါမှ ရတယ်။ သူတစ်ပါးက ပြုပြင်လို့ မရဘူး။

မိမိကိုယ်ကို မိမိ တိဟိတ်လေလော၊ ဒွိဟိတ်လေလော၊ ပါရမီပြည့်လေသလော၊ ပါရမီမပြည့်လေသလောဟု တွေးတော စဉ်းစားမနေပါနှင့်၊
သာသနာတော်ကြီးနဲ့ ကြုံကြိုက်တဲ့အခါမှာ ပါရမီပြည့်တဲ့ တိဟိတ်ပုဂ္ဂိုလ်တွေပဲလို့ အောက်မေ့ပြီး 

ဝိပဿနာအလုပ်ကို မလုပ်ချင် - လုပ်ချင်အောင် မိမိစိတ်ကို မိမိတို့ ပြုပြင်ကြစမ်းပါ”

“ သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ် ထက်ထက်သန်သန်နဲ့ အရိုးကြေကြေ၊
အရေစုတ်စုတ် နောက်မဆုတ်တော့ဘူး။

အတ္တပျောက်ပြီး အနတ္တပေါက်၍ နိဗ္ဗာန်ရောက်အောင် အားထုတ်ပါတော့မယ်ဆိုတဲ့ စိတ်မျိုးတွေ ဖြစ်ပေါ်အောင် 

မိမိစိတ်ကို မိမိပြုပြင်ပေးကြဖို့ အရေးကြီးပါတယ်”
 

(သံလျင်မြို့၊ ပျားစည်ကျောင်းဆရာတော် အရှင်ဇယန္တ -
အရိယာ စစ်တမ်း)

မေတ္တာရှင် (ရွှေပြည်သာ) ဆရာကောင်းကို ရှာဖွေခြင်း - မှ ကောက်နှုတ်ပူဇော်ပါသည်။



ကပ္ပိယ မောင်ရဲ https://www.facebook.com/yewin.tun.71

 

ကောင်းကျိုးပေးတာ စေတနာ


အရိယာနဲ့ ပုထုဇဉ် အမြင်မတူပုံကို ပြောဦးမယ်၊

ပုထုဇဉ်ဆိုတာ စေတီချင်းအတူတူဖြစ်ပါလျက်

'ဆုတောင်းပြည့်ဘုရား' ဟု ဆိုင်းဘုတ်တပ်ထားလျှင်

ပိုပြီး အထင်ကြီးသကွယ့်။


ဂေါတမ ရုပ်ပွားချင်းအတူတူဖြစ်ပါလျက်

မဟာမုနိမှပိုပြီး အထင်ကြီးသကွယ့်။

ဒါကြောင့် 'အရူး' လို့ ဆိုတာပေါ့။


ရုပ်ပွားမှန်သမျှ လူလုပ်တာချင်း အတူတူပါပဲကွယ့်။

ဟိုရုပ်ပွားကလည်း အဝိညာဏကပါပဲ။


ဒါပေမယ့် ပုထုဇဉ် စိတ်ကူးက ရူးနေလို့ ထူးတယ်လို့ ထင်တယ်ကွယ့်။


ဥပမာ -

မဟာမုနိ ရုပ်ပွားက တစ်ဆူ၊

ဗောဓိရုပ်ပွားက တစ်ဆူတစ်ခုသော အာရုံခံမှ အတူတူထားကွယ့်။


မိမိ၏ စေတနာက မိမိကို အကျိုးပေးတာကွယ့်။

ရုပ်ပွားတွေက ပေးတာမဟုတ်ဘူး။


ဒါကြောင့် စိတ်ထားတတ်မှ မြတ်တယ်လို့ ပြောတာ။

ရုပ်ပွားဆိုတာ အာရုံပြုရုံပါပဲ။


အဲဒီလို မိမိစေတနာကသာ

မိမိအားအကျိုးပေးတာကို မသိပါဘဲ

ရုပ်ပွားစေတီအပေါ်မှာ စေတနာမညီမျှသောကြောင့်

"ပုထုဇ္ဇနော ဥမ္မတ္တကော" လို့ ဟော်တော်မူတာကွယ့်။



(နမ္မားဆရာတော်၊ တရားစစ်တမ်းဆွေးနွေးခန်း စာအုပ်မှ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71


ဗုဒ္ဓဘာသာဝင်တိုင်း အကျင့်သိက္ခာ ဖြူစင်သင့်၏။

ဗုဒ္ဓဘာသာဝင်တိုင်း

အကျင့်သိက္ခာ ဖြူစင်သင့်၏။


အကြောင်းကား

ဗုဒ္ဓဘာသာဝင်တစ်ဦး မကောင်းတာလုပ်လျှင်

မိမိသာမက

ရတနာသုံးပါးနှင့် ဆရာပါ

သိက္ခာကျနိုင်သောကြောင့် ပင်တည်း။



ဆရာတော်အရှင်ဇဝန
မေတ္တာရှင် (ရွှေပြည်သာ) ~ ထေရဝါဒ မှတ်ကျောက်
မှ ကောက်နုတ်ပူဇော်ပါသည်။


(ကပ္ပိယ မောင်ရဲ)https://www.facebook.com/yewin.tun.71

မရပ်မနား ရှေ့သို့သွား



အချိန်သည် နောက်သို့လည်း မဆုတ်၊ 
ရပ်၍လည်းမနေ 

ရှေ့သို့သာ အမြဲသွားနေသည်။ 


သင်၏ရုပ်ခန္ဓာသည်လည်း နောက်သို့မဆုတ်၊ 

ရပ်၍မနေ သွားမြဲသွား အိုမြဲအိုနေပေသည်။



ထို့ကြောင့် သင်သည်လည်းပဲ နောက်သို့လည်း မဆုတ်၊ 

ရပ်၍လည်းမနေဘဲ 

သတိပဋ္ဌာန်စက်ခေါင်းတပ်၍ 

အသိ-သတိ အထိန်းပါသော လုံ့လစွမ်းဖြင့် 

ရှေ့သို့သာ အမြဲသွားအောင် ကြိုးစားပါလေ။



- အချိန်သည်လည်း မရပ်ဘဲ အမြဲသွားနေသည်။ 


- အရွယ်သည်လည်း မရပ်ဘဲ အမြဲကြီးနေသည်။

- ထို့ကြောင့်သာပဲ အသင်လည်း အမြဲတက်အောင် လုပ်ရမည်။



တိပိဋက ယောဆရာတော် ၏

ဘ၀လမ်းညွှန် လက်ဆောင်မွန် စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။


Dhamma Dãna Source : ထေရဝါဒ ရနံ့ - https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%9B%E1%80%94%E1%80%B6%E1%82%94/563839556972998


Tuesday, March 12, 2013

ထိုးစစ် မှသည် ခံစစ် ဖြစ်မလာစေနှင့်


တို့ဘုရားသာသနာက “ထိုးစစ်” နဲ့ တက်လာခဲ့တာ “ခံစစ်” နဲ့ မဟုတ်ဘူး။
 

တို့ဘုရားမပွင့်ခင်တုန်းကဆိုရင် 
 
တိတ္ထိ ဆရာကြီးတွေရဲ့ ၀ါဒတွေ လွှမ်းမိုးခဲ့ကြတယ်။ 

ဝါဒတွေလဲ များခဲ့ကြတယ်။



အဲဒီအချိန်မှာ တို့ဘုရားက ပွင့်လာတယ်။

ယုတ္တိရှိတဲ့ တရားတွေ သဘာဝကျတဲ့ ဓမ္မတွေ 

လက်တွေ့ဆန်တဲ့ ကျင့်ကြံမှုတွေကို ဟောပြတယ်။ 

ဒီတော့ သဘောကျတာပေါ့။



အဲဒီလို နောက်ပုဂ္ဂိုလ်တွေ ညံညံလာလေ 

ဟိုတုန်းက ထိုးစစ်ကြောင့် နောက်ဆုတ်ပေးခဲ့ရတဲ့ ၀ါဒတွေက ပြန်ပြီးလွှမ်းမိုးလာလေ ဖြစ်တော့တာပေါ့။ 


ဒီအတိုင်းသာ ကြောင့်ကြမဲ့နေကြရင် ကုန်ဖို့ပဲ ရှိတော့တယ်။


ဒီသာသနာတော်မှာလည်း နေသေး 

ကိုယ်နဲ့မဆိုင်သလို ကြောင့်ကြမဲ့လည်း နေသေး ဆိုရင် တော်ကြပါ့မလား။
 

အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး
ဗုဒ္ဓ၏ဓမ္မအမွေများ ( စာမျက်နှာ -၈- )





 

Monday, March 11, 2013

မလျှော့မတင်း စောင်းကြိုးညှင်းပြဿနာ


မြတ်စွာဘုရားသည် ဒုက္ကရစရိယာ အကျင့်မှားကြီးကို  
 
ခြောက်နှစ်ခန့်ကျင့်ရာတွင် မသေရုံတမယ် အရိုးနှင့်အရေသာကျန်၏။


 

ဂေါတမမြတ်စွာဘုရား နုစဉ်ဘဝ ဇောတိပါလပုဏ္ဏား ဖြစ်စဉ်အခါက



ကဿပမြတ်စွာဘုရားအား - 


'သူက ခြောက်ရက် ဒုက္ကရစရိယာကျင့်ရင်၊


ငါက ခြောက်နှစ် ဒုက္ကရစရိယာ ကျင့်မယ်' ဟူသော


ဝစီကံဖြင့်ပြစ်မှားခဲ့ဖူးသော ဝဋ်ကြွေးကို ပြန်လည်ပေးဆပ်ရခြင်း ဖြစ်။



ခြောက်နှစ်ပြည့်၍ ဝဋ်ကြွေးကုန်သည်နှင့် 


အလယ်အလတ် ကျင့်စဉ်(မဇ္ဈိမပဋိပဒါလမ်း)ကို အလိုလိုထိုးထွင်းသိပြီး


သဗ္ဗညုတဉာဏ်တော်ကိုရရှိသွား၏။



ဤကား ဘုရားဟော ကျမ်းဂန်လာအတိုင်း အတိအကျ ဖြစ်။




သို့သော် ယခုအခါ မည်သည့်ပန်းချီဆရာက ရမ်းသမ်းရေးဆွဲလိုက်သည် မသိ၊


ဒုက္ကရစရိယာ ကျင့်နေသော မြတ်စွာဘုရားလောင်းရှေ့တွင်


စောင်းကိုတီးခတ်ပြေနေသော နတ်သား တစ်ယောက် ပုံပါလာ၏။



ထိုနတ်သားက 


စောင်းကြိုးများကို တအားလျှော့၍တီး၏။ အသံထွက်မလာ။

တစ်ဖန် စောင်းကြိုးကို တအားတင်း၍ တီးပြန်သော် ပြတ်ထွက်ကုန်၏။




စောင်းကြိုးကို အလယ်အလတ်ထားတီးမှ


သုတိသာယာသော စောင်းသံထွက်လာ၏။



ထိုအခါကျမှ ဘုရားလောင်းသည်


မိမိအမှားကိုသိမြင်ပြီး အလယ်အလတ်(မဇ္ဈိမပဋိပဒါ)လမ်းကို 


ပြန်လည်ကျင့်မှ ဘုရားဖြစ်သွားသည်ဟု


ပန်းချီကားက ညွှန်ပြနေ၏။




သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၏ အဓိပ္ပါယ်မှာ 


'သစ္စာလေးပါးကို ဆရာမရှိဘဲ ကိုယ်တော်တိုင် သိတော်မူခြင်း' ဟု အဓိပ္ပါယ်ရ၏။



ထို သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကြီး၏ မျက်နှာကို ထောက်ထားပြီး


နတ်ကစောင်းတီးပြမှ ဘုရားရှင်သည် အကျင့်မှန်ကို ရသွားသည်ဟူသော


အယူအဆကြီးကို ဗုဒ္ဓဘာသာ သာသနာလောကမှ အမြန်ဖယ်ရှားပစ်ရမည်ဖြစ်၏။



**ကောက်နုတ်ချက်**
မေတ္တာရှင် (ရွှေပြည်သာ)
ထေရဝါဒမှတ်ကျောက် (နှာ- ၁၆ ~ ၁၇)မှ ကောက်နုတ်ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71 


Dhamma Dãna Source : ထေရဝါဒ ရနံ့ -https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%9B%E1%80%94%E1%80%B6%E1%82%94/563839556972998?ref=hl

 

တစာစာ တောင်းမနေနဲ့၊ လုပ်ယူကြ


တစ်ခါတလေ ဆရာတော်က ဒကာတွေအပေါ်မှာ အားမရနိုင်လို့ ဖြစ်ဟန်တူသည်။

“အလုပ် လုပ်ပါ ကြိုးစားပါ” လို့ သတိပေးနေတဲ့ကြားက ဆုတောင်းတတ်ကြ၏၊

 

ဤသို့ ပြုမူကြသည်ကို ရည်ရွယ်၍ အောက်ပါအတိုင်း မိန့်တော်မူတော့သည် -

“ခင်ဗျားတို့က ဘုရားနားသွားပြီး ရှေ့ကနေ ပိတ်ထိုင်၊ ပီးတော့ ကျယ်လောင် ကျယ်လောင်နဲ့ ဘုရားရှိခိုးကြတယ် (မှန်ပါ)

အမှန်ကတော့ ခင်ဗျားတို့ဟာက ကျက်ထားတဲ့စာကို မေ့မှာစိုးလို့ ဘုရားရှေ့ သွားပြန်တာနဲ့ တူနေတယ် (မှန်ပါဘုရား)

ဘာလို့လဲဆိုတော့ ပါးစပ်ကသာ ဆိုနေတာ၊ စိတ်က ဘုရားဂုဏ်တော်ဆီကို ရောက်မှ မရောက်ဘဲ (မှန်ပါ)

နှုတ်တက် ရနေလို့သာ ဆုံးသွားတာ (မှန်ပါ)
ဒီတော့ စာပြန်တာနဲ့ တူနေတာပေါ့ (မှန်ပါ ဘုရား)

ပီးတော့ ဆုတောင်းကြသေးတယ်၊
“ဇာတိဖရာ ဗျာတိမရဏမှာ ပရိမုစ္စီဿာမိ” တဲ့၊ 
ဒီလိုဘုရားရှိခိုးတဲ့ အတွက်ပေါ့လေ . . . 
ပဋိသန္ဓေ အို နာ သေ ဘေးမှာ လွတ်ရပါလို၏၊ လွတ်ပါရစေတဲ့ (မှန်ပါ)

ဘယ် . . . ဒီဆုမျိုးကို ဘုရားက ပေးလိမ့်မလဲ၊ 
ပေးနိုင်တာမှ မဟုတ်ဘဲ (မှန်ပါ ဘုရား)
ဒါကို ခင်ဗျားတို့က ဇွတ်တောင်းနေကြတယ် (မှန်ပါ)
ဘုရားကို နားပူနားဆာလုပ်ကြတယ် (မှန်ပါ ဘုရား)

ရုပ်တုတော်မို့လို့သာပေါ့ဗျာ . . . 

ခင်ဗျားတို့ဟာ တော်တော် အတောင်းအရမ်းထူတဲ့ လူတွေ (မှန်ပါ)

အတောင်းအရမ်းအထူတဲ့ လူတွေဆိုတာ ဘယ်အမျိုးတုံး (သူတောင်စားမျိုးပါဘုရား)
အေး . . . အဲဒီထဲက ဖြစ်နေပြီ ခင်ဗျားတို့ (မှန်ပါ ဘုရား)

ဒါမျိုးက ဆုတောင်းယူလို့ ရတာ မဟုတ်ဘူး၊ လုပ်ယူမှ ရတာ(မှန်ပါ)
အဲဒါ လုပ်ယူကြ၊ တစာစာ တောင်းမနေကြနဲ့၊ တန်ရာ တန်ကြေးလုပ်အားပေးပြီးယူကြ (မှန်ပါ)



 

ကောက်နုတ်ချက်
~~~~~~~~~~
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (နှာ-၂၇၄ ~ ၂၇၅)



ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71 

ထေရဝါဒ ရနံ့ (Like page) - https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%9B%E1%80%94%E1%80%B6%E1%82%94/563839556972998?ref=hl 
 

ဝါဒအယူစစ်တမ်း

ဘာသာဝါဒ၊ မတူကြ၍

လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်

ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏။



ဝါဒအယူ၊ မှားခဲ့မူကား

ဆူဆူဗုဒ္ဓ၊ ကယ်မရသည့်

လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်။



စေ့စုံဉာဏ်ဖြင့်၊ မျှော်ထောက်ချင့်ကာ

တစ်ဆင့်ကြားသိ၊ မိရိုးဖလာ

ကောလာဟလ၊ ကျမ်းစာမျှနှင့်

ကြံဆနည်းမှီ၊ ဆီလျှော်သုံးသပ်

ယူချင်းထပ်၍၊ ယုံအပ်သူပဲ

ဆရာစွဲဖြင့်၊ လွှဲပုံစိတ်ချ

မယူကြလင့်။



ဒိဋ္ဌကျင့်ကြံ၊ ကိုယ်ပိုင်ဉာဏ်ဖြင့်

မှားမှန်ကောင်းဆိုး၊ သိအောင်ကြိုးဟု

မျိုးကာလမ၊ ဟောညွှန်ပြ

ဝါဒအယူစစ်တမ်းပေ။ ။


(အရှင်ဇနကာဘိဝံသ)

~~~~~~~~~~~~

ကောက်နုတ်ချက်
မေတ္တာရှင်(ရွှေပြည်သာ)
ထေရဝါဒမှတ်ကျောက် (နှာ-၂၆)


ကပ္ပိယ မောင်ရဲ https://www.facebook.com/yewin.tun.71 

Like page - ထေရဝါဒ ရနံ့ -  https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%9B%E1%80%94%E1%80%B6%E1%82%94/563839556972998?ref=hl


 

Thursday, March 7, 2013

၃၇ မင်းနတ်ကိုးကွယ်မှု


ဗုဒ္ဓဘာသာဝင်တို့ အထွက်အမြတ်ထားရာ ဘုရားခန်းအတွင်း

ဘုရားစင်နှင့်အတူ နတ်ရုပ်များ ထားရှိကြခြင်းသည်

အဆင်မပြေလှပါ။


ပို၍ဆိုးသည်မှာ

ဗုဒ္ဓဆင်းတုတော်ကို ဆွမ်း၊ သစ်သီး၊ ပန်းတို့ဖြင့် ပူဇော်ပြီး

နတ်ရုပ်အား အရက်ပုလင်းကြီးများ ဆက်သထားသည်မှာ

အလွန်အကြည့်ရဆိုးသော မြင်ကွင်းပင်ဖြစ်သည်။


အရက်မသောက်ပါနှင့်ဟု တားမြစ် ဟောကြားထားသော

ဗုဒ္ဓကိုယ်စား ဆင်းတုတော်ရှေ့တွင်

ကိုယ်ရွှေနတ်တို့အား အရက်ဆက်ကြခြင်းသည်

လျောက်ပတ်မှု ရှိ၊မရှိ ဆင်ခြင် စဉ်းစားသင့်လှပါသည်။

ပြုပြင်ရန်အချိန်မီသေး၏။



ဆရာတော် ဘိက္ခုကောသလ္လ (မန်းသာသနာ့တက္ကသိုလ်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မင်းနန်း(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၅၇၈)မှ
ကောက်နုတ်ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71

  

သာသနာ့အရေး ဒို့အရေး


သာသနာ့ အရေး ဒို့အရေးပေ
ဆရာရော တကာရော မလျှော့သော စိတ်တွေ

ဘယ်ရန်သူမျိုး ထိုးဖောက်ပါစေ

ဒို့မမှု ပေါင်းစု ကာကွယ်မလေ

သာသနာ့အရေး ဒို့အရေးပေ ။            ။



(ဦးကောဝိဒါဘိဝံသ - မစိုးရိမ်ဆရာတော်)



ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71


  

ဝစီပိတ်အကျင့်


ဝစီပိတ်အကျင့်သည် 

အအကျင့်၊ အရူးအကျင့်၊ တိတ္ထိကျင့် ဖြစ်သောကြောင့်

မည်သည့်အခါမျှ မကျင့်ရ။


ကျင့်သောရဟန်း

ဒုဣဋ်အာပတ်သင့်စေ။

(ဝိနည်းမဟာဝါ ပါဠိတော်၊ ပဝါရဏက္ခန္ဓသုတ်)

 


ဝစီပိတ်အကျင့် စသည်ကိုလည်း 

မသိသူတို့က အကျင့်ကောင်းအကျင့်မြတ်တစ်ခုဟု

ထင်မှတ်နေသော်လည်း 


အမှန်စင်စစ်ကား ဘုရားရှင်ပိတ်ပင်တားမြစ်တော်မူခဲ့သောအကျင့်သာတည်း။


ဤအကျင့်ဖြင့် နေထိုင်ခြင်းမှာ ဘုရားရှင်မိန့်တော်မူခဲ့သည့်

တိရစ္ဆာန်တို့ နေထိုင်ခြင်းမျိုးဖြင့် နေထိုင်ခြင်းသာဖြစ်၏။

ယင်း အကျင့်မှာ သာသနာပြင်ပ တိတ္ထိတို့၏ သူအ အကျင့်သာ ဖြစ်၏။


ဤဘုရားဟောကို မတွေ့ဘူးသေးသောသူတို့ အတွက်ကား

ယင်း အကျင့်မျိုးမှာ တကယ့် အကျင့်ကောင်းကြီးတစ်ခုဖြစ်နေရပေသည်။

(ဘိုကလေး အရှင်ပဏ္ဍိတ ဆရာတော်)

~~~~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၅၅၈)မှ
ကောက်နုတ်ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71

Wednesday, March 6, 2013

"ပေးတဲ့ဆုအတိုင်း ပြည့်စုံရပါလို၏ . . . . " တဲ့


အလုပ်လဲမလုပ်ဘဲနဲ့ ခင်ဗျားတို့က နိဗ္ဗာန်ရချင်၊ 
ဘုန်းကြီးရှေ့သွား ကန်တော့တယ်၊


သည်တော့ ဘုန်းကြီးကဆုပေးတယ်-


"၀ဋ်ဘ၀တိုတိုနဲ့ မင်္ဂဖိုလ်နိဗ္ဗာန်ကို ရလွယ်ကြသည်ဖြစ်စေ . . . " တဲ့



အဲဒီလိုဆိုတော့ ခင်ဗျားတို့ကလဲ အချောင်သမားတွေ၊

တရားအလုပ်တော့ မလုပ်ချင်ဘူး၊


ဘာပြန်ပြောတုံးဆို -


"ပေးတဲ့ဆုအတိုင်း ပြည့်စုံရပါလို၏ " တဲ့၊



ခက်လိုက်တဲ့ဖြစ်ခြင်း၊

အတော်ဆိုးတဲ့လူတွေ၊ ဘယ်ရမလဲဗျ၊


ပေးတဲ့ဘုန်းကြီး ကလဲ ထုံးစံအတိုင်းပေးတာ၊

ခင်ဗျားတို့ကလဲ အလကားလိုချင်တာဆိုတော့ ကိုက်နေတာပဲ။



ဤသို့လျှင် မိုးကုတ်ဆရာတော်ကြီးက
အချောင်ရချင်သူတွေကို ခပ်ရွှန်းရွှန်း မိန့်၍ နှက်တော်မူ၏။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မိုးကုတ်ဆရာတော်ဘုရားကြီး၏
တစ်ဘ၀သာသနာ စာအုပ်မှကောက်နုတ် ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71

  

အလိမ်မခံရစေနှင့်


ဘုန်းကြီးတို့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ

တစ်စုံတစ်ခု အဲဒီလိုမျိုးပေါ့၊

ပျောက်စေဆရာလိုလို၊ အကြားအမြင်ပေါက်သလိုလို၊

ရေမန်းကောင်းသလိုလို သတင်းကြားရင်လေ

ဘယ် - သုံးနှစ်မပြောနဲ့၊ သုံးနာရီမဆိုင်းဘူး ချက်ချင်းထပြေးတာ။

ဟိုကျတော့မှ ဘာဖြစ်မလဲဆိုတော့

အလိမ်ခံပြီး ပြန်လာခဲ့ကြရတာပဲ။



(သီတဂူအရှင်ဉာဏိဿရဆရာတော်ကြီး)

~~~~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၃၆၉)မှ
ကောက်နုတ်ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71

  

တရားနည်းလမ်းနဲ့အညီ

ပစ္စည်းဆိုတာလည်း ခန္ဓာက တာဝန်ပေးထားတာဆိုတော့

နေ့တိုင်း ရှာဖွေစုဆောင်းပြီး အပေါင်းလက္ခဏာပြပေးနေရတာပဲ။


ပစ္စည်းနဲ့ အပေါင်းလက္ခဏာ ပြုပေးတဲ့အခါ

ရရင်ပြီးရောဆိုတဲ့ သဘောမျိုးနဲ့ ရှာဖွေရမှာတော့ မဟုတ်ဘူး။


သဒ္ဓါအား၊ ပညာအားနဲ့

ကိုယ်ပိုင်လူစွမ်းလူစကို သုံးပြီး

စည်းကမ်းဘောင်အတွင်းက တရားနည်းလမ်းနဲ့အညီ

ရှာရမှာကို ပြောတာပါ။



(တိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ အရှင်သိရိန္ဒာဘိဝံသ ဆရာတော်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၄၂၀)မှ
ကောက်နုတ်ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71



  

အထူးအဆန်း ပုဂ္ဂိုလ်


ပရိယတ္တိစာပေကို အလေးမထား၊ 

အထူးအဆန်းကိုသာ အလေးထားနေကြခြင်း၏ 

နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကား

'ဗုဒ္ဓသာသနာပြုပုဂ္ဂိုလ်ဆိုတာ ဘာစာပေမှ တတ်ဖို့မလို။

လူစိတ်ဝင်စားဖွယ်၊ အထင်ကြီးဖွယ်တစ်ခုခုသာ လုပ်ပြနိုင်ဖို့လိုသည်'

စသည်ဖြင့် တွေးထင်သွားနိုင်ပါသည်။


ထိုအခါ ဗုဒ္ဓဘာသာ သာသနာပြုလုပ်ငန်းများ၏

ပညာရေးအဆင့်အတန်းမှာ လွန်စွာ နိမ့်ကျပျက်စီးသွားစရာ ရှိပေသည်။


သည်မျှသာ မကသေးပါ။

အထူးအဆန်းပုဂ္ဂိုလ်များကို ဝိုင်းဝန်းထောက်ပံ့ လှူဒါန်း၍

အားပေးအားမြှောက်ပြုနေကြခြင်းသည်

မသမာသောပုဂ္ဂိုလ်များ ပေါများလာအောင် လုပ်ရာရောက်သည်ဟု

ထင်ရပါသည်။


အထူးအဆန်းပုဂ္ဂိုလ်ဆိုလျှင်

ဘာဘာညာညာစဉ်းစားမနေဘဲ လှူဒါန်းကြသဖြင့်

အခြားပုဂ္ဂိုလ်များသည် ထိုပုဂ္ဂိုလ်ကို အတုလိုက်၍

အဆန်းထွင်ကုန်ကြပါသည်။


ထို့ကြောင့် ကျွန်ုပ်တို့ မြန်မာနိုင်ငံ၌ အထူးအဆန်းပုဂ္ဂိုလ်များ

ဟိုကပေါ်လိုက်၊ ဒီကပေါ်လိုက်နှင့်

တစ်နေ့တခြား ပေါများလာခြင်း ဖြစ်ပါသည်။


ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်များသည်

သာသနာတော်၏ အရင်းအမြစ်ကို သိထားဖို့ လိုပေသည်။


သာသနာတော်ကို ချီးမြှောက်တတ်ဖို့လိုပေသည်။

လှူရရင်ပြီးရော၊ ကုသိုလ်ရရင်ပြီးရော သဘောမထားသင့်ကြပေ။


အကယ်၍ အတုယောင်ပုဂ္ဂိုလ်များအား လှူဒန်းကြခြင်းဖြစ်ပါမူ

စစ်မှန်သည့် သာသနာ့ဝန်ထမ်းရဟန်းများ အားနည်းအောင်

ဖိအားပေးရာရောက်သွားသည်ကိုလည်း သတိပြုရပေမည်။



(တက္ကသိုလ်သောတုဇနဆရာတော်)

~~~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ -၅၂၈)မှ
ကောက်နုတ်ပူဇော်ပါသည်။



ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71

  

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ

မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။

လိမ္မာတယ်ဆိုတာ ကိုယ်ပဲစံရတာ။

မယုံခဲ့ရင်တောင်

မိုက်မကြည့်နဲ့ လိမ္မာပါ။



(ဓမ္မဒူတ အရှင်ဆေကိန္ဒ)



ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71 
 

Monday, March 4, 2013

မီးစတစ်ဖက် ရေမှုတ်တစ်ဖက် (မုံရွာမြို့ ၊ မိုးညှင်းဆရာတော်ဘုရားကြီး)



လွန်ခဲ့သော နှစ်ပေါင်း (၅၀)ကျော်က မေတ္တာဘာဝနာ အရာတွင် ထင်ရှားကျော်ကြားခဲ့သော
ဆရာတော်ကြီးတစ်ပါးမြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့ဖူးသည် ။
တန်အလေးချိန် အလွန်ကြီးမားသော ဗုံးကြီးသုံးလုံး လေယဉ်ပျံဖြင့် ကြဲချခဲ့သော်လည်း
ဆရာတော့်ကျောင်းဝိုင်းထဲ ကျသည်နှင့် ပန်းကုံးသဖွယ် ဖြစ်သွားကြရသည် ။ တစ်လုံးမှ မကွဲခဲ့။

တစ်ဖန် စင်္ကြံလျှောက်နေသော ဆရာတော်ရော စင်္ကြံကျောင်းကိုပါ အဝေးမှ ပစ်လိုက်သော အမြောက်ဆံတစ်ခုက တည့်တည့်စွတ်မှန်ခဲ့သည် ။ အမြောက်ဆံကွဲသံနှင့်အတူ မီးခိုးလုံးကြီးများ ထပြီး စင်္ကြံကျောင်း မီးစွဲလောင်သည် ။ ကျောင်းခန်းတွင်းတစ်ခုလုံးမှာလည်း အမြောက်ဆံမှ ဖြာထွက်လာသည့် သံတိုသံစများက မြင်မကောင်းအောင် စိုက်ဝင်နေကြသည် ။ သို့သော် စင်္ကြံလျှောက်နေသော ဆရာတော်ကိုကား ဘာတစ်ခုမှ မထိမှန်ခဲ့ ။

ထို့သို့သော လက်တွေ့သတင်းများကြောင့် ဒုတိယကမ္ဘာစစ် အတွင်းက အထက်၊ အောက် စစ်ပြေးဒုက္ခသည် သုံးသောင်းကျော်တို့ ဆရာတော်၏ မေတ္တာရိပ်အတွင်းမှာ လပေါင်းများစွာ ခိုလှုံခဲ့ကြရသည် ။ 

ထိုအချိန်က ဒေါသ၏ လှုံဆော်မှုကြောင့် အဆီးအတားမဲ့ သတ်ချင်တိုင်း သတ်နေကြသော အီတလီနှင့် အဘိဆီးနီယား (ယခု - အီသီယိုးပီးယား) နှစ်နိုင်ငံ၏ စစ်ပွဲကိုလည်း (၅)ရက်အတွင်း ပြီးဆုံးအောင် မေတ္တာဓာတ်ဖြင့် တန့်ရပ်စေခဲ့ဖူးသည် ။

ထိုဆရာတော်ကြီးကား အခြားမဟုတ် ။
 ကမ္ဘာ့အံ့ချီးဖွယ်ရာ စေတီတစ် ဆူဖြစ်သည့် သမ္ဗုဒ္ဓေစေတီတော်ကြီးကိုတည်ထားကိုးကွယ်တော် မူခဲ့သည့်
မုံရွာမြို့ ၊ မိုးညှင်းဆရာတော်ကြီး ပင်ဖြစ်ပေတော့သည် ။ 

၎င်းဆရာတော်ကြီး၏ ဒဿနသဘောပါသော ထူးထူးခြားခြား သြဝါဒ တစ်ခုက
တစ်ဝမ်းတစ်ခါးအတွက် အကုသိုလ်ကို မလုပ်မဖြစ် လုပ်နေကြသော တံငါ ၊ မုဆိုးများအတွက် အားဆေးတစ်ခွက်ဖြစ်ခဲ့ရသည် ။ 

ထိုသြဝါဒကား -----

'' တစ်ဝမ်းတစ်ခါးတွက် အခြားဘာမှလုပ်မစားတက်လို့ ငါးပဲ ဖမ်းစားရပါတယ် ဘုရား ဆိုရင်လည်း ဖမ်းပါ ။
 ငှက်ပဲထောင်စားရပါတယ် ဘုရားဆိုရင်လည်း ထောင်ပါ ။
တားလို့မရတော့မယ် အတူတူတော့ ဘုန်းကြီးက အပြစ်ပြောမနေတော့ဘူး ။ 
သက်သာမယ့် နည်းလမ်းလေးတစ်ခုပဲ ပေးလိုက်တယ် ။ 
အဲဒါက ငါးဖမ်းတာလည်းဖမ်းပါ ။ ဒါပေမယ့် ငါးဖမ်းရင်း သရဏဂုံသုံးပါရွတ်ဆိုဆောက်တည်ပါ ။ 

ငှက်ထောင်လည်း ထောင်ပါ ။ ဒါပေမယ့် ငှက်ထောင်ရင်း ဂုဏ်တော်(၉)ပါး ရွတ်ဖတ်သရဇ္ဈာယ်ပါ ။

ဘာလို့ ဒီလို တိုက်တွန်းရသလဲ ဆိုရင် အကုသိုလ်ကြားထဲမှာ ကုသိုလ်လေး ညှပ်ပါသွားစေချင်လို့ပဲ ။
အကုသိုလ်က မကောင်းကျိုးပေးမယ် ၊ ကုသိုလ်က ကောင်းကျိုးပေးမယ် ။ 
မကောင်းကျိုးတွေ ကြားထဲမှာ ကောင်းကျိုးလေးပါသွားတော့ နည်းနည်း သက်သာခွင့် ရသွားတာပေါ့ ။

အဲဒါ တချို့လူတွေက ဘုန်းကြီးကို ဝေဖန်ကြတယ် ။'' မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဘုန်းကြီးတဲ့ '' 
သူတို့ဝေဖန်တဲ့စကားကို ဘုန်းကြီး လက်ခံပါတယ် ။ ဘာဖြစ်လို့ လက်ခံရသလဲဆိုတော့ စဉ်းစားကြည့်ပါ ။
မီးစချည်းပဲဆိုရင် ဘယ်မှာလောင်လို့ ပြီးတော့မလဲ ။ ရေမှုတ်လေး တစ်ဖက်ပါတော့ အလောင်သက်သာတာပေါ့ ။ 
ဒါကြောင့် ဘုန်းကြီးကို မီးစတစ်ဖက် ၊ ရေမှုတ်တစ်ဖက် ဘုန်းကြီးလို့ ပြောတဲ့စကားကို ဘုန်းကြီးက ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ် ''။

(မုံရွာမြို့ ၊ မိုးညှင်းဆရာတော်ဘုရားကြီး)

မေတ္တာရှင် (ရွှေပြည်သာ)ဖယောင်းတိုင်တစ်တိုင်၏ အလင်းနှင့် ဒဿနဝတ္ထုတိုများ (စာ ၇၆-၇၇) - မှ ကောက်နှုတ်ပူဇော်ပါသည်။


(ကပ္ပိယ မောင်ရဲ) https://www.facebook.com/yewin.tun.71



ဘ၀တန်ဖိုး အရယူ


အတိတ်ကိုတွေး၊ မဆွေးလေနဲ့

အတိတ်ဆိုတာ ပြန်မလာဘူး။


အနာဂတ်ကိုမှန်းဆ၊ မလွမ်းတနဲ့၊

အနာဂတ်ဆိုတာ၊ မသေချာဘူး။


ပစ္စုန်ပ္ပန်မှာ၊ လုပ်သင့်ရာဝယ်

ပညာလုံ့လ၊ အသုံးချလျက်

ဘ၀တန်ဖိုး၊ အားမန်တိုး၍

မြတ်နိုးကြည်ဖြူ၊ အရယူလော့  . . . . ။




ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ၏ 
`ဘ၀ခရီးဝယ် ရွေးချယ်ရမယ့် လမ်း` စာအုပ်မှကောက်နုတ်ပူဇော်ပါသည်။

 

မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ တရားဟောတဲ့အခါမှာ "ဗျာ - ဗျာ" လို့ ဘာလို့ ပြောတာလဲ


မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ တရားဟောတဲ့အခါမှာ 
“ဗျာ - ဗျာ” ဆိုတဲ့ အသုံးအနှုန်းတွေ၊
“ကျုပ်တို့” “ခင်ဗျားတို့” ဆိုတဲ့ အသုံးအနှုန်းတွေ ပါ-ပါနေတယ်၊

“အဲဒါ ဘယ့်နှာကြောင့် ဒီလိုသုံးနှုန်းပြောဆိုနေရတာလဲ” - တဲ့
မေးမြန်စပ်စုတတ်ကြ၏။

မြန်မာပြည်အထက်ပိုင်း အညာဒေသ၏ ဓလေ့ထုံးစံအရ
ပြောလေ့ပြောထရှိတဲ့ ဝေါဟာရလည်းဖြစ်၊
ပြီးတော့ တရားပွဲထဲမှာ ဆရာတော်ထက်ကြီးတဲ့
ဒကာကြီးတွေ ဒကာမကြီးတွေ၊
အဘိုးတွေ အဘွားတွေ ပါနေတာလည်း ဖြစ်လို့ သုံးနှုန်းခြင်းဖြစ်ပါလိမ့်မည်။

ဝေဘူဆရာတော်ကြီးတို့ဆိုလျှင်လည်း သူ့ဓလေ့အတိုင်း
“ကောင်းပါ့ဗျား - ဟုတ်ပါ့ဗျား” စသည်ဖြင့် မိန့်လေ့ရှိတတ်ပါ၏၊

စွန်းလွန်ဆရာတော်ကြီး၊ မိုးညှင်းဆရာတော်ကြီးတို့လည်း
သူ့ဝါသနာအတိုင်း မိန့်လေ့ရှိတတ်ကြပါသည်။

မိုးညှင်းဆရာတော်ကြီးကဆိုလျှင်
“ဟရို့ရဲ့” “ဟရို့ရဲ့” နဲ့ နားထောင်လို့ ကောင်းလှပါ၏။

ယခုလည်း မိုးကုတ်ဆရာတော်ကြီးထက် ကြီးတဲ့ ပုဂ္ဂိုလ်တွေ
ပရိသတ်ထဲမှာ အနီးအနားမှာ ပါနေတော့
“ဟုတ်ဘူးလားဗျာ ဦးသန်းမောင်ကြီး”
“ဘယ့်နှယ်လဲ ဦးဘရှင်တို့၊ ဦးလှဘူးတို့၊ ဒကာကြီးလှိုင်” စသည်ဖြင့် မိန့်မြွတ်နေ၏။

အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေ နားခံသာအောင်ရယ်၊
ရင်းရင်းနှီးနှီး ဆက်ဆံမှုမျိုးဖြစ်အောင်ရယ် သုံးနှုန်းတော်မူခြင်း ဖြစ်ပေလိမ့်မည် - ဟု
ယူဆရပါသည်။


ကောက်နုတ်ချက် -
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (နှာ-၂၅၀)