Showing posts with label ဓမ္မအတွေးအမြင်နှင့် ဒဿနဆောင်းပါးများ. Show all posts
Showing posts with label ဓမ္မအတွေးအမြင်နှင့် ဒဿနဆောင်းပါးများ. Show all posts

Monday, March 4, 2013

ဆင်ခြင်ဉာဏ်ရှေ့ထား


ဆင်ခြင်ဉာဏ်ရှေ့ထား

                   ရာဟုလာ . . . ဆင်ခြင်၍ ဆင်ခြင်၍ ကိုယ်ဖြင့်အလုပ်ကို လုပ်ရမည်။ ဆင်ခြင်၍ ဆင်ခြင်၍ နှုတ်ဖြင့် ပြောဆိုရမည်။ ဆင်ခြင်၍ ဆင်ခြင်၍ စိတ်ဖြင့် ကြံစည်ရမည်။

                   ရာဟုလာ . . . သင်သည် ကိုယ်ဖြင့် အလုပ်တစ်ခုခုကို ပြုလုပ်မည် ရှိသောအခါ ငါပြုလုပ်မည့်အမှုသည် မိမိဆင်းရဲခြင်းငှာ ဖြစ်မည်လော၊ မိမိ သူတစ်ပါး နှစ်ဦးစလုံး ဆင်းရဲခြင်းငှာ ဖြစ်မည်လော။ ဤအမှုသည် အကုသိုလ်လော၊ ဆင်းရဲဒုက္ခ ပွားစေတက်သလော၊ ဆင်းရဲခြင်း အကျိုးရှိသလောဟု ဆင်ခြင်ရပေမည်။

                   ယင်းသို့ဆင်ခြင်၍ ငါပြုလုပ်မည့်အမှုသည် မိမိ ဆင်းရဲခြင်းငှာဖြစ်၏။ သူတစ်ပါး ဆင်းရဲခြင်းငှာဖြစ်၏။ မိမိ သူတစ်ပါး နှစ်ဦးစလုံး ဆင်းရဲခြင်းငှာ ဖြစ်၏။ ဤအမှုသည် အကုသိုလ်တည်း။ ဆင်းရဲဒုက္ခကို ပွားစေတက်၏။ ဆင်းရဲခြင်းအကျိုးရှိ၏ဟု သိလျှင် ထိုအမှုကို စင်စစ် အပြုအပ်ချေ။

                   ငါပြုလုပ်မည့်အမှုသည် မိမိဆင်းရဲခြင်းငှာမဖြစ်။ သူတစ်ပါးဆင်းရဲခြင်းငှာလည်း မဖြစ်။ မိမိသူတစ်ပါး နှစ်ဦးစလုံး ဆင်းရဲခြင်းငှာ မဖြစ်။ ဤအမှုသည် ကုသိုလ်တည်း။ ချမ်းသာကို ပွားစေတက်၏၊ ချမ်းသာခြင်းအကျိုးရှိ၏ဟုသိလျှင် ထိုအမှုကို စင်စစ် ပြုလုပ်အပ်၏။
(မဇ္ဈိမနိကာယ်၊ ဘိက္ခုဝဂ်၊ အမ္ဗလဋ္ဌိကရာဟုလောဝါဒသုတ်)

                   လူသားတစ်ဦး၏ ဘဝကို ရုပ်တုနှင့် ပမာခိုင်းနှိုင်းချင်ပါသည်။ ပန်းပုဆရာသည် ရုပ်တုတစ်ခု ပီပီပြင်ပြင် ရုပ်လုံးပေါ်စိမ့်သောငှာ၊ ဆောက်ချက် တစ်ချက်ချင်း တစ်ချက်ချင်း ရိုက်သွင်းထုဆစ်ရပါသည်။ ထိုနှယ်ပင် လူသားသည်လည်း သူ၏ဘဝကို နိစ္စဓူဝ ကြံစည် ပြုလုပ် ပြောဆိုသော ကာယကံမှု၊ ယစီကံမှု၊ မနောကံမှုဟူသော ဆောက်ချက်များဖြင့်သာ တဖြည်းဖြည်း တစ်စတစ်စ ပုံဖော်ထုဆစ်နေခြင်းဖြစ်ပါ၏။ ရုပ်တုကို ပုံဖော်ဖန်တီးရာ၌ ပန်းပုဆရာသည် ဆောက်ချက်တိုင်း ဆောက်ချက်တိုင်းကို အလေးအနက် ဂရုစိုက်ရပေမည်။

                   ထို့အတူ ဘဝ ပန်းပုဆရာ မည်သောလူသည် ကာယကံမှု၊ ယစီကံမှု၊ မနောကံမှုဟူသော ဆောက်ချက်တိုင်း ဆောက်ချက်တိုင်း လေးလေး နက်နက် အာရုံပြု ဂရုစိုက်ရပေမည်။

                   လူ၏ဘဝရုပ်ပုံလွှာသည် ကံသုံပါးအပေါ် တည်မှီလျက် ဖြစ်ထွန်းပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။ ကံသုံးပါး သိမ်မွေ့နူးညံ့လျှင် ဘဝရုပ်ပုံလွှာလည်း သိမ်သိမ်မွေ့မွေ့၊ နူးနူးညံ့ညံ့။ ကံသုံးပါး သန့်စင်လျှင် ဘဝရုပ်ပုံလွှာလည်း သန့်သန့်စင်စင်။ ကံသုံးပါး ညစ်နွမ်းလျွှင် ဘဝရုပ်ပုံလွှာလည် ညစ်ညစ်နွမ်းနွမ်း။ ကောင်းသော ကာယကံမှု၊ ယစီကံမှု၊ မနောကံမှု များက ကောင်းသောဘဝကို ဖန်တီးဖော်ဆောင်သည်။ ဆိုးသောကာယကံ ဝစီကံ မနောကံမှုများက ဆိုးသောဘဝကို ဖန်တီးဖော်ဆောင်သည်။

                   ပြုသမျှ ကာယကံမှုသည်လည်းကောင်း၊ ပြောသမျှ ဝစီးကံမှုသည်လည်းကောင်း၊ ကြံစည်သမျှ မနောကံမှုသည်လည်းကောင်း ဘဝကံကြမ္မာကို အရောင်ဆိုးနိုင်သော ပုံသွင်းနိုင်သော စွမ်းအင်များ ကိုယ်စီကိုယ်င ရှိကြပါ၏။ လူသားသည် မိမိ၏ ကံသုံးပါး၌ ရှိသော “ဘဝပုံဖော်နိုင်စွမ်းအင်” ကို အလေးအနက် သက်ဝင်ယုံကြည်ရန် လိုပါသည်။

                   မိမိ၏ ဝစီကံမှုသည် မိမိ၏ဘဝကို ဖန်တီးနိုင်စွမ်းရှိသည်ဟု ခိုင်ခိုင်ကျည်ကျည် ယုံကြည်စွဲမြဲလျှင် အဆင်ခြင်မဲ့ မပြောတော့။ ဝစီဒုစရိုက်လေးပါးကို မပြုတော့။ ထို့အတူ မိမိဒ ကာယကံမှု မိမိဘဝကို ဖန်တီးနိုင်စွမ်းရှိသည်ဟု စွဲစွဲမြဲမြဲ ယုံကြည်လျှင် လက်လွတ်စကယ် ပြုလုပ်ဆောင်ရွက်တော့မည် မဟုတ်၊ ကာယဒုစရိုက်သုံးပါးကို မပြုတော့။ ထိုနည်းအတူ မိမိ၏မနောကံမှုက မိမိ၏ ဘဝကို ဖန်တီးနိုင်စွမ်းရှိသည်ဟု ခိုင်ခိုင်မာမာ ယုံကြည်လျှင် ပရမ်းပတာ ကြံစည်တွေးတောမှု မပြုတော့၊ မနော ဒုစရိုက် သုံးပါးကို မလွန်ကျူးတော့။

                   ပြောသည်ဖြစ်စေ၊ ပြုသည်ဖြစစေ၊ ကြံစည်တွေးတောသည်ဖြစ်စေ ကံသုံးပါးဖြစ်မြောက်သွားခြင်းသည် လေးညှို့မှ မြားတစ်စင်းကို ပစ်ခွင်းလိုက်သည်နှင့် ပမာတူပါသည်။ လေးကိုင်းမှ အဟုတ်ပြင်းစွာ ထွက်သွားသော မြင်းကို ပြန်လည်ဖမ်းချုပ် ဆုပ်ကိုင်ခြင်းငှာ မဖြစ်နိုင်သကဲ့သို့ ပြုခဲ့ ပြီးသော ကံသုံးပါးမှ ထွက်ပေါ်လာသည့် မစွမ်းသာပါ။ အကျိုးပေးသော အချိန်ကာလသာ ကွားခြားကောင်း ကွာခြားပေလိမ့်မည်။

                   ကျေးဇူးတော်ရှင် မြတ်ဘုရားက ‘ကံသာလျှင် အမိ၊ ကံသာလျှင် အဖ၊ ကံသာလျှင် အားကိုးရာ’ ဟု မိန့်မြွတ်တော်မူခဲ့ပါ၏။ ကံ ဟု ဆိုရာ၌ ‘အတိတ်ကံနှင့် ပစ္စုပ္ပန်ကံ’ နှစ်တန်စလုံးကို ဆိုလိုပါ၏။ ကံ ကံ၏ အကျိုး ဟုဆိုရာတွင် အတိတ်ကံရော  ပစ္စုပ္ပန်ကံပါ နှစ်တန်စလုံးကိုယူရပါသည်။ ကံကို အားကိုးအးထားပြု မြှင့်တင်ရာတွင်မှု ‘အတိတ်ကံ’ ကိုယူ၍ မရတော့။ အတိတ်ကံဟူသည် ပြုခဲ့ပြီးပြီ။ မြင်လည်း မမြင်နိုင်တော့။ ပြုပြင်ဖန်တီး၍လည်း မရနိုင်တော့။ မျက်မှောက်ထင်ရှားရှိသည့် ပစ္စုပ္ပန်ကံကမူ မိမိ၏ လက်ဝယ်တွင် ရှိသည်။ မိမိ စိတ်ကြိုက် ဖန်တီးနိုင်သည်။ မိမိ ဆန္ဒရှိသည့်အတိုင်း ထုဆစ်ပုံဖော်နိုင်သည်။

                   ဘုရားရှင်က ‘မိမိကိုယ်သာ အားကိုးပါ’ ဟုဆိုသည်မှာ ပစ္စုပ္ပန်ကံကောင်းများကို ထူထောင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ပစ္စုပ္ပန်ကံကောင်းများ ထူထောင်ရာတွင် ပထမဦးဆုံး ဆောင်ရွက်ရမည်မှာ ကံသစ်များကို မပြုခင် သတိနှင့်ယှဉ် ဆင်ခြင်ဖို့ပင်ဖြစ်ပါ၏။ ယင်းသို့ ဆင်ခြင်ရာတွင် အသုံးပြုရမည့်မှတ်ကျောက်မှာ အထက်ပါဘုရားရှင်၏ အဆုံးအမတော်ပင်ဖြစ်ပါသည်။

                   ‘အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်’ ဟူသောစကားသည် မြန်မာမှုနယ်ပယ်၌ ထင်ရှားပါသည်။ အသွားမတော်သေကြောင့် ခြေတစ်လှမ်းကပင် ဒုက္ခနွံအတွင်း သက်ဆင်းမိစေနိုင်ပါသည်။ အစားမတော်သောကြောင့် အစားတစ်လုပ်ကပင် ဆေးရုံဆေးခန်းဆီသို့ ပို့ဆောင်စေနိုင်ပါသည်။

                   အသွားမတော်ခြင်းမှာ အဘယ်အကြောင့်ကြောင့်နည်း။ ရှင်းပါသည်။ ခရီးလမ်းတစ်ခုသို့ မသွားမီတကည်းက သွားရန် သင့်၊ မသင့် သတိဖြင့် ဆင်ခြင်စဉ်းစားမှုမပြုဘဲ သွားခဲ့သောကြောင့်ဖြစ်ပါ၏။ အစားမတော်ခြင်းမှာလည်း ထိုနည်းအတူပင်ဖြစ်ပါ၏။ အစားတစ်ခုကို မစားမီ စားရန်သင့် မသင့် မချင့်ချိန်မူလျက် သတိလက်လွတ် စားသောက်ခဲ့သောကြောင့် ဖြစ်ပါ၏။

                   ကံသုံးပါးကိုမပြုခင် ကြိုတင်ဆင်ခြင်စဥစားခြင်းသည် အကျိုးစီးပွားအားလုံးကို ဖိတ်ခေါ်ကြိုဆိသောအရာဖြစ်ပြီး၊ ကြိုတင်ဆင်ခြင် စဉ်းစားမှု မပြုခြင်းသည် အကျိုးစီးပွား ဆုတ်ယုတ်ပျက်ပြားမှု အားလုံးကို ဖိတ်ခေါ်ကြိုဆိုသောအရာ ဖြစ်ပါ။

                   လူသား၌ ခံစားတက်သော နှလုံးသားလည်းရှိ၏။ ဆင်ခြင်စဉ်းစားတက်သော ဦးနှောက်လည်းရှိ၏။ ဆိုရသော် လူသား၏ အတွင်းသန္တာန်၌ ခံစားမှုရှိသလို ဆင်ခြင်စဉ်းစားမှုလည်းရှိ၏။ ထိုနှစ်မျိုးတွင် လူအများစုသည် ခံစားမှုကို ရှေ့တန်းတင်တက်ကြ၏။ ဦးစားပေးတက်ကြ၏။ စိတ်အလိုလိုက်လွန်းသည်ဟု ပြောဆိုတက်ကြရာ ယင်းမှာ ခံစားမှုအလိုလိုက်ခြင်းကို ဆိုလိုပါသည်။

                   ရံဖန်ရံခါဆိုသလိုပင် ခံစားမှုနှင့် အသိဉာဏ်သည် အားပြိုင်တက်ပါ၏။ ပဋိပက္ခအသွင်ဆောင်တက်ပါ၏။ ခံစားမှုအလိုသို့လိုက်ပြီး အဆင်ခြင်မဲ့ ဆောင်ရွက်ခြင်းသည် အကျိုးစီးပွားမဲ့ကိုသာ ဖြစ်ထွန်းစေတက်ပါ၏။ ယင်းအခြေအနေမျိုးတွင် ခံစားမှုကို ရှေ့တန်းမတင်သင့်ဘဲ၊ ဦးနှောက်ဖြင့် ဆင်ခြင်စဉ်းစားမှုကိုသာ ဦးစားပေးသင့်ပါ၏

                   ပမာအားဖြင့် သွေးတိုးရောဂါသည် တစ်ဦးဆိုပါစို့။ ရော၈ါမရစဉ် ကာလတစ်လျှောက်လုံး ဝက်သား၊ ငါးသလောက်၊ အုန်းနို့ခေါက်ဆွဲ၊ တညင်းသီးစသည့်တို့ကို စုံရေမက်ရေ နှစ်နှစ်ခြိုက်ခြိုက်စားသုံးခဲ့သည်။ သွေးတိုးရောဂါ ရင့်မာလာသောအခါတွင်မူ ထိုအစားအစာများသည် သူ့အဖို့ သေမင်းတန်များ ဖြစ်လာ၏။ ဤအချက်ကို ဆေးပညာရှင်တို့၏ သွန်သင်ချက်အရ သူလည်းသိပါ၏။ သို့တစေ သူနှစ်ခြိုက်ခဲ့သော အစးအစာများကို စိတ်ခံစားမှု အလိုလိုက်ပြီး စားမိသည်။ ဆင်ခြင်တုံတရားအရ မစားသင့်မှန်း သိလျက်နှင့် ခံစားမှုအလိုလိုက်ခြင်း၏ ရလဒ်မှာ ရောဂါ ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရခြင်းပင် ဖြစ်၏။

                   လူမှုဆက်ဆံရေးနယ်ပယ်၌လည်း အဆင်ခြင်မဲ့စကား တစ်ခွန်းကြောင့် တစ်အူထုံဆင်း မိသားစုအချင်းချင်း စိတ်ဝမ်းကွဲသွားခြင်း၊ ဆွေမျိုး အချင်းချင်း တစ်ဦးမျက်နှာ တစ်ဦး မကြည့်ချင်ခြင်း၊ မိတ်ဆွေအပေါင်း အသင်းအချင်းချင်း သေသည်အထိ အခေါ်အပြော မလုပ်တော့ခြင်းတို့ ဖြစ်တက်ပေသည်။ ဆက်ဆံရေးမပြေလည်ရာမှာ ဖြစ်ပေါ်လာသော ခံစားမှုကို အသိဉာဏ်ဖြင့် မထိန်းချုပ်လျက်၊ အဆင်ခြင်မဲ့ ဝစီကံမှု၊ မနောကံမှု၊ ကာယကံမှုတို့ကို ပရမ်းပတာ ပွင့်အန်ပေါက်ကွဲမှု ပေးလိုက်မိရာမှာ ဘဝတစ်ခုလုံး ကသောင်းကနင်း ကတိမ်းကပါး ဖြစ်သွားရသူတွေလည်း အနမတဂ္ဂပင်။

                   ပုထုဇဉ်မှန်သမျှ မိမိကိုယ်ကို အချစ်ဆုံးဖြစ်ပါ၏။ သို့ဖြစ်၌ ယေဘုယျအားဖြင့် လူသည် မိမိ၏ အကျိုးစီးပွားမဲ့မှုကို မိမိကိုယ်တိုင်ပြုမည်မဟုတ်ဟု ယူဆနိုင်ပါသည်။ သို့တစေ လူ၏ အတွင်းသန္တာန်၌ အကုသိလ်မှု အားလုံး၏ ပင်ရင်း ရောသောက်မြစ်ဖြစ်သော ‘လောဘ’ ‘ဒေါသ’ ‘မောဟ’ တို့၏ ဖိစီးကြီးစိုးမှု၊ ချုပ်ကိုင်ခြယ်လှယ်မှုကို ခံစားရသောအခါ လူသည် သတိလက်လွတ် ဖြစ်တက်ပါ၏။ အဆင်ခြင်မဲ့တက်ပါ၏။

                   ပုထုဇဉ်မျှသာဖြစ်သော လူသားသည် လောဘ၊ ဒေါသ၊ မောဟတို့ အကြွင်းမဲ့ မကင်းစင်သေးပါ။ သို့သော် တားမရဆီးမနိုင်သော အရှိန်အဟုတ်ပြင်းသည့် လောဘ ဒေါသ မောဟမျိုး မိမိ၏ အတွင်းသန္တာန်၌ ဖြစ်မလာအောင် ကြိုတင်တားဆီးသင့်သည်။ ထုထည်ကြီးမားသော လောဘ ဒေါသ မောဟက လူသား၏ ဆင်ခြင်တုံတရားကို ပိတ်ဆို့ဟန့်တားကာ အကုသိုလ်မှုကို ပြုခွင့်သာစေသောကြောင့် ဖြစ်ပါ၏။

                   အတ္တလွန်ကဲသောသူတို့သည် မိမိ၏ အကျိုးစီးပွားတစ်ခုတည်းကိုသာ ရည်မျှော်လျက်၊ ဘယ်သူသေသေ ငတေမာပြီးရော သဘောဖြင့် လူတစ်ဦးတစ်ယောက်၏ အကျိုး၊ အများအကျိုး ထိခိုက်ပျက်စီးစေသော အမှုကို ပြုတက်ကြ၏။ လူတစ်ဦးတစ်ယောက်၏ အကျိုးပျက်စီးစေမှု၊ လူအများအကျိုးပျက်စီးစေမှု ဟူသမျှ အကုသိုလ်မှုချည်းဖြစ်လေရာ တစ်ချိန်ချိန်တွင်မှု မကောင်းကျိုးကိုသာ ကျန်းသေ မုချရရှိပေလိမ့်မည်။ သို့ဖြစ်၍ ပစ္စုပ္ပန်၌ မိမိ၏အကျိုးစီးပွား ဖြစ်ထွန်းစေနိုင်သော်လည်း သူတစ်ပါး အကျိုး၊ အများအကျိုး ဆုတ်ယုတ်ပျက်စီးစေနိုင်သော အမှုမျိုးကို မပြုသင့် မပြုအပ်ပါပေ။

                   ကောင်းမှုကုသိုလ်မှန်သမျှ စင်ကြယ်သန့်ရှင်းသည်။ အပြစ်ကင်းသည်။ ကောင်းကျိုးကိုသာ ပေးဝေသည်။ မကောင်းမှု အကုသိုလ်မှန်သမျှ ညစ်နွမ်းသည်။ အပြစ်မကင်း။ ဆိုးကျိုးကိုသာပေးဝေသည်။

                   လူ့ဘဝတာဟူသည် ရေပွက်ပမာမျှသာ ဖြစ်ပါသည်။ ခဏတာ ကာလငယ်အတွင်း လောက၏ ဧည့်သည့်အဖြစ် နေထိုင်ကျင်လည်ရစဉ်အခိုက် စင်ကြယ်သန့်ရှင်း အပြစ်ကင်းစွာ နေထိုင်သွားသင့်ပါသည်။

                   မိမိလက်ဝယ် ပိုင်ပိုင်ရရှိထားသော ဘဝကို ဘဝကောင်းဘဝမွန်အဖြစ် ပုံဖော်တည်ဆောက်သွားသင့်ပါသည်။ ယင်းသို့ တည်ဆောက်ရာ၌ ဘုရားရှင်က သားတော်ရာဟုလားအား ဆုံးမတော်မူသော အထက်ပါ အဆုံးအမတော်ကို ‘ဘဝလမ်းညွှန် အကောင်းဆုံးသြဝါဒမွန်’ အဖြစ် အစဉ် နှလုံးသွင်း လိုက်နာတောင်ရွက်အပ်ပါသည်။

                   မိမိ၏ ကံသုံးပါးကို မပြုခင် ဆင်ခြင်၍ ဆင်ခြင်၍ ကြံစည်၊ ပြုမူ ပြောဆိုခြင်းသည် မိမိ၏ ဘဝအား ကံကြမ္မာဆိုးတို့မှ ကာကွယ်တားဆီးနိုင်စွမ်းရှိသည့် ဘဝ၏ အကောင်းဆုံး ကာကွယ်ရေးဥပဒေသကြီး တစ်ခု ဖြစ်သကဲ့သို့၊ မိမိ၏ ဘဝအား ကောင်းရာမွန်ရာသို့ မြှင့်တင်ပေးနိုင်စွမ်းရှိသည့် ဘဝ၏ အကောင်းဆုံး တည်ဆောက်ရေး ဥပဒေသကြီးတစ်ခုလည်း ဖြစ်ပါ၏။

The Flower News
အတွဲ-၆၊ အမှတ်-၃၆(၂၁-၉-၂၀၁၀)

***ကောက်နုချက်***
မင်းနန်(မော်ကျွန်း)
ဗုဒ္ဓ၏အဆုံးအမတော်များ(နှာ ၉-၁၅) မှ ကောက်နုတ်ရေးသားပါသည်။

(ကပ္ပိယ မောင်ရဲ) https://www.facebook.com/yewin.tun.71
Friday, August 10, 2012    3:02 pm


“မောင့်သဘောအတိုင်းပါပဲ”



တခါတုန်းက ရွာတရွာမှာ ပညာရှိတစ်ဦးရှိတယ်။ 
ဒီပညာရှိဟာ လူတွေရဲ့ အခက်အခဲတွေ ၊ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တော့ သူ့ရဲ့ကျော်စောသတင်းက သိပ်ကြီးနေတယ်။
ရပ်ဝေး ရပ်နီးကလူတွေဟာ သူ့ဆီလာပြီးမေးကြ၊ မြန်းကြ၊ အကြံဉာဏ်ယူကြရတယ်။
လာဘ်သပ္ပကာတွေကလည်း ဒီပညာရှိမှာ သိပ်ပေါများတယ်။
ဒါကို ရွာမှာရှိတဲ့ လူရမ်းကား တသိုက်က သိပ်ကို မနာလို ဖြစ်နေကြတယ်။

ဒါနဲ့ တနေ့မှာ ဒီလူရမ်းကားတွေကို ခေါင်းဆောင်လုပ်တဲ့ လူက “ဒီပညာရှိကို ဒို့တတွေ အရှက်ခွဲကြရအောင်” လို့ ပြောပြီး
သူ့အပေါင်းအဖော်တွေနဲ့ ဘယ်ပုံဘယ်နည်းအရှက်ခွဲမယ်ဆိုတာ ဆွေးနွေးတိုင်ပင်ကြတယ်။
တိုင်ပင်ဆွေးနွေးပြီးတော့ အများသဘောကျ အစီးအစဉ်တွေဆွဲတယ်။ ရမ်းကားတဲ့သူတွေဆိုတော့ ရမ်းကားတဲ့ အစီအစဉ်တွေပဲ ဆွဲကြတာပေါ့။

သူတို့အစီအစဉ်က ဘယ်လိုလဲဆိုတော့ . . . 
လူရမ်းကားခေါင်းဆောင်ရဲ့လက်ထဲမှာ ငှက်ငယ်တကောင်ကို အရှင်ဆုပ်ကိုင်ထားမယ်။
ဒီလိုဆုပ်ကိုင်ပြီး ပညာရှိ လာတက်တဲ့ လမ်းက စောင့်မယ်။ ဒီလမ်းကလာလို့ သူတို့အနားကို ပညာရှိရောက်လာတဲ့အခါမှာ ခေါင်းဆောင်လုပ်တဲ့သူက သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ငှက်ကို ပညာရှိကိုပြပြီး . . .
“ပညာရှိကြီး . . . ဟောဒီ ကျုပ်လက်ထဲမှာ ကိုင်ထားတဲ့ငှက်ဟာ အသေလား၊ အရှင်လား” လို့ မေးမယ်။
ဒီလိုမေးတဲ့အခါ ပညာရှိက “ငှက်ဟာ အရှင်ပါ” လို့ ဖြေချင်ဖြေမယ်။
ဒီလိုဖြေရင် ငှက်ကို လက်နဲ့ချက်ချင်းညှစ်သတ်ပြီး “ဘယ်ကလာ အရှင်ရမှာလဲ၊ ဟောဒီမှာကြည့် . . .  အသေပါ” လို့ ပြမယ်။

တကယ်လို့ ပညာရှိက “ငှက်ဟာ အသေပါ” လို့ ဖြေပြန်ရင်လဲ “ဘယ်ကလာ ဟုတ်ရမလဲ၊ ဟောဒီမှာကြည့် . . .  အရှင်ပါ” လို့ ပြောပြီး
ဆုပ်ကိုင်ထားတဲ့ ငှက်ကို လွှတ်ပြမယ်ဆိုတဲ့ အစီအစဉ်ပဲ။ ဒါဆိုရင် ပညာရှိဟာ ဘယ်လိုပဲ ဖြေဖြေ သူ့အဖြေဟာ မှားမှာပဲ။
ဒီအခါမှာ ပညာရှိကို “ဒါလားကွာ ပညာရှိတဲ့၊ ငှက်ကို အရှင်မှန်း အသေမှန်းတောင် မသိတဲ့သူပဲ” လို့ ဝိုင်းပြီး ဟစ်အော် ပြောင်လှောင်ယင်း သိက္ခာချလွှတ်လိုက်တာပေါ့လို့လဲ အစီအစဉ်လုပ်ထားတယ်။ သူတို့အစီအစဉ်တွေအပေါ် မှာလဲ သိပ်ကို သဘောကျ ကျေနပ်နေကြတယ်။

ဒါနဲ့ တနေ့မှာ သူတို့ကြိုတင်စီစဉ်ထားတဲ့အတိုင်း ပညာရှိလာမယ့် လမ်းကနေစောင့်နေကြတယ်။
မကြာခင်မှာပဲ ပညာရှိဟာ သူတို့စောင့်နေတဲ့လမ်းအတိုင်း လျှောက်လာတယ်။
သူတို့အနားကို ပညာရှိ ရောက်လာတော့ လူရမ်းကားတွေရဲ့ ခေါင်းဆောင်က . . .
“ပညာရှိကြီး . . . ခဏရပ်ပါအုံး” လို့ ပြောတယ်၊ ပညာရှိက ရပ်နေတယ်။

ဒီအခါမှာ လူရမ်းကားခေါင်းဆောင်က . . .
“ပညာရှိကြီး - အသင်ပညာရှိကြီးဟာ ပညာရှိပါပေတယ်လို့ ရပ်နီးရပ်ဝေးမှာ သတင်းကြီးနေသူပဲ၊
တကယ်ပဲ ပာာရှိတယ် မရှိဘူးဆိုတာ ကျုပ်တို့သိချင်လို့ပါ၊ ကျုပ် အခုမေးတဲ့ ပြဿနာလေးကို ဖြေစေချင်ပါတယ်”  လို့
ခနဲ့တဲ့လေသံနဲ့ သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ငှက်ကိုလဲ ပညာရှိရဲ့ မျက်နှာအနားမှာ ပြပြီးတော့ မေးတယ်။
“ကဲ . . . ပညာရှိကြီး၊ ကျုပ်မေးတာကို ဖြေစမ်းပါ၊ ကျုပ်လက်ထဲမှာရှိတဲ့ငှက်ဟာ အသေလား အရှင်လား”
လူရမ်းကားခေါင်းဆောင်နဲ့ သူ့အဖွဲ့ကတော့ ပညာရှိဟာ တခုခုတော့ဖြေမှာပဲလို့ ထင်နေကြတယ်။
ဖြေတိုင်းလဲ မှားမှာပဲ။ ဒီလိုမှားရင်တော့“ဒါတဲ့လားကွာ ပညာရှိ၊ ဒီလောက်ပြဿနာကလေးကိုတောင် မှန်အောင် မဖြေနိုင်ဘူး” ဆိုပြီး
ဟားတိုက်ရယ်မောဖို့၊ ပြောင်လှောင်ကြဖို့ ဟန်ပြင်ထားကြတယ်။

ဒါပေမယ့် ပညာရှိရဲ့အဖြေက သူတို့ထင်ထား၊ မျှော်လင့်ထားတဲ့အဖြေမျိုး ထွက်မလာတော့ဘူး။
ဘာကြောင့်ဆိုတော့ လူရမ်းကားခေါင်းဆောင်ရဲ့ လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ငှက်ငယ်ကိုကြည့်ပြီး ပညာရှိဖြေလိုက်ပုံက . . . 
“မောင့်သဘောအတိုင်းပါပဲ” တဲ့။
ပညာရှိဆိုတော့ သူ့အဖြေစကားထဲမှာ ပညာအပြည့်ပါနေတယ်။ အမြော်အမြင်တွေလဲ အများကြီးပါနေတယ်။
လူရမ်းကားတွေအပေါ် ကရုဏာသတ်ခြင်းတွေလဲ ပါနေတယ်။ ငှက်ငယ်ရဲ့ သေမှု၊ ရှင်မှုဟာ လူရမ်းကားရဲ့ လက်ထဲမှာပဲ ရှိနေတယ်။
သူက အရှင်ပါလို့ ဖြေလိုက်ရင် လူရမ်းကားက ငှက်ငယ်ကို ညှစ်သတ်ပစ်မှာသိတယ်။
ငှက်ငယ်ဟာ အသေပါလို့ပြောယင်လဲ လူရမ်းကားက ငှက်ငယ်ကို လွှတ်ပြမှာကို သူသိတယ်။
ငှက်ငယ်ရဲ့ သေမှု ရှင်မှုနဲ့ မှားမှု မှန်မှုဟာ လူရမ်းကားရဲ့ လက်ထဲမှာ ရှိနေတယ်။
သူရမ်းကားပြုတဲ့အတိုင်း၊ လူရမ်းကားရဲ့ ဆန္ဒသဘောထားအတိုင်း ဖြစ်ဖို့ရှိနေတယ်ဆိုတာ ပညာရှိဟာ မြင်နေတယ်။

ဒါလောက်တွင်မကသေးဘူး။ လူတဦးဟာ မိမိဘဝကို ကောင်းအောင်၊ ဆိုးအောင်၊ လူမိုက်ဖြစ်အောင်၊ လူလိမ္မာဖြစ်အောင်၊
တိုးတက်အောင်မြင်သူဖြစ်အောင်၊ ကျရှုံးသူဖြစ်အောင် ပဓာနအားဖြင့် မိမိကိုယ်တိုင်ဖန်တီးနိုင်တယ်။
မိမိဘဝဟာ မိမိလက်တွင်းမှာ ပဓာနအားဖြင့် ရှိနေတယ်ဆိုတာကိုလဲ ပညာရှိဟာ မြော်မြင်ဆင်ခြင်နေမိတယ်။
ဒါကြောင့် “မောင့်သဘောအတိုင်းပါပဲ” လို့ ဖြေလိုက်ခြင်းဖြစ်တယ်။
လူရမ်းကားတွေဟာ ပညာရှိရဲ့ အဖြေကို ဘယ်လိုမှအပြစ်ရှာမရနိုင်တော့ဘူး။
ထွက်ခွာသွားတဲ့ ပညာရှိကို ငေးကြည့်ယင်း ပါးစပ်အဟောင်းသားနဲ့ ကျန်ရစ်ခဲ့ကြတယ်တဲ့။


ဆရာကြီး - (နန္ဒာသိန်းဇံ - ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း) မှ ကောက်နုတ်ရေးသားပါသည်။

(ကပ္ပိယ မောင်ရဲ) https://www.facebook.com/yewin.tun.71