Showing posts with label မင်းကွန်းတိပိဋကဆရာတော်ကြီး. Show all posts
Showing posts with label မင်းကွန်းတိပိဋကဆရာတော်ကြီး. Show all posts

Tuesday, February 19, 2013

မကျေနပ်ရင် ငုံ့ကြည့်လိုက်



အချိန်ကတော့ ၁၃၄၉ ခုနှစ်ဦးပိုင်းလောက်ကပါ။

တောင်ကြီးမြို့၊ သိမ်တောင်ပရိယတ္တိစာသင်တိုက်မှာ 
သာမဏေ ကျော်ရဟန်းလောင်းတစ်ပါးရဲ့ ပဉ္စင်းခံပွဲမှာ တိပိဋကဆရာတော်ကြီးတွေ အားလုံး ကြွရောက်ချီးမြှင့်ကြလို့ မင်းကွန်တိပိဋက ဆရာတော်ကြီးလည်း ပါပါတယ်။

ဆရာတော်ကြီးတွေ အစုံအညီကြွရောက်တဲ့ ရဟန်းခံပွဲဆိုတော့ 
ရပ်နီးရပ်ဝေးက လာရောက်ဖူးမြော်ကြမယ့် ဒကာ၊ ဒကာမတွ အတွက်ပါ အဆင်ပြေအောင်ဆိုပြီး 
တိပိဋက ဆရာတော်တစ်ပါးကို ကျယ်ဝန်းတဲ့ တည်းခိုကျောင်းတစ်ဆောင်စီ သတ်မှတ်စီစဉ်ထားပါတယ်။

မင်းကွန်းတိပိဋကဆရာတော်ကြီး အတွက် သိမ်တောင်ကျောင်းတိုက်အတွင်းမှာ ရှိတဲ့ 
ဓမ္မာရုံကြီးရဲ့ ခေါင်းရင်းပိုင်းမှာ ကန့်ထားတဲ့  အခန်းကျယ်ထဲမှာ နေရာစီစဉ်ချထားပေးပါတယ်။
ညနေပိုင်းရောက်တော့ ဆရာတော်ကြီးတွေ အသီးသီးတည်းခိုတဲ့ အဆောင်များကို 
မိမိအပါအဝင် စာချဘုန်းကြီးများက သွားရောက်ဝတ်ပြုနှုတ်ဆက်ရင်း  
လိုအပ်ချက်ရှိတာတွေကို ကြီးကြပ်စီမံဖြည့်ဆည်းပေးရပါတယ်။

မင်းကွန်းဆရာတော်ဘုရာကြီးထံမှောက် ရောက်တဲ့အခါမှာတော့ 
ဆရာတော်ကြီးက စောင်ထူထူကြီး တစ်ထည်ပတ်ခြုံပြီး နောက်မှီခေါင်းအုံးပေါ်မှီရင်း
 တစ်ပိုင်းခြေဆင်း တစ်ပိုင်ထိုင် သီတင်းသုံးနေတော်မူပါတယ်။

မိမိတို့အဖွဲ့ ရှိခိုးဝတ်ချပြီး ပဋိသန္ဓာရ စကားအဖြစ်နဲ့ -
“ ဆရာတော် ဒီမှာ အတော်အေးနေသလား ဘုရား” ဆိုတော့
“ အင်း … ရန်ကုန်မှာနဲ့စာရင်တော့ ယုန်မွေးစောင်တစ်ထည် စာလောက်တော့ ပိုအေးတယ်ဆိုရမှာပေါ့” တဲ့။
“ ဆရာတော် အခုဆို နိုင်ငံတော်ပရိယတ္တိတိုက်ကြီးတွေ အတွက် တိုင်းနဲ့ပြည်နယ်အားလုံးလိုက်ပြီး တရားဟောနေရတာ သိပ်ပူတဲ့နေရာရောက်လိုက်၊ သိပ်အေးတဲ့ နေရာရောက်လိုက်နဲ့ မပင်ပန်းဘူးလား ဘုရား” လို့ စာချ ဘုန်းကြီးတစ်ပါးက မေးခွန်းထပ်တွန့်လိုက်တော့ 

ဆရာတော်ကြီးက -
“ အေး … လောကထဲရောက်လာရင် လောကဓံနဲ့ဖတ်ပြီး ရန်မတွေ့ရဘူး၊ 
တွေ့နေရင် ကိုယ်က အမြဲရှုံးတယ်၊ လောကဓံဆိုတာ ကိုယ်ဖြစ်ချင်သလို လိုက်ဖြစ်ပေးတာမှ မဟုတ်ဘဲ၊ သူဖြစ်ချင်သလို ဖြစ်နေတာ။ 
အဲဒါ ကိုယ်က သူနဲ့ အလိုက်အထိုက်နေတက်အောင် ကျင့်ရတာပေါ့၊ 
တစ်ခါ တစ်ခါ လောကဓံဟာ သည်းမခံနိုင်လောက်အောင် မကျေနပ် စရာတွေနဲ့ တွေ့ကြုံရတာလဲ ရှိတက်တယ်၊ ကျေနပ်စရာပဲ တွေ့တွေ့၊ မကျေနပ်စရာပဲ တွေ့တွေ့ ကိုယ်က နေတက်အောင်ကြည့်နေရတယ်”
ဆရာတော်ကြီးက စကားကို ခဏရပ်ထားလိုက်တယ်။

“ ဆရာတော် နေတက်အာင် ကြည့်နေပုံလေး အမိန့်ရှိပါဦး ဘုရာ့” ဆိုတော့မှ

“ ကိုယ်က အခုလိုအေးတဲ့ ဒေသရောက်လို့ အေးလွန်းတဲ့ ရာသီဥတုနဲ့ ကြုံကြိုက်ရတာကို မကျေနပ်ဘူးဆိုရင် အောက်မှာ လောကန္တရိတ်ငရဲ ဆိုတာရှိတယ်၊ အဲဒါကို ငုံ့ကြည့်လိုက်၊  စကြဝဠာလောကသုံးခုဆုံတဲ့ နေရာမှာ အကြားမှာရှိလို့ အဲဒီငရဲကို လောကန္တရိတ်ငရဲ လို့ ခေါ်တယ်၊ လောကဥပမာသပိတ်လုံးကြီး သုံးလုံးဆုံတဲ့ ကြားအရပ်လိုပေါ့၊ 
သူ့အောက်မှာ စကြာဝဠာကိုခံတဲ့ ရေက နေရောင်လုံးဝမရတဲ့ နေရာဆိုတော့ အေးတာလဲအလွန်၊ အရသာကလဲ ငန်လွန်းလို့ ငံခါးကြီးတဲ့။ 
 အဲဒီငရဲမှာ ကျခံရတဲ့ သတ္တဝါတွေက ကမ်းပါးယံမှာ လင်းနို့တွေ တွဲလွဲဆွဲနေရသလို 
စကြဝဠာ နံရံမှာ တွဲလောင်းဆွဲနေရတာ 
အစာဆာလွန်းလို့ ရွေ့ရှားရှာဖွေကြရာက တစ်ကောင်နဲ့တစ်ကောင် တွေ့ကြတဲ့အခါ 
သူ့အစာကိုယ့်အစာ အမှတ်နဲ့ ဖမ်းယူဖို့ကြိုးစားလိုက်တာနဲ့ စကြဝဠာနံရံက ကွာကျပြီး အောက်ခံရေနဲ့ထိလိုက်တာနဲ့ တစ်ပြိုင်နက် ကြေမွပျက်စီးကြရတာ၊ 
သူ့ကံကြွင်း မကုန်သေးရင် အဲဒီမှာပဲ သေလိုက်၊ ပြန်ခံရလိုက်နဲ့ နေရတဲ့ ငရဲပေါ့၊ 

အဲဒီငရဲသားတွေ အေးကလဲအေး၊ ဘာမှ အကာအကွယ်လဲ မရှိ၊ ဘယ်တော့ 
ဒီငရဲက လွတ်မလဲမသိရတဲ့ အဖြစ်ကို ဉာဏ်နဲ့ငုံ့ကြည့်လိုက်ရင် 
အခု ကိုယ်နေရတာက စောင်တွေဘာတွေနဲ့ နွေးနေအောင် ကာကွယ်လို့လဲရနေတယ်။ 
မနက်ဖြန် သန်ဘက်ဆိုသလို ကိုယ်နေနေကျနေရာကိုလဲ ပြန်ရောက်မှာဆိုတော့ အလိုလိုကျေနပ်သွားတာပါပဲ။

“ အဲ … အလွန်ပူလွန်းတဲ့နေရာ ရောက်ပြန်ပြီဆိုတော့လဲ 
လောဟကုမ္ဘီငရဲဆိုတာကို ငုံ့ကြည့်လိုက်၊ အဲဒီငရဲက သံရည်ပူငရဲပဲ၊ 
ဒီငရဲမှာကျရောက်ရတဲ့ သတ္တဝါတွေဟာလဲ လူ့ပြည်က ဘယ်ရာသီဥတုအပူနဲ့မှ မယှဉ်သာအောင် ပူလဲအလွန်ပူ ကာကွယ်စရာလဲမရှိ၊ လွတ်ရက်လဲမသိနဲ့ အဲဒါကို ဉာဏ်နဲ့စဉ်းစားပြီး ငုံ့ကြည့်လိုက်၊ ကိုယ်ရောက်နေတဲ့အနေရာက အတော်ကြီးအေးမြတာပဲ၊ အဲလို ငုံ့ကြည့်တက်ရတယ်” တဲ့

ဆရာတော်ကြီးစကားကတော့ ဒီလောက်ပါပဲ။ 
ဆရာတော်ကြီးက မပင်ပန်းဘူးဆိုပေမယ့် အနားယူဖို့သင့်လောက်ပြီ ဆိုပြီး 
အလိုက်သိဝတ်ပြု ဦးချပြီး ထပြန်ခဲ့ကြတယ်။

ဆရာတော်ကြီး အမိန့်ရှိတာတွေနဲ့ ဆက်စပ်ပြီး တွေးစရာ သိစရာတွေ အများကြီးပေါ် ပေါက်လာတယ်။ 

“မကျေနပ်ရင် ငုံ့ကြည့်လိုက်” လို့သာ ဆရာတော်ကြီးက မိန့်တယ်။

“တကယ်ပြည့်စုံနေတာ မဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကို အကျေနပ်ကြီး ကျေနပ်နေရင်ကော ဘာလုပ်ရမလဲ” …

ကျေနပ်လွန်းနေတာဟာ မကျေမနပ်ဖြစ်နေတာရဲ့ ဆန့်ကျင်ဘက်ဖြစ်သလို အကြည့်မှာလဲ 

ဆန့်ကျင်ဘက်အရပ်ကို ကြည့်လိုက်ရင်ကော . . .

“မကျေနပ်ရင် ငုံ့ကြည့်လိုက်” ဆိုတော့ 
“ကျေနပ် လွန်းနေရင် မော့ကြည့်လိုက်ရင်ကော ဒီရောဂါသက်သာ မသွားလောက်ပေဘူးလား”

ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ တက်သိပညာ၊  အကျင့်သီလ၊ 
ဘာကိုပဲကျေနပ်နေနေ ကိုယ့်ထက်သာလွန် မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေကို မော့ကြည့်လိုက်ရင် ဘုရားရှင်တို့ရဲ့အလိုအရ သာသနာတော်နဲ့ကြုံတုန်း၊ 
လူ့ဘဝရတုန်းမှာ တကယ်ပြည့်စုံသူဆိုတာ မဂ်ဉာဏ်ဖိုလ်ဉာဏ်နဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ အဆင့်ရောက်မှ၊ 
ဒါတောင် အရဟတ္တမဂ် အရဟတ္တဖိုလ်ပေါက် ရဟန္တာအဖြစ် အရောက်မှသာ 
တကယ် ပြည့်စုံသူလို့ ဆိုနိုင်တာဖြစ်လေတော့ 

လောကထဲမှာ ရနိုင်သမျှ ဘာတွေပဲရနေနေ ပြည့်စုံပြီလို့ ထင်မှတ်စရာ၊
  အကျေနပ်ကြီး ကျေနပ်ပြီး မာနတက်စရာ ရှိပါတော့မလား . . . .

ငုံ့ကြည့်၊ မော့ကြည့်တက်ပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
မထေရ်မြတ်တို့စကားဝိုင်း[၁] (စာ  ၉၉-၁၀၄) မှ ကောက်နှုတ်ပူဇော်ပါသည်။

ကပ္ပိယ မောင်ရဲ
https://www.facebook.com/yewin.tun.71 
http://kpymgye.blogspot.com/