Showing posts with label ဒေါက်တာနန္ဒမာလာဘိဝံသ ဆရာတော်ကြီး. Show all posts
Showing posts with label ဒေါက်တာနန္ဒမာလာဘိဝံသ ဆရာတော်ကြီး. Show all posts

Monday, March 4, 2013

ဘ၀တန်ဖိုး အရယူ


အတိတ်ကိုတွေး၊ မဆွေးလေနဲ့

အတိတ်ဆိုတာ ပြန်မလာဘူး။


အနာဂတ်ကိုမှန်းဆ၊ မလွမ်းတနဲ့၊

အနာဂတ်ဆိုတာ၊ မသေချာဘူး။


ပစ္စုန်ပ္ပန်မှာ၊ လုပ်သင့်ရာဝယ်

ပညာလုံ့လ၊ အသုံးချလျက်

ဘ၀တန်ဖိုး၊ အားမန်တိုး၍

မြတ်နိုးကြည်ဖြူ၊ အရယူလော့  . . . . ။




ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ၏ 
`ဘ၀ခရီးဝယ် ရွေးချယ်ရမယ့် လမ်း` စာအုပ်မှကောက်နုတ်ပူဇော်ပါသည်။

 

Tuesday, February 19, 2013

စိတ်အညစ်အကြေး လျှော်နည်း



လျှော်တယ်ဆိုတာ တခြားနည်းနဲ့ လျှော်ရမှာတော့ မဟုတ်ဘူး၊ 
သမထကျင့်စဉ် ကျင့်ပြီးတော့ လျှော်တယ်၊ ဝိပဿနာကျင့်စဉ် ကျင့်ပြီးတော့ လျှော်တယ်၊ 
စိတ်ကောင်း နှလုံးကောင်း နှလုံးသွင်း မှန်မှန်လေး ထားပြီးတော့ လျှော်တယ်၊ 
ဒါ လျှော်ဖွပ်နည်းပဲ၊ လျှော်ဖွပ်တဲ့နည်း အမျိုးမျိုးနဲ့ ကြိုးစားကြရမှာ၊
 
ကြိုးစား အားထုတ်တယ်ဆိုတာ အညစ်အကြေးတွေ မစွဲသေးရင် မစွဲအောင် သတိထား၊ 
ဆိုပါစို့၊ အဝတ်ကလေး ဝတ်တဲ့အခါ အညစ်အကြေးတွေ ထိမှာစိုးလို့ မထိအောင် ရိုရိုသေသေ ဝတ်ကြတယ် မဟုတ်လား၊ အဝတ်ကို ရိုရိုသေသေ ဝတ်ကြသလို ကိုယ့်စိတ်ကလေးလည်း အညစ်အကြေးတွေ ကပ်မလာအောင် ရိုရိုသေသေ ထားရမယ်၊ အဲဒီလို ကြိုးစားတာကို သမ္မာဝါယာမ။
 
အဲဒါကို ‘သံဝရ’ လို့လည်း ခေါ်တယ်၊ ဆို့ပိတ်ထားတယ်၊ 
အညစ်အကြေး မရောက်စေရဘူး၊
ဖြူစင်နေတဲ့ ကိုယ့်အဝတ်ကလေးထဲမှာ အညစ်အကြေးတွေလာ မစွဲအောင်လို့ ဂရုစိုက်ပြီးတော့ 
သံဝရ- ဆို့ပိတ်မှုလို့ ပြောတာ၊ 
 
အဲဒီလို ဆို့ပိတ်လို့ မတော်တဆ အညစ်အကြေးတစ်ခု ရလာပြီ၊ ရောက်လာပြီ ဆိုလို့ရှိရင် လျှော်ဖွပ်ပစ်၊ 
ဒါ ကြိုးစား အားထုတ်မှုပဲ။
 
စိတ်လည်းဒီအတိုင်းပဲ။
(၁) မပေအောင် အညစ်အကြေး မကပ်အောင်ထိန်းသိမ်း၊
(၂) ကပ်လာပြီဆိုလို့ရှိရင် ထိုအညစ်အကြေးကို လျှော်ပစ်၊
(၃) နောက်ထပ် အညစ်အကြေး မလူးအောင် အညစ်အကြေး မလူးလို့ သန့်ပြန့်နေတဲ့ အနေအထား ရောက်အောင် ကြိုးစားအားထုတ်၊
(၄) ထို သန့်ပြန့်မှု တိုးတက်ပြီး သန့်ပြန့်လာအောင် ကြိုးစားတဲ့။
ဒါအညစ်အကြေးကို ဖွပ်လျှော်တဲ့နည်း၊ လုပ်ပုံလုပ်နည်းပေါ့။

စိတ်အညစ်အကြေးကို ဖွပ်လျှော်တဲ့အခါ ကောင်းတဲ့အာရုံ တစ်ခုခု ယူပြီးတော့ စိတ်အခြအနေ ပြောင်းပစ်တာ၊ လျှော်ပစ်တာ။ 
ဘုရားဂုဏ်ကို အာရုံပြုပြီးတော့လည်း လျှော်ပစ်လို့ရတယ်၊ 
တရားဂုဏ်တော်ကို အာရုံပြုပြီးတော့လည်း လျှော်ပစ်လို့ရတယ်၊ 
 
ဝိသာခုပေါသထသုတ်မှာ မြတ်စွာဘုရားက အဲဒီ နည်းလမ်းတွေပေးထားတာ ရှိတယ်နော်၊ 
တရားဂုဏ်, သံဃာဂုဏ် အာရုံပြုပြီးတော့လည်း စိတ်အညစ်အကြေးတွေ လျှော်လို့ရတယ်၊ 
ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို အာရုံပြုပြီးတော့လည်း နှလုံးသွင်း ဆင်ခြင်ပြီးတော့လည်း စိတ်အညစ်အကြေးကို လျှော်လို့ရတယ်။
 
ဆိုလိုတာက ကမ္မဋ္ဌာန်းအာရုံတွေထဲက ဘယ်အာရုံနဲ့ပဲ ဖြစ်ဖြစ် 
အဲဒီ အာရုံနဲ့ စိတ်ရဲ့ အညစ်အကြေးတွေကို လျှော်လို့ ဖွပ်လို့ရတယ်၊ 
စင်ကြယ်သွားအောင် လုပ်ရတယ်၊ 

စိတ်အညစ်အကြေးဆိုတာ ဘာတွေတုန်းဆိုတော့ 
အဘိဓမ္မတ္ထ အင်္ဂဟ မှာ စိတ်မှာ လာစွဲကပ်နေတဲ့ အနေအထားတွေကို ကြည့်ပြီး စီစဉ်ထားတာ ရှိတယ်၊ 

သို့သော်လည်း ဒီနေရာမှာ ပြောချင်တာကတော့ 
အဲဒီ အညစ်အကြေးတွေထဲမှာ အမြစ်ကဲ့သို့ ခိုင်မာတဲ့ အညစ်အကြေး ၃-မျိုး ရှိတယ်၊ 
အဲဒါက လောဘ, ဒေါသ, မောဟ ဆိုတဲ့ အကုသိုလ်စေတသိက် အားလုံးရဲ့ အမြစ်ပဲ ဖြစ်တယ်။


*ကောက်နှုတ်ချက်*
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။

ကပ္ပိယ မောင်ရဲ 
https://www.facebook.com/yewin.tun.71
http://kpymgye.blogspot.com/  


Monday, February 18, 2013

မာနခံလျှင် တရားမရ


သို့သော် ဘယ်မာနပဲဖြစ်ဖြစ် 


ကိုယ့်တကယ်ရှိတဲ့ အရည်အချင်းကို  အရည်အချင်း ရှိတယ်ဆိုတဲ့ အတွေးသည်ပင်လျှင် 

အင်မတန် ထူးခြားတဲ့ တရားဓမ္မတစ်ခုကို မျက်မှောက်ပြုဖို့ရန် အတွက် အန္တရာယ်ပြုတယ်တဲ့။

ရှင်အနုရုဒ္ဓါမထေရ်မြတ်ဟာ သင်္ကန်းဝတ်ပြီး ပထမဝါတွင်းမှာပဲ 

 
သမထကျင့်စဉ် အောင်မြင်လို့ ဈာန်အဘိညာဉ်တွေ ရတယ်၊

 
ဒိဗ္ဗစက္ခုမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်၊

 
သူ့စိတ်ထဲမှာ ထင်တယ်၊ 


ဒိဗ္ဗစက္ခုနဲ့ စကြဝဠာတစ်ထောင်ကို သူ ကြည့်နိုင်တယ်၊ 
 
သူ ရဟန္တာဖြစ်ဖို့ အလွယ်ကလေးလို့ အောက်မေ့တယ်၊

 
ဝိပဿနာပြောင်းပြီး အားထုတ်တယ်၊ လုံးဝ ရဟန္တာမဖြစ်ဘူး၊ 


 

ဘာဖြစ်လို့တုံး၊ သူ့မှာ ဘာအတွေး ရှိတုန်းဆိုရင် 

 
“စကြဝဠာ တစ်ထောာင်ကို ကြည့်နိုင်တဲ့ စွမ်းရည်သတ္တိ ငါ့မှာ ရှိတယ်” ဆိုတဲ့

 
အတွေးလေး ရှိတယ်။ 


ဒါလေးက မာနတဲ့၊ အဲဒီ မာနခံနေလို့ သူ ရဟန္တာမဖြစ်ဘူး။

 

ရှင်သာရိပုတ္တရာကို သွားပြီး လျှောက်တယ်၊

 
‘အရှင်ဘုရား တပည့်တော် ဒိဗ္ဗစက္ခုနဲ့ ဒီစကြဝဠာတစ်ထောင်ကို တစ်ပြိုင်တည်း ကြည့်နိုင်တယ်၊ တရားလည်း အားထုတ်တယ်၊ 


သမာဓိတွေလည်း ကောင်းတယ်၊ ဒါပေမယ့် ဘာဖြစ်လို့ ကိလေသာ အာသဝေါ မကုန်မှန်း မသိဘူး’ ပေါ့။

 

ရှင်သာရိပုတ္တရာက ထောက်ပြတယ်၊

 
‘ငါ့ရှင် - စကြာဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်ဆိုတဲ့ အတွေးဟာ ငါ့ရှင်မှာ မာနဖြစ်နေတာ၊ 


အဲဒီအတွေးကို ဖျောက်လိုက်ပါ၊ မစဉ်းစားပါနဲ့’ တဲ့၊


 
‘ငါ တရားတွေ အားထုတ်နေတယ်၊ သမာဓိတွေလည်း ကောင်းတယ်’ ဆိုတဲ့အတွေးဟာ ဥဒ္ဓစ္စဖြစ်တာ၊ 


စိတ် မငြိမ်မသက် ဖြစ်နေတာ၊ ဘာဖြစ်လို့များ ရဟန္တာမဖြစ်တာပါလဲ လို့ ဆိုတဲ့ ဒီအတွေးဟာ ကုက္ကုစ္စဖြစ်နေတာ၊ 

အကုသိုလ် တွေချည်း ဖြစ်နေတာ၊ စဉ်းစားကြည့်။

 

ဒီ စကြဝဠာတစ်ထောင်ကို သူ ကြည့်နိုင်လို့ ကြည့်နိုင်တယ် ပြောတာများ ဘာအပြစ်ရှိတုန်း၊ ပြောကြမှာပေါ့ ၊ 


ဟုတ်တယ် မဟုတ်လား၊
 
သို့သော်လည်း စဉ်းစားကြည့်စရာက အင်မတန်သေးငယ်တဲ့ မြူမှုံကလေးတစ်ခုဟာ လက်ဖဝါးထဲမှာ ထည့်ပွတ်လို့ ရှိရင် 


ဘာမှ မဖြစ်ဘူး၊ ဟုတ်လား၊ 
 
သို့သော် အဲဒီ မြူမှုံလေးကို မျက်လုံးထဲ ထည့်ကြည့်ပါလား၊ မျက်လုံး ဘယ့်နှယ့်နေမလဲ၊ မခံနိုင်ဘူး၊ 


အမှုံသေးသေးလေးပဲ ဖြစ်စေ မျက်လုံးထဲ ရောက်သွားရင်ခိုးလိုးခုလုနဲ့ မျက်ရည်တွေ ထွက်စေမှာပဲ။ 
 
အဲဒီလိုပဲ ဒီလို သေးတယ်လို့ ထင်ရတဲ့ မာနလေးက ရဟန္တာဖြစ်ဖို့အတွက် စလုံးစခု ဖြစ်စေတယ်။


 

ဒါကို အရှင်သာရိပုတ္တရာက မြင်တယ်၊ ရှင်အနုရုဒ္ဓါက စဉ်းစားလို့ မရဘူး၊ 


ရှင်သာရိပုတ္တရာက ထောက်ပြတယ်၊
 
ဒီ စိတ်ရဲ့အညစ်အကြေးတွေက စိတ်ထဲမှာ ဝင်နေတယ်၊ 

 
အဲဒါလေးတွေကို လျော်ပစ်လိုက်ပါလို့ ပြောတာနော်၊ ဖြူစင်အောင် လုပ်ပစ်လိုက်ပါ၊ 


ဘာဖြစ်လို့လဲဆို ဒီမာနလေးဟာလည်း စိတ်ရဲ့ အညစ်အကြေးလေးပဲ၊
 
ညစ်တယ်ဆိုလို့ရှိရင် မကြည်ဘူး၊ မကြည်ရင် မမြင်ရဘူးပေါ့၊ 


 
မှန်များလိုပေါ့၊ နည်းနည်းလေး အစက်အပြောက်တွေ ရှိနေရင် မြင်ကွင်းမှာ လာရှုပ်နေမှာပေါ့၊ 

 

ဒါကြောင့်မို့ ဒီမာနဆိုတာဟာလည်း 


တရားထူး၊ တရားမြတ် ရဖို့ရအတွက် အနှောင့်အယှက်ဖြစ်တဲ့ အရာတစ်ခု၊ စိတ်ရဲ့ အညစ်အကြေးတစ်ခုပါပဲ။


 

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)

 
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။



ကပ္ပိယ မောင်ရဲ 
http://kpymgye.blogspot.com/ 
https://www.facebook.com/yewin.tun.71  


Sunday, February 17, 2013

ဒေါက်တာ နန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီး ရွတ်ဆို ပူဇော်လေ့ရှိသော "ဝန္ဒာနာပဏာမ အာသီသဂါထာတော်" MS Word 2007 & mp3 file


ယော ကပ္ပကောဋိဟိပိ အပ္ပမေယျံ၊

ကာလံ ကရောန္တော အတိဒုက္ကရာနိ။

ခေဒံ ဂတော လောကဟိတာယ နာထော၊

နမော မဟာကာရုဏိကဿ တဿ။


ယော နာထော - ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် 

နာထမည်ငြား အကြင်ရှင်တော်မြတ်ဘုရားသည်၊


ကပ္ပိကောဋီဟိပိ -  ကုဋေကမ္ဘာ အရေအတွက်သချာင်္တို့ဖြင့်သော်လည်း


အပ္ပမေယျံ - ရေတွက်တိုင်းတာ ဖေါ်ပြခြင်းငှာ မစွမ်းနိုင်ပါသော၊


ကာလံ - လေးအသင်္ချေ သိန်းနေကမ္ဘာ ရှည်ကြာသော ကာလပတ်လုံး၊


လောကဟိတာယ - သတ္တလောက၏ အကျိုးစီးပွားအလို့ငှာ၊


အတိဒုက္ကရာနိ -  ဥစ္စာ အသက် ခြေ, လက် အင်္ဂါ မေတ္တာကြီးမား သမီးသားနှင့်

သက်ထားဇနီး စွန့်ခြင်းကြီးဟု ကြက်သီးထဖွယ် ငါးသွယ်အစု အခွန်ခဲယဉ်းသော အမှုတို့ကို၊


ကရောန္တော -  ဘုရားဖြစ်ရန် ရည်သန်ကြိုးကုတ် အားထုတ်တော်မူရသည် ဖြစ်၍၊


ခေဒံ -  လက်ခြေမျက်လုံး အသက်ဆုံးလျက် နှလုံးစိတ်ဝမ်း ကိုယ်တော်၏ ပင်ပန်းခြင်းသို့


ဂတော - ဘဝအတန်တန် ကြိမ်ဖန်များစွာ ရောက်တော်မူခဲ့ရ ရှာလေပြီ၊


မဟာကာရုဏိကဿ -  သတ္တဝါများ ရင်ဝယ်သားကဲ့သို့ သနားချစ်ခင် မဟာကရုဏာရှင် ဖြစ်တော်မူသော၊


တဿ နာထဿ -  ဝေနေယျများစွာ သတ္တဝါ၏ ချမ်းသာစီးပွား လိုလားတောင့်တ ဂုဏ်ပေါင်းခသဖြင့် နာထမည်ငြား ထိုရှင်တော်မြတ်ဘုရားအား၊


နမော - ရိုသေပျောင်းပျော့ မာန်ကိုလျှော့၍ ကန်တော့ရိုကျိုး ရှိခိုးခြင်းသည်၊


အတ္တု ဘဝတု - စင်စစ်မသွေ ဖြစ်ပါစေသတည်း။

                                                             “ သာဓု - သာဓု - သာဓု ”

                                                              -------------------------

ဤနေရာတွင် mp3 file အား download ယူပါရန်



by : ကပ္ပိယ မောင်ရဲ 

https://www.facebook.com/yewin.tun.71 
http://kpymgye.blogspot.com/ 



Friday, February 15, 2013

ပဋိစ္စသမုပ္ပါဒ်ကို အကျဉ်းလေးနဲ့ ရည်ညွှန်းပြောဆိုထားတဲ့ ပါဠိဝါကျ ၄-ခု


ပဋိစ္စသမုပ္ပါဒ်ကို အကျဉ်းလေးနဲ့ ရည်ညွှန်းပြောဆိုထားတဲ့ ပါဠိဝါကျ ၄-ခု

(၁) "ဣမသ္မိံ သတိ ဣဒံ ဟောတိ"
ဒါ ရှိနေလို့ ရှိရင် ဒါ ရှိတယ်။

(၂) "ဣမဿ ဥပ္ပါဒါ ဣဒံ ဥပ္ပဇ္ဇတိ"
ဒါ ဖြစ်လို့ ဒီဟာ ဖြစ်ရတယ်။

(၃) "ဣမသ္မိံ အသတိ ဣဒံ န ဟောတိ"
ဒါ မရှိရင် ဒီဟာ မရှိဘူး။

(၄) "ဣမဿ နိရောဓာ ဣဒံ နိရုဇ္ဇတိ"
ဒါ ချုပ်ငြိမ်းသွားရင် ဒီဟာလည်း ချုပ်ငြိမ်းသွားမယ်။

(အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D) )

ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း (နှာ - ၁၅) မှ ကောက်နှုတ်ပူဇော်ပါသည်။

ကပ္ပိယမောင်ရဲ - https://www.facebook.com/yewin.tun.71