Monday, March 4, 2013

ဘ၀တန်ဖိုး အရယူ


အတိတ်ကိုတွေး၊ မဆွေးလေနဲ့

အတိတ်ဆိုတာ ပြန်မလာဘူး။


အနာဂတ်ကိုမှန်းဆ၊ မလွမ်းတနဲ့၊

အနာဂတ်ဆိုတာ၊ မသေချာဘူး။


ပစ္စုန်ပ္ပန်မှာ၊ လုပ်သင့်ရာဝယ်

ပညာလုံ့လ၊ အသုံးချလျက်

ဘ၀တန်ဖိုး၊ အားမန်တိုး၍

မြတ်နိုးကြည်ဖြူ၊ အရယူလော့  . . . . ။




ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ ၏ 
`ဘ၀ခရီးဝယ် ရွေးချယ်ရမယ့် လမ်း` စာအုပ်မှကောက်နုတ်ပူဇော်ပါသည်။

 

မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ တရားဟောတဲ့အခါမှာ "ဗျာ - ဗျာ" လို့ ဘာလို့ ပြောတာလဲ


မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ တရားဟောတဲ့အခါမှာ 
“ဗျာ - ဗျာ” ဆိုတဲ့ အသုံးအနှုန်းတွေ၊
“ကျုပ်တို့” “ခင်ဗျားတို့” ဆိုတဲ့ အသုံးအနှုန်းတွေ ပါ-ပါနေတယ်၊

“အဲဒါ ဘယ့်နှာကြောင့် ဒီလိုသုံးနှုန်းပြောဆိုနေရတာလဲ” - တဲ့
မေးမြန်စပ်စုတတ်ကြ၏။

မြန်မာပြည်အထက်ပိုင်း အညာဒေသ၏ ဓလေ့ထုံးစံအရ
ပြောလေ့ပြောထရှိတဲ့ ဝေါဟာရလည်းဖြစ်၊
ပြီးတော့ တရားပွဲထဲမှာ ဆရာတော်ထက်ကြီးတဲ့
ဒကာကြီးတွေ ဒကာမကြီးတွေ၊
အဘိုးတွေ အဘွားတွေ ပါနေတာလည်း ဖြစ်လို့ သုံးနှုန်းခြင်းဖြစ်ပါလိမ့်မည်။

ဝေဘူဆရာတော်ကြီးတို့ဆိုလျှင်လည်း သူ့ဓလေ့အတိုင်း
“ကောင်းပါ့ဗျား - ဟုတ်ပါ့ဗျား” စသည်ဖြင့် မိန့်လေ့ရှိတတ်ပါ၏၊

စွန်းလွန်ဆရာတော်ကြီး၊ မိုးညှင်းဆရာတော်ကြီးတို့လည်း
သူ့ဝါသနာအတိုင်း မိန့်လေ့ရှိတတ်ကြပါသည်။

မိုးညှင်းဆရာတော်ကြီးကဆိုလျှင်
“ဟရို့ရဲ့” “ဟရို့ရဲ့” နဲ့ နားထောင်လို့ ကောင်းလှပါ၏။

ယခုလည်း မိုးကုတ်ဆရာတော်ကြီးထက် ကြီးတဲ့ ပုဂ္ဂိုလ်တွေ
ပရိသတ်ထဲမှာ အနီးအနားမှာ ပါနေတော့
“ဟုတ်ဘူးလားဗျာ ဦးသန်းမောင်ကြီး”
“ဘယ့်နှယ်လဲ ဦးဘရှင်တို့၊ ဦးလှဘူးတို့၊ ဒကာကြီးလှိုင်” စသည်ဖြင့် မိန့်မြွတ်နေ၏။

အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေ နားခံသာအောင်ရယ်၊
ရင်းရင်းနှီးနှီး ဆက်ဆံမှုမျိုးဖြစ်အောင်ရယ် သုံးနှုန်းတော်မူခြင်း ဖြစ်ပေလိမ့်မည် - ဟု
ယူဆရပါသည်။


ကောက်နုတ်ချက် -
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (နှာ-၂၅၀)



 

ဘုရားမဆုံး၊ နောက်မဆုံးသေး


မိုးကုတ်ဆရာတော်ကြီးက ဆက်လက်၍ မိန့်တော်မူသေး၏၊ 

“မင်းတို့ လိုချင်တဲ့ နိဗ္ဗာန်၊ ခဏ ခဏ နိဗ္ဗာန်ရရပါလို၏ - လို့ ဆုတောင်းတဲ့ 
နိဗ္ဗာန်ဟာ ဒီဘုရားသာသနာမှာ ရနိုင်တယ်ကွ၊
အားထုတ်ရင် ရနိုင်တယ်၊

ဒီဘုရားသာသနာက ပေးနိုင်ပါတယ် ဆိုရက်သားနဲ့
နောက်ဘုရားသာသနာကျမှ ယူမယ် - ဆိုတာကတော့
ဒီဘုရားကို စော်ကားရာကျတာပေါ့ . . . ” တဲ့။

ဤနည်းအားဖြင့်
ဒါန သီလကလေးတို့ကို ခပ်စိုစို ပြုလုပ်ကြပြီးလျှင်
နောက်ဘုရား - နောက်သာသနာ နောက်အခါတွေကို
ရွှေ့ရွှေ့ပြီးလာခဲ့ကြတာ ကြာပြီ၊
နောက်ဘုရားတွေလဲ မဆုံးသေး၊ နောက် - နောက်တွေလဲ မကုန်သေး၊

ဤသဘောကို လယ်တီဆရာတော်ဘုရားကြီးကလည်း
ဤသို့ ရေးသားသတိပေးတော်မူသည်။

“ဒါန သီလ၊ လက်စဖွားဖွား၊
ပြုလုပ်ငြား၍၊ နောက်ဘုရားမှ၊
အများငါတို့၊ ပါကြစို့လား၊
ဘုရားမဆုံး၊ နောက်မဆုံးဘဲ၊
အနှုန်းရှည်ကြာ၊ သံသရာဝယ် . . . ” 



ကောက်နုတ်ချက် -
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (နှာ-၂၀၅)


 

ဘုရားရှေ့မှာ မျက်စိလည်နေကြ

မိုးကုတ်ဆရာတော်ကြီးက 
လူတွေ လုပ်ပုံကိုင်ပုံ သဘာဝမကျပုံကိုကြည့်ပြီး မိန့်တော်မူဖူးသည်။
“ဒကာ ဒကာမတွေက
ဆွမ်းတွေ ကွမ်းတွေနဲ့
ပန်းတွေ ရေချမ်းတွေနဲ့ ဘုရားရှေ့မှာ ပြင်ဆင်ပြီးတော့ လှူဒါန်း၊
ပီးတော့ ဆုတောင်းကြတယ် (မှန်ပါ)

သူတို့တွေရဲ့ ဆုတောင်းက -
“သည်ကောင်းမှုကြောင့်
လူ့စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာ့စည်းစိမ်တွေ ရ-ရပါလို၏” တဲ့ (မှန်ပါ)

ဒါဟာ မသိလို့ တောင်းနေကြတာပဲ၊ (မှန်ပါ)

ဒုက္ခသစ္စာတွေ မှန်းမသိလို့ တောင်းနေကြတာ (မှန်ပါဘုရား)

ဒါဟာ ဘုရားရှေ့မှာ လာပြီး မျက်စိလည်နေတာပေါ့ (မှန်ပါဘုရား)

ထုံးစံလို ဖြစ်နေကြတယ် သူတို့ဥစ္စာက၊ (မှန်ပါ)

ဆုတောင်းတယ် ဆိုရင်
“လူ့စည်စိမ် နတ်စည်းစိမ် ဗြဟ္မာ့စည်းစိမ်တွေကိုပဲ တောင်းရမယ်” လို့ချည်း
ထင်နေကြတယ် (မှန်ပါ - ထင်ပါတယ် ဘုရား)

“နိဗ္ဗာန်ချမ်းသာကို ရ-ရပါလို၏” လို့ နှုတ်က ဆိုပေမယ့်
သူ့စိတ်ထဲမှာ ထင်တာကတော့ “နိဗ္ဗာန်ချမ်းသာ” ဆိုတာ
ဘုံနန်းပြသာဒ်တွေနဲ့၊ အခြွေအရံတွေနဲ့ အပြည့်အလျှံ၊
မောက်မောက်ဖြိုးဖြိုး၊ (မှန်ပါ)
အဲလိုပဲ ထင်နေတတ်ကြတယ် (မှန်ပါ ထင်ပါတယ် ဘုရား)

ဒါ့ကြောင့် ပြောတာပေါ့
“ဘုရားရှေ့မှာ လာပြီး မျက်စိလယ်နေကြတယ်” လို့ (မှန်ပါဘုရား)

 

ကောက်နုတ်ချက် -
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (နှာ-၂၅၁)


 

Sunday, March 3, 2013

ကိုးနဝင်းဝါဒ


တကယ်တော့ ဒီကိုးနဝင်းဝါဒဟာ

 ဟိန္ဒူဘာသာရေးကျမ်းဂန်မှ လာတဲ့

ဂြိုဟ်ကြီးကိုးလုံးနဲ့ ဆက်သွယ်ပြီး

ပေါ်ပေါက်လာတဲ့ ဝါဒဖြစ်တယ်လို့ ဆိုပါတယ်။


ယခုအခါမှာတော့

ဗုဒ္ဓဘာသာဝင်တွေရဲ့ ပင်ကိုမူလ အယူဝါဒတစ်မျိုးလို့တောင်

ထင်စရာ ဖြစ်နေပြီ။


ကိုးဂဏန်းနဲ့ တိုက်ဆိုင်နေမှ

ကိုးနဝင်းကျေနေမယ့် မအောင်မြင်တဲ့သူ၊

မကြီးပွားတဲ့သူတွေ အများကြီးရှိပါတယ်။

ရှေးကုသိုလ်ကံကလည်း ပါလာ၊

ယခုမျက်မှောက်ဘဝမှာလည်း ဉာဏ်၊ ဝီရယ စိုက်ထုတ်ပြီး

အလုပ်ကြိုးစားလုပ်သူများသာ

အောင်မြင်ကြီးပွားနိုင်ပါတယ်။



(တက္ကသိုလ် သောတုဇနဆရာတော်)

~~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၅၂၆)မှ
ကောက်နုတ်ပူဇော်ပါသည်။



 

"ဘုရားခိုက်သည်" ဟူသော ဗေဒင်ဆရာနှင့် ကြီးမားသော ဝဇီဒုစရိုက်


မျက်မှောက်ခေတ်တွင်
ကျွန်ုပ်တို့ မြန်မာနိုင်၌

'ဘုရားက ခိုက်သည်၊ ဘုရားကြောင့် မကောင်းကျိုးများ ဖြစ်ရသည်'

စသည်ဖြင့် ဟောကိန်းထုတ်နေသော

ဗေဒင်ဆရာ အတော်များလာပေသည်။

ထိုဗေဒင်ဆရာများ၏ ဟောကိန်းကို ယုံကြည်သူများကလည်း ဒုနဲ့ဒေးပင်။


ဂုဏ်တော်ပေါင်း အသင်္ချေအနန္တနှင့် ပြည့်စုံတော်မူသော ဘုရားရှင်ကို

ဘုရားက ခိုက်သည်ဟု ဟောကိန်းထုတ်သော

ဗေဒင်ဆရာများသည် ကြီးမားသော ဝစီဒုစရိုက်ကြီးကို

ကျူးလွန်ရာ ရောက်ပေသည်။



ဘုရားရှင်၏ ဂုဏ်တော်များအပေါ်

မှားမှားယွင်းယွင်းမြင်မှုဖြစ်သောကြောင့်

'မိစ္ဆာပဿတီတိဒိဋ္ဌိ' စကားနှင့်အညီ

မိစ္ဆာဒိဋ္ဌိလည်း ဖြစ်သွားရပေသည်။



(တက္ကသိုလ် သောတုဇနဆရာတော်)

~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၅၃၀) မှ
ကောက်နုတ်ပူဇော်ပါသည်။


 

တရားကို ကျင့်လျှင်


မိမိက တရားကိုကျင့်လျှင်

အဲဒီတရားက မိမိကို ချမ်းသာအောင် ဆောင်ရွက်ပေးတယ်။

အဲဒါ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ နှုတ်ထွက်စကား။

ဘယ်တော့မှ မမှားဘူး။

တကယ်မှန်တယ်။


တရားသာ ကိုယ်က ကျင့်ပါ။

ကျင့်ရင် အဲဒီတရားက ဘယ်တော့မှမနေဘူး။

အလကား မဖြစ်ဘူး။

တရားကျင့်တဲ့ ကိုယ့်တရားရှင်ကလေးကို

သူက စောင့်ရှောက်ပေးတာပဲ။


ဒီဘဝချမ်းသာနဲ့လည်း စောင့်ရှောက်ပေးတယ်။

နောင်ဘဝချမ်းသာနဲ့လည်း စောင့်ရှောက်ပေးတယ်။

အရာအမျိုးမျိုးနဲ့ စောင့်ရှောက်ပေးတယ်။



(ကျေးဇူးရှင် သေပြေကန်ဆရာတော်ကြီး)

~~~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၂၀၁) မှ
ကောက်နုတ်ပူဇော်ပါသည်။

 

ဗုဒ္ဓဘာသာဝင်တို့၏ တာဝန်


ကိုယ်တိုင် ပရိယတ်၊ ပဋိပတ်တရားများကို ကြိုးစားရုံဖြင့်

အထိုက်အလျောက် သာသာတိုးပွားလာနိုင်ပါသည်။

သို့သော် တကယ်တိုးတ်ကြီးပွားခြင်းဟု မဆိုရသေး။


ရှင်လူအများ၏ သန္တာန်မှာ

အနှံ့အပြား ပြန့်ပွားနေမှသာ

သာသနာ အလွန်တိုးတက်ကြီးပွားနိုင်သည်။


သို့ဖြစ်၍

ပရိယတ္တိဝန်ဆောင်တွေ အများအပြား ပြန့်ပွားစည်ကားအောင်

ပို့ချခြင်းဖြင့် လည်းကောင်း၊


ကျင့်ကြံသူ တိုးပွားအောင်

ကြိုးစားဟောပြသင်ကြားပေးခြင်းဖြင့် လည်းကောင်း

သာသနာတော်တိုးပွားအောင် ကြိုးစားရမည် ဖြစ်ပါသည်။


ရှင်တော်မြတ်ဘုရား သာသနာတော်တိုးပွားအောင် ကြိုးစားတော်မူစဉ်က

ကိုယ်တော်တိုင် ဟောပြောခဲ့သည့်အပြင်

'စရဏ ဘိက္ခဝေစာရိတံ' စသည်ဖြင့် တိုက်တွန်းနှိုးဆော်ကာ

သံဃာတွေ များအောင်၊ ဗုဒ္ဓဘာသာဝင်တွေများအောင်

ဆောင်ရွက်တော်မူခဲ့ပါသည်။



(ကျေးဇူးရှင် သပြေကန်ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာဘိဝံသ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၂၀၃) မှ
ကောက်နုတ်ပူဇော်ပါသည်။


 

လူပိုတွေ

လူတစ်ယောက်ဟာ

နိုင်ငံနဲ့ သာသနာမှာ အသုံးပြုနိုင်မှ နေသင့်တယ်။


ဘယ်ဘက်ကမှ အသုံးမဝင်ဘူး ဆိုရင်

သူဟာ လူပိုပဲ။


အရည်အချင်း ပြည့်စုံအောင် ကြိုးစားကြ။


(အရှင်ဇနကာဘိဝံသဆရာတော်ကြီး)

~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ်(နှာ-၂၃၄) မှ
ကောက်နုတ်ပူဇော်ပါသည်။


 

စိတ်ကို ရှင်းရှင်းထားတတ်ပါစေ . . .


ကိုယ့်အိမ်ရှေ့မှာ သူများက 

အမှိုက်သရိုက်တွေ လာပြီး စုပုံထားလျှင် မကြိုက်သလို၊

မေတ္တာနှင့် တစ်လောကလုံးကိုဖြန့်ပြီး 

စိတ်ရှင်းရှင်းထားနေတတ်သူဟာလည်း

အမှိုက်သရိုက်နဲ့တူတဲ့ 

သူ့အကြောင်း၊ ကိုယ့်အကြောင်း ရှုပ်ရှုပ်ယှက်ယှက်တွေကို မစဉ်းစားဘူး။

ကိုယ့်လာပြောလည်း နားမထောင်ဘူး။

စိတ်ကိုရှင်းရှင်းထားမှ ချမ်းသာတယ်။


(တောင်တန်းသာသနာပြု ဆရာတော်ကြီး အရှင်ဦးဥတ္တမသာရ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ်(နှာ-၃၄၀)မှ
ကောက်နုတ်ပူဇော်ပါသည်။


ရှေးဘုရား ကိုးကွယ်ချင်သော်

ရှေးဘုရား ကိုးကွယ်ချင်ပါက လွယ်ပါတယ် ဒကာရယ်။

ရွှေတိဂုံစေတီတော်မြတ်ကြီးကို 

သွားရောက် ကိုးကွယ်ပါ။


ရွှေတိဂုံစေတီတော်မြတ်ကြီးထက် ရှေးကျတဲ့ ဘုရား

မြန်မာပြည်မှာ မရှိ သကဲ့သို့

ကမ္ဘာမှာလည်း မရှိပါ။


(အရှင်ပညာသီဟာဘိဝံသဆရာတော်)

~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၅၂၃)မှ ကောက်နုတ်ပူဇော်ပါသည်။