Thursday, March 7, 2013

ဘုရားရှင်၏ အရပ်တော်


                                                                        ဘုရားရှင်၏ အရပ်တော်                 

                   ဟောသည်မှာဘုရား၊  ၁၈-၈-၈၄- နေ့စွဲနှင့် ဆရာတော်ထံ အမေးပုစ္ဆာတစ်စောင် ရောက်ပြန်ပြီ ဘုရား

                   ဘယ်က အမေးလဲကွယ့်

                   မန္တလေးမြို့၊ အနောက်ပြင်၊ ရတနာပုဂံတိုက်၊ ကျောင်းသစ်ကျောင်း၊ အရှင်စက္ကိန္ဒထံကပါဘုရား

                   အရှင်စက္ကိန္ဒက ဘာတွေများ မေးထားသလဲကွယ့်

                   ယခုအခါ ဘုရားရှင်၏ အရပ်တော်နှင့် ပတ်သက်ပြီး အငြင်းအခုံဖြစ်နေကြပါသတဲ့၊ အချို့က ဘုရားရှင်ရဲ့ အရပ်တော်ဟာ (၁၈)တောင် မရှိဘူး၊ လေးတောင်သာရှိတယ်လို့ ပြောကြပါတယ်တဲ့၊ အချို့ကလည်း လေးတောင်မဟုတ်ဘူး၊ (၁၈)တောင်ရှိတယ်လို့ ငြင်းကြတယ်တဲ့၊ ကာလဒေသ အခြေအနေအရ ဘုရားရှင်ရဲ့ အရပ်တော်ဟာ (၁၈)တောင် မဖြစ်သင့်ဘူး၊ လေးတောင်ဆိုတာ ဟုတ်ကောင်းဟုတ်မှာပဲလို့ ထင်ခဲ့ပါတယ်တဲ့၊ ဒါပေမယ့် ဝိနည်းကျမ်းများအရ (ရှင်စောတစ်ထွာ-မဇ်သုံးထွာ-တို့မှာ ထက်ဝက်တိုး) ဆိုတာကလည်း ရှိနေလေတော့ သည်အယူအဆ နှစ်မျိုးကို ညီညွတ်အောင် ဘယ်လို ယူရပါ့မလဲလို့ မဆုံးဖြတ်နိုင်လို့ ဆရာတော်ထံ စာဖြင့် လျှောက်ထားရခြင်း ဖြစ်ပါတယ်တဲ့၊ သည်ပြဿနာကိုလည်း အဖြေပေးပါဦးလို့ မေးထားပါတယ် ဆရာတော်

                   ဘုရားရှင်ရဲ့ အရပ်တော်ပြဿနာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀)ကျော် လောက်ကစပြီး ဖြစ်ပွားလာသတဲ့ကွယ်၊ ခရစ်သက္ကရာဇ် ၁၉၃၇-ခုနှစ်လောက်ကပေါ့ကွယ်၊ ပြဿနာ စတင် ဖြစ်ပွားလာတဲ့ နယ်မြေကတော့ တိုးတက်ရေးမဂ္ဂဇင်းဖြစ်တယ်၊ ထိုခေတ်က တိုးတက်ရေးမဂ္ဂဇင်းမှာ ကိုစိန်ဖေ၊ ရှေ့နေဦးဘဦး၊ ဘိုးမေတ္တာ၊ ဘိုးဣန္ဒာတို့ဟာ တိုးတက်ရေးစစ်မြေမှာ သူနိုင်ငါနိုင်အပြိုင်ကြဲခဲ့ကြတာပေါ့၊ ဘုရားရှင်အရပ်တော်ဟာ (၁၈)တောင် မရှိတဲ့ ဝါဒကို ဘိုးမေတ္တာတို့၊ ကိုစိန်ဖေတို့က  တင်ပြကြသကွယ့်၊ သူတို့ရဲ့ ယုတ္တိဗေဒက ဘယ်လိုလဲဆိုတော့ ဘုရားရှင်ရဲ့ အရပ်တော်ဟာ (၁၈)တောင်ဆိုလျှင် ဘုရားရှင်ရဲ့ သင်္ကန်းကို ရှင်မဟာကဿပ ဝတ်လို့မဖြစ်၊ လဲ၍ဝတ်သည်ကို ထောက်သောအားဖြင့် ဘုရားရှင်ရဲ့ အရပ်တော်ဟာ သူလိုငါလိုပဲ ဖြစ်ရမယ်ပေါ့၊ ပြီးတော့ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့နောက် ခန္ဓာတော်ကို သင်္ဂြိုလ်ရန်အတွက် မကုဋဗန္ဓအရပ်ကို ဆောင်ခဲ့ကြတယ်၊ ဘုရားရှင်ရဲ့ အလောင်းတော် မလ္လိကာရဲ့ အိမ်ရှေ့ရောက်တော့ မလ္လိကာက အမောင်တို့- အလောင်းတော်ကို ခဏချပေးကြပါလို့ တောင်းပန်ပြီး သူငယ်ရွယ်စဉ်က ဝတ်ဆင်ခဲ့တဲ့ မဟာလတာတန်ဆာကိုစွပ်ပြီး လှူဒါန်းတယ်၊ အဲသည် မဟလ္လတာတန်ဆာဟာ ဦးခေါင်းတော်မှ ခြေဖျားအထိ ဖုံးလွှမ်းမိတယ်လို့ သုတ်မဟာဝါအဋ္ဌကထာ မဟာပရိနိဗ္ဗာန်နသုတ် အဖွင့်မှာ ဆိုပါသတဲ့၊ အကယ်၍ ဘုရားရှင်ရဲ့အရပ်သာ (၁၈)တောင်ရှိခဲ့လျှင် မိန်းမဝတ်ဆင်တဲ့ သည် မဟာလတာတန်ဆာဟာ ဘယ်မှာ ခြေဖျားတိုင်အောင် စွပ်မိပါ့မလဲ၊ ဒါကြောင့် ဘုရားရှင်ရဲ့ အရပ်တော်(၁၉)တောင် မရှိပါဘူးတဲ့၊ ပြီးတော့ ကပိလဝတ်နန်းတော်ဟာ ပကတိလူသားများအတွက် ဆောက်လုပ်ထားတဲ့ အဆောင်ဖြစ်တယ်၊ သည်အဆောင်တွေမှာ အရပ်(၁၈)တောင်ရှိတဲ့ ဘုရားအလောင်း ဘယ်လို နေထိုင်သွားလာ ဖြစ်ပါ့မလဲတဲ့။

                   ဤသို့သော ယုတ္တိများဖြင့် နှိုင်းချိန်ကြည့်တဲ့အခါ ဘုရားရှင်ဟာ လူသားတစ်ဦးဖြစ်တဲ့အတွက် သူလိုငါလို လူသားတစ်ဦးလောက်ပင် အရပ်ပမာဏ ရှိရမယ်၊ အရပ်တော် (၁၈)တောင်ဆိုတာ ကျမ်းဆရာများက ချဲ့ထွင်ထားတာ ဖြစ်ရမယ်လို့ ယုတ္တိဘက်က ရေးသားကြတယ်၊ အရပ်တော်(၁၈)တောင်ဘက်က ဘယ်လို ချေပသလဲဆိုတော့ အတိုင်းအရှည် ပမာဏနှင့်ပတ်သက်တဲ့ ပညတ်ချက် မှန်သမျှတွေမှာ အလျားမည်မျှ၊ အနံမည်မျှလို့ သာမန် ဟောရိုးမရှိတဲ့(တတြိဒံ ပမာဏံ ဒွါဒသဝိဒတ္ထိယော သုဂတိဒတ္ထိယာ တိရိယံ သတ္တန္တရာ) စသောအားဖြင့် ဘုရားရှင်ရဲ့ အထွာတော်ကို အထူးထည့်ပြီး ဟောထားတယ်၊ အကယ်၍ ဘုရားအထွာတောင်နှင့် ပကတိလူတို့ရဲ့ အထွာဟာ အတူတူဖြစ်ပါလျှင် သုဂတိဝိဒတ္ထိယာ ဆိုတဲ့စကားဟာ အပိုဖြစ်နေလိမ့်မယ်၊ အပိုဖြစ်မယ့် စကားကို ဘုရားရှင် သုံးရိုးမရှိဘူး၊ ဒါကြောင့် ဘုရားရှင်ရဲ့ အရပ်တော်ဟာ ပကတိလူတို့ရဲ့ အရပ်နှင့်မတူဘဲ ပိုမို ကြီးထွားရမယ်လို့ ခုံခံ ပြောဆိုကြတယ်ကွယ့်

                   မဇ္ဈိမ၊ ဋ္ဌ၊ ၂၈၇-မှာ- ရာဇဂြိုလ်ပြည်သား ပုဏ္ဏားတစ်ဦးဟာ ဘုရားရှင်ရဲ့ ပမာဏကို တိုင်းမယ်ရယ်လို့ ဘုရားရှင် ဆွမ်းခံဝင်တဲ့အခါ အတောင်ခြောက်ဆယ်ရှည်တဲ့ ဝါးကိုထောင်ပြီး တိုင်းသတဲ့၊ ဒါပေမယ့် ဝါးဟာ ပဆစ်မျှလောက်သာထင်သတဲ့၊ မကျေနပ်လို့ ဝါးနှစ်လုံးဆက်ပြီး တိုင်းသော်လည်း ဘုရားရှင်ရဲ့ အရပ်တော်ဟာ ဝါးတွေရဲ့ အထက်မှာပဲ တည်သတဲ့၊ ဘုရားရှင်က ပုဏ္ဏား-ဘာလုပ်တာလဲမေးတော့ အရှင်ဘုရားရဲ့ အရပ်တော်ကို တိုင်းတာပါလို့ လျှောက်တယ်၊ ဘုရားရှင်က ပုဏ္ဏား-သင်ဟာ အလုံးစုံသော စကြဝဠာတိုက်အပြည့် ဝါးကို ထောင်တိုင်းသော်လည်း ငါဘုရားရဲ့ ပမာဏကို တိုင်းရမည်မဟုတ်ဘူးလို့ မိန့်တော်မူသတဲ့၊ ဒါကြောင့် ရူပအစိန္တေယျ ဖြစ်တော်မူတဲ့ ဘုရားရှင်ရဲ့ အရပ်တော်ကို လေးတောင်မျှနှင့် မဆုံးဖြတ်သင့်ဘူး ဆိုကြတယ်ကွယ့်

                   သည်လိုဆို သည်ဝါဒနှစ်ရပ်အနက် ဘယ်ဝါဒက မှန်တယ်လို့ ဆုံးဖြတ်ပါသလဲ ဘုရား

                   ဘယ်ဝါဒက မှန်တယ်လို့ ဘယ်သူကမျှ မဆုံးဖြတ်နိုင်ပါဘူး၊ နောက်ဆုံးတော့ သူကြိုက်တာ သူယူ၊ ကိုယ်ကြိုက်တာ ကိုယ်ယူပြီး အဆုံးသတ်သွား တာပါပဲ

                   သည်ပြဿနာဟာ အခု တော်တော်လေး လှုပ်ရှားလာဟန်တူတယ်ဘုရား ဆရာတော်ကတော့ ဘယ်ဘက်က သဘောကျပါသလဲ

                   သဘောကျ-မကျနှင့် ပတ်သက်ပြီး နည်းနည်း သတိပြုဖို့ ပြောပြဦးမယ်

                   မိန့်တော်မူပါဘုရား

                   ကမ္ဘာပေါ်မှာ ဘုရားရှင်ရဲ့ သာသနာတော်ကြီး နှစ်ခုရှိတယ်ကွယ့်၊ တောင်ဂိုဏ်းသာသနာနှင့် မြောက်ဂိုဏ်းသာသနာပေါ့၊ မြောက်ဂိုဏ်းသာသနာ ဆိုတာက အိန္ဒိယပြည်မြောက်ပိုင်း ခိုတန်၊ ကသျှမီရ၊ ဂန္ဓာရ၊ နီပေါ၊ တိဗက်၊ မွန်ဂိုလီးယား၊ တရုတ်၊ ဂျပန်၊ ဗီယက်နမ်တစ်လျှောက် ထွန်းလင်တောက်ပတဲ့ ဗုဒ္ဓသာသနာဖြစ်တယ်၊ အဲသည် မြောက်ပိုင်း ဗုဒ္ဓသာသနာက သီလဆိုတဲ့ အလေ့အကျင့်နှင့် ပညာဆိုတဲ့ အတွေးအခေါ်နှစ်ပိုင်းမှာ ပညာဆိုတဲ့ အတွေးအခေါ်ပိုင်းမှာ ပါဝင်တယ်၊ ဘုရားရှင်က (အံ ၃၊ပါ ၁၈၉) ကေသမုတ္တိသုတ္တန်မှာ အတွေးအခေါ် (၁၀)ချက်ကို ဟောထားတယ်၊ အတွေးအခေါ်(၁၀)ချက်က -
                   (၁) ပြောသံကြားဖြင့် အမှန်မယူရ၊
                   (၂) အစဉ်အဆက်စကားဖြင့် အမှန်မယူရ၊
                   (၃) ဤသို့ ဖြစ်ဖူးသည် ဆိုကာမျှဖြင့် အမှန်မယူရ၊
                   (၄) စာပေနှင့် တွေးတောယူခြင်းဖြင့် အမှန်မယူရ၊
                   (၅) ကြံဆ တွေးတောယူခြင်းဖြင့် အမှန်မယူရ၊
                   (၆) နည်းမှီယူခြင်းမျှဖြင့် အမှန်မယူရ၊
                   (၇) အခြင်းအရာကို ကြံစည်နှစ်သက်သောအားဖြင့် အမှန်မယူရ၊
                   (၈) ငါ့အယူအဆနှင့် တူသည်ဟု အမှန်မယူရ၊
                   (၉) မှတ်သားထိုက်သည်ဆိုကာမျှဖြင့် အမှန်မယူရ၊
                   (၁၀) လေးစားထိုက်သောသူ၏ စကားဟူ၍လည်း အမှန်မယူရ-တဲ့။

                   မိမိကိုယ်တိုင် သိသောအခါမှ အမှန်ယူဆရမှာကိုးကွယ့်၊ သည်အတွေးအခေါ် အချက်များကို မြောက်ပိုင်းဂိုဏ်သားများက အလွန် သဘောကျပါတယ်၊ ဒါကြောင့် ဘုရားရှင် လက်ထက်တော်တုန်းကပင်လျှင် အချို့က ဘုရားရှင်ဟောတိုင်း လက်မခံကြဘူး၊ သဘာဝယုတ္တိနှင့် ညှိပြီး ကိုက်ညီမှ လက်ခံတယ်၊ မကိုက်ညီဘူး ဆိုလျှင် ဘုရားရှင်ကိုသော်လည်း ဝေဖန်ရဲကြတယ်၊ ဥပမာအားဖြင့် အရိဋ္ဌ ရဟန်းတို့က ဏ္ဋကသာမဏေတို့ ဆိုပါစို့၊ သူတို့ဟာ ဘုရားပတ်ထားတဲ့ ပထမ ပါရာဇိကကိုတောင် ပါရာဇိက မဖြစ်သင့်ဘူးလို့ ဝေဖန်ခဲ့ကြတာပေါ့

                   မှန်ပါ - အဲသည် အရိဋ္ဌနှင့် ကဏ္ဋကတို့အကြောင်း နည်းနည်း အမိန့်ရှိပါဦး ဘုရား

                   အရိဋ္ဌနှင့် ကဏ္ဋကတို့ရဲ့ ပတ်ချက်ကတော့ ပါတိမောက် သပ္ပါဏကဝဂ်မှာရှိတယ်၊ မူလပဏ္ဏာသပါဠိတော် သြပမ္မဝဂ်မှာလည်း အလဂဒ္ဒူပမသုတ်ဆိုတဲ့အမည်နှင့် သုတ်တစ်သုတ် ဟောထားတာရှိတယ်၊ ဘုရားသခင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ်အခါ အရိဋ္ဌအမည်ရှိတဲ့ ရဟန်းမှာ သည်လို အကြံဖြစ်သတဲ့ကွယ်၊ ဘုရားသခင်ဟာ မေထုန်မှီဝဲသော ရဟန်းအား ပါရာဇိကကျစေလို့ ပညတ်တော်မူထားတယ်၊ ပါရာဇိကဆိုတာဟာ သာသနာတော်မှာ ဆုံးရှုံးခြင်းဖြစ်တယ်၊ သာသနာတော်မှာ  ဆုံးရှုံးတယ်ဆိုတာဟာလည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် မရနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်တယ်၊ အမှန်ကတော့ မှေထုန်မှီဝဲရုံနှင့် ဘာကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိတ်သုဉ်းရမှာလဲ၊ မေထုန်မှီဝဲတယ်ဆိုတာဟာ ဘကာမဂုဏ်ကို ခံစားတာပဲ၊ ကာမဂုဏ်ဆိုတာ မေထုန်တစ်ခုတည်း မဟုတ်ဘူး၊ အဆင်းအပေါ် တပ်မက်ခြင်း၊ အသံပေါ်တပ်မက်ခြင်း၊ အနံ့အပေါ် တပ်မက်ခြင်း၊ အရသာအပေါ် တက်မက်ခြင်း၊ အထိအတွေ့အပေါ် တပ်မက်ခြင်းတွေဟာလည်း ကာမဂုဏ်ဆိုတာ ခံစားတာပဲမဟုတ်လား၊ အဲသည် ကာမဂုဏ် ခံစားတာတွေတော့ ပါရာဇိကမကျဘဲ မေထုန်မှီဝဲမှ ဘာကြောင့် ပါရာဇိက ကျမလဲ၊ သည်ကာမဂုဏ်ငါးပါးမှာ ဖောဋ္ဌဗ္ဗဆိုတဲ့ အတွေ့အထိ ကာမဂုဏ်က အားကြီးလို့ ပါရာဇိက ကျတာပါဆိုခဲ့လျှင် အခြား ပိုးဖဲကတ္တီပါ စသော အတွေ့အထိများ ခံစားတော့ ဘာကြောင့် ပါရာဇိကမကျသလဲ၊ ပြီးတော့ လူသား ဥပါသကာ ဥပါသကီတွေ သူတို့မှာ လင်နှင့်မယား ပျော်ပါးနေထိုင်ရင်း တစ်မဂ်တစ်ဖိုလ် ရကြတယ်မဟုတ်လား၊ ရဟန်းကျမှ အဝတ်ချင်းကွဲရုံနှင့် ဘာကြောင့် ပါရာဇိကကျရမလဲ၊ အဲသည်လို အကြံကြီးပြီး ဘုရားရှင်ရဲ့ ပထမပါရာဇိက သိက္ခာပုဒ်ကို ဝေဖန်ခဲ့ကြတယ်၊ အရိဋ္ဌရဟန်းနှင့် ကဏ္ဋကသာမဏေတို့ရဲ့ ဝေဖန်ချက်ဟာ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဖြစ်လို့ပေါ့၊ သို့မို့ရင် သည်ဝါဒကိုပြေပျောက်အောင် နှိမ်နင်းဖို့ မလွယ်ဘူး၊ သို့သော်လည်း ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သွားပြီးနောက် ပညာဂရုကပုဂ္ဂိုလ်တွေဟာ ခေတ်နှင့် အံမဝင်သော၊ သဘောဝမကျသော၊ လူတိုင်း လက်မခံနိုင်သော၊ ကျပ်တည်း ကျဉ်းမြောင်းသော အတွေးအခေါ်များကို ပဋိကတ်တော်အတွင်းက တစ်စတစ်စထုတ်ပယ်ပစ်ခဲ့ကြတယ်။

                   ကာလဒေသနှင့်လျော်သော၊ လူတိုင်းလက်ခံနိုင်သော၊ ဟောပြောလျှင် ယုံကြည်လွယ်သော အတွေးအခေါ်များကို ပိဋကတ်တော်အတွင်း ထိုးသွင်းခဲ့ကြတယ်၊ အဲဒါကြောင့် မူလပိဋကတ်တော်များကို မပစ်ပယ်နိုင်သော ပုဂ္ဂိုလ်များနှင့် လမ်းခွဲခဲ့ကြတယ်၊ အဲသည် လမ်းခွဲထွက်သွားကြတဲ့ ပုဂ္ဂိုလ်များဟာ ခေတ်မီသော ပုဂ္ဂိုလ်များ၊ ပညာတတ် ပုဂ္ဂိုလ်များဖြစ်ကြတယ်၊ သူတို့က ဘယ်လို ပြောသွားသလဲဆိုတော့ ကျန်ရစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ အယူသည်းပုဂ္ဂိုလ်တွေ၊ အမေမှာတဲ့ ဆန်တစ်ခွဲ သုံးစိတ်နှင့်မလဲ ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ခေတ်မမီတဲ့ ရှေးရိုးလူကြီးတွေလို့ ပြောသွားကြတယ်၊ သူတို့ပြောသွားတဲ့ စကားအရ တောင်ဂိုဏ်းသာသနာကို  ဟိနယာနဂိုဏ်း၊ ထေရဝါဒဂိုဏ်းလို့ ယနေ့အထိ ခေါ်နေကြရတယ်၊ မြောက်ဂိုဏ်းက မဟာယနပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓသာသနာတော်ကို ခေတ်နှင့်အမီ ပြုပြင်ခဲ့ကြလို့ ယနေ့ဆိုလျှင် မြောက်ဂိုဏ်းသာသနာမှာ စင်ကြယ်သော ပဋကတ်တော်လည်း မရှိတော့ဘူး၊ ပါတိမောက်နှင့်အညီ ကျင့်သုံးနေထိုင်တဲ့ ရဟန်းတော်ဆိုတာလည်း မရှိတော့ဘူး၊ သားနှင့်မယားနှင့် ဘုန်းကြီးတွေ ခေတ်စားကုန်ပြီ၊ ငါတို့ရဲ့ သာသနာက မဟာယန သာသနာမဟုတ်ဘူး၊  အမေမှာတဲ့ ဆန်တစ်ခွဲကို သုံးစိတ်နှင့်မလဲရတဲ့၊ ဟိနယာန-ထေရဝါဒ သာသနာတော်ဖြစ်တယ်၊ ထေရဝါဒ သာသနာဟာ ဘုရားဟောသော ပါဠိတော်နှင့် ရှေးဆရာများဖွင့်ထားတဲ့ အဋ္ဌကထာ၊ အဲသည်ဟာကို မြဲမြဲဆုပ်ထားရတဲ့ သာသနာဖြစ်တယ်၊ ပါဠိတော်ကလာတယ်ဆိုလျှင် အဋ္ဌကထာက လာတယ်ဆိုလျှင် ခံငြင်းဖို့ မပြင်ဆင်ရဘူး၊ အရှိကိုအရှိအတိုင်း မှတ်ရမယ်၊ အကယ်၍ ရှုပ်ထွေးလာခဲ့လျှင် မဟာပဒေသလေးပါးနှင့် ဝေဖန်ယူရမယ်၊ မဟာပဒေသလေးပါးဆိုတာ လောကယုတ္တိနှင့် ညှိနိုင်းဝေဖန်တာ မဟုတ်ဘူး၊ ကျမ်းလာစကားနှင့် တိုက်ဆိုင်ပြီး ယူရတာကို ဆိုလိုတယ်။ (အံ ၄၊ ၄၈၄၊ ၄၈၉)

                   အကယ်၍ ကျမ်းလာစကားနှင့် မတိုက်ဆိုင်ဘဲ လောကယုတ္တိနှင့်သာ တိုက်ဆိုင်ယူရမယ်ဆိုလျှင် ဈာန်အရာ၊ ကံအရာ၊ မဂ်ဉာဏ်အရာ၊ ဖိုလ်ဉာဏ်အရာတွေဟာ ဘယ်မှာ ကျန်တော့မလဲ၊ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကော ကျန်ပါဦးမလား၊ ၅၅၀-နိပါတ်တော်တွေ၊ ဓမ္မပဒ ဝတ္ထုတွေဟာလည်း ယုတ္တိစားတာနှင့် ကုန်သွားလိမ့်မယ်၊ ဒါကြောင့် ထေရဝါဒဂိုဏ်းရဲ့မူအရ ပြဿနာ တစ်ခုပေါ်လာလျှင် ကျန်းများက ဘယ်လိုဆိုသလဲဆိုတာ ကျန်းဂန်နှင့်စိစစ်သင့်တယ်၊ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့များ ဖွဲ့ပြီး ဓမ္မ-အဓမ္မ အဆုံးအဖြတ်ပေးနေတာဟာလည်း ယုတ္တိနှင့် အဆုံးအဖြတ်ပေးနေတာ မဟုတ်ဘူး၊ ကျန်းဂန်နှင့်ညှိနှိုင်းတိုက်ဆိုင်ပြီး အဆုံးအဖြတ်ပေးနေခြင်းဖြစ်တယ်၊ အကယ်၍ ကျန်းဂန်အဆိုကို မကြိုက်ဘူး၊ ယုတ္တိယုတ္တာတွေနှင့် စိစစ်ချင်ပါတယ်ဆိုလျှင် ထေရဝါဒအတွင်းမှာ မနေဘဲ မဟာယနဂိုဏ်အတွင်း ဝင်ရောက်ဖို့ပဲ ရှိတယ်။

                    သည်လိုဆို ထေရဝါဒဆိုတာကျမ်းလာစကားမှန်သမျှ မျက်စိမှိတ်ပြီး ယုံရမယ်၊ ယုတ္တိယုတ္တာ ရှိမရှိ မစစ်ဆေးရဘူးလို့ အဓိပ္ပါယ်ပေါက်နေတာပေါ့ ဘုရား

                   အမှန်ကတော့ ကျမ်းလာစကားကို မစစ်ဆေးရဘူးလို့ မဆိုလိုပါဘူး၊ သို့သော်လည်း ကျမ်းပြုပုဂ္ဂိုလ်ရဲ့ ဉာဏ်နှင့် မိမိရဲ့ဉာဏ်အဆင့်အတန်းချင်း တူမတူ ရှေးဦးစွာ သိထားရမယ်၊ ကျမ်းပြုပုဂ္ဂိုလ်ကို ဗုဒ္ဓမတညူလို့ ချီးကျူးကြရတယ်၊ ဘုရားလိုတော်ကို သိတယ်ပေါ့၊ ဒီလို ဘုရားအလိုတော်ကိုသိတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ယူဆချက်ကို ကိုယ်ယူဆချက်နှင့် မတူရုံနှင့် ပယ်ချဖို့ မသင့်သေးဘူး၊  မိမိက ကျမ်းပြုပုဂ္ဂိုလ်ရဲ့ အယူအဆကို မှီအောင် လေ့လာရမယ်၊ ကျန်းဂန်ကို ပုတ်ခတ်ပြီး အဖြေမရှာကောင်းဘူး၊ ကျန်းဂန်ကို ပုတ်ခတ်ပြီး အဖြေရှာခဲ့လျှင် ဗုဒ္ဓသာသနာတော်ကြီး ကွယ်သွားတက်တယ်။

                   ဥပမာ-ယခု ဘုရားအရပ်တော်နှင့် ပတ်သက်ပြီး ဆိုကြပါစို့၊ ဗုဒ္ဓဝင်ပါဠိတော် (၃၈၀) မှာ -

                   အဟံ အဿတ္ထ မူလမှိ၊ ပတ္တော သမ္ဗောဓိ မုတ္တမံ။
                ဗျာမပ္ပဘာ သဒါ မယှံ၊ သောဠသဟတ္ထမုဂ္ဂတာ
                   လို့ ဟောထားတယ်၊ ငါဟာ ညောင်ဗုဒ္ဓဟေပင်ရင်းမှာ မြတ်သောဗောဝိဉာဏ်ကို ရတယ်၊ ငါဟာ တစ်လံမျှလောက်သော ရောင်ခြည်တော် အမြဲရှိတယ်၊ အရပ်တော် (၁၆)တောင် မြင့်တယ်လို့ ဆိုလိုတာပေါ့၊ အရပ်တော် (၁၆)တောင် မြင့်တယ်လို့ ဆိုလိုတာပေါ့၊ အရပ်တော် (၁၆)တောင် ဆိုတာကို ရှင်စောတစ်ထွာ၊ မဇ်သုံးထွာ၊ တို့မှာ ထက်ဝက်တိုး ဆိုတာနှင့် ဂဏန်းတွက်ချက်ဖို့ လွယ်ကူအောင် အဋ္ဌကထာဆရာက အမှာကံ ဘဂဝါ အဋ္ဌာရသ ဟတ္ထုဗ္ဗေဓော အဟောသိ”  ငါတို့ရဲ့ ဘုရားရှင်ဟာ အရပ်တော် (၁၈)တောင် မြင့်တယ်လို့ ဖွင့်ထားတယ်၊ သည်နေရာမှာ ဘုရားရှင်ရဲ့ အရပ်တော် အစစ်ကတော့ (၁၆)တောင်ပါပဲ၊ (၁၈)တောင်ဆိုတာ ဂဏန်းအတွက် လွယ်ကူအောင် အနည်းငယ်ပိုထားခြင်းဖြစ်တယ်၊ (၁၆)တောင်ဖြစ်စေ၊ (၁၈)တောင်ဖြစ်ပင်စေ လောကလူသားတို့ရဲ့ အရပ်နှင့် စံချိန်မတူလို့ မမှန်ဘူး၊ အလကား ချဲ့ထွင်ထားတာဆိုခဲ့လျှင် သည်စကားရပ်ဟာ သည်မှာတင် မရပ်ဘူး။

                   ဒီပင်္ကရာ၊ ရေဝတ၊ ပိယဒဿီ၊ အတ္ထဒသီ၊ ဓမ္မဒဿီ၊ ကောဏ္ဍည၊ မင်္ဂလ၊ နာရဒ၊ သုမေဓာဘုရားများ အရပ်တော် (၈၈)တောင် ရှိတယ်ဆိုတာတွေ၊ သုမနဘုရားအရပ်တော် အတောင်ကိုးဆယ်ဆိုတာတွေ၊ သောဘိတ၊ အနောမဒဿီ၊ ပဒုမ၊ ပဒုမုတ္တရ၊ ဖုဿဘုရားရှင်တော်တို့အရပ်တော် (၅၈)တောင် ဆိုတာတွေ၊ သုဇာတဘုရားရှင် အရပ်တော် အတောင် (၅၀)တာတွေ၊ သိဒ္ဓတ္ထ၊ တိဿ၊ ဝေဿဘူဘုရားများ အရပ်တော် အတောင် (၆၀)ဆိုတာတွေ၊ သိခီဘုရား အရပ်တော် အတောင် (၇၀)ဆိုတာတွေ၊ ကကုသန်(၄၀)၊ ကောဏာဂုမ်(၃၀)၊ ကဿပဘုရားအတောင် (၂၀)ဆိုတာတွေလည်း အကုန်လုံး ရေဖြစ်ကုန်တော့မှာပဲ၊ သည်မျှနှင့် ရပ်တော့မလားဆိုတော့ မရပ်သေးဘူး၊ ဥပမာ ပြောပြဦးမယ်၊ မြစ် ချောင်း ကန်အတွင်းက ရေများ မယိုဖိတ်ရအောင် ဆည်ဖို့ထားတဲ့ ကန်ပေါင်ရိုးတွေ ရှိတယ်မဟုတ်လား

                   မှန်ပါ - ရှိပါတယ် ဘုရား

                   အေး -အဲသည် ကန်ပေါင်ရိုးတွေ တစ်နေရာရာမှာ ပေါက်ခဲ့လျှင် အပေါက်လုံသွားအောင် ချက်ချင်းမြေဖို့၊ သဲဖို့၊ ကျောက်ဖို့ကြတယ်မဟုတ်လား၊ အကယ်၍ ရေပေါက်ကလေးပဲ မပြောပလောက်ပါဘူးဆိုပြီး ပစ်ထားလိုက်လျှင် ရေပေါက်ကလေးက ရေတွေ ဒလဟော တိုးကန် စားလိုက်တဲ့အတွက် ကန်ပေါင်ရိုးကြီးလည်းပျက်၊ ရေတွေလည်း ကုန်သွားတက်တာဟာ သည်ယနေ့ မျက်မြင်ပဲ၊ အဲသည် ဥပမာအတိုင်း ပိဋကတ်တော်ဆိုတာ အပေါက်မရှိအောင် အထပ်ထပ် သင်္ဂါယနာတင်ထားတဲ့ ကန်ပေါင်ရိုးကြီးပဲ၊ သည်ကန်ပေါင်ရိုးကြီး အတွင်းက အပေါက်တစ်ခု ပေါက်ခဲ့လျှင် ငါတို့ ထေရဝါဒက သည်အပေါက်ကို ဖြဲမပစ်ရဘူး၊ လုံအောင် ပြန်ဖာထေးရမယ်၊ အကယ်၍ လုံအောင်မဖာထေးဘဲ ဖြဲပေးလိုက်မယ်ဆိုလျှင် သာသနာတော်တည်းဟူသော ရေတွေဟာ တစ်စက်မျှ ကျန်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဘုရားရှင်ရဲ့ အရပ်တော်ကို ပါဠိတော်လာအတိုင်း (၁၆)တောင်ပဲ ထားလိုက်ကြစို့ လို့ အဖြေပေးလိုက်ပါတယ်ကွယ်

                                      သာဓု-သာဓု-သာဓု


***ဆက်ရန်***
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၃၂) ဘုရားရှင်၏ ရိုက်ခြင်း၊ သတ်ခြင်း


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၂) (စာမျက်နှာ ၂၉-၃၇) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71
Wednesday, September 26,2012        10:02 am

စက်ကြီးသုံးပါး ( ၁၀၈-ကွက် ဗုဒ္ဓစက်၊ ၁၄-ချက် ဓမ္မစက်၊ ၁၈-ချက် သံဃာ့စက်)


                                                                    စက်ကြီး သုံးပါး

                   ဟောသည်စာက ကသာမြို့၊ ကမ်းနားလမ်း၊ ဦးသာဇံဆိုသူထံမှ ပေးပို့တဲ့ အမေးလွှာဖြစ်ပါတယ်

                   ဆိုစမ်းပါဦး၊ သူ့အမေးက ဘာတဲ့တုန်း   
       
                   ခရစ်သက္ကရာဇ် ၁၉၈၅-ခုနှစ်၊ ဧပြီလ - ၁ရက်နေ့စွဲဖြင့် ပေးပို့လိုက်တဲ့ ဦးသာဇံရဲ့ အမေးက သူဟာ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တဲ့အတိုင်း စက်ကြီး ၁၃-ပါး မန္တရားကို ငယ်စဉ်ကစပြီး နေ့စဉ် ရွတ်ဖတ် ပွားများခဲ့ပါတယ်တဲ့၊ သို့သော်လည်း စက်ကြီး ၁၃-ပါးအနက် ရတနာသုံးပါးနှင့်စပ်တဲ့ သြောင်း-တစ်ရာ့ရှစ်ကွက်ဗုဒ္ဓစက်၊ (၂) တစ်ဆယ့်လေးချက် ဓမ္မစက်၊ (၃) တစ်ဆယ့်ရှစ်ချက် သံဃာ့စက်ဆိုတဲ့ စက်သုံးပါးရဲ့ အနက်အဓိပ္ပာယ်များကို နားမလည်ပါဘူးတဲ့၊ ဒါကြောင့် သူနှင့်တကွ သူကဲ့သို့ နားမလည်ကြသေးသောသူများ ရှင်းလင်းစွာ သိသွားအောင် ဓမ္မဗျူဟာ စာစောင်မှတစ်ဆင့် ဖြေကြားပေးတော်မူရန် လျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား

                   စက်ကြီးတစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက၊ ဘေးများမြင်မှု၊ မကောင်စုကို၊ ဝေးကကြဉ်ရှောင်၊ အောင်စေတက်သည် ဆိုတဲ့အတိုင်း စက်ကြီးတစ်ဆယ့်သုံးပါးကို ရွတ်သည်မဆိုထားနှင့် သူတစ်ပါးရွတ်သံ ကြားရုံနှင့် ဘေးဥပါဒ်အန္တရာယ်များ အဝေးက ကွင်းရှောင်သွားကြရတယ်ဆိုတော့ အန္တရာယ်ကင်းအောင် စက်ကြီး ၁၃-ပါး ကို ရွတ်ဆိုသူ များပြားပါတယ်၊ စက်ကြီး ၁၃-ပါးအနက် ရတနာသုံးပါးနှင့်စပ်တဲ့ ဤစက်ကြီး သုံးပါးမှတစ်ပါး ကျန်သော စက်များရဲ့ အနက်အဓိပ္ပာယ်က မခက်လဲလှပါဘူး၊ ရတနာသုံးပါးနှင့်စပ်တဲ့ ဤစက်သုံးပါးကတော့ မလေ့လာဖူးလျှင် ခက်သလိုလို ဖြစ်နေတယ်၊ ဒါကြောင့် ဦးသာဇံက မေးလိုက်တာနေမှာပေါ့

                   မှန်ပါ ဘုရား

                   အေး - သူမေးလာတော့လည်း အဖြေရှာကြသေးတာပေါ့၊ သြောင်း - တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်တဲ့၊ သည်စကားရပ်မှာပါဝင်တဲ့ (သြောင်း) ဆိုတာဟာ (ဥုံ)ဆိုတဲ့ တန္တရဝါဒက ဆင်းသက်လာတာတဲ့၊ တန္တရဝါဒအလိုအားဖြင့်(ဥုံ) ဆိုတာဟာ ဗြဟ္မာ၊ ဗိဿနိုး၊ သီဝဆိုတဲ့ ဘုရားကြီး သုံးဆူတို့ကို စကားတစ်ခွန်းတည်းဖြင့် တမ်းတ ရွတ်ဆိုလိုက်ခြင်းဖြစ်တယ်တဲ့၊ ဘုရားကြီးသုံးဆူ အထိမ်းအမှတ်(အ,ဥ,မ) အက္ခရာ သုံးပုဒ်ကိုစပ်ပြီး (ဥုံ) ဖြစ်လာတယ်လို့ ဆိုကြတယ်၊ ဥုံကမှ အသံပြောင်းပြီး(သြောင်း) ဖြစ်လာသတဲ့၊ သြောင်းတို့၊ ဥုံတို့ဟာ မူလက ဘာသန္တရ စကားတွေပါပဲ၊ နောက်တော့ မိမိတို့ မြန်မာဘာသာအတွင်း ဝင်ရောက် နေရာယူကြခြင်းဖြစ်တယ်၊ ဥုံနှင့်သြောင်းဟာ ဘာသန္တရဘဝက ဘုရားကြီးသုံးပါး အနက်၊ အောင်မြင်ခြင်းအနက်များကို ဟောတယ်လို့ ဆရာတို့ မိန့်ဆိုတော်မူကြတယ်၊ သြောင်း - ဥုံတို့ကို အနက်ပေးပါလျှင်-

                   သြောင်း-ရတနာသုံးပါး ထင်ရှားဖြစ်စေသတည်း၊

                   သြောင်း-အောင်စင်စစ် ဖြစ်စေသတည်း-

                   လို့ အနက်ပေးသင့်တယ်၊ အချို့သော မြန်မာပယောဂဆရာဂများကတော့ သြောင်းအစချီလျှင် မန္တရား၊ ဥုံအစချီလျှင် မန္တန်လို့ ပြောဆိုကြသေးတယ်ကွယ့်

                   မှန်ပါ့ ဘုရား

                   ဥုံ-သြောင်းတို့ဟာ ယခု ပြောဆိုပြီးတာထက် ကျယ်ပြန့်တဲ့ အနက်အဓိပ္ပာယ် ရှိချင်ရှိလိမ့်ဦးမယ်ပေါ့၊ သို့သော်လည်း သည်နေရာမှာတော့ သည်မျှလောက်နှင့် ရပ်တန့်ပြီး တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်ဆိုတာကို ဖြေကြစို့ရဲ့

                   မှန်ပါ၊ ဖြေတော်မူပါဘုရား

                   တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်ဆိုတာကို ထောက်လိုက်တော့ ဘုရားရှင်ရဲ့ စက်လက္ခဏာတော်ဟာ တစ်ရာ့ရှစ်ကွက်ရှိတယ်လို့ ဆိုလိုရင်း ဖြစ်တယ်ကွယ့်

                   ဘယ်လို တစ်ရာ့ရှစ်ကွက်လဲဘုရား၊ မိန့်တော်မူပါဦး

                   ဗုဒ္ဓဘုရားရှင်ရဲ့ ခြေဖဝါးတော် အပြင်မှာ အကန့်အကွက်အားဖြင့် ထင်တဲ့ စက်လက္ခဏာပေါင်း ၁၀၈-ကွက် ရှိတယ်ကွယ့်

                   စက်လက္ခဏာ ၁၀၈-ကွက်ကိုလည်း ရေတွက်ပြပါဦး ဘုရား

                   ဗုဒ္ဓဘုရားရှင်ရဲ့ ခြေဖဝါးတော်ဟာ ပတ္တမြားရောင်လို နီမြန်းနေတဲ့ခြေဖဝါးတော်အပြင်မှာ စကြာမင်းတို့ရဲ့ ပုံတောင်းရတနာ စကြာသဏ္ဌာန် ကဲ့သို့ တပြောင်ပြောင်တောက်ပတဲ့ တစ်ထောင်သောအကန့်၊ ရွှေရောင်အနားကွပ်၊ မြရောင် ပုတောင်းသဏ္ဌာန် စက်လက္ခဏာထင်နေတယ်၊ ထိုလက္ခဏာမှတစ်ပါး ၁၀၈-ကွက်သော အရေးအသား သဏ္ဌာန်များလည်း ထင်ရှားနေတယ်။

                   တစ်ရာ့ရှစ်ကွက်သော စက်လက္ခဏာသဏ္ဌာန်များကတော့ - 
(၁) သတ္တိ-လှံမပုံ၊ 
(၂) သီရိဝစ္ဆ-ကျက်သရေတိုက်ပုံ၊ 
(၃) နန္ဒိယာဝဋ္ဋ-ဇလပ်ပွင့်ပုံ၊ 
(၄) သောဝတ္တိက-လည်ရေးသုံးဆင့်ပုံ၊ 
(၅) ဝဋံသက-ဦးဆောက်ပန်းပွင့်ပုံ၊ 
(၆)ဝဍ္ဎမာန-ထမင်းပွဲပုံ၊ 
(၇) ဘဒ္ဒပီဌ-ရွှေအင်းပျဉ်ပုံ၊ 
(၈) အင်္ကုသ-ချွန်းတောင်းပုံ၊ 
(၉) ပါသာဒ-ပြာသာဒ်ပုံ၊ 
(၁၀)တောရဏ-တုရိုဏ်တိုင်ပုံ၊ 
(၁၁) သေတဆတ္တ-ထီးဖြူပုံ၊ 
(၁၂)ခဂ္ဂ-သန်လျက်ပုံ၊
 (၁၃) တလဝဏ္ဋ-ထန်းရွက်ယပ်ဝန်းပုံ၊ 
(၁၄) မယူရဟတ္ထ-ဥဒေါင်းမြီးစည်းယပ်ပုံ၊ 
(၁၅) စာမရီ ကတ္ထ-စာမရီသားမြီးယပ်ပုံ၊ 
(၁၆) ဥဏှီသ-သင်းကျစ်ပုံ၊ 
(၁၇) ပတ္တ-သပိတ်ပုံ၊ 
(၁၈) မဏိ-ပတ္တမြားပုံ၊ 
(၁၉) သုမနဒါမ-မုလေးပန်းကုံပုံ၊ 
(၂၀) နီလုပ္ပလ-ကြာညိုပန်းပုံ၊ 
(၂၁) ရတ္တုပ္ပလ-ကြာနီပန်းပုံ၊
 (၂၂) သောတုပ္ပလ-ကြာဖြူပုံ၊ 
(၂၃) ပဒုမ-ပဒုမ္မကြာပုံ၊ 
(၂၄) ပုဏ္ဏရိက-ပုဏ္ဏရိတ်ကြာပုံ၊ 
(၂၅) ပုဏ္ဏဃဋ-ရေပြည့်အိုးပုံ၊ 
(၂၆) ပုဏ္ဏပါတိ-ရေပြည့်ဖလားပုံ၊ 
(၂၇) သမုဒ္ဒ-သမုဒ္ဒရာလေးစင်ပုံ၊
 (၂၈)စက္ကဝါဠ-စကြာဝဠာတောင်ပုံ၊ 
(၂၉) မေရု-မြင်းမိုရ်တောင်ပုံ၊ 
(၃၀) သူရိယမဏ္ဍလ-နေစက်ဝန်းပုံ၊ 
(၃၁) စန္ဒမဏ္ဍလ-လစက်ဝန်းပုံ၊ 
(၃၂) နက္ခတ္တ-နက္ခတ် ၂၇လုံးပုံ၊ 
(၃၃-၃၄-၃၅-၃၆) စတုမဟာဒီပ-ကျွန်းကြီး လေးကျွန်းပုံ၊ 
(၃၇) စက္ကဝတ္တီ-စကြဝတေးမင်းပုံ၊ 
(၃၈) ဒက္ခိဏာဝဋ္ဋသင်္ခ-လက်ယာရစ် ခရုသင်းပုံ၊ 
(၃၉) သုဝဏ္ဏမစ္ဆယုဂလ-ရွှေငါးကြင်းရုပ်အစုံ၊ 
(၄၉)စက္ကာဝုဓ- လက်နက်စကြာပုံ၊ 
(၄၁-၆၁) သတ္တမဟာဂင်္ဂါ-မြစ်ကြီးခုနစ်စင်း, 
သတ္တကုလပဗ္ဗတာ-တောင်စဉ်ခုနစ်ထပ်,
သတ္တမဟာသရ-အိုင်ကြီးခုနစ်အိုင်ပုံ၊ 
(၆၄) ဓဇပဋာက-တံခွန်, ကုက္ကား, မုလေးပွားပုံ၊
(၆၅) သုဝဏ္ဏသီဝိကာ-ရွှေထမ်းစင်ပုံ၊ 
(၆၆) သုဝဏ္ဏဝါဠဗီဇနီ-ရွှေသားမြီးယပ်ပုံ
(၆၇)ကောလာသပဗ္ဗတ-ကေလာသ ငွေတောင်းပုံ၊
 (၆၈)သီဟရာဇာ-ခြင်္သေ့မင်းပုံ၊ 
(၆၉) ဗျဂ္ဃရာဇ-ကျားမင်းပုံ၊ 
(၇၀) ဝလာဟကအဿရာဇ-ဝလာဟကမြင်းပျံပုံ၊ 
(၇၁)ဥပေါသထဆဒ္ဒန္တ နာဂရာဇ- ဥပေါသထဆင်မင်း, ဆဒ္ဒန်ဆင်မင်းပုံ၊ 
(၇၂) ဗုတုကီနာဂရာဇ-ဗာတုကီနဂါးမင်းပုံ၊ 
(၇၃)ဟံသရာဇ-ဟင်္သာမင်းပုံ၊ 
(၇၆) သုဝဏ္ဏမကာရ-ရွှေမကာရ်းပုံ၊ 
(၇၇) စတုမုခ-မျက်နှာလေးခုရှိသော ဗြဟ္မာပုံ၊ 
(၇၈)သုဝဏ္ဏ နာဝါ - ရွှေလှေပုံ၊ 
(၇၉) သဝစ္စရဓေနူ-သားငယ်နှင့်တကွ နွားမပုံ၊ 
(၈၀) ကိံပုရိသာ-ကိန္နရာဖိုပုံ၊ 
(၈၁) ကိံပုရိသီ-ကိန္နရီမပုံ၊ 
(၈၂)ကရဝိက-ကရဝိတ်ငှက်ပုံ၊ 
(၈၃) မယူရရာဇာ-ဥဒေါင်းမင်းပုံ၊ 
(၈၄) ကောဉ္စရာဇာ-ကြိုးကြာငှက်မင်းပုံ၊ 
(၈၅) စက္ကဝက္ကရာဇာ- စက္ကဝက်ငှင်မင်းပုံ၊ 
(၈၆) ဇီဝကရာဇာ- ဇီဝဇိုးငှက်မင်းပုံ၊ 
(၈၇-၉၂) နတ်ပြည်ခြောက်ထပ်ပုံ၊ 
(၉၃-၁၀၈) ရူပဗြဟ္မာ ၁၆-ထပ်ပုံ၊ 
အားလုံးရေတွက်လိုက်လျှင် ဘုရားရှင်ရဲ့ ခြေဖဝါးတော်မှာ ထင်နေတဲ့ စက်လက္ခဏာတော်ပေါင်း ၁၀၈-ကွက်ရှိတယ်၊ 
သည် စက်လက္ခဏာ ၁၀၈-ကွက်ကိုရည်ပြီး သြောင်း-တစ်ရာ့ရှစ်ကွက်၊ ဗုဒ္ဓစက်လို့ ဆိုတာပဲကွယ့်

                   တစ်ဆယ့်လေးချက် ဓမ္မစက်ကိုလဲ အဖြေပေးပါဦး ဆရာတော်

                   ၁၄-ချက် ဓမ္မစက်ဆိုတာ မဂ်လေးပါး၊ ဖိုလ်လေးပါးရယ်၊ တရားတော်ရဲ့ ဂုဏ်တော် ခြောက်ပါးရယ် အားလုံးပေါင်းလိုက်တော့ (၁၄)ပါး မရဘူးလား

                   ရပါတယ် ဘုရား

                   အဲသည် ၁၄-ပါးဟာ ၁၄-ချက် ဓမ္မစက်ပါပဲကွယ်

                   တစ်ဆယ့်ရှစ်ချက် သံဃာ့စက်လဲ မိန့်တော်မူပါဦး ဘုရား

                   သံဃာတော်ဟာ သမုတိသံဃာ၊ ပရမတ္ထသံဃာရယ်လို့ နှစ်မျိုးရှိတယ်ကွယ့်၊ သံဃာတော် တစ်မျိုးမျိုးမှာ သုပ္ပဋိပ္ပန္နတာ စတဲ့ ဂုဏ်တော်ပေါင်း ကိုးပါးစီ, ကိုးပါးစီရှိကြတယ်၊ သံဃာနှစ်မျိုးကို ပေါင်းလိုက်တော့ ဂုဏ်တော်ပေါင်း ဘယ်လောက်ရှိသလဲကွယ့်

                   ဂုဏ်တော်နှစ်မျိုးကို ပေါင်းလိုက်တော့  ၁၈-ပါးရှိပါတယ် ဘုရား

                   အေး-အဲသည် ၁၈-ပါးဟာ တစ်ဆယ့်ရှစ်ချက် သံဃာ့စက်ပါပဲကွယ်၊ နားရှင်းပြီ မဟုတ်လား

                   မှန်ပါ - နားရှင်ပါပြီ ဘုရား

                   သာဓု - သာဓု - သာဓု



***ဆက်ရန်***
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၃၁) ဘုရားရှင်၏ အရပ်တော်


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၂) (စာမျက်နှာ ၂၄-၂၈ မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71
Tuesday, September 25,2012        10:15 am


ဘုရားရှိခိုးရသောအကျိုး


                                                           ဘုရားရှိခိုးရသောအကျိုး

                   ဟောသည်စာက အထက်ချင်းတွင်း မင်းကင်းမြို့နယ်၊ ကျွဲကျကျောင်းဆရာတော် ဦးဓမ္မသာမိရဲ့ လျှောက်လွှာပါဘုရား

                   ဦးဓမ္မသာမိ လျှောက်ထားတာက ဘုရားရှိခိုးခြင်းရဲ့ အကျိုးတရားများကို အမှတ်မထင် တွေ့ဖူးပါသတဲ့၊ သို့သော်လည်း ဘယ်ဆီမှာ တွေ့ဖူးတယ်ဆိုတာ အမှတ်မရတော့ပါဘူးတဲ့၊ ယခုအခါ ဘုရားရှိခိုးချင်သူတွေ တစ်စတစ်စ နည်းပါးလာပါသတဲ့၊ သည်လို နည်းပါးလာရခြင်းဟာ ဘုရားရှိခိုးခြင်းရဲ့ အကျိုးကို မသိကြလို့ ဖြစ်ပါလိမ့်မယ်တဲ့၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်များ ဘုရားရှိခိုးချင်စိတ် ဖြစ်ပွားလာအောင် ဘုရားရှိခိုးခြင်းရဲ့အကျိုးကို ဖော်ပြပေးစေချင်ပါသတဲ့၊  အကယ်၍ ဖြစ်နိုင်မည်ဆိုပါလျှင်လည်း ဘုရားရှိခိုးရသောအကျိုး ဘွဲ့ - ဂါထာအနက်နှင့်တကွ ဝတ်အဖွဲ့ဝင် အမျိုးသမီးများ ရွတ်ဆိုဖို့ ရှစ်လုံးဖွဲ့ မြန်မာကဗျာကိုပါ ရေးသားချီးမြှင့်ပြီး ဓမ္မဗျူဟာ စာစောင်မှတစ်ဆင့် ဖြန့်ဝေပေးတော်မူပါလို့ လျှောက်ထားပါတယ် ဘုရား

                   ဘုရားရှိခိုးတယ်ဆိုတာ ကမ္မဋ္ဌာန်းတရား(၄၀)အနက် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းဖြစ်တယ်ကွယ့်၊ ဗုဒ္ဓနုဿတိကမ္မဋ္ဌာန်းဆိုတာ ဘုရားရှင်ရဲ့ ဂုဏ်တော်ကို စိတ်ဖြင့် အဖန်တလဲလဲ ဆင်ခြင်ခြင်းကို ဆိုလိုတာပဲ၊ သို့သော် ဗုဒ္ဓဂုဏ်တော်ဆိုတာ အလွန်နက်ရှိုင်းတယ်၊ ဂုဏ်တော်ကို မကျက်မှတ် မရွတ်ဆိုဘဲ စိတ်ဖြင့် ဆင်ခြင်ဖို့ မလွယ်ကူဘူး၊ ဒါကြောင့် ဘုရားရှင် ဂုဏ်တော်တွေကို ဦးစွာ ရအောင် ကျက်မှတ်ရတယ်၊ ကျက်မှတ်ပြီးတော နှုတ်က ရွတ်ဆိုရတယ်၊ နှုတ်က ရွတ်ဆိုရင်း စာမှာပါဝင်တဲ့ ဂုဏ်တော် ဆင်ခြင်တာကို ဘုရားရှိခိုးတယ်လို့ ခေါ်တယ်၊ ဂုဏ်တော်ကို ဆင်ခြင်ရင်း ဘုရားရှိခိုးခြင်းဟာ အလွန် အကျိုးများပါတယ်၊ ဂုစ်တော်ဆင်ခြင်ရတဲ့ အကျိုးတွေကို ဝိသုဒ္ဓိမဂ်အဋ္ဌကထာ(ပ) ၂၀၆-မှာ သည်လို ပြထားသကွယ့်

                    မိန့်တော်မူပါ ဘုရား

          ၁။       ဘုရားရှင်၌ ရိုသေခြင်း၊တုပ်ဝပ်ကျိုးနွံခြင်းရှိတယ်။

          ၂။       (က) ရတနာသုံးပါး၌ ယုံကြည်မှု၊ ကံ-ကံ၏အကျိုး၌ ယုံကြည်မှု၊ သဒ္ဓါတရားတိုးပွားလာတယ်။

(ခ) အမှတ်သတိ ကောင်းလာတယ်၊ မမေ့မလျော့ဘူး၊ မရူးသွပ်နိုင်ဘူး၊ စိတ်ရောဂါ မဖြစ်နိုင်ဘူး။
(ဂ) ဉာဏ်ပညာထက်မြက်လာတယ်၊ ဉာဏ်ထက်မြက်လာလို့ စာကျက်လျှင် ရလွယ်တယ်၊ စာကြည့်လျှင် မှတ်မိလွယ်တယ်။
(ဃ) ကောင်းမှုတရားတိုးပွားလာတယ်၊ ခန္ဓာကိုယ်အတွင်းမှာ ကုသိုလ်တရားတွေ ပွာများလာတယ်။

          ၃။       (က) နှစ်သက်ခြင်းပီတိတရား ဖြစ်ပွားလာတယ်။
                   (ခ) နှစ်သက်ရုံမျှမက ဝမ်းသာခြင်း ပါမောဇ္ဇတရားလည်း တိုးပွားလာတယ်။

၎။       (က) ဘေးကြီးဘေးငယ် ရန်ကြီးရန်ငယ်တို့ကို နှိမ်နှင်းနိုင်တယ်၊ မဟာရာဇဝင်မှာလာတဲ့ မိဖုရားစောလုံဟာ ဘုရားဂုဏ်တော် ထုံထားတော့ မီးမလောင်ဘူး၊ ကောသလမင်းရဲ့ မိဖုရားကို မီးပုံတွင်းပစ်ချတော့ တောက်လောင်နေတဲ့မီးဟာ ငြိမ်းရတယ်၊ ဒါကြောင့် ဘုရားရှင်ရဲ့ ဂုဏ်တော်ဟာ ဘေးရန် အန္တရာယ်ကို နှိမ်နှင်းတယ်။
          (ခ) အကယ်၍ ဘေးရန်အန္တရာယ်နှင့် မလွှဲမရှောင်သာကြုံဦးတော့ ကြုံလာတဲ့ ဘေးရန်အန္တရာယ်ကို သည်းခံနိုင်စွမ်းရှိတယ်။

၅။       မိမိကိုယ်ကို ဘုရားဂုဏ်တော်နှင့်ထုံထားတော့ ဘုရားရှင်နှင့်အတူ နေရသလို အမှတ်ရတယ်။

၆။       မိမိခန္ဓာကိုယ်ဟာ စေတီအိမ်လိုဖြစ်ပြီး လူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်ခြင်းကို ခံယူထိုက်တယ်။

၇။       ဘုရားဂုဏ်တော်ကို အာရုံပြုရင်း ဘုရားရှင်ရဲ့ ဂုဏ်တော်များ ဤမျှကြီးကျယ်ခမ်းနားလှပါကလား၊ ငါလည်း ဤသို့သောဂုဏ်ပိုင်ရှင် ဘုရားဖြစ်ရန် စိတ်ညွှတ်နိုင်တယ်။

၈။       လွန်ကျူးအပ်တဲ့ ဒုစရိုက်မှုနှင့် မရှောင်သာမကွင်းသာ တွေ့ကြုံသည့်တိုင်အောင် မိမိမျက်မှောက်မှာ ဘုရားရှင်ကို မြင်ရသလိုဖြစ်ပြီး အရှက်အကြောက်ပေါ်လာတကာ ဒုစရိုက်က ရှောင်လွှဲနိုင်တယ်။

၉။       အထက်မဂ်ဖိုလ်နိဗ္ဗာန်ကို မထိုးထွင်းမသိမြင်နိုင်စေကာမူ သေသည်ရဲ့ အခြားမဲ့မှာ ဒုဂ္ဂတိဘဝကို မလားနိုင်ဘူး၊ သုဂတိဘဝကိုသာ လားရောက်ဖို့ရှိတယ်။

ဘုရားရှိခိုးရတဲ့ အကျိုးဟာ ယခုဘဝမှာပင် ခံစားနိုင်တဲ့ အကျိုးစိတ် ၁၃-ပါးရှိတယ်၊ သည် ၁၃-ပါးကို တူရာပေါင်းလိုက်လျှင် ပစ္စုပ္ပန် ဘုရားရှိခိုးရကျိုး ရှစ်ပါးရှိတယ်၊ နောင်ဘဝ သုဂတိလားရတဲ့ အကျိုးတစ်ပါး ထည့်လိုက်လျှင် ဘုရားရှိခိုးရတဲ့အကျိုးဟာ ကိုးပါးရှိတယ်ကွယ့်

                   မှန်ပါ၊ ဘုရားရှိခိုးရတဲ့အကျိုးကိုမေးတဲ့ ဦးဓမ္မာသာမိကို ကျေးဇူးတင်လိုက်တာဘုရား

                   ဘာကြောင့်တုန်းကွယ့်

                   ဘာကြောင့်တုန်းဆိုတော့ တပည့်တော်များဟာ ဘုရားကိုသာ ရှိခိုးနေကြတယ်၊ ဘုရားရှိခိုးရတဲ့အကျိုး သည်မျှလောက် ကြီးမားမှန်းမသိဘူး၊ ယခု ဦးဓမ္မာသာမိ မေးမှပဲ ရှင်းရှင်းလင်းလင်း သိရတော့တယ်၊ ဒါကြောင့် ဦးဓမ္မသာမိ ကို အလွန် ကျေးဇူးတင်ပါတယ်၊ ဦးဓမ္မာသာမိ လျှောက်ထားတဲ့ ဘုရားရှိခိုးသော အကျိုးဂါထာ ပါဌ်အနက်နှင့် မြန်မာကဗျာကိုလည်း ရေးဖွဲ့ပေးတော်မူပါဦး ဘုရား

                   အေး-အေး၊ ရေးရသေးတာပ


                                      ဘုရားရှိခိုးရသောအကျိုး လေးပါးဂါထာပါဌ်အနက်

                   ၁။     ဗုဒ္ဓါနုဿတိနုယုတ္တော၊ သဂါရဝေါ သပတိေဿာ။
                        သဒ္ဓါသတိပညာပုညံ၊ ဝေပုလ္လံ အဓိဂစ္ဆာတိ။
                ၂။     ပီတိပါမောဇ္ဇဗဟုလော၊ ဘယဘေရဝပသယှော။
                        ဒုက္ခာဓိဝါသနသမတ္ထော၊ သတ္ထာရာ သံဝါသသညံ။
                ၃။     စေတိယံဝ ပူဇာရဟံ၊ ဗုဒ္ဓဘာဝဉ္စ နမတိ။
                        ဟိရောတ္တပ္ပံ ပစ္စုဋ္ဌာတိ၊ သုဂတိ သမ္ပရာယနော။
                ၄။     တသ္မာ ဟဝေ အပ္ပမာဒံ၊ ကယိရာထ သုမေဓသော။
                        ဧဝံ မဟာနုဘာဝါယ၊ ဗုဒ္ဓါနုဿတိယာ သဒါတိ။

                   ၁။ ဗုဒ္ဓါနုဿတိနုယုတ္တော - ဗုဒ္ဓ၏ ဂုဏ် ကိုယ်လုံးထုံလျက် ယုံကြည်မြတ်နိုး ရှိခိုးဆည်းကပ် အားထုတ်တက်သော ပုဂ္ဂိုလ်သည်၊ သဂါရဝေါ - ဂုဏ်တော်ကိုးပါး မြတ်စွာဘုရား၌ စိတ်ထားညွှတ်အိ ရိုသေခြင်းရှိ၏၊ သပတိေဿာ- ကိုယ်ရောနှုတ်ပါ လွန်စွာမြတ်နိုး ရှိခိုးကျိုးနွံခြင်းလည်းရှိ၏၊ သဒ္ဓါသတိပညာပုညံ - သဒ္ဓါတရား၊ သတိတရား၊ ပညာတရား၊ ကောင်းမှုကုသိုလ်တရားသည်၊ ဝေပုလ္လံ- ကောင်းကင်အလား ထင်ရှားပြန့်ပြောခြင်းကို၊အဓိဂစ္ဆာတိ - ရနိုင်၏။

                   ၂။ ပီတိပါမောဇ္ဇဗဟုလော - နှစ်သက်ခြင်းတည်းဟူသော ပီတိတရား၊ ဝမ်းမြောက် ခြင်းတည်းဟူသော ပါမောဇ္ဇတရားသည်လည်း များစွာဖြစ်ပွားနိုင်သည်၊  ဟောတိ - ဖြစ်၏၊ ယဘေရဝပသယှော - ဘေးကြီးဘေးငယ် ရန်ကြီးရန်ငယ် အသွယ်သွယ်တို့ကို နှိပ်နယ်နိုင်နင်းသည်၊ ဟောတိ -ဖြစ်၏၊ ဒုက္ခာဓိဝါသနသမတ္ထော - ဆင်းရဲဒုက္ခ ကြုံတွေ့ကလည်း ဓမ္မနှလုံးသွင်း သည်းခံခြင်းငှာ စွမ်းနိုင်သည်၊ ဟောတိ-ဖြစ်၏၊ သတ္ထာရာ - သက်တော်ထင်ရှား မြတ်စွာဘုရားနှင့်၊ သံဝါသသညံ - အတူတကွ နေထိုင်ရသည်ဟူသော အမှတ်ကို၊ ပဋိလဘတိ - ရလေ၏။

                   ၃။ စေတိယံဝ- ဗုဒ္ဓစံပျော် စေတီတော်ကဲ့သို့၊ ပူဇာရဟံ - ပူဇော်အထူးကို ခံယူခြင်းငှာထိုက်သည်၊ ဟောတိ-ဖြစ်၏၊ ဗုဒ္ဓဘာဝဉ္စ- သမ္မာသမ္မာုဒ္ဓလောက သင်္ကျစ် ဘုရားအဖြစ်ကိုလည်း၊ နမတိ-စိတ်ညွှတ်၏၊ ဟိရောတ္တပ္ပံ-မကောင်းမှု ဒုစရိုက်မှာ ရှက်ခြင်း၊ ကြောက်ခြင်းသည်၊ ပစ္စုဋ္ဌာတိ-ရေးရှုထင်၏၊ သုဂတိ သမ္ပရာယနော- ယခုဘဝမဂ်ဖိုလ်မရသော်လည်း မရဏဖျက် ခန္ဓာပျက်ခဲ့လျှင် အထက်သုဂတိလျှင် လဲလျောင်းရာရှိသည်၊ ဟောတိ-ဖြစ်၏။

                   ၄။ တသ္မာ - အကျိုးတရား ထိုသို့များသောကြောင့်၊ သုမေဓသော- ကြောင်းကျိုးမြင်သိ ပညာရှိသူတော်ကောင်းသည်၊ ဧဝံ-ဤသို့ဆိုအပ်ခဲ့ပြီးသည့် အတိုင်း၊ မဟာနုဘာဝါယ- ကြီးမြတ်သော အာနုဘော်ရှိသော၊ဗုဒ္ဓါနုဿတိယာ- ဘုရားဂုဏ်၌ လွှမ်းထုံမြတ်နိုး လက်စုံမိုး၍ ရှိခိုးခြင်း ဗုဒ္ဓါနုဿတိတရား၌၊ ကယိရာထ -လုံ့လကြိုးကုတ် စွမ်းအားထုတ်၍ ပြုလုပ်လိုက်ကြကုန်ရာသတည်း။

                             (ဂါထာပါဌ် အနက်ပြီး၏)


                          ဘုရားရှိခိုးရသောအကျိုး

                                  (ရှစ်လုံးဘွဲ့ကဗျာ)
                   (၁)     မြတ်ဘုရား၌၊ ဝတ်တွားရိုသေ။
                             သဒ္ဓါ, သတိ၊ ဓိတိပုညေ။
                             နေ့စဉ်ပွားလို့၊ ပယ်ရှားကိလေ။
                             နှစ်သက်ခြင်း၊ ရွှင်ခြင်းပါမောဇ္ဇေ။
                   (၂)     ဘေးနှင့်ရန်မျိုး၊ ပယ်ချိုးနိုင်သလေ။
                             ဆင်းရဲကြုံလည်း၊ ခံသည်းမသွေ။
                             မြတ်ဗုဒ္ဓနှင့်၊ တကွတူနေ။
                             ပူဇော်ထူး၊ ညွှတ်ဦးခံထိုက်ပေ။
                   (၃)     ဗုဒ္ဓစင်စစ်၊ ဖြစ်လိုက်ချင်သလေ။
                             ရှက်ကြောက်နှစ်ပါး၊ ထင်ရှားပေါ်ချေ။
                             သေမှာမကြောက်၊ ဆိုက်ရောက်နတ်ပြေ(ပြည်)။
                             ရှိ-ရှိခိုး၊ ကောင်းကျိုးအထွေထွေ။
                   (၄)     မြတ်ဗုဒ္ဓအား၊ ဝတ်တွားကော်ရော်။
                             ရှိခိုးရကျိုး၊ ကိုးမျိုးဖွင့်ဖော်။
                             ဝိသုဒ္ဓိကျမ်း၊ ရွှင်လန်းအလျော်။
                             ကဗျာဖွင့်၊ ဉာဏ်ဖြင့်ရှုကာမျှော်။


                             သာဓု - သာဓု - သာဓု 


***ဆက်ရန်***
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၃၀) -  စက်ကြီး သုံးပါး


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၂) (စာမျက်နှာ ၁၆-၁၉ ) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

(ကပ္ပိယ-မောင်ရဲ) - https://www.facebook.com/yewin.tun.71
Monday, September 24,2012        10:37 am


တရားဦးမဟောမီ ဆယ်ရက်အလို


                                  တရားဦးမဟောမီ ဆယ်ရက်အလို

                   ဟောသည်စာက မန္တလေး၊ ကွမ်းခြံကုန်းရပ်၊ အမှတ် ၃၅၃၊ ၈၄-လမ်း၊ ဦးတင်မောင်ထံက လျှောက်ထားစာ ဖြစ်ပါတယ် ဘုရား

                   ဆိုစမ်းပါဦး၊ သူလျှောက်ထားတာက သူဟာ စာပေဝါသနာရှင်ဖြစ်သည့် အတိုင်း သာသနာ့ရောင်ခြည် အတွဲ(၆)မှ ဓမ္မစကြာတရားတော်ကို ဖတ်ကြားပါသတဲ့၊ ဓမ္မစကြာတရားတော်ကိုဖတ်ရင်း သူ့စိတ်တွင် ဖြစ်ပေါ်လာတကာက ဘုရားရှင်ဟာ ၁၀၃-ခုနှစ်၊ ကဆုန်လပြည့်နေ့ညမှာ အစဉ်အတိုင်း ဝိဇ္ဇာသုံးပါးတို့ကို ရပြီး သဗ္ဗညုတ ဘုရားအဖြစ်သို့ ရောက်တော်မူတယ်၊ ဘုရားဖြစ်တော်မူပြီးတဲ့နောက် ပလ္လင်္ကသတ္တာဟစတဲ့ သတ္တာဟ ခုနစ်လီတိုင်အောင် မည်သည့် အစားအစာမျှ သုံးဆောင်တော်မမူဘဲ ဈာန်ချမ်းသာ ဖိုလ်ချမ်းသာတို့ဖြင့်သာ နေတော်မူတယ်၊ သတ္တာဟ စံတော်မူတာဟာ ၄၉-ရက်ဖြစ်ပါတယ်၊ ကဆုန်လပြည့်ကျော် ၁-ရက်မှ ရေတွက်ခဲ့လျှင် ၄၉-ရက်မြောက်တဲ့နေ့ဟာ ဝါဆိုလဆန်း ၅-ရက်နေ့ဖြစ်ပါတယ်၊ ဓမ္မစကြာတရားတော်ကို ဟောတာက ဝါဆိုလပြည့်နေ့ဖြစ်တော့ ကြားကာလဟာ ၁၀-ရက်ဖြစ်နေတယ်၊ သည် ၁၀-ရက်အတွင်း မြတ်စွာဘုရားဟာ ဘယ်ဋ္ဌာနမှာ စံနေတော်မူသလဲဆိုတာ အလွန်သိလိုတဲ့စိတ် ဖြစ်နေပါသတဲ့၊ အဲဒါ ဖြေရှင်းပေးသနားတော်မူပါလို့ လျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား

                   မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ ကဆုန်လပြည့် ဘုရားဖြစ်တဲ့နေ့ကစပြီး သတ္တာဟ ခုနစ်လီကို ရေတွက်ကြည့်လိုက်လျှင် (၁) ဗောဓိသတ္တာဟ၊ (၂) အနိမိသသတ္တာဟ၊ (၃) ရတနာစင်္ကမသတ္တာဟ၊ (၄) ရတနာဇရသတ္တာဟ၊ (၅) အဇပါလသတ္တာဟ၊ (၆) မုစလိန္ဒသတ္တာဟ၊ (၇) ရာဇာယတနသတ္တာဟရယ်လို့ သတ္တာဟခုနစ်လီ ဖြစ်ပေါ်လာတယ်၊ ရက်အားဖြင့် ၄၉-ရက်ပေါ့၊ သုတ်မဟာဝါပါဠိတော်ကို ဆက်လက်ကြည့်ခဲ့လျှင် ဘုရားရှင်ဟာ ၄၉-ရက်မြောက် ရာဇာယတနသတ္တာဟမှ ထတော်မူတော့ လင်းလွန်းပင်ရင်းက တစ်ဖန် အဇပါလသတ္တာဟမှာပါဝင်တဲ့ ဆိတ်ကျောင်းညောင်ပင်ရင်း ကြွရောက် သီတင်းသုံးပြန်တယ်။

                   သီတင်းသုံးတော်မူရင်း - ငါသိသောတရားဟာ နက်နဲတယ်၊ မြင်နိုင်ခဲတယ်၊ သိနိုင်ခဲတယ်၊ သတ္တဝါတွေကတော့ ကာမဂုဏ်အတွင်းမှာ ပျော်မွေ့နေကြတယ်၊ ငါ တရားဟောသော်လည်း ပင်းပန်းရုံသာရှိမယ်၊ ဒါကြောင့် တရားမဟောတော့ဘူးလို့ အကြံဖြစ်တော်မူတယ်၊ ဘုရားရှင်ရဲ့အကြံကို သဟမ္ပတိဗြဟ္မာကြီးသလို့ အကယ်၍သာ ဘုရားရှင် တရားမဟောခဲ့လျှင် လောကကြီးတော့ ပျက်စီးတော့မှာပဲလို့ ဗြဟ္မာ့ပြည်က ဘုရားရှင်ထံ လာရောက်ပြီး တရားဟောဖို့ သုံးကြိမ်းလျှောက်ထားတယ်၊ သည်အခါမှ ဘုရားရှင် တရားဟောရန် ကတိပေးတော်မူပြီး အဘယ်သူကို ဦးစွာ တရားဟောရမလဲလို့ ကြည့်လိုက်တယ်၊ ရှေးဦးစွာ အာဋ္ဌာရရသေ့၊ ဥဒကရသေ့တို့ကို မြင်တယ်၊ သို့သော်လည်း ၄င်းတို့ဟာ ကွယ်လွန်ပြီး အရူပဘုံကိုရောက်နေကြောင်း သိရလို့ ဒုတိယအကြိမ် ကြည့်တော့မှ ပဉ္စဝဂ္ဂီငါးဦးတို့ကို မြင်တော်မူတယ်။

                   သည်အချိန်မှာ ပဉ္စဝဂ္ဂီတို့ဟာ ဗာရာဏသီပြည်အနီးက ဣသိပတန မိဂဒါဝုန်တောကို ရောက်နေကြပြီ၊ ယခုဘုရားရှင် သီတင်းသုံးနေတာက ဗောဓိမဏ္ဍိုင် အနီးအပါးမှာ ရှိသေးတယ်၊ ဗောဓိမဏ္ဍိုင်နှင့် ဗာရာဏသီဟာ ၁၈-ယူဇနာ ဝေးကွာတယ်၊ လူတို့ရဲ့ ခြေလှမ်း အလယ်အလတ်ဆိုလျှင် တစ်ရက်ကို တစ်ယူဇနာသွားတယ်၊ ၁၈-ယူဇနာဆိုတော့ ၁၈-ရက်သွားလိမ့်မယ်။

                   ဘုရားရှင်ဟာ တရားဟောမယ်လို့ ကတိပေးပြီးပြီးချင်း ဗာရာဏသီအနီး မိဂဒါဝုန်သို့ ချက်ချင်း ကြွသွားသလားဆိုတော့ ချက်ချင်းကြွသွားတာမဟုတ်ဘူး၊ ဥရုဝေဠတောမှာ မွေ့လျော်တော်မူသရွေ့နေသေးတယ်၊ အဲဒီ မွေ့လျော်တော်မူသရွေ့က ဘယ်နှစ်ရက်လဲဆိုတော့ ဇိနတ္ထပကာသနီ ၅၇-မှာ နှစ်ရက်သုံးရက်ခန့် စံနေတော်မူပြီးလျှင်-လို့ ဖော်ပြပြီး၊ မဟာဗုဒ္ဓဝင် ဒုတိယတွဲ ၄၁၄-မှာတော့ ဗောဓိမဏ္ဍိုင်အနီးမှာပင် ဆွမ်းခံလှည့်လည်ကာ ဝါဆိုလဆန်း ၁၄-ရက်နေ့တိုင်အောင် နေတော်မူပြီးနောက် ဝါဆိုလပြည့်နေ့သို့ ရောက်သောအခါ နံနက်စောစောကပင် ဗာရာဏသီပြည်သို့ ကြွသွားတော့အံ့ဟု သပိတ်ကို ယူဆောင်ပြင်ဆင်ကာ ၁၈-ယူဇနာဝေးသော ခရီးကို မြေပြင်မှ ခြေလျင်ကြွသွား တော်မူလေ၏ လို့ ပြဆိုထားတယ်၊ ရှေးရှေး ဘုရားများကတော့ ဓမ္မစကြာတရား ဟောဖို့ ကောင်ကင်ခရီးက ဈာန်ဖြင့် ကြွသွားကြသတဲ့၊ ဈာန်ဖြင့် ကြွလျှင်တော့ ယခုသွား ယခုရောက်မှာပေါ့၊ ဂေါတမဘုရားရားရှင်ကတော့ ဥပကတက္ကတွန်း အနာဂါမ်ဖြစ်လတ္တံသောအကြောင်းကိုမြင်တော်မူလို့ ကောင်းကင်က ဈာန်ဖြင့် မကြွဘဲ မြေပြင်က ခြေလျင်ကြွသွားတော်မူတယ်။

                   ဤစကားရပ်များကို ထောက်ရှုသောအားဖြင့် သတ္တသတ္တာဟ ၄၉-ရက် ပြည့်မြောက်သောနေ့နှင့် ဓမ္မစကြာဟောတဲ့ ဝါဆိုလပြည့်နေ့အကြား ဘုရားရှင် ဘယ်ဌာနမှာ စံနေတော်မူတယ်ဆိုတာ သိလောက်ပြီလို့ ယူဆပါတယ်
                   မှန်ပါ။ သိလောက်ပါပြီ ဘုရား

                   သာဓု - သာဓု - သာဓု


***ဆက်ရန်***
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၂၉) -  ဘုရားရှိခိုးရသောအကျိုး


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၂) (စာမျက်နှာ  ၁၆-၁၈) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

(ကပ္ပိယ-မောင်ရဲ) -https://www.facebook.com/yewin.tun.71
Friday, September 21,2012        10:05 am


၃၇ မင်းနတ်ကိုးကွယ်မှု


ဗုဒ္ဓဘာသာဝင်တို့ အထွက်အမြတ်ထားရာ ဘုရားခန်းအတွင်း

ဘုရားစင်နှင့်အတူ နတ်ရုပ်များ ထားရှိကြခြင်းသည်

အဆင်မပြေလှပါ။


ပို၍ဆိုးသည်မှာ

ဗုဒ္ဓဆင်းတုတော်ကို ဆွမ်း၊ သစ်သီး၊ ပန်းတို့ဖြင့် ပူဇော်ပြီး

နတ်ရုပ်အား အရက်ပုလင်းကြီးများ ဆက်သထားသည်မှာ

အလွန်အကြည့်ရဆိုးသော မြင်ကွင်းပင်ဖြစ်သည်။


အရက်မသောက်ပါနှင့်ဟု တားမြစ် ဟောကြားထားသော

ဗုဒ္ဓကိုယ်စား ဆင်းတုတော်ရှေ့တွင်

ကိုယ်ရွှေနတ်တို့အား အရက်ဆက်ကြခြင်းသည်

လျောက်ပတ်မှု ရှိ၊မရှိ ဆင်ခြင် စဉ်းစားသင့်လှပါသည်။

ပြုပြင်ရန်အချိန်မီသေး၏။



ဆရာတော် ဘိက္ခုကောသလ္လ (မန်းသာသနာ့တက္ကသိုလ်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မင်းနန်း(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၅၇၈)မှ
ကောက်နုတ်ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71