Friday, March 15, 2013

ငှက်လေးမျိုးနဲ့ ပုဂ္ဂိုလ်လေးမျိုး

(၁) ပိုက်ကွန်အတွင်းမှာပဲနေပြီး ပိုက်ကွန်အတွင်းမှာပဲ သေတဲ့ငှက်။

(၂) ပိုက်ကွန်အတွင်းမှာနေပြီး ပိုက်ကွန်အပြင်မှာပဲ သေတဲ့ငှက်။

(၃) ပိုက်ကွန်အပြင်မှာနေပြီး ပိုက်ကွန်အပြင်မှာပဲ သေတဲ့ငှက်။

(၄) ပိုက်ကွန်အပြင်မှာနေပြီး ပိုက်ကွန်အတွင်းမှာပဲ သေတဲ့ငှက် တို့ပဲ။



“ ဒီငှက်လေးမျိုးကို ပုဂ္ဂိုလ်လေးမျိုးနဲ့ ဟပ်လိုက်တဲ့အခါ

ပိုက်ကွန်အတွင်းမှာနေပြီး ပိုက်ကွန်အတွင်းမှာ သေသွားတဲ့ငှက်ဆိုတာ 

တရားလည်းမရ၊ ရဟန်းလည်း မပြုနိုင်ဘဲ
ကာမဂုဏ်ထဲမှာနေပြီး ကာမဂုဏ်ထဲမှာပဲ သေသွားတဲ့ အိမ်ထောင်သည် လူပုဂ္ဂိုလ်များကို ပြောတာပါ။”


“ပိုက်ကွန်အတွင်းမှာနေပြီး ပိုက်ကွန် အပြင်မှာသေတဲ့ငှက်ဆိုတာ 

ကာမဂုဏ်တောထဲမှာ အိမ်ထောင်ကျ ပြီးနေသော်လည်း သံဝေဂရတဲ့အချိန်မှာ ရဟန်းပြု တရားအားထုတ်ပြီး ရဟန်းဘဝနဲ့ သေသွားတဲ့ ပုဂ္ဂိုလ်မျိုးကို ပြောတာပါ”


“ပိုက်ကွန်အပြင်မှာ နေပြီး ပိုက်ကွန်အပြင်မှာ သေသွားတဲ့ ငှက်ဆိုတာ 

ငယ်ငယ်လေးကတည်းက ရဟန်းပြုလာပြီး ရဟန်းဘဝနဲ့ပဲ ပျံလွန်တော်မူသွားတဲ့ ပုဂ္ဂိုလ်မျိုးကို ပြောတာပါ”


“ပိုက်ကွန်အပြင်မှာနေပြီး ပိုက်ကွန် အတွင်းမှာ သေတဲ့ငှက်ဆိုတာ 

ငယ်ငယ်ကတည်းက ရဟန်းပြုလာပြီး ဝါတော်ရလာတဲ့ အချိန်ကျမှ အိမ်ထောင်ရက်သားကျပြီး လူ့ဘဝနဲ့ သေဆုံးရတာမျိုးကို ပြောတာပါ”


“ ဒီသေနည်းလေးမျိုးထဲမှာ
(၂) နဲ့ (၃)ဟာ မြတ်သော သေခြင်းဖြစ်ပါတယ်၊

တပည့်များအားလုံး မြတ်သော သေခြင်းမျိုးထဲမှာ ပါနိုင်ပါစေဆိုတာ ဆုတောင်းရင်း သြဝါဒတော်ကို နိဂုံးချုပ်ပါတယ်။ ။


သာဓု - သာဓု - သာဓု



(သံလျင်မြို့၊ ပျားစည်ကျောင်းဆရာတော် အရှင်ဇယန္တ အရိယာ စစ်တမ်း)
မေတ္တာရှင် (ရွှေပြည်သာ) ဆရာတော် ဆရာကောင်းကို ရှာဖွေခြင်း - မှ ကောက်နှုတ်ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲ -  https://www.facebook.com/yewin.tun.71

 

နိဗ္ဗာန်ရောက်ဖို့ထက် ခက်သောအရာ


“အတ္တပျောက်ပြီး အနတ္တပေါက်၍ 
နိဗ္ဗာန်ရောက်ဖို့ နည်းလမ်းက လွယ်လွယ်ကလေးရယ်၊ 
သို့သော်လည်း ပြောမဖြစ်အောင် ခက်နေတဲ့
အခက်ကြီးတစ်ခက်က ရှိနေပြန်တယ်။

အဲဒီအခက်က ဘာလဲဆိုတော့ ဒကာမောင်တို့တွေရဲ့ စိတ်ကလေးတစ်ခုပါပဲ။

အဲဒီ စိတ်ကလေးဟာ ‘ပါပသ္မိံ ရမတိ မနော’ ဆိုတဲ့အတိုင်း
မကောင်းတဲ့ နေရာမှာ မကောင်းတဲ့ အာရုံ၌သာ မွေ့လျော်ပျော်ပါး ကျက်စား၍ နေလေ့ရှိတယ်။

လူမနီးသူမနီး လူသံမကြား သူသံမကြား (ဝိဝေက) ဆိတ်ငြိမ်ရာ အရပ်မှာ ဝိပဿနာတရားပွားများ အားထုတ်ကြစမ်းပါဆိုတော့
တီကောင်ကို ဆားနဲ့တို့သလို တွန့်လိမ်ကုန်ကြတော့တာပဲ။”

“ကြက်လည်းပင်းဆွဲသလို အတင်းနင်းကန်ပြီး နောက်ဆုတ်ကုန်ကြတော့တာပဲ။

အဲဒီအထဲမှာ ဘာကြောင့် ညာကြောင့်ဆိုတဲ့ ပရိယာယ်(ကြောင့်) တွေက ပါလိုက်သေးတယ်။

ဒကာမောင်ရဲ့၊ အတ္တပျောက်၍ အနတ္တပေါက်ဖို့
တရားဟော လွယ်ကူသလောက်

ဒကာမောင်တို့ရဲ့ စိတ်ကလေးဟာ
ဝိပဿနာအလုပ်ဆို သေရတော့မလောက် ကြောက်နေကြတာက ခက်တာ၊

အဲဒီစိတ်ကလေးဟာ ပြုပြင်မှုနဲ့ မကင်းနိုင်တဲ့ သင်္ခါရသေဘောတရား ဖြစ်လေသောကြောင့် 

အမြဲတမ်းပြုပြင်ပေးနိုင်မှ တော်ရုံကျမယ်။

သို့မဟုတ်ဘဲ သူ့အလို သူ့စရိုက်၊ သူ့အကြိုက်ကိုသာ လိုက်လျောနေမယ်ဆိုလျှင် 

အပါယ်လေးပါး တစ်လမ်းသွားဖြစ်မယ် ဒကာမောင်ရဲ့ . . . ”


“ အဲဒါကြောင့် ဒကာမောင်တို့ ယောဂီတွေ အပါယ်လေးပါး တံခါးပိတ်ပြီး နိဗ္ဗာန်သို့ ရောက်ကြလေအောင် 

မိမိတို့စိတ်ကို မိမိတို့ ပြုပြင်ကြရလိမ့်မယ်။

မိမိစိတ်ကို မိမိပြုပြင်ပါမှ ရတယ်။ သူတစ်ပါးက ပြုပြင်လို့ မရဘူး။

မိမိကိုယ်ကို မိမိ တိဟိတ်လေလော၊ ဒွိဟိတ်လေလော၊ ပါရမီပြည့်လေသလော၊ ပါရမီမပြည့်လေသလောဟု တွေးတော စဉ်းစားမနေပါနှင့်၊
သာသနာတော်ကြီးနဲ့ ကြုံကြိုက်တဲ့အခါမှာ ပါရမီပြည့်တဲ့ တိဟိတ်ပုဂ္ဂိုလ်တွေပဲလို့ အောက်မေ့ပြီး 

ဝိပဿနာအလုပ်ကို မလုပ်ချင် - လုပ်ချင်အောင် မိမိစိတ်ကို မိမိတို့ ပြုပြင်ကြစမ်းပါ”

“ သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ် ထက်ထက်သန်သန်နဲ့ အရိုးကြေကြေ၊
အရေစုတ်စုတ် နောက်မဆုတ်တော့ဘူး။

အတ္တပျောက်ပြီး အနတ္တပေါက်၍ နိဗ္ဗာန်ရောက်အောင် အားထုတ်ပါတော့မယ်ဆိုတဲ့ စိတ်မျိုးတွေ ဖြစ်ပေါ်အောင် 

မိမိစိတ်ကို မိမိပြုပြင်ပေးကြဖို့ အရေးကြီးပါတယ်”
 

(သံလျင်မြို့၊ ပျားစည်ကျောင်းဆရာတော် အရှင်ဇယန္တ -
အရိယာ စစ်တမ်း)

မေတ္တာရှင် (ရွှေပြည်သာ) ဆရာကောင်းကို ရှာဖွေခြင်း - မှ ကောက်နှုတ်ပူဇော်ပါသည်။



ကပ္ပိယ မောင်ရဲ https://www.facebook.com/yewin.tun.71

 

အညံ့စား လုံ့လ ဝီရိယဖြင့် အမြတ်စား အထွက်အထိပ်သို့ ရောက်ရိုး ထုံးစံ မရှိချေ။

န ဘိက္ခဝေ ဟီနေန အဂ္ဂဿ ပတ္တိ ဟောတိ၊

အဂ္ဂေနစ ခေါ ဘိက္ခဝေ အဂ္ဂဿ ပတ္တိ ဟောတိ။


ရဟန်းတို့ . . . 

အညံ့စား လုံ့လ ဝီရိယဖြင့်

အမြတ်စား အထွက်အထိပ်သို့ ရောက်ရိုး ထုံးစံ မရှိချေ။


အမြတ်စား လုံ့လ ဝီရိယဖြင့်သာလျှင်

အမြတ်စား အထွက်အထိပ်သို့ ရောက်ရိုးထုံးစံ ရှိချေသည်။


(နိဒါနဝဂ္ဂသံယုတ်၊ ၂၆၇)



ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71 

 

ကောင်းကျိုးပေးတာ စေတနာ


အရိယာနဲ့ ပုထုဇဉ် အမြင်မတူပုံကို ပြောဦးမယ်၊

ပုထုဇဉ်ဆိုတာ စေတီချင်းအတူတူဖြစ်ပါလျက်

'ဆုတောင်းပြည့်ဘုရား' ဟု ဆိုင်းဘုတ်တပ်ထားလျှင်

ပိုပြီး အထင်ကြီးသကွယ့်။


ဂေါတမ ရုပ်ပွားချင်းအတူတူဖြစ်ပါလျက်

မဟာမုနိမှပိုပြီး အထင်ကြီးသကွယ့်။

ဒါကြောင့် 'အရူး' လို့ ဆိုတာပေါ့။


ရုပ်ပွားမှန်သမျှ လူလုပ်တာချင်း အတူတူပါပဲကွယ့်။

ဟိုရုပ်ပွားကလည်း အဝိညာဏကပါပဲ။


ဒါပေမယ့် ပုထုဇဉ် စိတ်ကူးက ရူးနေလို့ ထူးတယ်လို့ ထင်တယ်ကွယ့်။


ဥပမာ -

မဟာမုနိ ရုပ်ပွားက တစ်ဆူ၊

ဗောဓိရုပ်ပွားက တစ်ဆူတစ်ခုသော အာရုံခံမှ အတူတူထားကွယ့်။


မိမိ၏ စေတနာက မိမိကို အကျိုးပေးတာကွယ့်။

ရုပ်ပွားတွေက ပေးတာမဟုတ်ဘူး။


ဒါကြောင့် စိတ်ထားတတ်မှ မြတ်တယ်လို့ ပြောတာ။

ရုပ်ပွားဆိုတာ အာရုံပြုရုံပါပဲ။


အဲဒီလို မိမိစေတနာကသာ

မိမိအားအကျိုးပေးတာကို မသိပါဘဲ

ရုပ်ပွားစေတီအပေါ်မှာ စေတနာမညီမျှသောကြောင့်

"ပုထုဇ္ဇနော ဥမ္မတ္တကော" လို့ ဟော်တော်မူတာကွယ့်။



(နမ္မားဆရာတော်၊ တရားစစ်တမ်းဆွေးနွေးခန်း စာအုပ်မှ)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71


အမှန်ကိုတားသည့် အတားအဆီး


ဝါဒအသစ်အဆန်းတစ်ခု ပေါ်လာသည့်အခါ

ယုံကြည်လက်ခံရန် အင်အားရာခိုင်နှုန်းအတော်များသည့် 

လူသတ္တဝါတို့သည် စဉ်းစားဖို့ ပျင်းရိကြ၏။


နက်နဲသော အချင်းအရာတစ်ခုကို စဉ်းစားရခြင်း အလုပ်သည်

ဦးနှောက်ရှုပ်သည်ဟု ဆိုကြ၏။


စဉ်းစားရသောအလုပ်၌ ဝါသနာထုံသူအနည်းငယ်တို့အဖို့မှာလည်း

အမှန်သို့ မရောက်နိုင်သည့် အတားအဆီးများရှိနေကြပြန်လေသည်။


၎င်း အတားအဆီးများမှာ -

(၁) မိရိုးဖလာအစဉ်အလာကို မပယ်နိုင်ခြင်း၊

(၂) သဘာဝကျ-မကျကို ဆုံးဖြတ်နိုင်သောဉာဏ်နည်းပါးခြင်း၊

(၃) မိမိအလိုဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် သဘောတရားတစ်ခုကို

လက်မံလိုခြင်းတို့ ဖြစ်ကြလေသည်။


(ဆရာကြီး - ရွှေဥဒေါင်း)

~~~~~~~~~~~~~~
မေတ္တာရှင် (ရွှေပြည်သာ)
ထေရဝါဒမှတ်ကျောက် (နှာ-၄၂)မှ ကောက်နုတ်ပါသည်။


ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71

  

ဗုဒ္ဓဘာသာဝင်တိုင်း အကျင့်သိက္ခာ ဖြူစင်သင့်၏။

ဗုဒ္ဓဘာသာဝင်တိုင်း

အကျင့်သိက္ခာ ဖြူစင်သင့်၏။


အကြောင်းကား

ဗုဒ္ဓဘာသာဝင်တစ်ဦး မကောင်းတာလုပ်လျှင်

မိမိသာမက

ရတနာသုံးပါးနှင့် ဆရာပါ

သိက္ခာကျနိုင်သောကြောင့် ပင်တည်း။



ဆရာတော်အရှင်ဇဝန
မေတ္တာရှင် (ရွှေပြည်သာ) ~ ထေရဝါဒ မှတ်ကျောက်
မှ ကောက်နုတ်ပူဇော်ပါသည်။


(ကပ္ပိယ မောင်ရဲ)https://www.facebook.com/yewin.tun.71

မရပ်မနား ရှေ့သို့သွား



အချိန်သည် နောက်သို့လည်း မဆုတ်၊ 
ရပ်၍လည်းမနေ 

ရှေ့သို့သာ အမြဲသွားနေသည်။ 


သင်၏ရုပ်ခန္ဓာသည်လည်း နောက်သို့မဆုတ်၊ 

ရပ်၍မနေ သွားမြဲသွား အိုမြဲအိုနေပေသည်။



ထို့ကြောင့် သင်သည်လည်းပဲ နောက်သို့လည်း မဆုတ်၊ 

ရပ်၍လည်းမနေဘဲ 

သတိပဋ္ဌာန်စက်ခေါင်းတပ်၍ 

အသိ-သတိ အထိန်းပါသော လုံ့လစွမ်းဖြင့် 

ရှေ့သို့သာ အမြဲသွားအောင် ကြိုးစားပါလေ။



- အချိန်သည်လည်း မရပ်ဘဲ အမြဲသွားနေသည်။ 


- အရွယ်သည်လည်း မရပ်ဘဲ အမြဲကြီးနေသည်။

- ထို့ကြောင့်သာပဲ အသင်လည်း အမြဲတက်အောင် လုပ်ရမည်။



တိပိဋက ယောဆရာတော် ၏

ဘ၀လမ်းညွှန် လက်ဆောင်မွန် စာအုပ်မှ ကောက်နုတ်ပူဇော်ပါသည်။


Dhamma Dãna Source : ထေရဝါဒ ရနံ့ - https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%9B%E1%80%94%E1%80%B6%E1%82%94/563839556972998


Tuesday, March 12, 2013

သူတော်ကောင်းနှင့် ပေါင်းခြင်း

သူတော်ကောင်းနှင့် ပေါင်းဆုံခြင်းသည် တစ်ကြိမ်သာလျှင် ဖြစ်၏။
 

(ဝါ) တစ်ကြိမ်သာလျှင် ဖြစ်စေကာမူ

ထိုတစ်ကြိမ်မျှ ပေါင်းဆုံရခြင်းသည်
သူတော်ကောင်းတို့နှင့် ပေါင်းဆုံတွေ့ရသော ထိုသူကို

အကျိုးမဲ့ပယ်ရှား၊ အကျိုးများအောင် ရွက်ဆောင်တတ်ပေ၏။




သူယုတ်မာတို့နှင့် အကြိမ်များစွာ ပေါင်းဆုံရခြင်းသည်

(ဝါ) အကြိမ်များစွာ ပေါင်းဆုံရစေကာမူ

အကျိုးများအောင် မရွက်ဆောင် မစောင့်ရှောက်တတ်ချေ။

 


(၄၆၉-မဟာသုတသောမဇာတ်)

~~~~~~~~~~~~~~~~~

နန္ဒာသိန်းဇံ - မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း - မှ ကောက်နုတ်ပါသည်။


ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71 

 

ထိုးစစ် မှသည် ခံစစ် ဖြစ်မလာစေနှင့်


တို့ဘုရားသာသနာက “ထိုးစစ်” နဲ့ တက်လာခဲ့တာ “ခံစစ်” နဲ့ မဟုတ်ဘူး။
 

တို့ဘုရားမပွင့်ခင်တုန်းကဆိုရင် 
 
တိတ္ထိ ဆရာကြီးတွေရဲ့ ၀ါဒတွေ လွှမ်းမိုးခဲ့ကြတယ်။ 

ဝါဒတွေလဲ များခဲ့ကြတယ်။



အဲဒီအချိန်မှာ တို့ဘုရားက ပွင့်လာတယ်။

ယုတ္တိရှိတဲ့ တရားတွေ သဘာဝကျတဲ့ ဓမ္မတွေ 

လက်တွေ့ဆန်တဲ့ ကျင့်ကြံမှုတွေကို ဟောပြတယ်။ 

ဒီတော့ သဘောကျတာပေါ့။



အဲဒီလို နောက်ပုဂ္ဂိုလ်တွေ ညံညံလာလေ 

ဟိုတုန်းက ထိုးစစ်ကြောင့် နောက်ဆုတ်ပေးခဲ့ရတဲ့ ၀ါဒတွေက ပြန်ပြီးလွှမ်းမိုးလာလေ ဖြစ်တော့တာပေါ့။ 


ဒီအတိုင်းသာ ကြောင့်ကြမဲ့နေကြရင် ကုန်ဖို့ပဲ ရှိတော့တယ်။


ဒီသာသနာတော်မှာလည်း နေသေး 

ကိုယ်နဲ့မဆိုင်သလို ကြောင့်ကြမဲ့လည်း နေသေး ဆိုရင် တော်ကြပါ့မလား။
 

အရှင်ဇနကာဘိဝံသ ဆရာတော်ကြီး
ဗုဒ္ဓ၏ဓမ္မအမွေများ ( စာမျက်နှာ -၈- )





 

Monday, March 11, 2013

မလျှော့မတင်း စောင်းကြိုးညှင်းပြဿနာ


မြတ်စွာဘုရားသည် ဒုက္ကရစရိယာ အကျင့်မှားကြီးကို  
 
ခြောက်နှစ်ခန့်ကျင့်ရာတွင် မသေရုံတမယ် အရိုးနှင့်အရေသာကျန်၏။


 

ဂေါတမမြတ်စွာဘုရား နုစဉ်ဘဝ ဇောတိပါလပုဏ္ဏား ဖြစ်စဉ်အခါက



ကဿပမြတ်စွာဘုရားအား - 


'သူက ခြောက်ရက် ဒုက္ကရစရိယာကျင့်ရင်၊


ငါက ခြောက်နှစ် ဒုက္ကရစရိယာ ကျင့်မယ်' ဟူသော


ဝစီကံဖြင့်ပြစ်မှားခဲ့ဖူးသော ဝဋ်ကြွေးကို ပြန်လည်ပေးဆပ်ရခြင်း ဖြစ်။



ခြောက်နှစ်ပြည့်၍ ဝဋ်ကြွေးကုန်သည်နှင့် 


အလယ်အလတ် ကျင့်စဉ်(မဇ္ဈိမပဋိပဒါလမ်း)ကို အလိုလိုထိုးထွင်းသိပြီး


သဗ္ဗညုတဉာဏ်တော်ကိုရရှိသွား၏။



ဤကား ဘုရားဟော ကျမ်းဂန်လာအတိုင်း အတိအကျ ဖြစ်။




သို့သော် ယခုအခါ မည်သည့်ပန်းချီဆရာက ရမ်းသမ်းရေးဆွဲလိုက်သည် မသိ၊


ဒုက္ကရစရိယာ ကျင့်နေသော မြတ်စွာဘုရားလောင်းရှေ့တွင်


စောင်းကိုတီးခတ်ပြေနေသော နတ်သား တစ်ယောက် ပုံပါလာ၏။



ထိုနတ်သားက 


စောင်းကြိုးများကို တအားလျှော့၍တီး၏။ အသံထွက်မလာ။

တစ်ဖန် စောင်းကြိုးကို တအားတင်း၍ တီးပြန်သော် ပြတ်ထွက်ကုန်၏။




စောင်းကြိုးကို အလယ်အလတ်ထားတီးမှ


သုတိသာယာသော စောင်းသံထွက်လာ၏။



ထိုအခါကျမှ ဘုရားလောင်းသည်


မိမိအမှားကိုသိမြင်ပြီး အလယ်အလတ်(မဇ္ဈိမပဋိပဒါ)လမ်းကို 


ပြန်လည်ကျင့်မှ ဘုရားဖြစ်သွားသည်ဟု


ပန်းချီကားက ညွှန်ပြနေ၏။




သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၏ အဓိပ္ပါယ်မှာ 


'သစ္စာလေးပါးကို ဆရာမရှိဘဲ ကိုယ်တော်တိုင် သိတော်မူခြင်း' ဟု အဓိပ္ပါယ်ရ၏။



ထို သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကြီး၏ မျက်နှာကို ထောက်ထားပြီး


နတ်ကစောင်းတီးပြမှ ဘုရားရှင်သည် အကျင့်မှန်ကို ရသွားသည်ဟူသော


အယူအဆကြီးကို ဗုဒ္ဓဘာသာ သာသနာလောကမှ အမြန်ဖယ်ရှားပစ်ရမည်ဖြစ်၏။



**ကောက်နုတ်ချက်**
မေတ္တာရှင် (ရွှေပြည်သာ)
ထေရဝါဒမှတ်ကျောက် (နှာ- ၁၆ ~ ၁၇)မှ ကောက်နုတ်ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71 


Dhamma Dãna Source : ထေရဝါဒ ရနံ့ -https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%9B%E1%80%94%E1%80%B6%E1%82%94/563839556972998?ref=hl

 

တစာစာ တောင်းမနေနဲ့၊ လုပ်ယူကြ


တစ်ခါတလေ ဆရာတော်က ဒကာတွေအပေါ်မှာ အားမရနိုင်လို့ ဖြစ်ဟန်တူသည်။

“အလုပ် လုပ်ပါ ကြိုးစားပါ” လို့ သတိပေးနေတဲ့ကြားက ဆုတောင်းတတ်ကြ၏၊

 

ဤသို့ ပြုမူကြသည်ကို ရည်ရွယ်၍ အောက်ပါအတိုင်း မိန့်တော်မူတော့သည် -

“ခင်ဗျားတို့က ဘုရားနားသွားပြီး ရှေ့ကနေ ပိတ်ထိုင်၊ ပီးတော့ ကျယ်လောင် ကျယ်လောင်နဲ့ ဘုရားရှိခိုးကြတယ် (မှန်ပါ)

အမှန်ကတော့ ခင်ဗျားတို့ဟာက ကျက်ထားတဲ့စာကို မေ့မှာစိုးလို့ ဘုရားရှေ့ သွားပြန်တာနဲ့ တူနေတယ် (မှန်ပါဘုရား)

ဘာလို့လဲဆိုတော့ ပါးစပ်ကသာ ဆိုနေတာ၊ စိတ်က ဘုရားဂုဏ်တော်ဆီကို ရောက်မှ မရောက်ဘဲ (မှန်ပါ)

နှုတ်တက် ရနေလို့သာ ဆုံးသွားတာ (မှန်ပါ)
ဒီတော့ စာပြန်တာနဲ့ တူနေတာပေါ့ (မှန်ပါ ဘုရား)

ပီးတော့ ဆုတောင်းကြသေးတယ်၊
“ဇာတိဖရာ ဗျာတိမရဏမှာ ပရိမုစ္စီဿာမိ” တဲ့၊ 
ဒီလိုဘုရားရှိခိုးတဲ့ အတွက်ပေါ့လေ . . . 
ပဋိသန္ဓေ အို နာ သေ ဘေးမှာ လွတ်ရပါလို၏၊ လွတ်ပါရစေတဲ့ (မှန်ပါ)

ဘယ် . . . ဒီဆုမျိုးကို ဘုရားက ပေးလိမ့်မလဲ၊ 
ပေးနိုင်တာမှ မဟုတ်ဘဲ (မှန်ပါ ဘုရား)
ဒါကို ခင်ဗျားတို့က ဇွတ်တောင်းနေကြတယ် (မှန်ပါ)
ဘုရားကို နားပူနားဆာလုပ်ကြတယ် (မှန်ပါ ဘုရား)

ရုပ်တုတော်မို့လို့သာပေါ့ဗျာ . . . 

ခင်ဗျားတို့ဟာ တော်တော် အတောင်းအရမ်းထူတဲ့ လူတွေ (မှန်ပါ)

အတောင်းအရမ်းအထူတဲ့ လူတွေဆိုတာ ဘယ်အမျိုးတုံး (သူတောင်စားမျိုးပါဘုရား)
အေး . . . အဲဒီထဲက ဖြစ်နေပြီ ခင်ဗျားတို့ (မှန်ပါ ဘုရား)

ဒါမျိုးက ဆုတောင်းယူလို့ ရတာ မဟုတ်ဘူး၊ လုပ်ယူမှ ရတာ(မှန်ပါ)
အဲဒါ လုပ်ယူကြ၊ တစာစာ တောင်းမနေကြနဲ့၊ တန်ရာ တန်ကြေးလုပ်အားပေးပြီးယူကြ (မှန်ပါ)



 

ကောက်နုတ်ချက်
~~~~~~~~~~
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (နှာ-၂၇၄ ~ ၂၇၅)



ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71 

ထေရဝါဒ ရနံ့ (Like page) - https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%9B%E1%80%94%E1%80%B6%E1%82%94/563839556972998?ref=hl 
 

ဝါဒအယူစစ်တမ်း

ဘာသာဝါဒ၊ မတူကြ၍

လောကအတွင်း၊ ငြင်းခုံခြင်းဖြင့်

ဆင်းရဲဒုက္ခ၊ ရောက်ကုန်ကြ၏။



ဝါဒအယူ၊ မှားခဲ့မူကား

ဆူဆူဗုဒ္ဓ၊ ကယ်မရသည့်

လေးဝပါယ်ဘုံ၊ ဘေးတွေ့ကြုံလိမ့်။



စေ့စုံဉာဏ်ဖြင့်၊ မျှော်ထောက်ချင့်ကာ

တစ်ဆင့်ကြားသိ၊ မိရိုးဖလာ

ကောလာဟလ၊ ကျမ်းစာမျှနှင့်

ကြံဆနည်းမှီ၊ ဆီလျှော်သုံးသပ်

ယူချင်းထပ်၍၊ ယုံအပ်သူပဲ

ဆရာစွဲဖြင့်၊ လွှဲပုံစိတ်ချ

မယူကြလင့်။



ဒိဋ္ဌကျင့်ကြံ၊ ကိုယ်ပိုင်ဉာဏ်ဖြင့်

မှားမှန်ကောင်းဆိုး၊ သိအောင်ကြိုးဟု

မျိုးကာလမ၊ ဟောညွှန်ပြ

ဝါဒအယူစစ်တမ်းပေ။ ။


(အရှင်ဇနကာဘိဝံသ)

~~~~~~~~~~~~

ကောက်နုတ်ချက်
မေတ္တာရှင်(ရွှေပြည်သာ)
ထေရဝါဒမှတ်ကျောက် (နှာ-၂၆)


ကပ္ပိယ မောင်ရဲ https://www.facebook.com/yewin.tun.71 

Like page - ထေရဝါဒ ရနံ့ -  https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92-%E1%80%9B%E1%80%94%E1%80%B6%E1%82%94/563839556972998?ref=hl


 

Friday, March 8, 2013

လူပျိုဘုရား မရှိငြား၊ သမ္မာသမ္ဗုဘုရားရှင်တို့၏ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာပေါင်း (၃၀)



                                                                 လူပျိုဘုရား မရှိငြား

                “၁၉၊၆၊၈၅ -ခု နေ့စွဲနှင့် ရောက်လာတဲ့စာက ပင်လယ်ဘူးမြို့နယ်၊ ကျွန်းပင်သာကျောင်း၊ အရှင်ပဏ္ဍိတသီရိထံက ပေးစာဖြစ်ပါတယ် ဘုရား

                   အရှင် ပဏ္ဍိတသီရိ ရဲ့ စာက ဘယ်လိုတဲ့ကလဲကွယ့်၊ ဆိုစမ်းပါဦး

                   မှန်ပါ၊ အရှင်ပဏ္ဍိတသီရိရဲ့စာမှာ ဆိုတာက ဗောဓိညိုညို၊ ညောင်ထိုထို၊ လူပျိုဘုရားမရှိငြား-ဆိုတဲ့ စကားအတိုင်း လူပျိုဘုရားရယ်လို့ မရှိဘူး၊ ဘုရားမှန်သမျှ မိန်းမရပြီး သားတစ်ယောက်ရမှ တောထွက်ရတယ်လို့ အချို့က အခိုင်အမာ ပြောဆိုနေကြပါတယ်၊ အချို့ကလည်း သာဝကဗုဒ္ဓ, ပစ္စေကဗုဒ္ဓတို့ဟာ လူပျိုဘဝနှင့် သစ္စာလေးပါးတရားကို သိတော်မူနိုင်ကြလို့ ဘုရားရှင်များလည်း လူပျိုဘဝနှင့်ပင် သစ္စာလေးပါးတရားကို သိသင့်တယ်လို့ ယူဆကြပါသတဲ့၊ သည်အယူအဆနှစ်ပါးဟာ ယခုအခါ အတော်ပင် ကျယ်လောင်လာခဲ့ပါသတဲ့၊ အရှင်ပဏ္ဍိတသီရိရဲ့ အလိုအားဖြင့် လူပျိုဘုရား ဧကန်ရှိတယ်လို့ ယူဆပါသတဲ့ ဘုရား၊ သည်လိုယူဆခြင်းဟာလည်း နှစ်ကျိပ်ရှစ်ဆူဘုရားများ အနက် အစအဦးဆုံးဖြစ်ကြတဲ့ တဏှင်္ကရာဘုရား, မေဓင်္ကရာဘုရား, သရဏင်္ကရာ ဘုရား, သည်ဘုရားသုံးဆူတို့ရဲ့ ဗုဒ္ဓဝင်မှာ ကမ္ဘာအမည်, သက်တမ်း, တိုင်းပြည်, ခမည်းတော်, မယ်တော်အမည်များ ပါသော်လည်း ကြင်ယာတော်မိဖုရားရဲ့ အမည်, သားတော်ရဲ့အမည်များ မပါဘူးတဲ့၊ သည်လိုမပါခြင်းဟာ လူပျိုဘုရားများ ဖြစ်တော်မူတဲ့အတွက်ကြောင့်လို့ ယူဆပါသတဲ့၊ သူ့အယူအဆ ဟုတ်မဟုတ် ဓမ္မဗျူဟာ စာစောင်မှ တစ်ဆင့် ဖြေကြားပေးတော်မူစေချင်ပါသတဲ့ ဘုရား

                   တဏှင်္ကရာဘုရား, မေဓင်္ကရာဘုရား, သရဏင်္ကရာ ဘုရားသုံးဆူတို့ဟာ ဒီပင်္ကရာ ဘုရားပွင့်တော်မူရာ သာရမဏ္ဍကမ္ဘာမှာ ဦးစွာပွင့်တော်မူကြတဲ့ ဘုရားရှင်များဖြစ်တော်မူကြတယ်၊ ယခု ဘဒ္ဒကမ္ဘာမှာ နောက်ဆုန်ပြန်တွက်လျှင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်ကပေါ့၊ ဟုတ်တယ် မဟုတ်လား

                   ဟုတ်ပါတယာ် ဘုရား

                   အဲဒီ ဘုရားသုံးဆူ ပွင့်တော်မူကြစဉ်က ငါတို့ ဂေါတမဘုရားအလောင်းဟာ မရင့်ကျက်သေးလို့ နိယတဗျာဒိတ် မခံယူသေးဘူး၊ နောက်ဆုံး ဒီပင်္ကရာဘုရားရှင်ထံရောက်မှ ဗျာဒိတ်ခံယူတော်မူရတယ်၊ ဒါကြောင့် အဲသည် ဘုရားသုံးဆူကို ဂေါတမဘုရားအလောင်းဟာ မဖူးတွေ့ခဲ့ရဖူးဘူး၊ မဖူးတွေ့ဖူးတဲ့အတွက် ဘုရားရှင်ဟာ ဗုဒ္ဓဝင်ကို ဟောတော်မူတော့ ဒီပင်္ကရာဗုဒ္ဓဝင်ကို အဦးအစထားပြီး ကိုယ်တိုင် တွေ့ကြုံတော်မူခဲ့တဲ့ နှစ်ကျိပ်လေးဆူသော ဘုရားရှင်များရဲ့ အကြောင်းကိုသာ ဟောတော်မူသွားတယ်၊ ကိုယ်တိုင် မတွေ့ကြုံခဲ့ရတဲ့ တဏှင်္ကရာ, မေဓင်္ကရာ, သရဏင်္ကရာ ဘုရားသုံးဆူရဲ့ အကြောင်းကို အကျယ် မဟောဘူး၊ နောင်ပွင့်လတ္တံ့ဖြစ်တော်မူတဲ့ အရိမေတ္တယျ ဘုရားရှင်ရဲ့အကြောင်းကိုလည်း အကျယ် ဟောတော်မမူဘူး၊ ယခုရှိနေတဲ့ တဏှင်္ကရာ, မေဓင်္ကရာ, သရဏင်္ကရာ ဘုရားသုံးဆူရဲ့အကြောင်းနှင့် အရိမေတ္တယျဘုရားရှင်အကြောင်း အနာဂတဝင်တို့ဟာ ဘုရားရှင်တိုက်ရိုက်ဟောမဟုတ်တဲ့ အဋ္ဌကထာဆရာ၊ ဋီကာဆရာများရဲ့ ဖွင့်ဆိုချက်များသာ ဖြစ်ကြတယ်ကွယ့်၊ ဒါကြောင့် တဏှာင်္ကရာစတဲ့ ဘုရားသုံးဆူတို့ရဲ့ အကြောင်းဟာ နှစ်ကျိပ်လေးဆူသော ဘုရားရှင်တို့ရဲ့ အကြောင်းလို ပြည့်ပြည့်စုံစုံ မရှိဘူး၊ ခိုင်ခိုင်မာမာမရှိဘူး၊ မပြည့်စုံ မခိုင်မာတဲ့အတွက် သားတော်, ဇနီးတော်တို့ရဲ့ အမည် မပါရှိခြင်းဖြစ်တယ်၊ အမှန်ကတော့ သမ္မာသမ္ဗုဒ္ဓဘုရားရှင်မှန်လျှင် လူပျိုဘုရားမရှိတာ အမှန်ပဲကွယ့်

                   ဘယ်လိုကြောင့် လူပျိုဘုရားမရှိတာလဲ အမိန့်ရှိပါဦး ဘုရား

                   ဗုဒ္ဓဝံသ၊ ဋ္ဌ၊ ၃၅၁-မှာ (သဓမ္မတာကထာ)ဆိုတာ ပါသကွယ့်

                   အမိန့်ရှိပါဦး ဘုရား

                   သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့ရဲ့ ဖြစ်ရိုးဖြစ်စဉ်သဘောကို ဓမ္မတာတရားလို့ ခေါ်တယ်၊ ဘုရားရှင်ရဲ့ ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာပေါင်း (၃၀) ရှိတယ်။

                   ၁။ နောက်ဆုံး အလောင်းတော်ဟာ မယ်တော်ဝမ်း၌သာ ပဋိသန္ဓေနေရတယ်၊
                   ၂။ မယ်တော်ဝမ်း၌ တင်ပျဉ်ခွေ ရှေ့ကို မျက်နှာပြု နေရတယ်၊
                   ၃။ မယ်တော်ဟာ အလောင်းတော်ကို ရပ်ပြီး မွေးဖွားရတယ်၊
                    ၄။တောအရပ်မှာသာ ဖွားရတယ်၊
                   ၅။ ဖွားလျှင်ဖွားချင်း မြောက်ဘက်သို့ ခုနစ်ဖဝါး လှမ်းပြီး သီဟနာဒ ကြုံးဝါးရတယ်၊
                   ၆။ နိမိတ်ကြီးလေးပါးမြင်ပြီး သားတစ်ယောက်ရမှ တောထွက်ရတယ်၊
                   ၇။ ကြာသင်္ကန်းဖြင့် ဒုက္ကရစရိယာ အနည်းဆုံး ခုနစ်ရက်ကျင့်ရတယ်၊
                   ၈။ ဘုရားဖြစ်မည့်နေ့ နို့ဃနာ ဘုဉ်းပေးရတယ်၊
                   ၉။ မြက်အခင်းပေါ်မှာ ဘုရားအဖြစ် ရောက်ရတယ်၊
                   ၁၀။ ဗောဓိပလ္လင်ပေါ်မှာ အာနာပါနကမ္မဋ္ဌာန်း စီးဖြန်းရတယ်၊
                   ၁၁။ မာရ်စစ်သည်ကို အောင်မြင်ရတယ်၊
                   ၁၂။ ဗောဓိပလ္လင်ထက်မှာ ဝိဇ္ဇာသုံးပါး ရရတယ်၊
                   ၁၃။ သတ္တသတ္တာဟ စံတော်မူရတယ်၊
                   ၁၄။  တရားဟောရန် ဗြဟ္မာတောင်းပန်ရတယ်၊
                   ၁၅။ ဓမ္မာစကြာ တရားဦးဟောရတယ်၊
                   ၁၆။ တပို့တွဲလပြည့်နေ့မှာ သြဝါဒပါတိမောက် ပြုရတယ်၊
                   ၁၇။ ဇေတဝန်ကျောင်းတော်မှာ အမြဲနေရတယ်၊
                   ၁၈။ သာဝတ္တိမြို့တံခါးမှာ တန်ခိုးပြရတယ်၊
                   ၁၉။ တာဝတိံသာမှာ အဘိဓမ္မာဟောရတယ်၊
                   ၂၀။ သင်္ကဿမြို့တံခါးသို့ တာဝတိံသာက ဆင်းရတယ်၊
                   ၂၁။ ဖလသမာပတ်ကို မပြတ်ဝင်စားရတယ်၊
                   ၂၂။ ကျွတ်ထိုက်သောဝေနေယျကို ကြည့်ရတယ်၊
                   ၂၃။ အကြောင်းပေါ်လျှင် ဝိနည်းပညတ်ရတယ်၊
                   ၂၄။ အကြောင်းဖြစ်လာလျှင် ဇာတ်တော်ဟောရတယ်၊
                   ၂၅။ ဆွေမျိုးအစည်းအဝေးမှာ ဗုဒ္ဓဝင်ကို ဟောပြောရတယ်၊
                   ၂၆။ အာဂန္တုရဟန်းများနှင့် ပဋိသန္ဓရ ဟောပြောရတယ်၊
                   ၂၇။ ဒါယကာတို့ပင့်၍ ဝါဆိုလျှင် ဝါကျွတ်တဲ့အခါ ပန်ကြားပြီးမှ သွားရတယ်၊
                   ၂၈။ ဗုဒ္ဓကိစ္စ ငါးပါးကို ပြုရတယ်၊
                   ၂၉။ ပရိနိဗ္ဗာန် ဝင်စံမည့်နေ့ သားပြွမ်းဆွမ်းကို ဘုဉ်းပေးရတယ်၊
                   ၃၀။ ကုဋေနှစ်သန်း လေးသိန်းသော သမာပတ်တို့ကို ဝင်စားပြီး ပရိနိဗ္ဗာန် ပြုရတယ်။

                   ယခုဖော်ပြခဲ့တဲ့ တရားသုံးဆယ်ဟာ ဘုရားရှင်တိုင်း ဖြစ်ရိုးဖြစ်စဉ် သဘောဖြစ်လို့ ဓမ္မတာသုံးဆယ်လို့ ခေါ်တယ်၊ သည်ဓမ္မာတာ ၃၀-အနက် အမှတ်(၆) ဓမ္မာတာကို ကြည့်လိုက်စမ်း၊ နိမိတ်ကြီးလေးပါးမြင်ပြီး သားတစ်ယောက်ရမှ တောထွက်ရခြင်းဟာ ဘုရားရှင်ရဲ့ ဓမ္မာတာတဲ့၊ သည်ဓမ္မတာတရားကို ဗုဒ္ဓဝံသအဋ္ဌကထာ ၃၅၂-မှာစတ္တာရိ နိမိတ္တာနိ ဒိသွာ ဇာတမတ္တပုတ္တာနံ မဟာသတ္တာနံ မဟာဘိနိက္ခမနံလို့ ဖွင့်ပြထားတယ်၊ စတ္တာရိ နိမိတ္တာနိ- နိမိတ်ကြီးလေးပါးတို့ကို၊ ဒိသွာ -မြင်ပြီး၍၊ ဇာတမတ္တပုတ္တာနံ -သားတော်ဖွားပြီးစ ဖြစ်ကုန်သော၊ မဟာသတ္တာနံ-ဘုရားလောင်းတို့အား၊ မဟာဘိနိက္ခမနံ-မြတ်သောတောထွက်ခြင်းသည်၊ ဟောတိ-ဖြစ်၏ တဲ့၊ သည် အဋ္ဌကထာအရ သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်မှန်သမျှ လူပျိုဘုရားမရှိဘူးလို့ သန္နိဋ္ဌာန်ကျကျ မှတ်ယူသင့်တာပေါ့ကွယ်။


                                                     သာဓု - သာဓု - သာဓု


***ဆက်ရန်***
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၃၅) မယ်တော်နတ်သား


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၂) (စာမျက်နှာ ၄၇-၅၀) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

ကပ္ပိယ မောင်ရဲ -https://www.facebook.com/yewin.tun.71
Monday, October 01,2012        10:15 am


Thursday, March 7, 2013

နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့၏ ပွင့်သောကမ္ဘာ အမည်များ


                                                              ဘုရားရှင်များနှင့် ပွင့်တော်မူရာကမ္ဘာ

                   ၁၃၄၆-ခု၊ ဝါဆိုလဆန်း ၁-ရက်၊ သောကြာနေ့ရက်စွဲဖြင့် လာတဲ့ စာက၊ မင်းတုန်းမြို့၊ တောင်တောရ-ဦးသုဇာတထံက ဖြစ်ပါတယ် ဘုရား

                   ဦးသုဇာတ က ဘာတွေများ လျှောက်ထားတုန်းကွယ့်

                   ဦးသုဇာတ လျှောက်ထားတာက သူဟာ ငယ်ရွယ်စဉ်က သင်္ကန်းဝတ်လာသူ မဟုတ်ပါဘူးတဲ့၊ အခု အသက် ၅၇-နှစ်မှာ ရဟန်းဝါ ၁၀-ဝါသာရပါသေးတယ်တဲ့၊ အသက်ကြီးခဲ့မှ ရဟန်းဖြစ်သလာသူဖြစ်လို့ ပရိယတ္တိပညာလည်း မရှိပါဘူးတဲ့၊ သို့သော်လည်း  ဘုရားရှင် သာသနာတော်မှာ ရဟန်းဖြစ်လာတဲ့ အတိုင်း ဘုရားရှင်ကို အလွန်ကြည်ညိုပါတယ်တဲ့၊ ကြည်ညိုတဲ့အတိုင်း ရှေးက ပွင့်တော်မူပြီးဖြစ်ကြတဲ့ နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့ရဲ့ ပွင်သောကမ္ဘာ အမည်များကို ယခု ဘဒ္ဒကမ္ဘာနှင့် အကွာအဝေးတို့ကို အလွန်သိလိုပါတယ်တဲ့၊ အဲဒါကို တွက်ချက်ပြီး ဓမ္မဗျူဟာ မှ တစ်ဆင့် ဖော်ပြပေးစေချင်ပါသတဲ့ဘုရား

                   အေးကွယ့် - ကမ္ဘာနှင့် ဘုရားအမည်တော်များကို ဗုဒ္ဓဝင်များမှာ အကျယ်တဝင့် ဖော်ပြပြီး သားတွေရှိနေတယ်၊ ဓမ္မဗျူဟာစာစောင်ကတော့ စာစောင်ငယ်မို့ အကျယ်ဖွင့်ပြီး မပြောတော့ဘူး၊ အမေးရှိလာပြန်တော့လည်း ခပ်ကျဉ်းကျဉ်း ဖြေကြဦးစို့ရဲ့

                   ကမ္ဘာဟာ ကြမ်းအားဖြင့် သုညကမ္ဘာ အသုညကမ္ဘာရယ်လို့ နှစ်မျိုးရှိသကွယ့်၊ ဘုရားရှင်များ ပွင့်တော်မူရာမဟုတ်တဲ့ ကမ္ဘာကို သုညကမ္ဘာလို့ ခေါ်ပြီး ဘုရားရှင်များ ဖြစ်ပွင့်ရာကမ္ဘာကိုတော့ အသုညကမ္ဘာလို့ ခေါ်တယ်၊ အသုညကမ္ဘာဟာလည်း ဘုရားရှင် ပွင့်တော်မူသည်ကိုစွဲပြီး တစ်ဆူတည်း ပွင့်ခဲ့လျှင် သာရကမ္ဘာ၊ နှစ်ဆူပွင့်ခဲ့လျှင်မဏ္ဍကမ္ဘာ၊ သုံးဆူပွင့်ခဲ့လျှင် ဝရကမ္ဘာ၊ လေးဆူပွင့်ခဲ့လျှင် သာရမဏ္ဍကမ္ဘာ၊ ငါးဆူပွင့်ခဲ့လျှင် ဘဒ္ဒကမ္ဘာလို့ခေါ်တယ်၊ ဘုရားငါးဆူထက် ပိုလွန်ပွင့်တဲ့ ကမ္ဘာရယ်လို့တော့ မရှိဘူးကွယ့်

                   အဲသည်လို ကမ္ဘာအမည် ငါးမျိုးကိုမှတ်သားပြီးတဲ့နောက် ဘုရားရှင် နိယတဗျာဒိတ်ခံယူတဲ့ ကမ္ဘာက ဘုရားဖြစ်တဲ့ကမ္ဘာအထိ ကမ္ဘာတွေကို ရေတွက်ခဲ့လျှင် ကမ္ဘာပေါင်း လေးအသင်္ချေနှင့် တစ်သိန်းရှိတယ်၊ တစ်အသင်္ချေမှာ တစ်နောက်က သုညပေါင်း (၁၄၀)တိတိရှိကြောင်း သဒ္ဒါကြီး သကနာမေဟိသုတ်မှာ တွက်ပြထားတယ်၊ သည်လောက်များပြားတဲ့ ကမ္ဘာအတွင်း ဘုရားပွင့်တဲ့ ကမ္ဘာပေါင်း ဘယ်လောက်ရှိသလဲဆိုတော့ (၁၁)ကမ္ဘာမျှသာရှိတယ်၊ ပွင့်တော်မူတဲ့ဘုရားပေါင်းကလည်း နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရားရှင်ပါ ရေတွက်ပါမှ နှစ်ကျိပ်ရှစ်ဆူမျှသာရှိတယ်၊ သည်အကြောင်းကို ဆရာများက ငါထာဖွဲ့ပြီး မှတ်တမ်းတင်ခဲ့ကြသကွယ့်

                   ဂါထာကို အမိန့်ရှိပါဦး ဆရာတော်

                   ဂါထာက သည်လိုတဲ့ကွယ်

                   (၁)     ကပ္ပေ စ သတသဟေဿ၊ စတုရော စ အသင်္ခယေ။
                        ဧတ္ထန္တရေ ဇိနုပ္ပါဒါ၊ ကပ္ပေကာဒသ ဘာသိတာ။
                   (၂)     ကပ္ပေ စ သတသဟေဿ၊ စတုရော စ အသင်္ခေယေ။
                        ဧတ္ထန္တရေ ဓမ္မရာဇာ၊ အဋ္ဌဝီသံ နာဓိကာ။

                   (၁) ကပ္ပေ စ သတသဟေဿ - ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံလည်းကောင်း၊ စတုရော စ အသင်္ခယေ - လေးအသင်္ချေတို့ ကာလပတ်လုံး လည်းကောင်း၊ ဧတ္ထန္တရေ-ဤလေးအသေင်္ချေ ကမ္ဘာတစ်သိန်းအတွင်း၌၊ဇိနုပ္ပါဒါ- ဘုရားပွင့်တော်မူကုန်သော၊ ကပ္ပါ-မဟာကပ်တို့ကို၊ ဧကာဒသ-တစ်ဆယ်တစ်ကပ်တို့ဟူ၍၊ ဘာသိတာ - ဟောတော်မူအပ်ကုန်ပြီ။

                   (၂)  ကပ္ပေ စ သတသဟေဿ - ကမ္ဘာတစ်သိန်းတို့ ကာလပတ်လုံးလည်းကောင်း၊ စတုရော စ အသင်္ခေယေ- လေးအသင်္ချေတို့ ကာလပတ်လုံးလည်းကောင်း၊ ဧတ္ထန္တရေ- ဤလေးအသင်္ချေ ကမ္ဘာတစ်သိန်းအတွင်း၌၊ ဓမ္မရာဇာ-ဘုရားရှင်တို့သည်၊ အဋ္ဌဝီသံ - နှစ်ကျိပ်ရှစ်ဆူတို့သည်သာလျှင်၊ ဥပ္ပဇ္ဇရေ- ဖြစ်ပွင့်တော်မူကုန်၏၊ နာဓိကာ-တစ်ဆူမျှ မပိုလွန်ကုန်။

                   သည်ဂါထာနှစ်ပုဒ်က ဘုရားရှင်နှင့် ကမ္ဘာကို မှတ်တမ်းတင်ထားတဲ့ ဂါထာများပဲကွယ့်၊ သည်ဂါထာနှစ်ပုဒ်ကို မူတည်ပြီး ကမ္ဘာ(၁၁)ခုနှင့် ဘုရားနှစ်ကျိပ်ရှစ်ဆူကို တွက်ကြစို့ရဲ့

                        “တွက်တော်မူပါ ဘုရား

                   ဤဘဒ္ဒကမ္ဘာမှာ ပြန်ရေတွက်ခဲ့သော် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်မှာ (၁) တဏှင်္ကရာ၊ (၂) မေဓင်္ကရာ၊ (၃) သရဏင်္ကရာ၊ (၄) ဒီပင်္ကရာ အမည်တော်များရှိကြတဲ့ ဘုရားလေးဆူ ပွင့်တော်မူကြတယ်၊ ဘုရားလေးဆူ ပွင့်တဲ့အတွက် အဲသည်ကမ္ဘာကို သာရမဏ္ဍကမ္ဘာလို့ ခေါ်တယ်၊ အဲသည် ဘုရားလေးဆူအနက် နောက်ဆုံးပွင့်တဲ့ ဒီပင်္ကရာဘုရားရှင်ရဲ့ထံမှာ ဂေါတမဘုရားရှင်ဟာ သုမေဓာရသေ့အဖြစ်ဖြင့် နိယတဗျာဒိတ် ရတော်မူသတဲ့၊ အဲသည် သာရမဏ္ဍ ကမ္ဘာပျက်ပြီးသည့်နောက် ကမ္ဘာပေါင်းများစွာဖြစ်ပျက်ခြင်းရှိသော်လည်း ဘုရား တစ်ဆူမျှ မပွင့်ကြတဲ့ သုညကမ္ဘာတွေဖြစ်ကြတယ်၊ အဲသည်လို သုညကမ္ဘာပေါင်း ဘယ်လောက်လွန်သွားသလဲဆိုတော့ -
                အထဿ အပရဘာဂေ ဧကမသင်္ချေယမတိက္ကမိတွာ ဧကသ္မိံကပ္ပေ ကောဏ္ဍညော နာမ သတ္ထာ ဥဒပါဒိ -
                   လို့ ဗုဒ္ဓဝံသ ဋ္ဌ (၁၆၀)မှာ မိန့်တော်မူတဲ့အတိုင်း ကမ္ဘာပေါင်း တစ်သင်္ချေ လွန်သွားတယ်၊ ကမ္ဘာတစ်တစ်သင်္ချေလွန်သွားပြီးတဲ့နောက် တစ်ခုသော ကမ္ဘာမှာ ကောဏ္ဍညအမည်ရှိတဲ့ တစ်ဆူသောဘုရား ပွင့်တော်မူတယ်၊ ဘုရားတစ်ဆူတည်း ပွင့်တဲ့အတွက် အဲသည်ကမ္ဘာကို သာရကမ္ဘာလို့ ခေါ်တယ်၊ သာရကမ္ဘာပျက်စီးပြီးသည့်နောက် ကမ္ဘာတစ်သင်္ချေ(သုညကမ္ဘာ) လွန်သွားပြန်တယ်၊ ထို့နောက် ဘုရားလေးဆူပွင့်တဲ့ သာရမဏ္ဍကမ္ဘာဖြစ်လာတယ်၊ ပွင့်တဲ့ ဘုရာလေးဆူက (၁) မင်္ဂလ၊ (၂) သုမန၊ (၃) ရေဝတ၊ (၄) သောဘိတ ဘုရားများဖြစ်ကြတယ်။
                   သောဘိတရားဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံလို့ သာရမဏ္ဍကမ္ဘာကြီး ပျက်စီးပြီးတဲ့နောက် သုညကမ္ဘာပေါင်း တစ်အသင်္ချေလွန်ပြန်တယ်၊ တစ်အသင်္ချေလွန်ပြီးမှ (၁) မနောမဒဿီ၊ (၂) ပဒုမ၊ (၃) နာရဒ ဘုရားသုံးဆူပွင့်တော်မူရာ  ဝရကမ္ဘာဖြစ်လာတယ်။
                   ဝရကမ္ဘာပျက်ပြီးသည့်နောက် သုညကမ္ဘာပေါင်း တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းခံနေတယ်၊ အဲသည်နောက်မှ ပဒုမုတ္တဘုရား တစ်ဆူတည်းသော ပွင့်တဲ့ သာရကမ္ဘာဖြစ်လာတယ်၊ ပဒုမုတ္တရဘုရားရှင်က သည်ဘဒ္ဒကမ္ဘာမှာ ပြန်တွက်လျှင် ကမ္ဘာတစ်သိန်းထက်မှာ ပွင့်တော်မူလာတာပေါ့၊ သာရကမ္ဘာပျက်စီးပြီးတဲ့နောက် သုညကမ္ဘာပေါင်း ခုနစ်သောင်း(၇၀၀၀၀)ခံတယ်၊ ကမ္ဘာခုနစ်သောင်းလွန်တော့ (၁) သုမေဓ၊ (၂) သုဇာတဘုရားနှစ်ဆူပွင့်တော်မူရာ မဏ္ဍကမ္ဘာဖြစ်လာတယ်၊ အဲသည် မဏ္ဍကမ္ဘာဟာ သည် ဘဒ္ဒကမ္ဘာမှာ ပြန်တွက်လျှင် ကမ္ဘာသုံးသောင်းထက်က ဖြစ်တယ်။

                   အဲသည် မဏ္ဍကမ္ဘာပျက်စီးပြီးသည့်နောက် ဘုရားမပွင့်တဲ့ သုညကမ္ဘာတွေ ခံနေပြန်တယ်၊ သည်ကမ္ဘာမှ ပြန်တွက်ကြည့်လျှင် (၁၁၈) ကမ္ဘာထက်မှာတော့ (၁) ပီယဒဿီ၊ (၂) အတ္ထဒဿီ၊ (၃) ဓမ္မဒဿီရယ်လို့ ဘုရားသုံးဆူပွင့်တယ်၊ ဘု၇ားသုံးဆူပွင့်တဲ့အတွက် ဝရကမ္ဘာလို့ ခေါ်ရတာပေါ့၊ ဝရကမ္ဘာပျက်စီးပြီးသည့်နောက် သုညကမ္ဘာတွေ ခံပြန်ပြီး (၉၄)ကမ္ဘာထက်မှာတော့ တစ်ဆူတည်းသော သိဒ္ဓတ္ထ ဘုရားပွင့်တော်မူတယ်၊ ဘုရားတစ်ဆူတည်း ပွင့်တော်မူလို့ ကမ္ဘာကို(သာရကမ္ဘာ)လို့ခေါ်တယ်၊ သာရကမ္ဘာပျက်ပြီးသည့်နောက် သုညကမ္ဘာတစ်ခုခံပြန်တယ်၊ (၉၂) ကမ္ဘာထက်ကျတော့ (၁)တိဿ၊ (၂)ဖုဿ အမည်တော်ရတဲ့ ဘုရားနှစ်ဆူပွင့်တယ်၊ ဘုရားနှစ်ဆူပွင့်တော့ မဏ္ဍကမ္ဘာခေါ်တာပေါ့။

                   မဏ္ဍကမ္ဘာကွယ်တော့ သုညကမ္ဘာမခံတော့ဘဲ (၉၁) ကမ္ဘာထက်မှာ တစ်ဆူတည်းသော ဝိပဿီဘုရား ပွင့်တော်မူတယ်၊ ဘုရားတစ်ဆူ မျှသာပွင့်လို့ ကမ္ဘာကို သာရကမ္ဘာလို့ ခေါ်တယ်။

                   သာရကမ္ဘာလန်ပြီးတဲ့နောက် သုညကမ္ဘာပေါင်း (၅၉)ကမ္ဘာခံတယ်၊ (၃၁) ကမ္ဘာထက်ရောက်တော့ (၁)သိခီ၊ (၂) ဝေဿဘူရားနှစ်ဆူပွင့်တော်မူတဲ့ မဏ္ဍကမ္ဘာဖြစ်လာတယ်။

                   မဏ္ဍကမ္ဘာပျက်ပြီးတဲ့နောက် ယခု ဘဒ္ဒကမ္ဘာအထိ ဘုရားမပွင့်တဲ့သုညကမ္ဘာတွေချည်း ခံနေတယ်၊ ယခု ဘဒ္ဒကမ္ဘာကိုရောက်မှ (၁) ကကုသန်၊ (၂) ကောဏာဂုမ်၊ (၃) ကဿပ၊ (၄) ဂေါတမ။ (၅) အရိမေတ္တယျရယ်လို့ ဘုရားငါးဆူပွင့်တော်မူမယ်၊ ဘုရားလေးဆူကတော့ ပွင့်ပြီးပြီ၊ အရိမေတ္တယျ ဘုရားရှင်ကတော့  နောင်အခါပွင့်မှာဖြစ်တယ်၊ သည်လောက်ဆိုလျှင် မင်းတုန်းတောင်တောရ ဦးသုဇာတရဲ့ အမေး ပြေလောက်ပါပြီနော်

                   မှန်ပါ၊ ပြေလောက်ပါပြီ ဘုရား

                   သာဓု - သာဓု - သာဓု


***ဆက်ရန်***
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၃၄) လူပျိုဘုရား မရှိငြား


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၂) (စာမျက်နှာ ၄၂-၄၆) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71
Friday, September 28,2012        10:20 am


ဘုရားရှင်၏ ရိုက်ခြင်း၊ သတ်ခြင်း


                                                                            ဘုရားရှင်၏ ရိုက်ခြင်း၊ သတ်ခြင်း

                   ဟောသည်စာက မိုးကတ်မြို့၊ ပိတ်စွယ်ရပ်၊ ဦးကိုကိုလေး+ဒေါ်စန်းမြင့် တို့ထံက ပေးစာဖြစ်ပါတယ် ဘုရား

                   ဆိုစမ်းပါဦး၊ ဦးကိုကိုလေးရဲ့ စာက ဘာတဲ့တုန်း

                   ဦးကိုကိုလေးရဲ့ စာမှာ ရေးထားတာက ဦကိုကိုလေးဟာ မိလိန္ဒပဥှာ မြန်မာပြန်စာအုပ်ကို ဖတ်ပါသတဲ့၊ ဒေဝဒတ္တပဗ္ဗဇ္ဇပဥှာ အရှင်နာဂသေမနထေရ် မြတ်က မိလိန္ဒမင်းကြီးရဲ့ အမေးကို ဖြေဆိုရာမှာ မင်းမြတ်-မြတ်စွာဘုရားသည် သတ္တဝါတို့၏ အစီးအပွား၏အစွမ်းဖြင့် ရိုက်ပုတ်လည်း ရိုက်ပုတ်တော်မူ၏၊ တွန်းချလည်း တွန်းချတော်မူ၏၊ သတ်လည်း သတ်တော်မူ၏၊ မင်းမြတ်-မြတ်စွာဘုရားသည် ရိုက်ပုတ်၍သာလျှင်၊ တွန်း၍သာလျှင်၊ သတ်၍သာလျှင် သတ္တဝါတို့၏ အစီးအပွားကို ဆောင်ရွက်တော်မူ၏-လို့ ပါရှိပါသတဲ့၊ လောကထွက်ထား ဘုရားစင်စစ်ဖြစ်ပါလျက် သတ္တဝါများကို ရိုက်ရတယ်၊ တွန်းချရတယ်၊ သတ်ရတယ်ဆိုတာ ဦးကိုကိုလေးရဲ့ စိတ်ထဲမှာ ဘဝင်မကျဖြစ်နေပါသတဲ့၊ စာထဲမှာလည်း တိုက်ရိုက်ပါရှိနေလေတော့ မဟုတ်ပါဘူးလို့ ခံငြင်းဖို့လည်း ခက်နေပါသတဲ့၊ ဒါကြောင့် ဘဝင်ကျအောင် အဖြေပေးတော်မူပါဦးလို့ လျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား

                   ဘုရားရှင်ရဲ့ တရားတော်ဟာ အလွန် ခက်ခဲနက်နဲတယ်၊ နာနာနယနိပုဏ ဆိုတဲ့အတိုင်း နည်းပေါင်းများစွာပါဝင်လို့ အလွန်သိမ်မွေ့တယ်၊ မိလိန္ဒပဥှာ မှာ အရှင်နာဂသေနဟောတဲ့ ယခုတရားက တိုက်ရိုက်ယူရမည့် နီတတ္ထနည်း မဟုတ်ဘူး၊ အဓိပ္ပာယ်ကိုဆောင်ရမည့် နေယျတ္ထနည်းဖြစ်တယ်၊ ဒါကြောင့် ရိုက်တယ်ဆိုတာ အဟုတ်ရိုက်တာ မဟုတ်ဘူး၊ တရားဖြင့် ရိုက်ခြင်းဖြစ်တယ်၊ သတ်တယ်ဆိုတာလည်း တကယ်သတ်တာမဟုတ်ဘူး၊ တရားဖြင့် သတ်ခြင်းဖြစ်တယ်၊ သည်အကြောင်းကို သိသာအောင် အင်္ဂုတ္တရ စတုက္ကနိပါတ်ကလာတဲ့ ကေသိသုတ် ကို ပြောပြမယ်

                   မှန်ပါ - မိန့်တော်မူပါဘုရား

                   ကေသိအမည်ရှိတဲ့ မြင်းဆရာတစ်ဦးက တစ်ရက်တော့ ဘုရားရှင်ထံ အဖူးအမြော် ရောက်သွားတယ်၊ ဘုရားရှင်ထံရောက်တော့ ဘုရားရှင်အား ရှိခိုးဦးချပြီး သင့်တင့်လျောက်ပတ်တဲ့နေရာမှာ ထိုင်နေသတဲ့၊ သည်အခါ ဘုရားရှင်က ကေသိ-သင်ဟာ ထင်ရှားတဲ့ မြင်းဆရာတစ်ယောက် ဖြစ်တယ်၊ မြင်းရိုင်းများကို ယဉ်ကျေးအောင် သင် ဘယ်လို ဆုံးမလဲ လို့ မေးတော်မူတယ်၊  အရှင်ဘုရား - တပည့်တော်ဟာ မြင်းရိုင်များကို အနုနည်းဖြင့်လည်း ယဉ်ကျေးအောင် ဆုံးမပါတယ်၊ အကြမ်းနည်းဖြင့်လည်း ယဉ်ကျေးအောင် ဆုံးမပါတယ်၊ အနုအကြမ်းနည်းဖြင့်လည်း ယဉ်ကျေးအောင် ဆုံးမပါတယ် လို့ လျှောက်ထားတယ်။

                   ဘုရားရှင်က ကေသိ-အကယ်၍ မြင်းရိုင်းဟာ  အနုနည်း၊ အကြမ်းနည်း၊ အနုနည်းအကြမ်းနည်းတို့ဖြင့် ဆုံးမလို့မရလျှင် ဘယ်လိုလုပ်ဦးမလဲ လို့ မေးတော်မူတယ်၊ ကေသိက - အရှင်ဘုရား - မြင်းရိုင်းဟာ အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းနည်းတို့ဖြင့် ဆုံးမ၍မရလျှင် ထိုမြင်းရိုင်းကို တပည့်တော် သတ်ပစ်ပါတယ်၊ ဘာကြောင့် သတ်ပစ်ရသလဲဆိုတော့ တပည့်တော် နာမည်အပျက်မခံချင်တဲ့အတွက် ဖြစ်ပါတယ် လို့ လျှောက်တယ်၊ လျှောက်ပြီးတော့ ကေသိက အရှင်ဘုရား- အရှင်ဘုရားဟာ ဆုံးမထိုက်သူကို ဆုံးမတက်တဲ့ အတုမဲ့ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်၊ အရှင်ဘုရားဟာ ဆုံးမထိုက်သူများကို ဘယ်လိုဆုံးမတော်မူပါသလဲ ဘုရား လို့ လျှောက်ထားတယ်။

                   ဘုရားရှင်က ကေသိ - ငါဟာ ဆုံးမထိုက်သူကို အနုနည်းအားဖြင့်လည်း ဆုံးမတယ်၊ ကေသိ - ငါ အနုနည်းဖြင့် ဆုံးမပုံမှာ ဤကား ကာယသုစရိုက်၊ ဤကား ကာယသုစရိုက် အကျိုး၊ ဤကား ဝစီသုစရိုက်၊ဤကား ဝစီသုစရိုက်အကျိုး၊ ဤကား မနောသုစရိုက်၊ ဤကား မနောသုစရိုက်အကျိုး၊ ဤကား နတ်တို့တည်း၊ ဤကား လူတို့တည်းလို့ ဆုံးမတယ်၊ ငါ အကြမ်းနည်းဖြင့် ဆုံးမပုံမှာ- ဤကား ကာယဒုစရိုက် ၊ ဤကား ကာယဒုစရိုက် အကျိုး၊ ဤကား ဝစီသုစရိုက်၊ဤကား ဝစီသုစရိုက်အကျိုး၊ ဤကား မနောဒုစရိုက်၊ ဤကား မနောဒုစရိုက်အကျိုး၊ ဤကား ငရဲ၊ ဤကား တိရစ္ဆာန်၊ ဤကား ပြိတ္တာလို့ ဆုံးမတယ်၊ ငါ အနုအကြမ်းနည်းဖြင့် ဆုံးမပုံမှာ - ဤကား ကာယသုစရိုက်၊ ဤကား ကာယသုစရိုက်၏ အကျိုး၊ ဤကား ကာယဒုစရိုက် ၊ ဤကား ကာယဒုစရိုက်၏ အကျိုး၊ ဤကား ဝစီသုစရိုက်၊ဤကား ဝစီသုစရိုက်၏ အကျိုး၊ ဤကား ဝစီဒုစရိုက်၊ဤကား ဝစီဒုစရိုက်၏ အကျိုး၊ ဤကား မနောသုစရိုက်၊ ဤကား မနောသုစရိုက်၏ အကျိုး၊ ဤကား မနောဒုစရိုက်၊ ဤကား မနောဒုစရိုက်၏ အကျိုး၊ ဤကား နတ်၊ ဤကား လူ၊ ဤကား ငရဲ၊ ဤကား တိရစ္ဆာန်၊ ဤကား ပြိတ္တာလို့ ဆုံးမတယ် လို့ ဖြေကြားတော်မူတယ်။

                   သည်အခါ ကေသိက အရှင်ဘုရား - အရှင်ရဲ့ ဆုံးမထိုက်သူဟာ အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းနည်းတို့ဖြင့် ဆုံးမခြင်းကို မခံယူလျှင် အဘယ်သို့ ပြုလုပ်ပါသလဲ လို့ လျှောက်ထားတယ်၊ ဘုရားရှင်ကကေသိ-ငါဆုံးမသောသူဟာ အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းနည်းတို့ဖြင့် အဆုံးအမကို မခံယူခဲ့လျှင် ထိုသူကို ငါ သတ်ပစ်တယ် လို့ မိန့်တော်မူတယ်။

                   ဒီတော့ ကေသိက အရှင်ဘုရား - အရှင်ဘုရားအား သူ့အသက်ကို သတ်ခြင်းသည် မအပ်ဘူး မဟုတ်ပါလား ဘုရား၊ သို့ပါလျက် သတ်ပစ်တယ်လို့ အဘယ်ကြောင့် မိန့်တော်မူပါသလဲ လို့ လျှောက်ထားတယ်၊  ဘုရားရှင်က ကေသိ - ငါဘုရားအား သူ့အသတ်ကို သတ်ခြင်းသည် မအပ်၊ သို့ပါလျက် သတ်ပစ်တယ်လို့ မိန့်ဆိုခြင်းမှာ အဆုံးအမ မခံသောသူကို မဆုံးမဘဲ အသိအမှတ်မပြုခြင်းသာဖြစ်တယ်၊ အဆုံးအမ မခံသောသူကို ပညာရှိ သီတင်းသုံးဖော်များကလည်း ပြောဆို ဆုံးမထိုက်သူလို့ အသိအမှတ်မပြုကြတော့ဘူး၊ ယခုကဲ့သို့ အသိအမှတ်မပြု၊ အဆုံးအမမှာ ဝကွက်လိုက်ခြင်းသည်ပင်လျှင် ငါဘုရား၏ သာသနာ၌ သတ်ပစ်ခြင်း မည်တယ် လို့ မိန့်တော်မူတယ်။

                   သည်အခါမှာ ကေသိလည်း သဘောကျသွားပြီး အရှင်ဘုရား - မြတ်စွာဘုရားက အသိအမှတ်မပြု၊ ပညာရှိ သီတင်သုံးဖော်တို့ကလည်း အသိအမှတ် မပြုခြင်းသည် စင်စစ် ကောင်းစွာသတ်ပစ်လိုက်ခြင်း မည်ပါပေတယ်၊ အရှင် ဘုရားရဲ့ တရားတော်ဟာ အလွန်နှစ်သက်ဖွယ်ရှိတယ်၊ ယနေ့မှစပြီး အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်တဲ့ ဒါယကာလို့ တပည့်တော်ကို မှတ်တော်မူပါ လို့ လျှောက်ထားသတဲ့ကွယ်၊ ဒါကြောင့် ဘုရားရှင် သတ်တယ်ဆိုတာဟာ အဟုတ် သတ်တာမဟုတ် ပါဘူး၊ ရိုက်တယ်၊ တွန်းချတယ်ဆိုတာလည်း အဟုတ်ရိုက်တာ၊ တွန်းချတာမဟုတ်ပါဘူး၊ တရားအားဖြင့် ရိုက်ခြင်း၊ တွန်းချခြင်း၊ သတ်ခြင်းသာ ဖြစ်တယ်ဆိုတာ ဦးကိုကိုလေးထံ ဖြေကြားလိုက်ပါတယ်


                                                                         သာဓု - သာဓု - သာဓု

***ဆက်ရန်***
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၃၃) ဘုရားရှင်များနှင့် ပွင့်တော်မူရာကမ္ဘာ


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၂) (စာမျက်နှာ - ၃၈-၄၁) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71
Thursday, September 27,2012        10:40 am