Monday, March 4, 2013

သရဏဂုံတင်ပြဿနာ(လူသေလျှင် သရဏဂုံတင်၍အကျိုးမရှိ၊ရက်လည်ဆွမ်းစဉ် ပြုလုပ်ရသည့်အကြောင်း)


                              သရဏဂုံတင်ပြဿနာ

                   မန္တလေး ဦးဇေဋ္ဌက ထံက စာတစ်စောင် ရောက်လာပြန်တယ် ဘုရား

                   ဘယ်ဦးဇေဋ္ဌက တုန်းကွယ့်

                   ဟို - လွန်ခဲ့တဲ့ ငါးနှစ်လောက်က တကောင်းမြို့ဟောင်း ချမ်းသာကြီးကျောင်းတိုက်မှာ သီတင်းသုံးဖူးတဲ့ ဦးဇေဋ္ဌကပါ ဘုရား

                   သြော် - သိပြီ သိပြီ၊ ဦးဇေဋ္ဌကက ယခု စိန်ပန်းရိပ်သာမှာ တရားအားထုတ်နေတယ်ဆိုတာ ဟုတ်လား

                   ဟုတ်ပါတယ် ဘုရား၊ ယခု ရိပ်သာကပေးလိုက်တဲ့ စာပါပဲ ဘုရား

                   ဖတ်စမ်းပါဦး၊ စာက ဘာတဲ့တုန်း

                   ရိုသေသွာလျှောက်ထားပါသည်ဘုရား၊ ဗုဒ္ဓဘာသာဝင် လူမျိုးအားလုံး ရှေးအခါမှစ၍ ယခုအချိန်ထိ လူသေလျှင် သရဏဂုံတင်ကြပါသည်၊ အချို့က လူသေလျှင် သရဏဂုံတင်ရန်မလို၊ သရဏဂုံတင်သော်လည်း သေသူအတွက် ဘာမျှအကျိုးမရှိဘူးဟု ယူဆပြောဆိုနေကြပါသည်ဘုရား၊ လူသေလျှင် သရဏဂုံ တင်၍အကျိုးမရှိကို ဆရာတော်ဘုရားက အများမှတ်သားကြစေရန် ဓမ္မဗျူဟာ စာစောင်မှ ဖြေရှင်းပေးတော်မူပါမည့်အကြောင်းနှင့် လူသေလျှင် ခုနစ်ရက် အတွင်း ဘာကြောင့် ရက်လည်ဆွမ်းစဉ် ပြုလုပ်ကြရသည်ကိုလည်း ဖြည့်စွက် ဖြေကြားတော်မူပါမည့်အကြောင်း ရိုသေစွာလျှောက်ထားပါသည် ဘုရား၊ တပည့် ဇေဋ္ဌက၊ ခေတ္တ-မန္တလေး ပါတဲ့ ဘုရား

                   သည်ပြဿနာက အမေးတိုပေမယ့် အဖြေကိုတော့ တိုတိုဖြေရုံနှင့် မပြည့်စုံဘူးကွယ့်၊ အနည်းငယ်တော့ ရှည်ရှည်ဖြေမှာ ပြည့်စုံလိမ့်မယ်

                   မှန်ပါ - စာဖတ်သူ နားလည်အောင် အဖြေပေးတော်မူပါ ဘုရား

                   သရဏဂုံဆိုတဲ့ စကားကို ဗုဒ္ဓဘာသာဝင်တိုင်း ကြားဖူးကြတယ်နော်

                   ကြားဖူးပါတယ် ဘုရား

                   ကြားတော့ ကြားဖူးကြရဲ့၊ သို့သော်လည်း အဓိပ္ပါယ်ပေါက်သူကတော့ နည်းလိမ့်မယ် ထင်တယ်၊ ဒါကြောင့် သရဏဂုံဆိုတဲ့ စကားက စပြီး ပြောကြစို့ရဲ့၊ သရဏဂုံဆိုတာ သရဏ နှင့် ဂမန နှစ်ပုဒ်စပ်ထားတဲ့ သရဏ-ဂမနကို သရဏဂုံလို့ မြန်မာပြန်ထားခြင်း ဖြစ်တယ်၊ သရဏဂုံဆိုတဲ့ပုဒ်က သဒ္ဒါအားဖြင့် သရဓာတ် ယုပစ္စည်း၊ ယုပစ္စည်းကို အနပြုထားတယ်၊ သရဓာတ်က ဘူဝါဒိဂိုဏ်းဖြစ်လျှင် အောက်မေ့ခြင်း (စိန္တာ)၊ ညှဉ်းဆဲခြင်း (ဟိံသာ)၊ အသံပြုခြင်း (သဒ္ဒ) အနက်များကို ဟောတယ်၊ ပြယုဂ်ကတော့ စိန္တာအနက်မှာ သတိ အာပတ္တိ ပရိယန္တံ န သရတိ စသည်-၊ ဟိံသာအနက်မှာ သရဏဇာတံ သရဏတော့ ဘယံ- စသည်၊ သဒ္ဒအနက်မှာ သရော - အသံ အဋ္ဋဿရော- ကြင်နာသောအသံ စသည်တို့ ဖြစ်ကြတယ်။

                   အကယ်၍ သရဓာတ်ဟာ ဘူဝါဒိဂိုဏ်း, စုရာဒိဂိုဏ်း နှစ်ဂိုဏ်းတို့နှင့် ဆက်ဆံခဲ့လျှင် သွားခြင်း လာခြင်းဆိုတဲ့ ဂတိအနက်ကို ဟောတယ်၊ ပြယုဂ်ကတော့ သရတိ-သွား၏၊ သံသရတိ-ကျင်လည်၏၊ ဝိသရတိ- ရွေ့၏ စသည်တို့ ဖြစ်ကြတယ်၊ သရဓာတ်ဟာ စုရာဒိဂိုဏ်းသန့်သန့် ဖြစ်ခဲ့လျှင် ပစ်ပယ်ခြင်း (အက္ခေပ) ချဲ့ခြင်း, ဖြန့်ခြင်း (ပ သာရဏ) အနက်များကို ဟောတယ်၊ ပြယုဂ်ကတော့ သရီယတေ - ပစ်လွှတ်အပ်၏ စသည်တို့ဖြစ်ကြတယ်။

                   သည်အနက်တွေထဲက သရဏမှာ ပါဝင်တဲ့ သရဓာတ်ကတော့ ညှဉ်းဆဲခြင်း (ဟိံသာ) အနက်ကို ဟောတယ်၊ ဘာကို ညှဉ်းဆဲတာလဲဆိုတော့ အပါယ်ဆင်းရဲ, သံသရာဆင်းရဲ တို့ကို ညှဉ်းဆဲတက်တယ်တဲ့၊ ဝိဂြိုလ်ဆိုလျှင်တော့ (သရတိဟိံသတီတိ သရဏံ) လို့ ဝိဂြိုလ်ဆိုရမှာပ၊ သည်အဓိပ္ပာယ်ကို မူလပဏ္ဏာသ အဋ္ဌကထာ ပ-၁၃၆-မှာ ဟိံသတီတိ သရဏံ၊ တေနေဝ သရဏဂမနေန ဘယံ သန္တာသံ ဒုက္ခံ ဒုဂ္ဂတိပရိလေသံ ဟနတိ ဝိနာသေတီတ အတ္ထော- လို့ ဖွင့်ပြထားတယ်ကွယ့်

                   သည်အဋ္ဌကထာပါဌ်ရဲ့ အနက်က ဘယ်လိုပါလဲဘုရား

                   ဟိံသတိ-ညှဉ်းဆဲတက်၏၊ ဣတိ-ထို့ကြောင့်၊ သရဏံ-သရဏမည်၏၊ တေနေဝ သရဏဂမနေန-ထိုသရဂုံဖြင့်သာလျှင်၊ ဘယံသန္တာသံ-ကြောက်ခြင်း  ထိတ်လန့်ခြင်းသဘောရှိသော၊ ဒုက္ခဉ္စ-ဆင်းရဲကိုလည်းကောင်း၊ ဒုဂ္ဂတိ ပရိကိလေသံ- ဒုဂ္ဂတိသို့လားစေတက်သော ကိလေသာကိုလည်းကောင်း၊ ဟနတိ-ညှသ်းဆဲတက်၏၊ ဝိနာသေတိ- ပျက်စီးတက်၏၊ ဣတိ-အယံ ဤသည်ကား၊ အတ္ထောအနက်တည်းတဲ့ကွယ်

                   မှန်ပါ - သရဏဆိုတဲ့ပုဒ်ဟာ ကြောက်ရွံ့ထိတ်လန့်ခြင်းဘေး, ဒုဂ္ဂတိဘေးများကိုညှဉ်းဆဲတက်တယ်၊ ဖျက်ဆီးတက်တယ်ဆိုတာတော့ သဘောရပါပြီ၊ သရဏကို အရကောက်တော့ ဘာကို အရကောက်ရမှာလဲ ဘုရား

                   သရဏပုဒ်ရဲ့ အရကောက်ကို (ရတနတ္တယေဿဝေတံ အဓိဝစနံ)လို့ မူလပဏ္ဏာသ အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်၊ ဧတံ-ထိုသရဏဂုံဟူသော အမည်သည် ရတနာတ္တယေဿဝ-ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး အပေါင်း၏သာလျှင်၊ အဓိဝစနံ-အမည်တည်း-လို့ ဆိုတဲ့အတိုင်း သရဏပုဒ်ရဲ့ အရကောက်ကတော့ ရတနာသုံးပါးကို အရကောက်ရတယ်

                   ဂမန ဆိုတဲ့ ပုဒ်ကိုလည်း အမိန့်ရှိပါဦး ဘုရား

                   ဂမနဆိုတဲ့ပုဒ်က သဒ္ဒါရေးအားဖြင့် ဂမုဓာတ်, ယု-ပစ္စည်း၊ ယုပစ္စည်းကို အနပြုထားတာပဲကွယ့်၊ ဂမုဓာတ်က လားခြင်းဆိုတဲ့ ဂတိအနက်ကိုဟောတယ်၊ အဲသည်ဂတိအနက်ကလည်း ယေသံ ဓာတူနံ ဂတျတ္ထော ဗုဒ္ဓိပိ တေသံ အတ္ထော-ဆိုတဲ့ ဓာတ်စကားအရ သိခြင်းဆိုတဲ့ (ဗုဒ္ဓိ)အနက်ကိုလည်း ဟောနိုင်ပြန်တယ်၊ ဤမှတစ်ပါး ဂမနသဒ္ဒါကို ရောက်ခြင်း(ဂတိ)၊ ဆည်းကပ်ခြင်း(ဘဇ)၊ မှီဝဲခြင်း(သေဝန)၊ ကပ်ရောက်ခြင်း (ပယိရုပါသန) အနက်များ ဟောကြောင်းသိရတယ်ကွယ့်၊ ဒါကြောင့် သရဏနှင့် ဂမန နှစ်ပုဒ်တွဲအဓိပ္ပာယ်ကို ဆင်းရဲကို ညှဉ်းဆဲပယ်ဖျောက်တက်သော ရတနာသုံးပါးကို သိခြင်း, ရောက်ခြင်း, ဆည်းကပ်ခြင်း, မှီဝဲခြင်း, ကပ်ရောက်ခြင်းကို သရဏဂမန (သရဏဂုံ) လို့ မှတ်ရတယ်။

                   ဆိုလိုရင်းတော့ ဗုဒ္ဓသရဏဂုံနှင့်စပ်လို့ ဘုရားရှင်ကို သစ္စာတရား သိသောပုဂ္ဂိုလ်ဟူ၍သိခြင်း၊ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်ခြင်း၊ ဘုရားရှင်ကို ဆည်းကပ်မှီဝဲ ကပ်ရောက်ခြင်းကို ဗုဒ္ဓသရဏဂုံရယ်လို့ ခေါ်တယ်၊ ကျန်သော ဓမ္မသရဏဂုံ, သံဃ သရဏဂုံများလည်း သည်အတိုင်းပဲပေါ့ကွယ်၊ ဘုရား, တရား, သံဃာ သရဏဂုံသုံးပါးကို ယခုပြောခဲ့တဲ့အတိုင်း သိတဲ့ပုဂ္ဂိုလ်, ဆည်းကပ်မှီဝဲတဲ့ပုဂ္ဂိုလ်ကို သရဏဂုံတည်တဲ့ပုဂ္ဂိုလ်လို့ ခေါ်ကြရတယ်၊ ယခုလို အသိဓာတ်နှင့် သရဏဂုံတည်မှုဟာ အလွန်ခက်တယ်၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ရဲ့အစဟာ သရဏဂုံတည်မှုဖြစ်တယ်။

                   ဥပရိပဏ္ဏာသ အဋ္ဌကထာမှာ သည်အကြောင်းကို -
                   သောတာပတ္တိဖလသစ္ဆိကိရိယာ ပဋိပန္နောတိ ဧတ္ထ ဟေဋ္ဌိမကောဋိယာတံ သရဏံ ဂတော ဥပါသကော ပိ သောတာပတ္တိဖလ သစ္ဆိကိရိယာယ ပဋိပန္နောနာမ- လို့ ဖွင့်ပြထားတယ်၊ အဓိပ္ပာယ်ကတော့ သောတာပတ္တိဖိုလ်ကို မျက်မှောက်ပြုခြင်းငှာ ကျင့်တဲ့ပုဂ္ဂိုလ်ဆိုတာ အယုတ်ဆုံးအားဖြင့် သရဏဂုံတည်တဲ့ ဥပါသကာပုဂ္ဂိုလ်ကို ဆိုလိုပါသတဲ့၊ ဒါကြောင့် ဗုဒ္ဓသာသနာတွင်း သက်ဝင်ခြင်းရဲ့ အစဟာ သရဏဂုံတည်ခြင်းပဲဖြစ်တယ်၊ သရဏဂုံတည်သူဟာ ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်တယ်၊ သရဏဂုံမတည်သူဟာ ဘယ်လောက်အကျင့်ပင်ကောင်းစေကာမှု ဗုဒ္ဓဘာသာဝင်အစစ်မဟုတ်ဘူး၊ ဗုဒ္ဓဘာသာဝင်ဖြစ်သူဟာ ဗုဒ္ဓတရားကို ယုံကြည်သူဖြစ်လို့ အနိစ္စ, ဒုက္ခ, အနတ္တ ကို မြင်အောင်ရှုနိုင်တယ်၊ ဗုဒ္ဓဘာသာဝင် မဟုတ်သူကတော့ ဗုဒ္ဓတရားတော်ကို ယုံကြည်သူမဟုတ်တဲ့အတွက် အနိစ္စ, ဒုက္ခ, အနတ္တတရားများကို မြင်အောင် မရှုနိုင်ဘူး။

                   ဗုဒ္ဓဘာသာဝင်တို့အတွက် လက္ခဏာရေးသုံးပါးကိုတင်ပြီး မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်မြင်ဖို့ဟာ အရေးအကြီးဆုံးဖြစ်တယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်များဟာ မိမိလည်း သရဏဂုံဆောက်တည်တယ်၊ မိမိရဲ့သားမြေးမြစ်များကိုလည်း ငယ်စဉ်ကစပြီး သရဏဂုံတည်စေတယ်၊ ဗောဓိမင်းသားရဲ့ မယ်တော်ဟာ ကိုယ်ဝန်တည်စကပင် ဝမ်းတွင်းကသားကို ရည်ရွယ်ပြီး သရဏဂုံဆောက်တည်ထားသတဲ့ကွယ်၊ သို့သော်လည်း သရဏဂုံဟာ လောကီသရဏဂုံ, လောကုတ္တရာသဏဂုံရယ်လို့ နှစ်မျိုးရှိရာမှာ လောကုတ္တရာသရဏဂုံဟာ မဂ်ရသည်နှင့်တစ်ပြိုင်နက်ပြီးတဲ့ အတွက် လောကီသရဏဂုံလို ဗုဒ္ဓ သရဏံ ဂစ္ဆာမိ စသည်ဖြင့် ဆောက်တည်ဖို့လည်း မလိုဘူး၊ သရဏဂုံရဲ့ ညစ်ညူးခြင်းလည်း မရှိတဲ့အတွက် ဘယ်သောအခါမှာ ပျက်စီးတယ်လို့ မရှိဘူးကွယ့်၊ လောကီသရဏဂုံကတော့ ပုထုဇဉ်တို့သန္တာန်မှာဖြစ်တဲ့အတွက် လောကုတ္တရာသရဏဂုံလို မခိုင်မာဘူး၊ ယနေ့သာ ရတနာသုံးပါးရဲ့ ကျေးဇူးကိုယုံတယ်၊ နက်ဖြန်ယုံချင်မှ ယုံတယ်၊ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကို ယုံကြည်ခိုက် သရဏဂုံတည်တယ်၊ မယုံကြည်တော့ဘူးဆိုလျှင် သရဏဂုံမတည်တော့ဘူး၊ သရဏဂုံပျက်တက်တယ်၊ အကယ်၍ အသက်ရှင်စဉ် သရဏဂုံမပျက်သော်လည်း သရဏဂုံဟာ အသက်ထက်ဆုံးမျှသာတည်တယ်၊ အသက်ဆုံးသည်နှင့် တစ်ပြိုင်နက် သရဏဂုံပျက်တယ်ကွယ့်။

                   ဗုဒ္ဓဘာသာဝင်တို့အတွက် သရဏဂုံတည်မှုဟာ အလွန်အရေးကြီးတယ်၊ သရဏဂုံပျက်သည်နှင့် မဂ်ဖိုလ်ရဖို့ အခွင့်အရေးဟာလည်း ပျက်တော့တာကိုးကွယ့်၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များဟာ မိမိတို့လည်း သရဏဂုံမပျက်ချင်ဘူး၊ မိမိနှင့်ရင်းနှီးသူများကိုလည်း သရဏဂုံမပျက်စေချင်ကြဘူး၊ သို့သော်လည်း သေမင်းကို မနိုင်လို့, သေခြင်းကိုမတားနိုင်လို့ သေမင်းနောက်လိုက်ပါတဲ့သူဟာ ခုဘဝ သရဏဂုံဆောက်တည်ထားတာ  ပျက်သွားပြီ၊ လူသေရဲ့ သန္တာန်မှာ သရဏဂုံမရှိတော့ဘူး၊ တစ်သက်လုံး ဆောက်တည်ထားတဲ့ သရဏဂုံပျက်သုဉ်းသွားတဲ့အတွက် ကျန်ရစ်တဲ့ ဆွေမျိုးဉာတကာများက အလွန်ဝမ်းနည်းကြတယ်၊ ဒါပေမယ့် ဘယ်လိုမျှ မတက်နိုင်ကြဘူး၊ သည်ဘဝအတွက် လက်လွှတ်လိုက်ကြရပြီ၊ ဟိုဘဝမှာ သတိရလျှင် သရဏဂုံဆက်ပြီး ယူပါစေတော့လို့ လူသေတဲ့အခါ သရဏဂုံတင်ကြခြင်းဖြစ်တယ်ကွယ့်

                   လူသေကောင်ကို သရဏဂုံတင်ရုံနှင့် နောက်ဘဝမှာ သတိရပြီး သရဏဂုံတင်ပြီး ဖြစ်နိုင်ပါ့မလား ဘုရား

                   သည်ဘဝက သရဏဂုံတင်လိုက်တာနှင့် ဟိုဘဝမှာ သရဏဂုံတင်ပြီး ဖြစ်ဖို့ဆိုတာ ခက်တော့ ခက်တာပေါ့ကွယ်၊ သို့သော် သတိပြုစရာက ဗောဓိမင်းသားရဲ့ မယ်တော်ဟာ သူ့ဝမ်းတွင်းသန္ဓေသားကို ရည်ရွယ်ပြီး သရဏဂုံခံယူကြောင်း ဓမ္မပဒ-အဋ္ဌကထာ ဗောဓိရာဇကုမရဝတ္ထုမှာ ပြဆိုထားတယ်၊ သားကိုရည်ရွယ်ပြီး မယ်တော် သရဏဂုံဆောက်တည်တာနှင့် သားဖြစ်သူ သရဏဂုံတည်နိုင်ပါ့မလား၊ တရားကိုယ်အားဖြင့် အမေတခြား သားတခြားပါပဲ၊ သို့သော် မိခင်ရဲ့ကြီးမားသော မေတ္တာကရုဏာဖြင့် သားဖြစ်သူဟာ မိမိရည်မှန်းသလို ဖြစ်သွားစေချင်တယ်ပေါ့၊ သား သရဏဂုံတည်ခြင်း မတည်ခြင်းက ပဓာနမဟုတ်ဘူး၊ မိခင်ရဲ့မေတ္တာ ကရုဟာက ပဓာနဖြစ်တယ်ပေါ့။

                   အဲသည်လိုပဲ လူသေကို သရဏဂုံတင်ခြင်းဟာလည်း သေသောသူဟာ နောက်ဘဝမှာ သရဏဂုံတည်ခြင်း မတည်ခြင်းက ပဓာနမဟုတ်ဘူး၊ ကျန်ရစ်သူများရဲ့ မေတ္တာ ကရုဏာက ပဓာနလို့ယူဆစေချင်တယ်၊ ဥပမာပြောကြစို့ဆိုလျှင် လူသေအလောင်းကို အကောင်းဆုံးအဝတ်များ ဆင်ယင်ခြင်း, အလှဆုံးပန်းများကို ပန်ပေးခြင်း၊ အတီးအမှုတ် အကအခုန်တို့ဖြင့် ဖြေဖျော်ခြင်း၊ အလှဆုံးဖြစ်တဲ့ စံကျောင်း မဏ္ဍပ်များမှာထားခြင်း စသည်များဟာ သူသေအတွက် ဘာမျှအကျိုးမရှိဘူး၊  ကျန်ရစ်တဲ့လူတွေအတွက်လည်း ဘမျှအကျိုးမရှိဘူး၊ သို့သော်လည်း သေသောသူအပေါ် ချစ်သောမေတ္တာ, သနားသောကရုဏာကိုပြချင်လို့ ဒါမျိုးတွေလုပ်ကြတာပဲ၊ နောက်ဆုံးချီးမြှင့်ခြင်းဖြင့် ချီးမြှောက်ကြတာပဲ၊ အဲသည် ဥပမာအတိုင်း သေသူကို သရဏဂုံတင်တဲ့အတွက် သေသူလည်း အကျိုးမရှိဘူး၊ ကျန်ရစ်တဲ့သူလည်း အကျိုးမရှိဘူး၊ သို့သော်လည်း သေသူအပေါ် ကျန်ရစ်သူများက ဒါလောက်ထိ မေတ္တာ ကရုဏာရှိပါတယ်လို့ မိမိတို့ရဲ့ မေတ္တာကရုဏာကို ပြတာပဲ၊ နောက်ဆုံးအနေနဲ့ အတက်နိုင်ဆုံး ချီးမြှောက်လိုက်တာပဲပေါ့ကွယ်   

                  သည်လိုဆို လူသေကို သရဏဂုံတင်ခြင်းဟာ ကျန်ရစ်သူရဲ့ မေတ္တာဂရုဏာကိုပြရုံမျှဖြစ်လို့ ဘာမျှအကျိုးထူး မရှိဘူးပေါ့ဘုရား

                   ဟုတ်တယ်၊ သရဏဂုံဘက်ကကြည့်လျှင်တော့ ဘာမျှအကျိုးထူးမရှိဘူးလို့ ဆိုရမှာပဲ

                   သရဏဂုံဘက်ကကြည့်လျှင်တော့ အကျိုးမရှိဘူး၊ ဘယ်ဘက်ကကြည့်လျှင်တော့ အကျိုးရှိပါသေးလဲ ဘုရား

                   ဒါနဘက်ကကြည့်လျှင်တော့ အကျိုးရှိသေးတယ်လို့ ဆိုရမှာပေါ့ကွယ်

                   ဒါနဘက်က ကြည့်နည်းကိုတော့ အင်္ဂုတ္တရဒသကနိပါတ် ဇာဏုေဿာဏိသုတ်ကို အကျဉ်းချုပ်ပြောရမှာပဲ

                   အမိန့်ရှိပါဦး ဘုရား

                   တစ်ရက်သောအခါ ဇာဏုေဿာဏိပုဏ္ဏားဟာ ဘုရားရှင်ထံချဉ်းကပ်ပြီး ပြဿနာတစ်ခုကို လျှောက်ထားသကွယ့်၊ လျှောက်ထားပုံက အရှင်ဂေါတမ- အကျွန်ုပ်တို့ပုဏ္ဏားမျိုးဟာ မိမိတို့နှင့်နီးစပ်သောသူ ကွယ်လွန်ပါလျှင် ဤအလှူသည် ကွယ်လွန်သူသို့ ရောက်ပါစေလို့ ရည်ညွှန်းပြီး အလှူပြုတက်ကြပါတယ်၊ အဲဒီအလှူဟာ ကွယ်လွန်သူထံ ရောက်မရောက် မိန့်တော်မူပါလို့ လျှောက်ထားတယ်၊ ဘုရားရှင်က ရောက်သင့်သောဌာနကိုရောက်လျှင် ရောက်တယ်၊ မရောက်သင့်သောဌာနကိုရောက်လျှင် မရောက်ဘူးလို့ ဖြေကြားတော်မူတယ်၊  ပုဏ္ဏားက ရောက်သင့် မရောက်သင့်သောဌာနဟာ ဘယ်ဌာနပါလဲလို့ ထပ်လျှောက်တော့ ဘုရားရှင်က ကွယ်လွန်သောပုထုဇဉ်တို့အတွက် လားရောက်ရာဌာ (ဂတိ)ငါးပါးရှိရာမှာ တိရစ္ဆာန်, ငရဲ, လူ, နတ်ဆိုတဲ့ ဂတိလေးပါး ဆိုက်ရောက်ခဲ့လျှင် အလှူရဲ့ အကျိုးကို မခံစားရဘူး၊ ပေတဂတိဆိုသော ပြိတ္တာဘုံသို့ရောက်လျှင် ခံစားတယ်လို့ ဖြေဆိုတော်မူတယ်၊ ပုဏ္ဏားက အကယ်၍ ကွယ်လွန်သူ ပြိတ္တာဘုံမရောက်ပါက ဤဒါနအကျိုးကို အဘယ်သူခံစားရပါ့မလဲလို့ လျှောက်ပြန်တယ်၊  ဘုရားရှင်က ပုဏ္ဏား-အခြားဆွေမျိုးတော်ဖူးသော ပြိတ္တာများခံစားရလိမ့်မယ်လို့ ဟောတော်မူတယ်၊ ပုဏ္ဏားက ပြိတ္တာဘုံမှာ အလှူရှင်နှင့်ဆွေမျိုးတော်စပ်သော ပြိတ္တာမရှိခဲ့သော် အဘယ်သူခံစားရပါ့မလဲလို့ လျှောက်ပြန်တယ်၊ ဘုရားရှင်က ရှည်လျားသောသံသရာကာလတစ်လျှောက်မှာ ဆွေမျိုးမတော်ခဲ့ဖူးသောသူရယ်လို့ မရှိစကောင်းဘူး၊ တစ်ဘဝမှာဆွေမျိုး မတော်ခဲ့သော် အခြားသောတစ်ဘဝမှာ ဆွေမျိုးတော်စပ်ရလိမ့်မယ်၊ အကယ်၍ ပြိတ္တာဘောင်၌ ဆွေမျိုးတော်သူရှိသည်ပင်ဖြစ်စေ မရှိသည်ဖြစ်စေ အလှူ၏ အကျိုးကို ပြိတ္တာတို့ရသည်ပင်ဖြစ်စေ မရသည်ပင်ဖြစ်စေ အလှူရှင်ကား အကျိုးမဲ့မဖြစ်နိုင်၊ ဖြစ်တိုင်းသောဘဝတို့၌ အစားအသောက်, ပန်း, အထူးထူးသော အဆင်တန်ဆာတို့ကိုရနိုင်တယ်၊ ကာမဂုဏ်ငါးပါးတို့ကို ရနိုင်တယ်လို့ ဟောတော်မူတယ်။

                   သည်ဇာဏုေဿာဏိသုတ်ကို ထောက်ရှုပြီး သေသူကိုရည်မှန်းပြီး အလှူအတန်းလုပ်ခြင်းဟာ သူရောကိုယ်ရော အကျိုးရှိနိုင်တာပေါ့၊ သေသူရော ရှင်သူပါ အကျိုးရှိဖို့အတွက် ဒါနပြုတဲ့အခါ သီလရှိသူပြုသောဒါနနှင့် သီလမရှိသူပြုသောဒါနရယ်လို့  ဒါနနှစ်မျိုးပြားခဲ့ပြန်သကွယ့်၊  သီလရှိသူပြုသော ဒါနက သြဇာကောင်းသောမြေပေါ် ချတဲ့မျိုးစေ့လို အကျိုးပေးဖွံ့ထွားတယ်၊ သီလမဲ့သူပြုသောဒါနက ကျတ်တီးကုန်းပြင်မှာ ပစ်ချသောမျိုးစေ့လို အကျိုးပေးမဖွံ့ထွားဘူး၊ ဒါကြောင့် ဒါန အကျိုးပေးဖွံ့ထွားအောင် ဒါနမပြုမီ သီလကို ဆောက်တည်ကြရတယ်၊ ဆောက်တည်တဲ့သီလကလည်း သရဏဂုံအခြေခံသော သာသနာတွင်းသီလနှင့် သရဏဂုံကို အခြေမခံသော သာသနာပ သီလရယ်လို့ နှစ်မျိုးရှိပြန်သကိုး။

                   ယခုလိုသာသနာတွင်းမှာ ဆောက်တည်တဲ့သီလမျိုးက သရဏဂုံအခြေခံသကွယ့်၊ ဒါကြောင့် ငါးပါးသီလ, ရှစ်ပါးသီလ, ဆယ်ပါးသီလတို့ကို မခံယူမီ ရှေးဦးစွာ သရဏဂုံကိုခံယူကြရခြင်းဖြစ်တယ်၊ သည်အခြေခံသဘောတရားကို စဉ်းစားကြည့်လိုက်လျှင် လူတစ်ယောက်ကွယ်လွန်လျှင် ကျန်ရစ်သောဆွေမျိုးသားချင်းတို့က ကွယ်လွန်သူပြိတ္တာဖြစ်သော် ပြိတ္တာဘဝကကျွတ်လွတ်ဖို့, ကွယ်လွန်သူပြိတ္တာ မဖြစ်သော် ပြိတ္တာဘဝမှာရှိကြတဲ့ ရှေးကဉာတိ ပြိတ္တာများကျွတ်လွတ်ဖို့နှင့် မိမိတို့ ဒါနကုသိုလ်ဖို့ ကွယ်လွန်သူအတွက် အလှူဒါနပြုရင်း သီလဆောက်တည်ခြင်း၊ သရဏဂုံယူခြင်းပြုကြရာက နောင်အခါ ကွယ်လွန်သူအပေါ်တင်စားပြီး သရဏဂုံတင်တယ်ဆိုတဲ့စကား ဖြစ်ပွားလာတယ်လို့ အဖြေပေးရမှာပဲကွယ့်၊ ဘယ့်နှယ့် သဘောကျပါရဲ့လား

                   မှန်ပါ့- သရဏဂုံတင်တာကိုတော့ သဘောကျသွားပါပြီ၊ ရက်လည် ဆွမ်းစဉ် ပြုကြခြင်းကိုလည်း အမိန့်ရှိပါဦးဘုရား

                   ကွယ်လွန်သူကိုရည်ရွယ်ပြီး ဒါနပြုခြင်းဟာ ဘယ်အချိန်မှာပြုရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မရှိပါဘူး၊ ပြုလိုသောရက် ပြုလိုသောအချိန်မှာ ပြုနိုင်ပါတယ်၊ သည်လိုပြုနိုင်ပါလျက်နဲ့ ၇-ရက်အတွင်းမှာဖြစ်စေ, ၇-ရက်မြောက်သောနေ့မှာ ဖြစ်စေ ပြုလုပ်ကြခြင်းဟာ ဗုဒ္ဓဝါဒနဲ့ အတ္တဒိဋ္ဌိဝါဒတို့ ရောထွေးနေတဲ့အတွက်ကြောင့် ဖြစ်တယ်ကွယ့်

                   ဘယ်လိုရောထွေးနေပုံလဲ၊ အမိန့်ရှိပါဦးဘုရား

                   ပုထုဇဉ်ပုဂ္ဂိုလ်ဟာ ဗုဒ္ဓဘာသာအဖြစ်ခံယူထားသော်လည်း အတ္တဒိဋ္ဌိကို မပယ်ခွာနိုင်သေးဘူး၊ အတ္တအစွဲအလမ်းက ရှိနေသေးတယ်

                   ဘယ်လိုရှိနေပါသလဲ ဘုရား

                   ရှိပုံက သည်လိုလေ၊ သည်ခန္ဓာကိုယ်ကောင်ကြီးကို ရုပ်နှင့်နာမ် ၂-ပါးစပ်ပြီး တည်ဆောက်ထားတာမှန်သော်လည်း အန္ဓပုထုဇဉ်က ရုပ်နာမ်ဖြစ်တဲ့ ပရမတ်ကိုမမြင်ဘူး၊ ငါပဲသူပဲဆိုတဲ့ ပညတ်မျှကိုသာမြင်နေတယ်၊ ကလျာဏပုထုဇဉ်က ရုပ်နာမ်ဖြစ်သော ပရမတ်ကိုတော့ မြင်ပါရဲ့၊ သို့သော်လည်း ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကိုမြင်ဘူး၊ အဲသည်လိုမမြင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ အတွင်းမှာ ခိုင်မာတဲ့ သတ္တိထူးတစ်ခုရှိနေတယ်၊ သည်သတ္တိထူးဟာ လူသေသော်လည်း သူကမသေဘဲ ထိုထိုဘဝတွေမှာ ကောင်းမှုမကောင်းမှုရဲ့ အကျိုးကို ခံစားရတယ်လို့ အယူမှားနေကြတယ်၊ အဲဒီသတ္တိထူးဟာ ငါကောင်လို့ခေါ်ရတဲ့ အတ္တပဲပေါ့။

                   အချို့က အဲသည်အတ္တဟာ လူသေရဲ့ ခန္ဓာက ထွက်ခွာပြီး နောက်ဘဝမှာ မဝင်စားမီ တစ္ဆေအဖြစ်ဖြင့် အိမ်မှာ ၇-ရက်နေတာကို(အန္တရဘဝ-စုတိပဋိသန္ဓေတို့၏အကြားဘဝ) လို့ ယူဆတက်ကြတယ်၊ အန္တရဝါဒီပုဂ္ဂိုလ်များက အဲဒီကြားကာလ တစ္ဆေဘဝဟာ တန်ခိုးကြီးသောနတ်များလို မြင်ချင်တာကို မြင်နိုင်တယ်၊ ကြားချင်တာကိုကြားနိုင်တယ်၊ ရောက်လိုရာကို ချက်ချင်းရောက်နိုင်တယ်လို့ အယူရှိကြတယ်၊ အဲဒီအန္တရဘဝအယူဖြင့် သေသောသူရဲ့ အတ္တဟာ ဘဝတစ်ပါးမှာ မဖြစ်မီ သာဓုအနုမောဒနာ ခေါ်နိုင်အောင်ရယ်လို့ ရ-ရက်အတွင်း သေသူအတွက် အလှူလုပ်ကြခြင်း ဖြစ်တယ်ကွယ့်

                   အန္တရဘဝဆိုတဲ့ ၇-ရက်အတွင်း အိမ်မှာ တစ္ဆေဖြစ်တယ်ဆိုတာ တကယ်တော့ မဟုတ်ဘူးပေါ့ဘုရား

                   မဟုတ်ပါဘူးကွယ်၊ အဘိဓမ္မတ္ထသင်္ဂဟကျမ်းမှာ -
                   ပစ္စုပ္ပန္နဘဝပရိယောသာနဘူတံ စုတိစိတ္တံ ဥပ္ပဇ္ဇိတွာ နိရုဇ္ဈတိ၊
                   တသ္မိံ နိရုဒ္ဓါဝသာနေ တဿာနန္တရမေဝ ပဋိသန္ဓိသင်္ခါတံ မာနသံ
                   ဥပ္ပဇ္ဇမာနမေဝ ပတိဋ္ဌာတိ ဘဝန္တရေ -
လို့ တိတိကျကျပြထားပါတယ်

                   သင်္ဂဟကျမ်းကလာတဲ့ အဲဒီပါဌ်ရဲ့ အဓိပ္ပာယ်ကိုလည်း ရှင်းပါဦးဘုရား

                   သဂ်ဟကျမ်းရဲ့ အဓိပ္ပာယ်က ပစ္စုပ္ပန်ဘဝရဲ့ အဆုံးဖြစ်တဲ့ စုတိစိတ်ဖြစ်ပြီး ချုပ်သွားသတဲ့၊ စုတိစိတ်ချုပ်ပြီး အကြားကာလရယ်လို့လည်း မရှိဘဲ ဒုတိယဘဝမှာ ချက်ချင်းပဋိသန္ဓေစိတ်ဖြစ်တယ်လို့ ဆိုလိုတယ်ကွယ့်

                   သည်လိုဆို အိမ်ပတ်ဝန်းကျင်မှာ ၇-ရက် တစ္ဆေဖြစ်နေသေးတယ်ဆိုတာ အလကားပြောတာပေါ့ ဘုရား

                   အလကားပြောတာပါကွယ်၊ ဘာမှမဖြစ်ပါဘူး

                   မှန်ပါ - သည်လို သိရတဲ့အတွက် ဝမ်းသာလှပါတယ် ဘုရား

                   သာဓု - သာဓု - သာဓု  





***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၂၄) -  ဘုံကိုးပါးနှင့် ခုနစ်ပါး


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ - ၁၈၆-၁၉၅) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

(ကပ္ပိယ-မောင်ရဲ)
Thursday, September 13,2012        10:48 am



0 comments:

Post a Comment