Thursday, March 7, 2013

ဘုရားရှင်၏ အရပ်တော်


                                                                        ဘုရားရှင်၏ အရပ်တော်                 

                   ဟောသည်မှာဘုရား၊  ၁၈-၈-၈၄- နေ့စွဲနှင့် ဆရာတော်ထံ အမေးပုစ္ဆာတစ်စောင် ရောက်ပြန်ပြီ ဘုရား

                   ဘယ်က အမေးလဲကွယ့်

                   မန္တလေးမြို့၊ အနောက်ပြင်၊ ရတနာပုဂံတိုက်၊ ကျောင်းသစ်ကျောင်း၊ အရှင်စက္ကိန္ဒထံကပါဘုရား

                   အရှင်စက္ကိန္ဒက ဘာတွေများ မေးထားသလဲကွယ့်

                   ယခုအခါ ဘုရားရှင်၏ အရပ်တော်နှင့် ပတ်သက်ပြီး အငြင်းအခုံဖြစ်နေကြပါသတဲ့၊ အချို့က ဘုရားရှင်ရဲ့ အရပ်တော်ဟာ (၁၈)တောင် မရှိဘူး၊ လေးတောင်သာရှိတယ်လို့ ပြောကြပါတယ်တဲ့၊ အချို့ကလည်း လေးတောင်မဟုတ်ဘူး၊ (၁၈)တောင်ရှိတယ်လို့ ငြင်းကြတယ်တဲ့၊ ကာလဒေသ အခြေအနေအရ ဘုရားရှင်ရဲ့ အရပ်တော်ဟာ (၁၈)တောင် မဖြစ်သင့်ဘူး၊ လေးတောင်ဆိုတာ ဟုတ်ကောင်းဟုတ်မှာပဲလို့ ထင်ခဲ့ပါတယ်တဲ့၊ ဒါပေမယ့် ဝိနည်းကျမ်းများအရ (ရှင်စောတစ်ထွာ-မဇ်သုံးထွာ-တို့မှာ ထက်ဝက်တိုး) ဆိုတာကလည်း ရှိနေလေတော့ သည်အယူအဆ နှစ်မျိုးကို ညီညွတ်အောင် ဘယ်လို ယူရပါ့မလဲလို့ မဆုံးဖြတ်နိုင်လို့ ဆရာတော်ထံ စာဖြင့် လျှောက်ထားရခြင်း ဖြစ်ပါတယ်တဲ့၊ သည်ပြဿနာကိုလည်း အဖြေပေးပါဦးလို့ မေးထားပါတယ် ဆရာတော်

                   ဘုရားရှင်ရဲ့ အရပ်တော်ပြဿနာဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅၀)ကျော် လောက်ကစပြီး ဖြစ်ပွားလာသတဲ့ကွယ်၊ ခရစ်သက္ကရာဇ် ၁၉၃၇-ခုနှစ်လောက်ကပေါ့ကွယ်၊ ပြဿနာ စတင် ဖြစ်ပွားလာတဲ့ နယ်မြေကတော့ တိုးတက်ရေးမဂ္ဂဇင်းဖြစ်တယ်၊ ထိုခေတ်က တိုးတက်ရေးမဂ္ဂဇင်းမှာ ကိုစိန်ဖေ၊ ရှေ့နေဦးဘဦး၊ ဘိုးမေတ္တာ၊ ဘိုးဣန္ဒာတို့ဟာ တိုးတက်ရေးစစ်မြေမှာ သူနိုင်ငါနိုင်အပြိုင်ကြဲခဲ့ကြတာပေါ့၊ ဘုရားရှင်အရပ်တော်ဟာ (၁၈)တောင် မရှိတဲ့ ဝါဒကို ဘိုးမေတ္တာတို့၊ ကိုစိန်ဖေတို့က  တင်ပြကြသကွယ့်၊ သူတို့ရဲ့ ယုတ္တိဗေဒက ဘယ်လိုလဲဆိုတော့ ဘုရားရှင်ရဲ့ အရပ်တော်ဟာ (၁၈)တောင်ဆိုလျှင် ဘုရားရှင်ရဲ့ သင်္ကန်းကို ရှင်မဟာကဿပ ဝတ်လို့မဖြစ်၊ လဲ၍ဝတ်သည်ကို ထောက်သောအားဖြင့် ဘုရားရှင်ရဲ့ အရပ်တော်ဟာ သူလိုငါလိုပဲ ဖြစ်ရမယ်ပေါ့၊ ပြီးတော့ ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့နောက် ခန္ဓာတော်ကို သင်္ဂြိုလ်ရန်အတွက် မကုဋဗန္ဓအရပ်ကို ဆောင်ခဲ့ကြတယ်၊ ဘုရားရှင်ရဲ့ အလောင်းတော် မလ္လိကာရဲ့ အိမ်ရှေ့ရောက်တော့ မလ္လိကာက အမောင်တို့- အလောင်းတော်ကို ခဏချပေးကြပါလို့ တောင်းပန်ပြီး သူငယ်ရွယ်စဉ်က ဝတ်ဆင်ခဲ့တဲ့ မဟာလတာတန်ဆာကိုစွပ်ပြီး လှူဒါန်းတယ်၊ အဲသည် မဟလ္လတာတန်ဆာဟာ ဦးခေါင်းတော်မှ ခြေဖျားအထိ ဖုံးလွှမ်းမိတယ်လို့ သုတ်မဟာဝါအဋ္ဌကထာ မဟာပရိနိဗ္ဗာန်နသုတ် အဖွင့်မှာ ဆိုပါသတဲ့၊ အကယ်၍ ဘုရားရှင်ရဲ့အရပ်သာ (၁၈)တောင်ရှိခဲ့လျှင် မိန်းမဝတ်ဆင်တဲ့ သည် မဟာလတာတန်ဆာဟာ ဘယ်မှာ ခြေဖျားတိုင်အောင် စွပ်မိပါ့မလဲ၊ ဒါကြောင့် ဘုရားရှင်ရဲ့ အရပ်တော်(၁၉)တောင် မရှိပါဘူးတဲ့၊ ပြီးတော့ ကပိလဝတ်နန်းတော်ဟာ ပကတိလူသားများအတွက် ဆောက်လုပ်ထားတဲ့ အဆောင်ဖြစ်တယ်၊ သည်အဆောင်တွေမှာ အရပ်(၁၈)တောင်ရှိတဲ့ ဘုရားအလောင်း ဘယ်လို နေထိုင်သွားလာ ဖြစ်ပါ့မလဲတဲ့။

                   ဤသို့သော ယုတ္တိများဖြင့် နှိုင်းချိန်ကြည့်တဲ့အခါ ဘုရားရှင်ဟာ လူသားတစ်ဦးဖြစ်တဲ့အတွက် သူလိုငါလို လူသားတစ်ဦးလောက်ပင် အရပ်ပမာဏ ရှိရမယ်၊ အရပ်တော် (၁၈)တောင်ဆိုတာ ကျမ်းဆရာများက ချဲ့ထွင်ထားတာ ဖြစ်ရမယ်လို့ ယုတ္တိဘက်က ရေးသားကြတယ်၊ အရပ်တော်(၁၈)တောင်ဘက်က ဘယ်လို ချေပသလဲဆိုတော့ အတိုင်းအရှည် ပမာဏနှင့်ပတ်သက်တဲ့ ပညတ်ချက် မှန်သမျှတွေမှာ အလျားမည်မျှ၊ အနံမည်မျှလို့ သာမန် ဟောရိုးမရှိတဲ့(တတြိဒံ ပမာဏံ ဒွါဒသဝိဒတ္ထိယော သုဂတိဒတ္ထိယာ တိရိယံ သတ္တန္တရာ) စသောအားဖြင့် ဘုရားရှင်ရဲ့ အထွာတော်ကို အထူးထည့်ပြီး ဟောထားတယ်၊ အကယ်၍ ဘုရားအထွာတောင်နှင့် ပကတိလူတို့ရဲ့ အထွာဟာ အတူတူဖြစ်ပါလျှင် သုဂတိဝိဒတ္ထိယာ ဆိုတဲ့စကားဟာ အပိုဖြစ်နေလိမ့်မယ်၊ အပိုဖြစ်မယ့် စကားကို ဘုရားရှင် သုံးရိုးမရှိဘူး၊ ဒါကြောင့် ဘုရားရှင်ရဲ့ အရပ်တော်ဟာ ပကတိလူတို့ရဲ့ အရပ်နှင့်မတူဘဲ ပိုမို ကြီးထွားရမယ်လို့ ခုံခံ ပြောဆိုကြတယ်ကွယ့်

                   မဇ္ဈိမ၊ ဋ္ဌ၊ ၂၈၇-မှာ- ရာဇဂြိုလ်ပြည်သား ပုဏ္ဏားတစ်ဦးဟာ ဘုရားရှင်ရဲ့ ပမာဏကို တိုင်းမယ်ရယ်လို့ ဘုရားရှင် ဆွမ်းခံဝင်တဲ့အခါ အတောင်ခြောက်ဆယ်ရှည်တဲ့ ဝါးကိုထောင်ပြီး တိုင်းသတဲ့၊ ဒါပေမယ့် ဝါးဟာ ပဆစ်မျှလောက်သာထင်သတဲ့၊ မကျေနပ်လို့ ဝါးနှစ်လုံးဆက်ပြီး တိုင်းသော်လည်း ဘုရားရှင်ရဲ့ အရပ်တော်ဟာ ဝါးတွေရဲ့ အထက်မှာပဲ တည်သတဲ့၊ ဘုရားရှင်က ပုဏ္ဏား-ဘာလုပ်တာလဲမေးတော့ အရှင်ဘုရားရဲ့ အရပ်တော်ကို တိုင်းတာပါလို့ လျှောက်တယ်၊ ဘုရားရှင်က ပုဏ္ဏား-သင်ဟာ အလုံးစုံသော စကြဝဠာတိုက်အပြည့် ဝါးကို ထောင်တိုင်းသော်လည်း ငါဘုရားရဲ့ ပမာဏကို တိုင်းရမည်မဟုတ်ဘူးလို့ မိန့်တော်မူသတဲ့၊ ဒါကြောင့် ရူပအစိန္တေယျ ဖြစ်တော်မူတဲ့ ဘုရားရှင်ရဲ့ အရပ်တော်ကို လေးတောင်မျှနှင့် မဆုံးဖြတ်သင့်ဘူး ဆိုကြတယ်ကွယ့်

                   သည်လိုဆို သည်ဝါဒနှစ်ရပ်အနက် ဘယ်ဝါဒက မှန်တယ်လို့ ဆုံးဖြတ်ပါသလဲ ဘုရား

                   ဘယ်ဝါဒက မှန်တယ်လို့ ဘယ်သူကမျှ မဆုံးဖြတ်နိုင်ပါဘူး၊ နောက်ဆုံးတော့ သူကြိုက်တာ သူယူ၊ ကိုယ်ကြိုက်တာ ကိုယ်ယူပြီး အဆုံးသတ်သွား တာပါပဲ

                   သည်ပြဿနာဟာ အခု တော်တော်လေး လှုပ်ရှားလာဟန်တူတယ်ဘုရား ဆရာတော်ကတော့ ဘယ်ဘက်က သဘောကျပါသလဲ

                   သဘောကျ-မကျနှင့် ပတ်သက်ပြီး နည်းနည်း သတိပြုဖို့ ပြောပြဦးမယ်

                   မိန့်တော်မူပါဘုရား

                   ကမ္ဘာပေါ်မှာ ဘုရားရှင်ရဲ့ သာသနာတော်ကြီး နှစ်ခုရှိတယ်ကွယ့်၊ တောင်ဂိုဏ်းသာသနာနှင့် မြောက်ဂိုဏ်းသာသနာပေါ့၊ မြောက်ဂိုဏ်းသာသနာ ဆိုတာက အိန္ဒိယပြည်မြောက်ပိုင်း ခိုတန်၊ ကသျှမီရ၊ ဂန္ဓာရ၊ နီပေါ၊ တိဗက်၊ မွန်ဂိုလီးယား၊ တရုတ်၊ ဂျပန်၊ ဗီယက်နမ်တစ်လျှောက် ထွန်းလင်တောက်ပတဲ့ ဗုဒ္ဓသာသနာဖြစ်တယ်၊ အဲသည် မြောက်ပိုင်း ဗုဒ္ဓသာသနာက သီလဆိုတဲ့ အလေ့အကျင့်နှင့် ပညာဆိုတဲ့ အတွေးအခေါ်နှစ်ပိုင်းမှာ ပညာဆိုတဲ့ အတွေးအခေါ်ပိုင်းမှာ ပါဝင်တယ်၊ ဘုရားရှင်က (အံ ၃၊ပါ ၁၈၉) ကေသမုတ္တိသုတ္တန်မှာ အတွေးအခေါ် (၁၀)ချက်ကို ဟောထားတယ်၊ အတွေးအခေါ်(၁၀)ချက်က -
                   (၁) ပြောသံကြားဖြင့် အမှန်မယူရ၊
                   (၂) အစဉ်အဆက်စကားဖြင့် အမှန်မယူရ၊
                   (၃) ဤသို့ ဖြစ်ဖူးသည် ဆိုကာမျှဖြင့် အမှန်မယူရ၊
                   (၄) စာပေနှင့် တွေးတောယူခြင်းဖြင့် အမှန်မယူရ၊
                   (၅) ကြံဆ တွေးတောယူခြင်းဖြင့် အမှန်မယူရ၊
                   (၆) နည်းမှီယူခြင်းမျှဖြင့် အမှန်မယူရ၊
                   (၇) အခြင်းအရာကို ကြံစည်နှစ်သက်သောအားဖြင့် အမှန်မယူရ၊
                   (၈) ငါ့အယူအဆနှင့် တူသည်ဟု အမှန်မယူရ၊
                   (၉) မှတ်သားထိုက်သည်ဆိုကာမျှဖြင့် အမှန်မယူရ၊
                   (၁၀) လေးစားထိုက်သောသူ၏ စကားဟူ၍လည်း အမှန်မယူရ-တဲ့။

                   မိမိကိုယ်တိုင် သိသောအခါမှ အမှန်ယူဆရမှာကိုးကွယ့်၊ သည်အတွေးအခေါ် အချက်များကို မြောက်ပိုင်းဂိုဏ်သားများက အလွန် သဘောကျပါတယ်၊ ဒါကြောင့် ဘုရားရှင် လက်ထက်တော်တုန်းကပင်လျှင် အချို့က ဘုရားရှင်ဟောတိုင်း လက်မခံကြဘူး၊ သဘာဝယုတ္တိနှင့် ညှိပြီး ကိုက်ညီမှ လက်ခံတယ်၊ မကိုက်ညီဘူး ဆိုလျှင် ဘုရားရှင်ကိုသော်လည်း ဝေဖန်ရဲကြတယ်၊ ဥပမာအားဖြင့် အရိဋ္ဌ ရဟန်းတို့က ဏ္ဋကသာမဏေတို့ ဆိုပါစို့၊ သူတို့ဟာ ဘုရားပတ်ထားတဲ့ ပထမ ပါရာဇိကကိုတောင် ပါရာဇိက မဖြစ်သင့်ဘူးလို့ ဝေဖန်ခဲ့ကြတာပေါ့

                   မှန်ပါ - အဲသည် အရိဋ္ဌနှင့် ကဏ္ဋကတို့အကြောင်း နည်းနည်း အမိန့်ရှိပါဦး ဘုရား

                   အရိဋ္ဌနှင့် ကဏ္ဋကတို့ရဲ့ ပတ်ချက်ကတော့ ပါတိမောက် သပ္ပါဏကဝဂ်မှာရှိတယ်၊ မူလပဏ္ဏာသပါဠိတော် သြပမ္မဝဂ်မှာလည်း အလဂဒ္ဒူပမသုတ်ဆိုတဲ့အမည်နှင့် သုတ်တစ်သုတ် ဟောထားတာရှိတယ်၊ ဘုရားသခင် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတော်မူစဉ်အခါ အရိဋ္ဌအမည်ရှိတဲ့ ရဟန်းမှာ သည်လို အကြံဖြစ်သတဲ့ကွယ်၊ ဘုရားသခင်ဟာ မေထုန်မှီဝဲသော ရဟန်းအား ပါရာဇိကကျစေလို့ ပညတ်တော်မူထားတယ်၊ ပါရာဇိကဆိုတာဟာ သာသနာတော်မှာ ဆုံးရှုံးခြင်းဖြစ်တယ်၊ သာသနာတော်မှာ  ဆုံးရှုံးတယ်ဆိုတာဟာလည်း မဂ်ဉာဏ်ဖိုလ်ဉာဏ် မရနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်တယ်၊ အမှန်ကတော့ မှေထုန်မှီဝဲရုံနှင့် ဘာကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ် ဆိတ်သုဉ်းရမှာလဲ၊ မေထုန်မှီဝဲတယ်ဆိုတာဟာ ဘကာမဂုဏ်ကို ခံစားတာပဲ၊ ကာမဂုဏ်ဆိုတာ မေထုန်တစ်ခုတည်း မဟုတ်ဘူး၊ အဆင်းအပေါ် တပ်မက်ခြင်း၊ အသံပေါ်တပ်မက်ခြင်း၊ အနံ့အပေါ် တပ်မက်ခြင်း၊ အရသာအပေါ် တက်မက်ခြင်း၊ အထိအတွေ့အပေါ် တပ်မက်ခြင်းတွေဟာလည်း ကာမဂုဏ်ဆိုတာ ခံစားတာပဲမဟုတ်လား၊ အဲသည် ကာမဂုဏ် ခံစားတာတွေတော့ ပါရာဇိကမကျဘဲ မေထုန်မှီဝဲမှ ဘာကြောင့် ပါရာဇိက ကျမလဲ၊ သည်ကာမဂုဏ်ငါးပါးမှာ ဖောဋ္ဌဗ္ဗဆိုတဲ့ အတွေ့အထိ ကာမဂုဏ်က အားကြီးလို့ ပါရာဇိက ကျတာပါဆိုခဲ့လျှင် အခြား ပိုးဖဲကတ္တီပါ စသော အတွေ့အထိများ ခံစားတော့ ဘာကြောင့် ပါရာဇိကမကျသလဲ၊ ပြီးတော့ လူသား ဥပါသကာ ဥပါသကီတွေ သူတို့မှာ လင်နှင့်မယား ပျော်ပါးနေထိုင်ရင်း တစ်မဂ်တစ်ဖိုလ် ရကြတယ်မဟုတ်လား၊ ရဟန်းကျမှ အဝတ်ချင်းကွဲရုံနှင့် ဘာကြောင့် ပါရာဇိကကျရမလဲ၊ အဲသည်လို အကြံကြီးပြီး ဘုရားရှင်ရဲ့ ပထမပါရာဇိက သိက္ခာပုဒ်ကို ဝေဖန်ခဲ့ကြတယ်၊ အရိဋ္ဌရဟန်းနှင့် ကဏ္ဋကသာမဏေတို့ရဲ့ ဝေဖန်ချက်ဟာ ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က ဖြစ်လို့ပေါ့၊ သို့မို့ရင် သည်ဝါဒကိုပြေပျောက်အောင် နှိမ်နင်းဖို့ မလွယ်ဘူး၊ သို့သော်လည်း ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်သွားပြီးနောက် ပညာဂရုကပုဂ္ဂိုလ်တွေဟာ ခေတ်နှင့် အံမဝင်သော၊ သဘောဝမကျသော၊ လူတိုင်း လက်မခံနိုင်သော၊ ကျပ်တည်း ကျဉ်းမြောင်းသော အတွေးအခေါ်များကို ပဋိကတ်တော်အတွင်းက တစ်စတစ်စထုတ်ပယ်ပစ်ခဲ့ကြတယ်။

                   ကာလဒေသနှင့်လျော်သော၊ လူတိုင်းလက်ခံနိုင်သော၊ ဟောပြောလျှင် ယုံကြည်လွယ်သော အတွေးအခေါ်များကို ပိဋကတ်တော်အတွင်း ထိုးသွင်းခဲ့ကြတယ်၊ အဲဒါကြောင့် မူလပိဋကတ်တော်များကို မပစ်ပယ်နိုင်သော ပုဂ္ဂိုလ်များနှင့် လမ်းခွဲခဲ့ကြတယ်၊ အဲသည် လမ်းခွဲထွက်သွားကြတဲ့ ပုဂ္ဂိုလ်များဟာ ခေတ်မီသော ပုဂ္ဂိုလ်များ၊ ပညာတတ် ပုဂ္ဂိုလ်များဖြစ်ကြတယ်၊ သူတို့က ဘယ်လို ပြောသွားသလဲဆိုတော့ ကျန်ရစ်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ အယူသည်းပုဂ္ဂိုလ်တွေ၊ အမေမှာတဲ့ ဆန်တစ်ခွဲ သုံးစိတ်နှင့်မလဲ ဆိုတဲ့ ပုဂ္ဂိုလ်တွေ၊ ခေတ်မမီတဲ့ ရှေးရိုးလူကြီးတွေလို့ ပြောသွားကြတယ်၊ သူတို့ပြောသွားတဲ့ စကားအရ တောင်ဂိုဏ်းသာသနာကို  ဟိနယာနဂိုဏ်း၊ ထေရဝါဒဂိုဏ်းလို့ ယနေ့အထိ ခေါ်နေကြရတယ်၊ မြောက်ဂိုဏ်းက မဟာယနပုဂ္ဂိုလ်တွေဟာ ဗုဒ္ဓသာသနာတော်ကို ခေတ်နှင့်အမီ ပြုပြင်ခဲ့ကြလို့ ယနေ့ဆိုလျှင် မြောက်ဂိုဏ်းသာသနာမှာ စင်ကြယ်သော ပဋကတ်တော်လည်း မရှိတော့ဘူး၊ ပါတိမောက်နှင့်အညီ ကျင့်သုံးနေထိုင်တဲ့ ရဟန်းတော်ဆိုတာလည်း မရှိတော့ဘူး၊ သားနှင့်မယားနှင့် ဘုန်းကြီးတွေ ခေတ်စားကုန်ပြီ၊ ငါတို့ရဲ့ သာသနာက မဟာယန သာသနာမဟုတ်ဘူး၊  အမေမှာတဲ့ ဆန်တစ်ခွဲကို သုံးစိတ်နှင့်မလဲရတဲ့၊ ဟိနယာန-ထေရဝါဒ သာသနာတော်ဖြစ်တယ်၊ ထေရဝါဒ သာသနာဟာ ဘုရားဟောသော ပါဠိတော်နှင့် ရှေးဆရာများဖွင့်ထားတဲ့ အဋ္ဌကထာ၊ အဲသည်ဟာကို မြဲမြဲဆုပ်ထားရတဲ့ သာသနာဖြစ်တယ်၊ ပါဠိတော်ကလာတယ်ဆိုလျှင် အဋ္ဌကထာက လာတယ်ဆိုလျှင် ခံငြင်းဖို့ မပြင်ဆင်ရဘူး၊ အရှိကိုအရှိအတိုင်း မှတ်ရမယ်၊ အကယ်၍ ရှုပ်ထွေးလာခဲ့လျှင် မဟာပဒေသလေးပါးနှင့် ဝေဖန်ယူရမယ်၊ မဟာပဒေသလေးပါးဆိုတာ လောကယုတ္တိနှင့် ညှိနိုင်းဝေဖန်တာ မဟုတ်ဘူး၊ ကျမ်းလာစကားနှင့် တိုက်ဆိုင်ပြီး ယူရတာကို ဆိုလိုတယ်။ (အံ ၄၊ ၄၈၄၊ ၄၈၉)

                   အကယ်၍ ကျမ်းလာစကားနှင့် မတိုက်ဆိုင်ဘဲ လောကယုတ္တိနှင့်သာ တိုက်ဆိုင်ယူရမယ်ဆိုလျှင် ဈာန်အရာ၊ ကံအရာ၊ မဂ်ဉာဏ်အရာ၊ ဖိုလ်ဉာဏ်အရာတွေဟာ ဘယ်မှာ ကျန်တော့မလဲ၊ ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကော ကျန်ပါဦးမလား၊ ၅၅၀-နိပါတ်တော်တွေ၊ ဓမ္မပဒ ဝတ္ထုတွေဟာလည်း ယုတ္တိစားတာနှင့် ကုန်သွားလိမ့်မယ်၊ ဒါကြောင့် ထေရဝါဒဂိုဏ်းရဲ့မူအရ ပြဿနာ တစ်ခုပေါ်လာလျှင် ကျန်းများက ဘယ်လိုဆိုသလဲဆိုတာ ကျန်းဂန်နှင့်စိစစ်သင့်တယ်၊ နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့များ ဖွဲ့ပြီး ဓမ္မ-အဓမ္မ အဆုံးအဖြတ်ပေးနေတာဟာလည်း ယုတ္တိနှင့် အဆုံးအဖြတ်ပေးနေတာ မဟုတ်ဘူး၊ ကျန်းဂန်နှင့်ညှိနှိုင်းတိုက်ဆိုင်ပြီး အဆုံးအဖြတ်ပေးနေခြင်းဖြစ်တယ်၊ အကယ်၍ ကျန်းဂန်အဆိုကို မကြိုက်ဘူး၊ ယုတ္တိယုတ္တာတွေနှင့် စိစစ်ချင်ပါတယ်ဆိုလျှင် ထေရဝါဒအတွင်းမှာ မနေဘဲ မဟာယနဂိုဏ်အတွင်း ဝင်ရောက်ဖို့ပဲ ရှိတယ်။

                    သည်လိုဆို ထေရဝါဒဆိုတာကျမ်းလာစကားမှန်သမျှ မျက်စိမှိတ်ပြီး ယုံရမယ်၊ ယုတ္တိယုတ္တာ ရှိမရှိ မစစ်ဆေးရဘူးလို့ အဓိပ္ပါယ်ပေါက်နေတာပေါ့ ဘုရား

                   အမှန်ကတော့ ကျမ်းလာစကားကို မစစ်ဆေးရဘူးလို့ မဆိုလိုပါဘူး၊ သို့သော်လည်း ကျမ်းပြုပုဂ္ဂိုလ်ရဲ့ ဉာဏ်နှင့် မိမိရဲ့ဉာဏ်အဆင့်အတန်းချင်း တူမတူ ရှေးဦးစွာ သိထားရမယ်၊ ကျမ်းပြုပုဂ္ဂိုလ်ကို ဗုဒ္ဓမတညူလို့ ချီးကျူးကြရတယ်၊ ဘုရားလိုတော်ကို သိတယ်ပေါ့၊ ဒီလို ဘုရားအလိုတော်ကိုသိတဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ ယူဆချက်ကို ကိုယ်ယူဆချက်နှင့် မတူရုံနှင့် ပယ်ချဖို့ မသင့်သေးဘူး၊  မိမိက ကျမ်းပြုပုဂ္ဂိုလ်ရဲ့ အယူအဆကို မှီအောင် လေ့လာရမယ်၊ ကျန်းဂန်ကို ပုတ်ခတ်ပြီး အဖြေမရှာကောင်းဘူး၊ ကျန်းဂန်ကို ပုတ်ခတ်ပြီး အဖြေရှာခဲ့လျှင် ဗုဒ္ဓသာသနာတော်ကြီး ကွယ်သွားတက်တယ်။

                   ဥပမာ-ယခု ဘုရားအရပ်တော်နှင့် ပတ်သက်ပြီး ဆိုကြပါစို့၊ ဗုဒ္ဓဝင်ပါဠိတော် (၃၈၀) မှာ -

                   အဟံ အဿတ္ထ မူလမှိ၊ ပတ္တော သမ္ဗောဓိ မုတ္တမံ။
                ဗျာမပ္ပဘာ သဒါ မယှံ၊ သောဠသဟတ္ထမုဂ္ဂတာ
                   လို့ ဟောထားတယ်၊ ငါဟာ ညောင်ဗုဒ္ဓဟေပင်ရင်းမှာ မြတ်သောဗောဝိဉာဏ်ကို ရတယ်၊ ငါဟာ တစ်လံမျှလောက်သော ရောင်ခြည်တော် အမြဲရှိတယ်၊ အရပ်တော် (၁၆)တောင် မြင့်တယ်လို့ ဆိုလိုတာပေါ့၊ အရပ်တော် (၁၆)တောင် မြင့်တယ်လို့ ဆိုလိုတာပေါ့၊ အရပ်တော် (၁၆)တောင် ဆိုတာကို ရှင်စောတစ်ထွာ၊ မဇ်သုံးထွာ၊ တို့မှာ ထက်ဝက်တိုး ဆိုတာနှင့် ဂဏန်းတွက်ချက်ဖို့ လွယ်ကူအောင် အဋ္ဌကထာဆရာက အမှာကံ ဘဂဝါ အဋ္ဌာရသ ဟတ္ထုဗ္ဗေဓော အဟောသိ”  ငါတို့ရဲ့ ဘုရားရှင်ဟာ အရပ်တော် (၁၈)တောင် မြင့်တယ်လို့ ဖွင့်ထားတယ်၊ သည်နေရာမှာ ဘုရားရှင်ရဲ့ အရပ်တော် အစစ်ကတော့ (၁၆)တောင်ပါပဲ၊ (၁၈)တောင်ဆိုတာ ဂဏန်းအတွက် လွယ်ကူအောင် အနည်းငယ်ပိုထားခြင်းဖြစ်တယ်၊ (၁၆)တောင်ဖြစ်စေ၊ (၁၈)တောင်ဖြစ်ပင်စေ လောကလူသားတို့ရဲ့ အရပ်နှင့် စံချိန်မတူလို့ မမှန်ဘူး၊ အလကား ချဲ့ထွင်ထားတာဆိုခဲ့လျှင် သည်စကားရပ်ဟာ သည်မှာတင် မရပ်ဘူး။

                   ဒီပင်္ကရာ၊ ရေဝတ၊ ပိယဒဿီ၊ အတ္ထဒသီ၊ ဓမ္မဒဿီ၊ ကောဏ္ဍည၊ မင်္ဂလ၊ နာရဒ၊ သုမေဓာဘုရားများ အရပ်တော် (၈၈)တောင် ရှိတယ်ဆိုတာတွေ၊ သုမနဘုရားအရပ်တော် အတောင်ကိုးဆယ်ဆိုတာတွေ၊ သောဘိတ၊ အနောမဒဿီ၊ ပဒုမ၊ ပဒုမုတ္တရ၊ ဖုဿဘုရားရှင်တော်တို့အရပ်တော် (၅၈)တောင် ဆိုတာတွေ၊ သုဇာတဘုရားရှင် အရပ်တော် အတောင် (၅၀)တာတွေ၊ သိဒ္ဓတ္ထ၊ တိဿ၊ ဝေဿဘူဘုရားများ အရပ်တော် အတောင် (၆၀)ဆိုတာတွေ၊ သိခီဘုရား အရပ်တော် အတောင် (၇၀)ဆိုတာတွေ၊ ကကုသန်(၄၀)၊ ကောဏာဂုမ်(၃၀)၊ ကဿပဘုရားအတောင် (၂၀)ဆိုတာတွေလည်း အကုန်လုံး ရေဖြစ်ကုန်တော့မှာပဲ၊ သည်မျှနှင့် ရပ်တော့မလားဆိုတော့ မရပ်သေးဘူး၊ ဥပမာ ပြောပြဦးမယ်၊ မြစ် ချောင်း ကန်အတွင်းက ရေများ မယိုဖိတ်ရအောင် ဆည်ဖို့ထားတဲ့ ကန်ပေါင်ရိုးတွေ ရှိတယ်မဟုတ်လား

                   မှန်ပါ - ရှိပါတယ် ဘုရား

                   အေး -အဲသည် ကန်ပေါင်ရိုးတွေ တစ်နေရာရာမှာ ပေါက်ခဲ့လျှင် အပေါက်လုံသွားအောင် ချက်ချင်းမြေဖို့၊ သဲဖို့၊ ကျောက်ဖို့ကြတယ်မဟုတ်လား၊ အကယ်၍ ရေပေါက်ကလေးပဲ မပြောပလောက်ပါဘူးဆိုပြီး ပစ်ထားလိုက်လျှင် ရေပေါက်ကလေးက ရေတွေ ဒလဟော တိုးကန် စားလိုက်တဲ့အတွက် ကန်ပေါင်ရိုးကြီးလည်းပျက်၊ ရေတွေလည်း ကုန်သွားတက်တာဟာ သည်ယနေ့ မျက်မြင်ပဲ၊ အဲသည် ဥပမာအတိုင်း ပိဋကတ်တော်ဆိုတာ အပေါက်မရှိအောင် အထပ်ထပ် သင်္ဂါယနာတင်ထားတဲ့ ကန်ပေါင်ရိုးကြီးပဲ၊ သည်ကန်ပေါင်ရိုးကြီး အတွင်းက အပေါက်တစ်ခု ပေါက်ခဲ့လျှင် ငါတို့ ထေရဝါဒက သည်အပေါက်ကို ဖြဲမပစ်ရဘူး၊ လုံအောင် ပြန်ဖာထေးရမယ်၊ အကယ်၍ လုံအောင်မဖာထေးဘဲ ဖြဲပေးလိုက်မယ်ဆိုလျှင် သာသနာတော်တည်းဟူသော ရေတွေဟာ တစ်စက်မျှ ကျန်မှာ မဟုတ်ဘူး၊ ဒါကြောင့် ဘုရားရှင်ရဲ့ အရပ်တော်ကို ပါဠိတော်လာအတိုင်း (၁၆)တောင်ပဲ ထားလိုက်ကြစို့ လို့ အဖြေပေးလိုက်ပါတယ်ကွယ်

                                      သာဓု-သာဓု-သာဓု


***ဆက်ရန်***
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၃၂) ဘုရားရှင်၏ ရိုက်ခြင်း၊ သတ်ခြင်း


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၂) (စာမျက်နှာ ၂၉-၃၇) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71
Wednesday, September 26,2012        10:02 am

0 comments:

Post a Comment