Monday, March 4, 2013

“မောင့်သဘောအတိုင်းပါပဲ”



တခါတုန်းက ရွာတရွာမှာ ပညာရှိတစ်ဦးရှိတယ်။ 
ဒီပညာရှိဟာ လူတွေရဲ့ အခက်အခဲတွေ ၊ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တော့ သူ့ရဲ့ကျော်စောသတင်းက သိပ်ကြီးနေတယ်။
ရပ်ဝေး ရပ်နီးကလူတွေဟာ သူ့ဆီလာပြီးမေးကြ၊ မြန်းကြ၊ အကြံဉာဏ်ယူကြရတယ်။
လာဘ်သပ္ပကာတွေကလည်း ဒီပညာရှိမှာ သိပ်ပေါများတယ်။
ဒါကို ရွာမှာရှိတဲ့ လူရမ်းကား တသိုက်က သိပ်ကို မနာလို ဖြစ်နေကြတယ်။

ဒါနဲ့ တနေ့မှာ ဒီလူရမ်းကားတွေကို ခေါင်းဆောင်လုပ်တဲ့ လူက “ဒီပညာရှိကို ဒို့တတွေ အရှက်ခွဲကြရအောင်” လို့ ပြောပြီး
သူ့အပေါင်းအဖော်တွေနဲ့ ဘယ်ပုံဘယ်နည်းအရှက်ခွဲမယ်ဆိုတာ ဆွေးနွေးတိုင်ပင်ကြတယ်။
တိုင်ပင်ဆွေးနွေးပြီးတော့ အများသဘောကျ အစီးအစဉ်တွေဆွဲတယ်။ ရမ်းကားတဲ့သူတွေဆိုတော့ ရမ်းကားတဲ့ အစီအစဉ်တွေပဲ ဆွဲကြတာပေါ့။

သူတို့အစီအစဉ်က ဘယ်လိုလဲဆိုတော့ . . . 
လူရမ်းကားခေါင်းဆောင်ရဲ့လက်ထဲမှာ ငှက်ငယ်တကောင်ကို အရှင်ဆုပ်ကိုင်ထားမယ်။
ဒီလိုဆုပ်ကိုင်ပြီး ပညာရှိ လာတက်တဲ့ လမ်းက စောင့်မယ်။ ဒီလမ်းကလာလို့ သူတို့အနားကို ပညာရှိရောက်လာတဲ့အခါမှာ ခေါင်းဆောင်လုပ်တဲ့သူက သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ငှက်ကို ပညာရှိကိုပြပြီး . . .
“ပညာရှိကြီး . . . ဟောဒီ ကျုပ်လက်ထဲမှာ ကိုင်ထားတဲ့ငှက်ဟာ အသေလား၊ အရှင်လား” လို့ မေးမယ်။
ဒီလိုမေးတဲ့အခါ ပညာရှိက “ငှက်ဟာ အရှင်ပါ” လို့ ဖြေချင်ဖြေမယ်။
ဒီလိုဖြေရင် ငှက်ကို လက်နဲ့ချက်ချင်းညှစ်သတ်ပြီး “ဘယ်ကလာ အရှင်ရမှာလဲ၊ ဟောဒီမှာကြည့် . . .  အသေပါ” လို့ ပြမယ်။

တကယ်လို့ ပညာရှိက “ငှက်ဟာ အသေပါ” လို့ ဖြေပြန်ရင်လဲ “ဘယ်ကလာ ဟုတ်ရမလဲ၊ ဟောဒီမှာကြည့် . . .  အရှင်ပါ” လို့ ပြောပြီး
ဆုပ်ကိုင်ထားတဲ့ ငှက်ကို လွှတ်ပြမယ်ဆိုတဲ့ အစီအစဉ်ပဲ။ ဒါဆိုရင် ပညာရှိဟာ ဘယ်လိုပဲ ဖြေဖြေ သူ့အဖြေဟာ မှားမှာပဲ။
ဒီအခါမှာ ပညာရှိကို “ဒါလားကွာ ပညာရှိတဲ့၊ ငှက်ကို အရှင်မှန်း အသေမှန်းတောင် မသိတဲ့သူပဲ” လို့ ဝိုင်းပြီး ဟစ်အော် ပြောင်လှောင်ယင်း သိက္ခာချလွှတ်လိုက်တာပေါ့လို့လဲ အစီအစဉ်လုပ်ထားတယ်။ သူတို့အစီအစဉ်တွေအပေါ် မှာလဲ သိပ်ကို သဘောကျ ကျေနပ်နေကြတယ်။

ဒါနဲ့ တနေ့မှာ သူတို့ကြိုတင်စီစဉ်ထားတဲ့အတိုင်း ပညာရှိလာမယ့် လမ်းကနေစောင့်နေကြတယ်။
မကြာခင်မှာပဲ ပညာရှိဟာ သူတို့စောင့်နေတဲ့လမ်းအတိုင်း လျှောက်လာတယ်။
သူတို့အနားကို ပညာရှိ ရောက်လာတော့ လူရမ်းကားတွေရဲ့ ခေါင်းဆောင်က . . .
“ပညာရှိကြီး . . . ခဏရပ်ပါအုံး” လို့ ပြောတယ်၊ ပညာရှိက ရပ်နေတယ်။

ဒီအခါမှာ လူရမ်းကားခေါင်းဆောင်က . . .
“ပညာရှိကြီး - အသင်ပညာရှိကြီးဟာ ပညာရှိပါပေတယ်လို့ ရပ်နီးရပ်ဝေးမှာ သတင်းကြီးနေသူပဲ၊
တကယ်ပဲ ပာာရှိတယ် မရှိဘူးဆိုတာ ကျုပ်တို့သိချင်လို့ပါ၊ ကျုပ် အခုမေးတဲ့ ပြဿနာလေးကို ဖြေစေချင်ပါတယ်”  လို့
ခနဲ့တဲ့လေသံနဲ့ သူ့လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ငှက်ကိုလဲ ပညာရှိရဲ့ မျက်နှာအနားမှာ ပြပြီးတော့ မေးတယ်။
“ကဲ . . . ပညာရှိကြီး၊ ကျုပ်မေးတာကို ဖြေစမ်းပါ၊ ကျုပ်လက်ထဲမှာရှိတဲ့ငှက်ဟာ အသေလား အရှင်လား”
လူရမ်းကားခေါင်းဆောင်နဲ့ သူ့အဖွဲ့ကတော့ ပညာရှိဟာ တခုခုတော့ဖြေမှာပဲလို့ ထင်နေကြတယ်။
ဖြေတိုင်းလဲ မှားမှာပဲ။ ဒီလိုမှားရင်တော့“ဒါတဲ့လားကွာ ပညာရှိ၊ ဒီလောက်ပြဿနာကလေးကိုတောင် မှန်အောင် မဖြေနိုင်ဘူး” ဆိုပြီး
ဟားတိုက်ရယ်မောဖို့၊ ပြောင်လှောင်ကြဖို့ ဟန်ပြင်ထားကြတယ်။

ဒါပေမယ့် ပညာရှိရဲ့အဖြေက သူတို့ထင်ထား၊ မျှော်လင့်ထားတဲ့အဖြေမျိုး ထွက်မလာတော့ဘူး။
ဘာကြောင့်ဆိုတော့ လူရမ်းကားခေါင်းဆောင်ရဲ့ လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ ငှက်ငယ်ကိုကြည့်ပြီး ပညာရှိဖြေလိုက်ပုံက . . . 
“မောင့်သဘောအတိုင်းပါပဲ” တဲ့။
ပညာရှိဆိုတော့ သူ့အဖြေစကားထဲမှာ ပညာအပြည့်ပါနေတယ်။ အမြော်အမြင်တွေလဲ အများကြီးပါနေတယ်။
လူရမ်းကားတွေအပေါ် ကရုဏာသတ်ခြင်းတွေလဲ ပါနေတယ်။ ငှက်ငယ်ရဲ့ သေမှု၊ ရှင်မှုဟာ လူရမ်းကားရဲ့ လက်ထဲမှာပဲ ရှိနေတယ်။
သူက အရှင်ပါလို့ ဖြေလိုက်ရင် လူရမ်းကားက ငှက်ငယ်ကို ညှစ်သတ်ပစ်မှာသိတယ်။
ငှက်ငယ်ဟာ အသေပါလို့ပြောယင်လဲ လူရမ်းကားက ငှက်ငယ်ကို လွှတ်ပြမှာကို သူသိတယ်။
ငှက်ငယ်ရဲ့ သေမှု ရှင်မှုနဲ့ မှားမှု မှန်မှုဟာ လူရမ်းကားရဲ့ လက်ထဲမှာ ရှိနေတယ်။
သူရမ်းကားပြုတဲ့အတိုင်း၊ လူရမ်းကားရဲ့ ဆန္ဒသဘောထားအတိုင်း ဖြစ်ဖို့ရှိနေတယ်ဆိုတာ ပညာရှိဟာ မြင်နေတယ်။

ဒါလောက်တွင်မကသေးဘူး။ လူတဦးဟာ မိမိဘဝကို ကောင်းအောင်၊ ဆိုးအောင်၊ လူမိုက်ဖြစ်အောင်၊ လူလိမ္မာဖြစ်အောင်၊
တိုးတက်အောင်မြင်သူဖြစ်အောင်၊ ကျရှုံးသူဖြစ်အောင် ပဓာနအားဖြင့် မိမိကိုယ်တိုင်ဖန်တီးနိုင်တယ်။
မိမိဘဝဟာ မိမိလက်တွင်းမှာ ပဓာနအားဖြင့် ရှိနေတယ်ဆိုတာကိုလဲ ပညာရှိဟာ မြော်မြင်ဆင်ခြင်နေမိတယ်။
ဒါကြောင့် “မောင့်သဘောအတိုင်းပါပဲ” လို့ ဖြေလိုက်ခြင်းဖြစ်တယ်။
လူရမ်းကားတွေဟာ ပညာရှိရဲ့ အဖြေကို ဘယ်လိုမှအပြစ်ရှာမရနိုင်တော့ဘူး။
ထွက်ခွာသွားတဲ့ ပညာရှိကို ငေးကြည့်ယင်း ပါးစပ်အဟောင်းသားနဲ့ ကျန်ရစ်ခဲ့ကြတယ်တဲ့။


ဆရာကြီး - (နန္ဒာသိန်းဇံ - ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း) မှ ကောက်နုတ်ရေးသားပါသည်။

(ကပ္ပိယ မောင်ရဲ) https://www.facebook.com/yewin.tun.71 


0 comments:

Post a Comment