Monday, March 4, 2013

မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ တရားဟောတဲ့အခါမှာ "ဗျာ - ဗျာ" လို့ ဘာလို့ ပြောတာလဲ


မိုးကုတ်ဆရာတော်ကြီး ဦးဝိမလ တရားဟောတဲ့အခါမှာ 
“ဗျာ - ဗျာ” ဆိုတဲ့ အသုံးအနှုန်းတွေ၊
“ကျုပ်တို့” “ခင်ဗျားတို့” ဆိုတဲ့ အသုံးအနှုန်းတွေ ပါ-ပါနေတယ်၊

“အဲဒါ ဘယ့်နှာကြောင့် ဒီလိုသုံးနှုန်းပြောဆိုနေရတာလဲ” - တဲ့
မေးမြန်စပ်စုတတ်ကြ၏။

မြန်မာပြည်အထက်ပိုင်း အညာဒေသ၏ ဓလေ့ထုံးစံအရ
ပြောလေ့ပြောထရှိတဲ့ ဝေါဟာရလည်းဖြစ်၊
ပြီးတော့ တရားပွဲထဲမှာ ဆရာတော်ထက်ကြီးတဲ့
ဒကာကြီးတွေ ဒကာမကြီးတွေ၊
အဘိုးတွေ အဘွားတွေ ပါနေတာလည်း ဖြစ်လို့ သုံးနှုန်းခြင်းဖြစ်ပါလိမ့်မည်။

ဝေဘူဆရာတော်ကြီးတို့ဆိုလျှင်လည်း သူ့ဓလေ့အတိုင်း
“ကောင်းပါ့ဗျား - ဟုတ်ပါ့ဗျား” စသည်ဖြင့် မိန့်လေ့ရှိတတ်ပါ၏၊

စွန်းလွန်ဆရာတော်ကြီး၊ မိုးညှင်းဆရာတော်ကြီးတို့လည်း
သူ့ဝါသနာအတိုင်း မိန့်လေ့ရှိတတ်ကြပါသည်။

မိုးညှင်းဆရာတော်ကြီးကဆိုလျှင်
“ဟရို့ရဲ့” “ဟရို့ရဲ့” နဲ့ နားထောင်လို့ ကောင်းလှပါ၏။

ယခုလည်း မိုးကုတ်ဆရာတော်ကြီးထက် ကြီးတဲ့ ပုဂ္ဂိုလ်တွေ
ပရိသတ်ထဲမှာ အနီးအနားမှာ ပါနေတော့
“ဟုတ်ဘူးလားဗျာ ဦးသန်းမောင်ကြီး”
“ဘယ့်နှယ်လဲ ဦးဘရှင်တို့၊ ဦးလှဘူးတို့၊ ဒကာကြီးလှိုင်” စသည်ဖြင့် မိန့်မြွတ်နေ၏။

အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေ နားခံသာအောင်ရယ်၊
ရင်းရင်းနှီးနှီး ဆက်ဆံမှုမျိုးဖြစ်အောင်ရယ် သုံးနှုန်းတော်မူခြင်း ဖြစ်ပေလိမ့်မည် - ဟု
ယူဆရပါသည်။


ကောက်နုတ်ချက် -
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (နှာ-၂၅၀)



 

0 comments:

Post a Comment