စက်ကြီး သုံးပါး
“ဟောသည်စာက ကသာမြို့၊ ကမ်းနားလမ်း၊ ဦးသာဇံဆိုသူထံမှ ပေးပို့တဲ့ အမေးလွှာဖြစ်ပါတယ်”
“ဆိုစမ်းပါဦး၊ သူ့အမေးက ဘာတဲ့တုန်း”
“ခရစ်သက္ကရာဇ် ၁၉၈၅-ခုနှစ်၊ ဧပြီလ - ၁ရက်နေ့စွဲဖြင့် ပေးပို့လိုက်တဲ့ ဦးသာဇံရဲ့ အမေးက သူဟာ ဗုဒ္ဓဘာသာဝင် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တဲ့အတိုင်း စက်ကြီး ၁၃-ပါး မန္တရားကို ငယ်စဉ်ကစပြီး နေ့စဉ် ရွတ်ဖတ် ပွားများခဲ့ပါတယ်တဲ့၊ သို့သော်လည်း စက်ကြီး ၁၃-ပါးအနက် ရတနာသုံးပါးနှင့်စပ်တဲ့ သြောင်း-တစ်ရာ့ရှစ်ကွက်ဗုဒ္ဓစက်၊ (၂) တစ်ဆယ့်လေးချက် ဓမ္မစက်၊ (၃) တစ်ဆယ့်ရှစ်ချက် သံဃာ့စက်ဆိုတဲ့ စက်သုံးပါးရဲ့ အနက်အဓိပ္ပာယ်များကို နားမလည်ပါဘူးတဲ့၊ ဒါကြောင့် သူနှင့်တကွ သူကဲ့သို့ နားမလည်ကြသေးသောသူများ ရှင်းလင်းစွာ သိသွားအောင် ဓမ္မဗျူဟာ စာစောင်မှတစ်ဆင့် ဖြေကြားပေးတော်မူရန် လျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား”
“စက်ကြီးတစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက၊ ဘေးများမြင်မှု၊ မကောင်စုကို၊ ဝေးကကြဉ်ရှောင်၊ အောင်စေတက်သည်” ဆိုတဲ့အတိုင်း စက်ကြီးတစ်ဆယ့်သုံးပါးကို ရွတ်သည်မဆိုထားနှင့် သူတစ်ပါးရွတ်သံ ကြားရုံနှင့် ဘေးဥပါဒ်အန္တရာယ်များ အဝေးက ကွင်းရှောင်သွားကြရတယ်ဆိုတော့ အန္တရာယ်ကင်းအောင် စက်ကြီး ၁၃-ပါး ကို ရွတ်ဆိုသူ များပြားပါတယ်၊ စက်ကြီး ၁၃-ပါးအနက် ရတနာသုံးပါးနှင့်စပ်တဲ့ ဤစက်ကြီး သုံးပါးမှတစ်ပါး ကျန်သော စက်များရဲ့ အနက်အဓိပ္ပာယ်က မခက်လဲလှပါဘူး၊ ရတနာသုံးပါးနှင့်စပ်တဲ့ ဤစက်သုံးပါးကတော့ မလေ့လာဖူးလျှင် ခက်သလိုလို ဖြစ်နေတယ်၊ ဒါကြောင့် ဦးသာဇံက မေးလိုက်တာနေမှာပေါ့”
“မှန်ပါ ဘုရား”
“အေး - သူမေးလာတော့လည်း အဖြေရှာကြသေးတာပေါ့၊ သြောင်း - တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်တဲ့၊ သည်စကားရပ်မှာပါဝင်တဲ့ (သြောင်း) ဆိုတာဟာ (ဥုံ)ဆိုတဲ့ တန္တရဝါဒက ဆင်းသက်လာတာတဲ့၊ တန္တရဝါဒအလိုအားဖြင့်(ဥုံ) ဆိုတာဟာ ဗြဟ္မာ၊ ဗိဿနိုး၊ သီဝဆိုတဲ့ ဘုရားကြီး သုံးဆူတို့ကို စကားတစ်ခွန်းတည်းဖြင့် တမ်းတ ရွတ်ဆိုလိုက်ခြင်းဖြစ်တယ်တဲ့၊ ဘုရားကြီးသုံးဆူ အထိမ်းအမှတ်(အ,ဥ,မ) အက္ခရာ သုံးပုဒ်ကိုစပ်ပြီး (ဥုံ) ဖြစ်လာတယ်လို့ ဆိုကြတယ်၊ ဥုံကမှ အသံပြောင်းပြီး(သြောင်း) ဖြစ်လာသတဲ့၊ သြောင်းတို့၊ ဥုံတို့ဟာ မူလက ဘာသန္တရ စကားတွေပါပဲ၊ နောက်တော့ မိမိတို့ မြန်မာဘာသာအတွင်း ဝင်ရောက် နေရာယူကြခြင်းဖြစ်တယ်၊ ဥုံနှင့်သြောင်းဟာ ဘာသန္တရဘဝက ဘုရားကြီးသုံးပါး အနက်၊ အောင်မြင်ခြင်းအနက်များကို ဟောတယ်လို့ ဆရာတို့ မိန့်ဆိုတော်မူကြတယ်၊ သြောင်း - ဥုံတို့ကို အနက်ပေးပါလျှင်-
“သြောင်း-ရတနာသုံးပါး ထင်ရှားဖြစ်စေသတည်း၊
“သြောင်း-အောင်စင်စစ် ဖြစ်စေသတည်း-
လို့ အနက်ပေးသင့်တယ်၊ အချို့သော မြန်မာပယောဂဆရာဂများကတော့ သြောင်းအစချီလျှင် မန္တရား၊ ဥုံအစချီလျှင် မန္တန်လို့ ပြောဆိုကြသေးတယ်ကွယ့်”
“မှန်ပါ့ ဘုရား”
“ဥုံ-သြောင်းတို့ဟာ ယခု ပြောဆိုပြီးတာထက် ကျယ်ပြန့်တဲ့ အနက်အဓိပ္ပာယ် ရှိချင်ရှိလိမ့်ဦးမယ်ပေါ့၊ သို့သော်လည်း သည်နေရာမှာတော့ သည်မျှလောက်နှင့် ရပ်တန့်ပြီး တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်ဆိုတာကို ဖြေကြစို့ရဲ့”
“မှန်ပါ၊ ဖြေတော်မူပါဘုရား”
“တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်ဆိုတာကို ထောက်လိုက်တော့ ဘုရားရှင်ရဲ့ စက်လက္ခဏာတော်ဟာ တစ်ရာ့ရှစ်ကွက်ရှိတယ်လို့ ဆိုလိုရင်း ဖြစ်တယ်ကွယ့်”
“ဘယ်လို တစ်ရာ့ရှစ်ကွက်လဲဘုရား၊ မိန့်တော်မူပါဦး”
“ဗုဒ္ဓဘုရားရှင်ရဲ့ ခြေဖဝါးတော် အပြင်မှာ အကန့်အကွက်အားဖြင့် ထင်တဲ့ စက်လက္ခဏာပေါင်း ၁၀၈-ကွက် ရှိတယ်ကွယ့်”
“စက်လက္ခဏာ ၁၀၈-ကွက်ကိုလည်း ရေတွက်ပြပါဦး ဘုရား”
“ဗုဒ္ဓဘုရားရှင်ရဲ့ ခြေဖဝါးတော်ဟာ ပတ္တမြားရောင်လို နီမြန်းနေတဲ့ခြေဖဝါးတော်အပြင်မှာ စကြာမင်းတို့ရဲ့ ပုံတောင်းရတနာ စကြာသဏ္ဌာန် ကဲ့သို့ တပြောင်ပြောင်တောက်ပတဲ့ တစ်ထောင်သောအကန့်၊ ရွှေရောင်အနားကွပ်၊ မြရောင် ပုတောင်းသဏ္ဌာန် စက်လက္ခဏာထင်နေတယ်၊ ထိုလက္ခဏာမှတစ်ပါး ၁၀၈-ကွက်သော အရေးအသား သဏ္ဌာန်များလည်း ထင်ရှားနေတယ်။
တစ်ရာ့ရှစ်ကွက်သော စက်လက္ခဏာသဏ္ဌာန်များကတော့ -
(၁) သတ္တိ-လှံမပုံ၊
(၂) သီရိဝစ္ဆ-ကျက်သရေတိုက်ပုံ၊
(၃) နန္ဒိယာဝဋ္ဋ-ဇလပ်ပွင့်ပုံ၊
(၄) သောဝတ္တိက-လည်ရေးသုံးဆင့်ပုံ၊
(၅) ဝဋံသက-ဦးဆောက်ပန်းပွင့်ပုံ၊
(၆)ဝဍ္ဎမာန-ထမင်းပွဲပုံ၊
(၇) ဘဒ္ဒပီဌ-ရွှေအင်းပျဉ်ပုံ၊
(၈) အင်္ကုသ-ချွန်းတောင်းပုံ၊
(၉) ပါသာဒ-ပြာသာဒ်ပုံ၊
(၁၀)တောရဏ-တုရိုဏ်တိုင်ပုံ၊
(၁၁) သေတဆတ္တ-ထီးဖြူပုံ၊
(၁၂)ခဂ္ဂ-သန်လျက်ပုံ၊
(၁၃) တလဝဏ္ဋ-ထန်းရွက်ယပ်ဝန်းပုံ၊
(၁၄) မယူရဟတ္ထ-ဥဒေါင်းမြီးစည်းယပ်ပုံ၊
(၁၅) စာမရီ ကတ္ထ-စာမရီသားမြီးယပ်ပုံ၊
(၁၆) ဥဏှီသ-သင်းကျစ်ပုံ၊
(၁၇) ပတ္တ-သပိတ်ပုံ၊
(၁၈) မဏိ-ပတ္တမြားပုံ၊
(၁၉) သုမနဒါမ-မုလေးပန်းကုံပုံ၊
(၂၀) နီလုပ္ပလ-ကြာညိုပန်းပုံ၊
(၂၁) ရတ္တုပ္ပလ-ကြာနီပန်းပုံ၊
(၂၂) သောတုပ္ပလ-ကြာဖြူပုံ၊
(၂၃) ပဒုမ-ပဒုမ္မကြာပုံ၊
(၂၄) ပုဏ္ဏရိက-ပုဏ္ဏရိတ်ကြာပုံ၊
(၂၅) ပုဏ္ဏဃဋ-ရေပြည့်အိုးပုံ၊
(၂၆) ပုဏ္ဏပါတိ-ရေပြည့်ဖလားပုံ၊
(၂၇) သမုဒ္ဒ-သမုဒ္ဒရာလေးစင်ပုံ၊
(၂၈)စက္ကဝါဠ-စကြာဝဠာတောင်ပုံ၊
(၂၉) မေရု-မြင်းမိုရ်တောင်ပုံ၊
(၃၀) သူရိယမဏ္ဍလ-နေစက်ဝန်းပုံ၊
(၃၁) စန္ဒမဏ္ဍလ-လစက်ဝန်းပုံ၊
(၃၂) နက္ခတ္တ-နက္ခတ် ၂၇လုံးပုံ၊
(၃၃-၃၄-၃၅-၃၆) စတုမဟာဒီပ-ကျွန်းကြီး လေးကျွန်းပုံ၊
(၃၇) စက္ကဝတ္တီ-စကြဝတေးမင်းပုံ၊
(၃၈) ဒက္ခိဏာဝဋ္ဋသင်္ခ-လက်ယာရစ် ခရုသင်းပုံ၊
(၃၉) သုဝဏ္ဏမစ္ဆယုဂလ-ရွှေငါးကြင်းရုပ်အစုံ၊
(၄၉)စက္ကာဝုဓ- လက်နက်စကြာပုံ၊
(၄၁-၆၁) သတ္တမဟာဂင်္ဂါ-မြစ်ကြီးခုနစ်စင်း,
သတ္တကုလပဗ္ဗတာ-တောင်စဉ်ခုနစ်ထပ်,
သတ္တမဟာသရ-အိုင်ကြီးခုနစ်အိုင်ပုံ၊
(၆၄) ဓဇပဋာက-တံခွန်, ကုက္ကား, မုလေးပွားပုံ၊
(၆၅) သုဝဏ္ဏသီဝိကာ-ရွှေထမ်းစင်ပုံ၊
(၆၆) သုဝဏ္ဏဝါဠဗီဇနီ-ရွှေသားမြီးယပ်ပုံ
(၆၇)ကောလာသပဗ္ဗတ-ကေလာသ ငွေတောင်းပုံ၊
(၆၈)သီဟရာဇာ-ခြင်္သေ့မင်းပုံ၊
(၆၉) ဗျဂ္ဃရာဇ-ကျားမင်းပုံ၊
(၇၀) ဝလာဟကအဿရာဇ-ဝလာဟကမြင်းပျံပုံ၊
(၇၁)ဥပေါသထဆဒ္ဒန္တ နာဂရာဇ- ဥပေါသထဆင်မင်း, ဆဒ္ဒန်ဆင်မင်းပုံ၊
(၇၂) ဗုတုကီနာဂရာဇ-ဗာတုကီနဂါးမင်းပုံ၊
(၇၃)ဟံသရာဇ-ဟင်္သာမင်းပုံ၊
(၇၆) သုဝဏ္ဏမကာရ-ရွှေမကာရ်းပုံ၊
(၇၇) စတုမုခ-မျက်နှာလေးခုရှိသော ဗြဟ္မာပုံ၊
(၇၈)သုဝဏ္ဏ နာဝါ - ရွှေလှေပုံ၊
(၇၉) သဝစ္စရဓေနူ-သားငယ်နှင့်တကွ နွားမပုံ၊
(၈၀) ကိံပုရိသာ-ကိန္နရာဖိုပုံ၊
(၈၁) ကိံပုရိသီ-ကိန္နရီမပုံ၊
(၈၂)ကရဝိက-ကရဝိတ်ငှက်ပုံ၊
(၈၃) မယူရရာဇာ-ဥဒေါင်းမင်းပုံ၊
(၈၄) ကောဉ္စရာဇာ-ကြိုးကြာငှက်မင်းပုံ၊
(၈၅) စက္ကဝက္ကရာဇာ- စက္ကဝက်ငှင်မင်းပုံ၊
(၈၆) ဇီဝကရာဇာ- ဇီဝဇိုးငှက်မင်းပုံ၊
(၈၇-၉၂) နတ်ပြည်ခြောက်ထပ်ပုံ၊
(၉၃-၁၀၈) ရူပဗြဟ္မာ ၁၆-ထပ်ပုံ၊
အားလုံးရေတွက်လိုက်လျှင် ဘုရားရှင်ရဲ့ ခြေဖဝါးတော်မှာ ထင်နေတဲ့ စက်လက္ခဏာတော်ပေါင်း ၁၀၈-ကွက်ရှိတယ်၊
သည် စက်လက္ခဏာ ၁၀၈-ကွက်ကိုရည်ပြီး သြောင်း-တစ်ရာ့ရှစ်ကွက်၊ ဗုဒ္ဓစက်လို့ ဆိုတာပဲကွယ့်”
“တစ်ဆယ့်လေးချက် ဓမ္မစက်ကိုလဲ အဖြေပေးပါဦး ဆရာတော်”
“၁၄-ချက် ဓမ္မစက်ဆိုတာ မဂ်လေးပါး၊ ဖိုလ်လေးပါးရယ်၊ တရားတော်ရဲ့ ဂုဏ်တော် ခြောက်ပါးရယ် အားလုံးပေါင်းလိုက်တော့ (၁၄)ပါး မရဘူးလား”
“ရပါတယ် ဘုရား”
“အဲသည် ၁၄-ပါးဟာ ၁၄-ချက် ဓမ္မစက်ပါပဲကွယ်”
“တစ်ဆယ့်ရှစ်ချက် သံဃာ့စက်လဲ မိန့်တော်မူပါဦး ဘုရား”
“သံဃာတော်ဟာ သမုတိသံဃာ၊ ပရမတ္ထသံဃာရယ်လို့ နှစ်မျိုးရှိတယ်ကွယ့်၊ သံဃာတော် တစ်မျိုးမျိုးမှာ သုပ္ပဋိပ္ပန္နတာ စတဲ့ ဂုဏ်တော်ပေါင်း ကိုးပါးစီ, ကိုးပါးစီရှိကြတယ်၊ သံဃာနှစ်မျိုးကို ပေါင်းလိုက်တော့ ဂုဏ်တော်ပေါင်း ဘယ်လောက်ရှိသလဲကွယ့်”
“ဂုဏ်တော်နှစ်မျိုးကို ပေါင်းလိုက်တော့ ၁၈-ပါးရှိပါတယ် ဘုရား”
“အေး-အဲသည် ၁၈-ပါးဟာ တစ်ဆယ့်ရှစ်ချက် သံဃာ့စက်ပါပဲကွယ်၊ နားရှင်းပြီ မဟုတ်လား”
“မှန်ပါ - နားရှင်ပါပြီ ဘုရား”
“သာဓု - သာဓု - သာဓု”
***ဆက်ရန်***
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၃၁) - ဘုရားရှင်၏ အရပ်တော်
***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၂) (စာမျက်နှာ ၂၄-၂၈ မှ ကောက်နုတ်ပူဇော်ပါသည်။
ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။
ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71
Tuesday, September 25,2012 10:15 am
0 comments:
Post a Comment