Thursday, February 14, 2013

သင်္ကန်းဝတ်ရုံနည်း၊ သင်္ကန်းတင်နည်းနစ်မျိုး


                                                   သင်္ကန်းဝတ်ရုံနည်း

                   သင်္ကန်းဝတ်ရုံနည်းကတော့ ဧကံသဝတ်ရုံနည်း၊ ပရိမဏ္ဍလဝတ်ရုံနည်း၊ သုပ္ပဋိစ္ဆန္နဝတ်ရုံနည်းရယ်လို့ သုံးမျိုးထင်တယ်ကွယ့်၊ သည်သုံးမျိုးအနက် ဧကံသဝတ်ရုံနည်းဆိုတာ ကံကြီးကံငယ် ရွက်ဆောင်တဲ့အခါ၊ ရတနာသုံးပါးပူဇော်သောအခါ၊ မိမိကျောင်းတိုက်တာအတွင်း နေထိုင်သောအခါမျိုးမှာ ဝတ်ရုံတဲ့နည်းဖြစ်တယ်၊ ပရိမဏ္ဍလဝတ်ရုံနည်းဆိုတာလည်း ဧကံသဝတ်ရုံနည်းပါပဲ၊ သို့သော် ဧကံသဝတ်ရုံနည်းမှာ -
                   ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ဥက္ကဋိကံ နိသီဒိတွာ အဉ္ဇလိံ ပဂ္ဂဟေတွာ လို့  ကင်္ခါ ၁၂-မှာဆိုတဲ့အတွက် သင်္ကန်းကို စံပယ်တင်ပြီး ဆောင့်ကြောင့်ထိုင်ရတယ်၊ ဒါကြောင့် ခန္ဓာကိုယ်ရဲ့ အောက်ပိုင်း သင်္ကန်းအနေအထားပုံကို မပြဘူး၊ အပေါ်ပိုင်းသင်္ကန်းအနေအထား ပုံသဏ္ဌာန်ကိုသာ ဖော်ပြတယ်၊ ပရိမဏ္ဍလဝတ်ရုံနည်းကျတော့ သင်္ကန်းအဝန်းညီစွာ ဝတ်ရုံပုံဝတ်ရုံနည်းနှင့်တကွ ကိုယ်ခန္ဓာရဲ့ အောက်ပိုင်း သင်္ကန်းအနေအထား ပုံသဏ္ဍာန်ကိုပြထားတယ်၊ သုပဋိစ္ဆန္နဝတ်ရုံနည်းကတော့ မြို့တွင်း ရွာတွင်းသွားလာတဲ့အခါ၊ လူစုလူဝေးထံချဉ်းကပ်တဲ့အခါမျိုးမှာ ဝတ်ရုံနည်းဖြစ်တယ်

                   မှန်ပါ - အဲသည်ဝတ်ရုံနည်းများကိုလည်း အမိန့်ရှိတော်မူပါဦး

                   အင်း - ပြောရတာပါ့၊ ရှေးဦးစွာ ဧကံသဝတ်ရုံနည်းကို ပြောကြစို့ရဲ့၊ ဧကံသံ ဥတ္တရာသင်္ဂံ ကရိတွာ ဆိုတဲ့ ကင်္ခါအဋ္ဌကထာစကားကို ကင်္ခါဋီကာသစ်က ဧကသ္မိံ အံသေ၊ သာဓုကံ ဥတ္တရာသင်္ဂံ ကရိတွာတိ အတ္ထော လို့ ဖွင့်ပြသကွယ့်၊ ဧကသ္မိံ အံသေ-လက်ဝဲပခုံးထက်၌၊ သာဓုကံ-ကောင်းမွန်စွာ၊ ဥတ္တရာသင်္ဂံ-ကိုယ်ဝတ်စံပယ်တင်သည်ကို၊ ကရိတွာ-ပြု၍လို့ အနက်ပြန်ရမယ်၊ အဓိပ္ပာယ်က ကိုယ်ဝတ်သင်္ကန်းကို ဝိယာအညီအမျှချိန်ဆပြီး လက်ယာလက်ဖြင့် လက်ယာဘက်က သင်္ကန်းအစွန်းကို လက်ဝဲဘက်ပခုံးပေါ်တင်ရမယ်တဲ့၊ တင်တဲ့အခါမှာလည်း ကြည်ညိုဖွယ်အသွင်ကိုဆောင်နိုင်အောင် ကောင်းကောင်းတင်ရမယ်တဲ့၊ သည်လိုကြည်ညိုဖွယ်ဖြစ်အောင် တင်တာကိုပင် စံပယ်တင်တယ်ဆိုတဲ့ ပေါရာဏစကားလုံးနှင့် သုံးထားတယ်၊ စံပယ်ဆိုတာ စံပယ်ပန်းကို ပြောတာမဟုတ်ဘူး၊ တင့်တယ်စွာနေခြင်းကို ဆိုလိုတယ်ကွယ့်

                   လက်ယာလက်ဖြင့် သင်္ကန်းအစွန်းတစ်ဘက်ကိုကိုင်ပြီး လက်ဝဲပခုံးထက်ကို ကောင်းစွာတင်ပြီးတဲ့နောက် လက်ဝဲဘက်က သင်္ကန်းအစွန်းတစ်ဘက်ကို ဘယ်လိုထားရမယ်လို့ ညွှန်ကြားချက် ရှိပါသေးလား ဘုရား 

                   ဧကံသဝတ်ရုံနည်းမှာတော့ လက်ဝဲဘက်သင်္ကန်းအကြောင်း ဖော်ပြတာမရှိဘူး၊ သို့သော်လည်း ပရိမဏ္ဍလဝတ်ရုံနည်းမှာ သည်အကြောင်းကို ဖော်ပြထားတယ်ကွယ့်

                   ဘယ်လိုဖေါ်ပြပါသလဲဘုရား

                   ဥဘောကဏ္ဏေ သမံ ကတွာ ပါရုပနံ ပရိမဏ္ဍလပါရုပနံ နာမ လို့ ဖော်ပြထားတယ်၊ ရဘောကဏ္ဏေ-အနားထောင့်စွန်းနှစ်ဘက်တို့ကို၊ သမံ-အညီအမျှ၊ ကတွာ-ပြု၍၊ ပါရုပနံ-တင်ရုံခြင်းသည်၊ ပရိမဏ္ဍလံ-အဝန်းညီစွာ၊ ပါရုပနံ နာမ-တင်ရံသည်မည်၏တဲ့ကွယ်

                 “ဘယ်လိုဖော်ပြပါသလဲဘုရား

                   ဥဘောကဏ္ဏေ သမံ ကတွာ ပါရုပနံ ပရိမဏ္ဍလပါရုပနံ နာမ လို့ ဖော်ပြထားတယ်၊ ဥဘောကဏ္ဏေ- အနားထောင့်စွန်းနှစ်ဘက်တို့ကို၊ သမံ-အညီအမျှ၊ ကတွာ-ပြု၍၊ ပါရုပနံ-တင်ရုံခြင်းသည်၊ ပရိမဏ္ဍလံ-အဝန်းညီစွာ၊ ပါရုပနံ နာမ-တင်ရုံသည်မည်၏တဲ့ကွယ်

                   သင်္ကန်းထောင့်စွန်းနှစ်က်တို့ကို အညီအမျှပြုရမယ်ဆိုတာ ဘယ်လိုပြုရမှာတဲ့လဲ ဘုရား

                                              သင်္ကန်းတင်နည်းနစ်မျိုး
                   သင်္ကန်းထောင့်စွန်းနှစ်ဘက် အညီအမျှပြုရမယ်ဆိုတဲ့ နေရာမှာတော့ အယူအဆကလေးတွေကွဲနေကြတယ်၊ အချို့သောဆရာများက ပထမအယူအဆ သုပ္ပဋိစ္ဆန္န-သင်္ကန်းရုံတဲ့အခါမှာလည်း သင်္ကန်းအနားနှစ်ခုကို ညီညီလိပ်ပြီး ဘက်ဝဲဘက်ပခုံးပေါ် ရန်းတင်လိုက်ခြင်းကို ပရိမဏ္ဍလရုံနည်းလို့ယူဆကြတယ်၊ သည်တင်ရုံနည်းအတိုင်း သင်္ကန်းရုံခဲ့လျှင် သင်္ကန်းအစွန်းနှစ်ဘက်လုံး လက်ဝဲဘက်ကိုဖုံးနေတာမို့ ရှေ့ဘက်မှာ သင်္ကန်းအစွန်းမကျသင့်ဘူးပေါ့၊ သည်ပထမ အယူအဆ ပရိမဏ္ဍလတင်ရုံနည်းကို အချို့သော သိဟိုဠ်ရဟန်းတော်,ထိုင်းရဟန်းတော်, လောရဟန်းတော်, မြန်မာရဟန်းတော်များ ဝတ်ပြုတဲ့အခါမျိုးမှာတင်ရုံကြတယ်ကွယ့်၊ ဒုတိယအယူအဆတစ်ခုက ယခုမြန်မာရဟန်းတော်များ သင်္ကန်းတင်ရုံကြသလို ညာဘက်သင်္ကန်းအစွန်းကို ဘယ်ဘက်လက်ဖြင့် လက်ဝဲပုခုံးပေါ်တင်၊ သည်လိုတင်လိုက်တဲ့အခါ ကျော်ဘက်မှာသင်္ကန်းထောင့်စွန်းတစ်ခု၊ ရှေ့ရင်ဘတ်ထက်မှာ သင်္ကန်းထောင့်စွန်းတစ်ခု၊ သည်လို သင်္ကန်းထောင့်စွန်းနှစ်ခု ပြိုင်ကျနေတယ်၊ သည်လိုကျနေတဲ့ သင်္ကန်းထောင့်စွန်း နှစ်ဘက်ညီစေရမယ်လို့ ယူဆကြတယ်

                   သည်နှစ်ခုအနက် မည်သည့်အယူအဆက ပိုမိုမှန်ကန်ပါသလဲဘုရား

                   ဝိနယသာရဂဏ္ဌိကျမ်း စာမျက်နှာ ၂၄၆-မှာ ပရိမဏ္ဍလ တင်ရုံမှုနှင့် ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ရေးသားထားတာရှိတယ်ကွယ့်

                   အမိန့်ရှိတော်မူပါ ဘုရား

                   ရေးသားထားပုံက ပရိမဏ္ဍလ သိက္ခာပုဒ်နှင့်အညီ လက်ဝဲပခုံးတစ်ဘက်ကိုသာ ရုံရာ၌လည်း သုပ္ပဋိစ္ဆန္နသိက္ခပုဒ်နှင့် အညီ ရုံတင်ခြငးကဲ့သို့ အစွန်းနှစ်ဘက်ကို အညီပြုသဖြင့် လိပ်၍သာတင်ရုံအပ်၏ ဟု ကေစိဆရာတို့ ဆိုကုန်၏၊ မသင့်အနေတည်း၊ ထိုသို့သော် အသို့ရုံအပ်သနည်းဟူမူကား လက်ဝဲဘက်ပခုံးတစ်ဘက်၌ တင်သောကိုယ်ဝတ်၏ ကျောကုန်း၏အနီးဖြစ်သော နံပါး၌လည်းကောင်း၊ ဝမ်း၏ အနီးဖြစ်သော နံပါး၌လည်းကောင်း၊ တွဲရရွဲကျကုန်ုသော အစွန်းနှစ်ဘက်တို့ကို အညီအညွတ်ပြု၍ ရုံအပ်၏၊ ထို့ကြောင့် ဝိနယ ဝိနိစ္ဆယဋီကာ၌ ဥဘောကဏ္ဏေ သမံ ကတွာဘိ ပါရုပနဿ ဧကံသေကတာဿ ပိဋ္ဌိပေဿ ဥဒရပေဿ စ သြလမ္ဗမာနေ ဥဘော ကဏ္ဏေ သမံ ကတွာ ဟု ဝါနိဿရ မဟာထေရ် မိန့်အပ်ပြီလို့ ပြဆိုထားတယ်၊ သည်ပြဆိုချက်ကိုထောက်လျှင် ပထမအယူအဆဟာ မှားပြီး ဒုတိယအယူအဆက မှန်ကန်တယ်လို့ ဆိုသင့်တာပေါ့၊ သာသနာတော်လောကမှာ သင်္ကန်းအတင်ဂိုဏ်း၊ အရုံဂိုဏ်းရယ်လို့ နှစ်ဂိုဏ်းကွဲခဲ့ဖူးပေမယ့် ပရိမဏ္ဍလ တင်ရုံနှင့်ပတ်သက်လို့တော့ ဂိုဏ်းကွဲအောင် ငြင်းခုံမှုမဖြစ်ခဲ့ပါဘူး၊ သို့သော်လည်း အချို့သောရှေးဟောင်းရုပ်ပွားတော်များရဲ့ သင်္ကန်းရုံတင်မှုကိုလေ့လာမယ်ဆိုလျှင် အတင်ဂိုဏ်းသားရဟန်းတော်များဟာ တစ်ဘက်ရုံနည်းခေါ်ကြတဲ့ ပထမအယူအဆဟာ ပရိမဏ္ဍလ တင်ရုံနည်းအတိုင်း သင်္ကန်းကိုတင်ရုံတင်ပြီး အဲသည်သင်္ကန်းအထက် လက်ဝဲဘက်မှာ ဒုကုဋ်ခေါ်ကြတဲ့ သင်္ကန်းခေါက်ကလေးကို တင်ထားကြလိမ့်မယ်လို့ ယူဆဖွယ်ရှိတယ်ကွယ့်

                   ဘယ်လိုဘုရာ့၊ သည်စကားမရှင်းလို့ ထပ်ပြီးအမိန့်ရှိပေးပါဦး

                   အင်းဝခေတ် ကုန်းဘောင်ခေတ်တို့မှာ တုံဂိုဏ်း ရုံဂိုဏ်းကွဲကြတယ်

                   မှန်ပါ - ကြားဖူးကြောင်းပါ ဘုရား

                   တုံဂိုဏ်းဆိုတာ မန်အောင်ရတနာစေတီတော် ဒါယကာ မင်းတရားလက်ထက် အနောက်ဘက် တုံရွာကျောင်း ရှင်ဂုဏာဘိလင်္ကာရတို့ အဦးထားပြီး ကွဲပြားတဲ့ဂိုဏ်းဖြစ်လို့ တုံဂိုဏ်းလို့ ခေါ်ကြတယ်၊ အယူအဆကတော့ သာမဏေများ ရွာတွင်းမြို့တွင်းဝင်တဲ့အခါ သုပ္ပဋိစ္ဆန္နနည်းအရ သင်္ကန်းမရုံစေဘဲ သင်္ကန်းလက်ကန်တော့တင်ပြီး ဝင်စေတဲ့ ဂိုဏ်းဖြစ်တယ်၊ အမှန်တော့ သညအယူအဆကို တုံဆရာတော်က စပြီးထွင်တာမဟုတ်ဘူး၊ သီဟိုဠ်က စတင်တည်ထွင်လာတဲ့ ဂိုဏ်းဖြစ်တယ်၊ မြန်မာနိုင်ငံမှာလို အငြင်းအခုံမဖြစ်ပွားဘဲ သီဟိုဠ်မှာရော, ပုဂံမှာရော, ထိုင်းမှာရော, ကမ်းပူးချားတို့ လောတို့မှာရော သည်အယူအဆဟာ တော်တော်လေး ပျံ့နှံ့ဟန်တူတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီခေတ်ကထုလုပ်ခဲ့ကြတဲ့ အချို့သော ရုပ်ပွားတော် ပုံဟန်များကြောင့်ဖြစ်တယ်၊ တုံဂိုဏ်းသင်္ကန်းတင်တယ်ဆိုတာ ယခုမြန်မာရဟန်းတော်များလို ညာဘက်သင်္ကန်းကို ညာဘက်လက်ဖြင့် ဘယ်ဘက်ပခုံးတင်၊ ဘယ်ဘက်သင်္ကန်းကို ဘယ်လက်လက်ဖြင့် ဘယ်လက်ပခုံးပေါ်တင်တာကို ဆိုလိုတာမဟုတ်ဘူး၊ ပထမပရိမဏ္ဍလတင်ရုံနည်းအတိုင်း သင်္ကန်းအစွန်းနှစ်ဘက် ညီညီညာညာဗယ်လက်ဖြင့်လိပ်ကိုင်ပြီး ဘယ်ဘက်လက်ကို ဖုံးမိအောင် ဗယ်ဘက်ပခုံးပေါ်ယမ်းတင်လိုက်တယ်၊ အဲသည်နောက် ဘယ်ဘက်ပခုံးပေါ် ဒုကုဋ်အတုတစ်ခု ထပ်တင်တာကို ဆိုလိုတယ်ကွယ့်

                   ဒုကုဋ်အတုဆိုတာ ဘယ်လိုဟာလဲ၊ နှစ်ထပ်သင်္ကန်းကြီးကို ဒုကုဋ်ခေါ်တာ မဟုတ်လားဘုရား

                   နှစ်ထပ်သင်္ကန်းကြီးကို ဒုကုဋ်လို့ခေါ်တာမှန်ပါတယ်၊ ဒါပေမယ့် အတင်ဂိုဏ်းက ဒုကုဋ်ဆိုတာ နှစ်ထပ်သင်္ကန်းကြီးမဟုတ်ဘူး၊ အနံတစ်တောင်၊ အလျား သုံးတောင်မျှသာရှိတဲ့ သင်္ကန်းငယ်ဖြစ်တယ်ကွယ့်၊ ပခုံးတင်ဖို့အတွက် အဲသည်သင်္ကန်းငယ်ကို အတွန့်အလိပ်များနှင့် ပိပိရိရိချုပ်ထားတယ်၊ ပထမ အယူအဆ ပရိမဏ္ဍလရုံနည်းမျိုးနှင့် သင်္ကန်းတင်ရုံပြီး ကြည်ညိုဖွယ်ဖြစ်အောင် အဲသည် ဒုကုဋ်အတု ပခုံးပေါ်ထပ်တင်ထားရမယ်

                   ဆရာတော်အမိန့်ရှိမှပဲ သတိပြုမိတယ်

                   အင်းဝခေတ်ကစပြီး ထုလုပ်ခဲ့ကြတဲ့ ဗုဒ္ဓရုပ်ပွားတော်များရဲ့ အသွင်အပြင်ကို သတိပြုမိရဲ့လား

                   ရုပ်ပွားတော်တိုင်းတော့ ဖူးမြင်နေတာပဲ၊ သေသေချာချာတော့ သတိမပြုမိဘူး ဘုရား

                   သည်လိုဆို အမြင်ရှင်းသွားအောင် ရုပ်ပွားတော်ထုတ်ပြီး လေ့လာကြည့်ကြဦးစို့လားကွယ့်

                   အလွန်ကောင်းပါတယ် ဘုရား

                   အမှတ်(၁) ဗုဒ္ဓရုပ်ပွားတော်ပုံကိုကြည့်စမ်း၊ အမှတ်မဲ့ကြည့်လျှင် ယခု ရဟန်းတော်များ ဧကံသစံပယ်တင်နည်းကို လက်ဝဲပခုံးထက် ကိုယ်ထက်ဝက်ကို တင်ပြီး လက်ဝဲဘက်က သင်္ကန်းအစွန်းပခုံးပေါ် ပြန်တင်ထားသလိုလို  ထင်လိမ့်မယ်၊ အမှန်ကတော့ မဟုတ်ဘူး၊ လက်ဝဲဘက်က သင်္ကန်းအစွန်း ပခုံးထက်ပြန်တင်လျှင် လက်ဝဲဘက်တစ်ခုံလုံး သင်္ကန်းဖုံးအုပ်လို့မဖြစ်ဘူး၊ ဒါကြောင့် ယခုပုံဟာ ကိုယ်ဝတ်သင်္ကန်းကို ပထမအယူအဆ ပရိမဏ္ဍလရုံနည်းအတိုင်း အစနှစ်ဘက်ညီညီ လက်ဝဲပခုံးထက်လိပ်တင်ကာ လက်ဝဲလက်ကို ဖုံးအုပ်ထားပြီးမှ လက်ဝဲပခုံးထက် ဒုကုဋ်ခေါက်ပြီး တင်ထားပုံဖြစ်တယ်၊ လက်ဝဲပခုံးထက် တင်ထားတဲ့ ဒုကုဋ်ခေါက်ပြီး တင်ထားပုံဖြစ်တယ်၊ လက်ဝဲပခုံးထက် တင်ထားတဲ့ ဒုကုဋ်ကိုပယ်လိုက်လျှင် ဟောသည် ပုံတော်အမှတ်(၂) မယ်ကွယ့်

                   မှန်ပါ သဘောပေါက်ပါပြီ ဘုရား

                   ဒါကြောင့် ပထမအယူအဆ ပရိမဏ္ဍလတင်ရုံနည်းဟာ မှားပင်မှားသော်လည်း သီဟိုဠ်ခေတ်ကစပြီး ရဟန်းတော်လောကအတွင်း စိမ့်ပြီးပျံ့နှံ့နေဟန်တူတယ်၊ သို့သော်လည်း သည်အတွက် ငြင်းခုံမှုပြဿနာ မကြီးထွားခဲ့ဘူး၊  ကုန်းဘောင်ခေတ်ဦးကျမှ အတင်ဂိုဏ်း အရုံဂိုဏ်းရယ်လို့ ပြဿနာဖြစ်ပြီး အတင်ဂိုဏ်းရှုံးနိမ့်သွားတယ်၊ အတင်ဂိုဏ်းရှုံးနိမ့်တော့ သူတို့အားထားတဲ့ ပထမအယူအဆပရိမဏ္ဍလတင်ရုံနည်းဟာလည်း မြန်မာနိုင်ငံတော်တစ်ဝန်းမှာ မှေးမှိန်သွားတယ်၊ သို့သော်လည်း ဗုဒ္ဓရုပ်ပွားတော်များမှာတော့ ရှေးပုံစံအတိုင်း သမိုင်းအထောက်အထားအဖြစ်ဖြင့် တင်ကျန်ရစ်ခဲ့တယ်ကွယ့်

                   ပထမအယူအဆ ပရိမဏ္ဍလကတင်ရုံနည်း မြန်မာနိုင်ငံမှာ မှေးမှိန်သွားတယ်ဆိုတာ ဘယ်လိုအထောက်အထားကြောင့် မိန့်ဆိုတော်မူနိုင်တာလဲဘုရား

                   ကုန်းဘောင်ခေတ်ရဲ့ နောက်ပိုင်းဖြစ်တဲ့ မန္တလေးခေတ်ရဟန်းတော်များ ဝတ်ပုံကို လေ့လာကြည့်လျှင် ပထမအယူအဆ ပရိမဏ္ဍလတင်ရုံနည်းမျိုး သိပ်မတွေ့ရဘူး၊ ဒုတိယအယူအဆ ပရိမဏ္ဍလတင်ရုံနည်းသာ အများအပြားတွေ့ကြရတယ်၊ ဥပမာအားဖြင့် လယ်တီဆရာတော်ဘုရား မန်လည်ဆရာတော်ဘုရားများရဲ့ ဓာတ်ပုံတွေ သံဃာဂိုဏ်းကြီး ကိုးဂိုဏ်းစာအုပ်မှာ ပါဝင်တဲ့ ရွှေကျင်ဂဏသမုဋ္ဌာပက ပထမရွှေကျင်ဆရာတော်ဘုရား ဓာတ်ပုံ၊ အုတ်ဖိုဆရာတော်ဘုရားဓာတ်ပုံ၊ ရွှေမင်းဝံငှက်ကွင်းဆရာတော်ဘုရားဓာတ်ပုံနှင့် လောကစက္ခုကျမ်းဦးမှာပါတဲ့ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ဒီပဲယင်းဆရာတော်ဘုရားဓာတ်ပုံများဟာ ဒုတိယအယူအဆ ပရိမဏ္ဍလတင်ရုံနည်းသာ ဖြစ်ကြတယ်ကွယ့်

                   တဖြည်းဖြည်းမှေးမှိန်သွားတယ်ဆိုတော့ ပျောက်ကွယ်သွားတာမဟုတ်ဘူးပေါ့၊ ကျန်ရှိသင့်သလောက် ကျန်ရှိနေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်လား ဘုရား

                   ပထမအယူအဆ ပရိမဏ္ဍလတင်ရုံနည်းဟာ အလွန်သိမ်မွေ့တဲ့ တင်ရုံနည်းဖြစ်တယ်၊ ကြည်ညိုဖွယ်ကိုလည်း ဆောင်ပါတယ်၊ ဒါကြောင့် လုံးလုံးတော့ မပျောက်ဘူးကွယ့်၊ အချို့သောဆရာတော်များ မြတ်မြတ်နိုးနိုး ဆောင်ကြတယ်လို့ သိရတယ်ကွယ့်

                   မှန်ပါ - သည်လောက်ဆိုလျှင် ခန္ဓာကိုယ်ရဲ့အထက်ပိုင်း ပရိမဏ္ဍလသင်္ကန်းတင်ရုံပုံသိပါပြီ၊ ခန္ဓာကိုယ်ရဲ့အောက်ပိုင်း သင်္ကန်းအနေအထားကိုလည်း အမိန့်ရှိပါဦး

                   ခန္ဓာကိုယ်ရဲ့အောက်ပိုင်း ပရိမဏ္ဍလဖုံးလွှမ်းမှုနှင့် ပတ်သက်လို့တော့ မူကွဲမရှိပါဘူး၊ သင်းပိုင်ကိုဝတ်တဲ့အခါ ခါးပတ်ပတ်ဝန်းကျင်မှာ ညီညီဝတ်ရမယ်၊ ဒူးဆစ်အောက် လက်ရှစ်သစ်လောက်မှန်းပြီး ညီညီဝတ်ရမယ်၊ ကိုယ်ဝတ်ကိုတော့ သင်းပိုင်ရဲ့အထက် လက်လေးသစ်လောက်တိုပြီး ညီညီဝတ်ရမယ်ကွယ့်

                   သကန်းရုံတာကော မူကွဲရှိသေးသလားဘုရား

                   သင်္ကန်းရုံနည်းကိုတော့ သုပ္ပဋိစ္ဆန္နရုံနည်းလို့ ခေါ်တာပေါ့ကွယ်၊ သုပ္ပဋိစ္ဆန္နရုံနည်းကို ကင်္ခါအဋ္ဌကထာမှာ သည်လိုပြထားသကွယ့်

                   အမိန့်ရှိပါဘုရား

                   ရှေးဦးစွာ အနားပတ်သီးတပ်ရမယ်၊ ပြီးတော့ ကိုယ်ဝတ်ကို မြှင့်တင်၊ သင်္ကန်းအနားနှစ်ခုတို့ကို ညီညီလိပ်ပြီး ယခုမြန်မာရဟန်းတော်များ ရုံတော်မူကြတဲ့အတိုင်း လက်ကောက်ဝတ်ကိုဖုံးမိအောင်ရုံရမယ်၊ သင်္ကန်းအလျား အနားပတ်စွန်းဖြင့်လည်း လည်ပင်းကို ဖုံးထားရမယ်တဲ့၊ သင်္ကန်းကို ရုံပြီးသွားတဲ့အခါ ပုဆစ်ဒူးဝန်းနှင့် ရင်ဘတ်ကိုဖွင့်ပြီးမသွားရဘူးတဲ့၊ ထိုင်တဲ့အခါ လည်ချိုင့်ရဲ့ အထက် ဦးခေါင်း၊ လက်ကောက်ဝတ်ရဲ့ အဖျားဖြစ်တဲ့ လက်ခြေသလုံးသားဖြစ်တဲ့ ခြေများကိုဖွင့် တစ်ကိုယ်လုံးကို ခြုံရုံပြီးထိုင်ရမယ်လို့ ဆိုထားတယ်၊ သည်အဆိုအတိုင်းပဲယနေ့ထိ ရဟန်းတော်များကျင့်သုံးနေထိုင်ကြတယ်၊ မူကွဲရယ်လို့ မရှိပါဘူး၊ သို့သော်လည်း ခေတ်အလျောက် ဒေသအလျောက် အနည်းငယ် ဟန်အမူအရာ ထူးခြားတာလေးတွေတော့ ရှိသပေါ့ကွယ်၊ သို့သော်လည်း ပုံပျက်လောက်အောင်တော့ မရှိပါဘူး၊ အချုပ်အားဖြင့်တော့ သည်ယနေ့ မြန်မာနိုင်ငံတော်မှာ သီတင်းသုံးနေထိုင်တော်မူကြတဲ့ ထေရဝဒါ ရဟန်းတော်များရဲ့ အသွင်အပြင်ဟာ ခေတ်ကလာအလျောက် အနည်းငယ် ကွဲလွဲချက်ရှိစေကာမူ ဘုရားရှင်လက်ထက်တော်က ရဟန်းတော်များရဲ့ အသွင်အပြင်နှင့် မကွဲခြားဘူး ဘုရားရှင်ရဲ့ လိင်္ဂသာသနာတော်ကို ယနေ့အထိ ထိန်းသိမ်းထားနိုင်သေးတယ်လို့ အဖြေပေးရမှာပဲကွယ့်

                   မှန်ပါ - ဝမ်းသာလှပါပြီ ဘုရား

                   သာဓု - သာဓု - သာဓု

***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၈)  အံသကိုဋ်နှင့် လုံကွင်း

***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (နှာ ၄၉- ၆၃) မှ ကောက်နုတ်ပူဇော်ပါသည်။

ယခုအမေးအဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

ကပ္ပိယ မောင်ရဲ  - https://www.facebook.com/yewin.tun.71
  

0 comments:

Post a Comment