Monday, February 18, 2013

ကိုယ့်တရား ကိုယ် နာနိုင်အောင် ကြိုးစားကြ



တရားနာတယ် ဆိုတာ
သစ္စာတရားတွေကို နာနိုင်ဖို့ အရေးကြီးသည်။

သစ္စာတရား ဆိုတာကလည်း စာထဲက သစ္စာကို ပြောသည်မဟုတ်၊
ခန္ဓာထဲက သစ္စာကို ဆိုလိုသည်။

ခန္ဓာထဲမှာကလည်း ရုပ်နှင့် နာမ်သာ ရှိသည်။
ထိုရုပ်နာမ် ၂-ပါး၊ အကျယ်ချဲ့လျှင် ခန္ဓာငါးပါးတို့သည် ဒုက္ခသစ္စာများ ဖြစ်ကြ၏။

ထိုတရားတို့သည် တည်ငြိမ် နေကြသည် မဟုတ်။
စက္ကန့်မလပ် - မိနစ်မလပ် တရစပ် ဖြစ်ပျက်ပြောင်းလွဲနေကြသည်။
ရွေ့လျားနေကြသည်။
မတည်မငြိမ် ဖြစ်နေကြသည်။
ဖောက်ပြန်နေကြသည်။
ယင်းတို့ အားလုံး ဒုက္ခသစ္စာများချည်း ဖြစ်ကြ၏။

သမာဓိ ထူထောင်၍ ဉာဏ်ဖြင့် ကြည့်လျှင် မြင်နိုင်သည်။
ဖြစ်ပျက်ပြောင်းလွဲနေသော ဒုက္ခသစ္စာတရား တို့ကို မြင်နိုင်၏။
မြင်သော ဉာဏ်ကား မဂ္ဂသစ္စာ ဖြစ်သည်။
ဒုက္ခသစ္စာကို မဂ္ဂသစ္စာဖြင့် မြင်နိုင်၏။

ဤသည်ကား ကိုယ့်ခန္ဓာရဲ့ အဖြစ်အပျက်ကို ကိုယ့်ဘာသာပြန်၍ မြင်နိုင်ခြင်းဖြစ်၏။
ကိုယ့်ခန္ဓာက ဟောတဲ့ တရားကို ကိုယ်ကိုယ်တိုင် နာယူနိုင်ခြင်း ဖြစ်သည်။


အမရပူရမြို့၌ ဟောကြားနေသော တရားပွဲတစ်ခုတွင်  . . .
(၁)နာရီစေ့၍ တိုင်ကပ်နာကြီးက
ဒင် - ဒင် - ဒင် - ဒင် ဟူ၍ ထိုးသောအခါ ဒကာစိန်က ထ၍ လျှောက်တော့၏။

ဒကာစိန် ဆိုသည်မှာ အမရပူရသား ဖြစ်သည်။
အသားညိုညို ဝတုတ်တုတ်ကြီးဖြစ်၏။
မှိုက်စုရပ်တွင် နေထိုင်သည်။ ဆရာတော်ကြီးနှင့် ရင်းနှီး၏။

ဆရာတော်ကြီးက တရားပွဲပြီးလျှင် မိုးကုတ်မြို့သို့ ကြွရန် စီစဉ်ထား၏။
သို့ဖြစ်၍ လျှောက်ခြင်း ဖြစ်သည်။

အရှင်ဘုရား . . .
အခု နာရီက စေ့သွားတော့ တရားပွဲပြီးမယ်၊
တရားပွဲပြီးရင် အရှင်ဘုရားက ကြွတော့မှာ၊
တပည့်တော်တို့ ဘယ်သူ့တရားကို နာရမလဲ ဘုရာ့

ဤသို့ ရဲရဲတင်းတင်း လျှောက်သောအခါ မိုးကုတ်ဆရာတော်ကြီးက ဤသို့ ပြန်၍ မိန့်သည် -

သြော် . . .  ဒါလား၊
အဲဒီလိုဆိုရင် ခန္ဓာကိုယ်ကို အပ်ခဲ့မယ်၊
ကိုယ့်ခန္ဓာကို ကိုယ့်ဉာဏ်နဲ့ ကြည့်၊
ဖြစ်ပျက်တွေ မြင်လာမယ်၊ ဒါဟာ ခန္ဓာနဲ့ နာရတာ၊
ကိုယ့်တရား - ကိုယ်နာရတာပဲ၊
နာနိုင်အောင် ကြိုးစားရစ်ကြ . . . . တဲ့။
   

ကောက်နုတ်ချက် -
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏ တစ်ဘဝ သာသနာ (နှာ-၃၄၁)

ကပ္ပိယ မောင်ရဲ 
http://kpymgye.blogspot.com/ 
https://www.facebook.com/yewin.tun.71 
 
 

1 comment: