Thursday, February 14, 2013

သင်္ကန်းဟူသည်၊ ဆိုးရည်ခြောက်မျိုး၊ မအပ်သော သင်္ကန်းအရောင်ခြောက်မျိုး


ရဟန်းတော်များ၏ သင်္ကန်းတော်အသွင်အပြင် အပိုင်း(၁)

                   “မော်လမြိုင်ခရိုင် မုဒုံနယ်ဘက်ကို တပည့်တော်ရောက်သွားတော့ တော်ကူး၊ ကျိုက္ကာကျေးရွာ ဓမ္မရက္ခိတကျေးရွာ ဒမ္မရက္ခိတကျောင်း ဆရာတော် ဦးတေဇဆိုတဲ့ တောရပုဂ္ဂိုလ်ကြီးနှင့် တပည့်တော်ဆုံတွေ့ပါတယ်၊ တပည့်တော် မော်လမြိုင်နယ်ဘက်ရောက်တဲ့ ၁၃၃၉-ခုနှစ်က အဲဒီဆရာတော်ကြီးဟာ သိက္ခာတော် ၃၅-ဝါ ရှိနေပါပြီ၊ ဆရာတော်ကြီးဟာ ဝိနည်းတရားတော်ကို အလွန်လေးစားတော်မူတယ်၊ စာပေကိုလည်း အတော်လေ့လာတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်၊ ဆရာတော်ကြီးက ဘယ်လိုမိန့်တော်မူပါသလဲဆိုတော့ ယနေ့မြန်မာနိုင်ငံတော်မှာ ရှိနေကြတဲ့ ရဟန်းတော်များရဲ့ သင်္ကန်တင်ပုံ၊ ရုံပုံ အသွင်အပြင်များဟာ ဘုရားရှင်လက်ထက်တော်ကအတိုင်း ဟုတ်မဟုတ် တိတိကျကျသိချင်တယ်လို့ မိန့်တော်မူတယ် ဘုရား”

                    “သည်တော့ ကိုယ်တော်က ဘယ်လိုဖြေခဲ့သလဲ”

                   “တပည့်တော် ဘယ်လိုဖြေတက်မှာလဲ၊ ဆရာတော်အားကိုးနဲ့ အဲဒီပြဿနာကို ဆောင်ယူခဲ့တာပဲ၊ သည်ပြဿနာကိုလည်း ဆရာတော် အဖြေပေးတော်မူပါဦး ဘုရား”

                   “အေးကွယ့် - သည်ပြဿနာဟာ မေးခွန်းကတော့ တိုတိုပဲ၊ အဖြေကတော့ ဟုတ်တယ်မဟုတ်ဘူး၊ ဖြေရုံနှင့်မပြေဘူး၊ အတော်ကလေး ကျယ်ကျယ်ပြန့်ပြန့်ဖြေမှ နည်းနည်းလောက် ပြေလိမ့်မယ်ထင်တယ်ကွယ့်”

                   “နည်းနည်းလောက်ဆိုတဲ့စကားကို ဘာကြောင့်သုံးရတာလဲဘုရာ့”

                   “နည်းနည်းလောက်ဆိုတဲ့ စကားက အလုံးစုံအမှန် လို့ မပြောနိုင်တဲ့ အတွက်ကြောင့်ပေါ့ကွယ်”
                   “အလုံးစုံအမှန် မဖြေဆိုနိုင်တာက ဘာကြောင့်လဲ ဘုရား”

                   “အလုံးစုံအမှန် မဖြေဆိုနိုင်တာက ဘုရားရှင်လက်ထက် ကိုယ်တိုင်မမီဘူးလေ၊ ကိုယ်တိုင်မမီတော့ ဘုရားရှင်လက်ထက်တော်က ရဟန်းတော်များ ဝတ်ရုံပုံကို ကိုယ်တွေ့မသိရဘူး၊ စာထဲကဆိုသမျှကိုသာ အားကိုးပြီး ဖြေဆိုရမှာကိုးကွယ့်၊ စာဆိုတာ လက်တွေ့နှင့် ကိုက်ညီတာလည်းရှိတယ်၊ မကိုက်ညီတာလည်း ရှိတက်တယ်၊ အကောက် အယူအဆလည်း လွဲတက်တယ်၊ ဒါကြောင့် အလုံးစုံ အမှန်မဖြေဆိုနိုင်တာပဲကွယ်”

                   “စာလာအတိုင်း မိန့်ရမယ်ဆိုလျှင် ရှေးဦးစွာ သင်္ကန်းသမိုင်း အတိုချုပ်ပြောကြဦးစို့ရဲ့”

                   “မှန်ပါ - မိန့်တော်မူပါ ဘုရား”


                                                        သင်္ကန်းဟူသည်

                   “သင်္ကန်းကို ပါဠိလိုအားဖြင့် ‘စီဝရ’ လို့ခေါ်သကွယ့်၊ စီဝရဆိုတာ ဓာတ်ရင်းအားကတော့ ‘စိဓာတ်’ ပဲ၊ စိဓာတ်နောင် ‘ဈာဒီဟိ ဤဝရော’ ဆိုတဲ့ သုတ်နှင့် ‘ဤဝရပစ္စည်း’ သက်ထားလို့ စီဝရလို့ရုပ်ပြီးနေတယ်၊ စိဓာတ်က စယေ-ဆည်းပူးခြင်း၊ စပ်ခြင်းဆိုတဲ့ အနက်ကိုဟောတယ်၊ ‘ဆည်းပူး’ ဆိုတဲ့ ပုဒ်မှာ ပုဒ်အက္ခရာနှစ်လုံးရှိတယ်၊ ဆည်းကတစ်ပုဒ်ပူးကတစ်ပုဒ်ပေါ့၊ သည်နှစ်ပုဒ်အနက် ဆည်းဆိုတဲ့ပုဒ်က ရှာဖွေခြင်း, ပူးပေါင်းခြင်း, ပူးကပ်ခြင်း, အတူတကွဖြစ်ခြင်းအနက်ကိုဟောတယ်ကွယ့်၊ ဆည်းနှင့်ပူးနှစ်ပုဒ် စပ်လိုက်တော့ ရှာဖွေ၍ ပူးပေါင်းခြင်းရယ်လို့ အနက်ထွက်လာတယ်၊ သင်္ကန်းဆိုတာ အစမူလ ဒါယကာများ စွန့်ပစ်ထားတဲ့ အဝတ်အစားအများကို ရှာဖွေစုဆောင်းပြီး ဆက်စပ်ထားတဲ့ အဝတ်အထည်မျိုးဖြစ်တယ်၊ ဒါကြောင့် အဘိဓာန်ဋီကာမှာ ‘ဝတ္ခခဏ္ဍေဟိ စီယတေတိ စီဝရံ’ လို့ ဝိဂြိုလ်ဆိုထားတယ်၊ ဝတ္ထခဏ္ဍေဟိ-အဝတ်အပိုင်းတို့ဖြင့်၊ စီယတေ-စိအပ်စပ်အပ်၏၊ ဣတိ-ထို့ကြောင့်၊ စီဝရံ-စီဝရမည်၏တဲ့ကွယ့်”

                   သင်္ကန်းဆိုတာ အဲဒီလိုအဝတ်အစုတ်အပြတ်တွေကို ချုပ်စပ်ပြီးတဲ့နောက် ချေးညှော်တွေ တင်နေလျှင်လည်း မသိမသာအောင်, ကိုယ်ရဲ့မကောင်းတဲ့ အနံ့အသက်များကိုလည်း ထိန်းသိမ်းနိုင်အောင်ရယ်လို့ ဖန်ရည်ဆိုးထားပြန်တယ်၊ ဖန်ရည်ဆိုးထားပြန်တဲ့အတွက် ‘ကသာယေန ရတ္တံ  ကာသာယံ’ ဟူ၍လည်းကောင်း၊ ‘ကသာဝေန ရတ္တံ ကာသာဝံ’ ဟူ၍လည်းကောင်း ဝိဂြိုလ်ဆိုပြီး သင်္ကန်းကို ပါဠိဘာသာအားဖြင့် ‘ကာသာယ’ ဟူ၍လည်းကောင်း၊ ‘ကာသာဝ’ ဟူ၍လည်းကောင်း ခေါ်ကြပြန်တယ်ကွယ့်”

                   “ဖန်ရည်ဆိုတာက ဘာလဲ ဘုရား”

                   “ဖန်ရည်ဆိုတာက လျှာနှင့် တို့စမ်းလိုက်လျှင် ဖန်သောအရသာရှိတဲ့ အရည်ပေါ့ကွယ်၊ သည်စကားကို သည်မျှလောက်ဖြေရုံနှင့်တော့ ပေါ့ဆဆဖြစ်နေလိမ့်မယ်ထင်တယ်၊ ဒါကြောင့် နည်းနည်းချဲ့ပြီး ပြောကြဦးစို့”

                   “မှန်ပါ - မိန့်တော်မူပါဘုရား”

                   “အဘိဓာတ်ဋီကာ ၁၄၈-မှာ ‘ကံ ပါနိယံ သေဝတီတိ ကသာဝေါ၊ ကံ သဝါပေတီတိ ‘ကသာဝေါ’ လို့ ကသာဝပုဒ်’ ရဲ့ ဝိဂြိုလ်နှစ်မျိုးပြထားတယ်၊ ပထမဝိဂြိုလ်ရဲ့ အနက်က ‘ကံ ပါနိယံ-ရေကို၊ သေဝတိ-မှီဝဲတက်၏၊ ဣတိ-ထို့ကြောင့်၊ ကသာဝါ-ကသာဝမည်၏တဲ့’၊ ဒုတိယဝိဂြိုလ်ရဲ့အနက်က ‘ကံ-ရေကို၊ သဝါပေတိ-ယိုစီးစေတက်၏၊ ဣတိ-ထို့ကြောင့်၊ ကသာဝေါ-ကသာမည်၏တဲ့’၊ ဝိဂြိုလ်နှစ်ခုရဲ့ အဓိပ္ပာယ်က ‘ကသာဝ’ ဆိုတာ အဆီအစေးဓာတ်များတဲ့အတွက် ရေကိုစုပ်ငုံထားတက်တယ်၊ သို့မဟုတ် အဆီအစေးဖြစ်တဲ့ ရေများယိုစီးထွက်တက်တယ်တဲ့၊ အဲဒီလို အဆီအစေးများတဲ့ အခေါက် အပွင့် အသီးအသား အနှစ်များကို ကသာဝ(ဖန်ရေ) လို့ ဆိုလိုတယ်၊ အဲဒီဖန်ရေဖြင့် ဆိုးထားတဲ့ အဝတ်များကိုတော့ ‘ကာသာဝ’ လို့ခေါ်သတဲ့၊ ဏရာဂါ-တဓာဒမညတ္ထေသု စ ဆိုတဲ့ သဒ္ဒါကြီး တဒ္ဓိက်ကျမ်းရဲ့ အစီအရင်ပေါ့ကွယ်”

                   “ဖန်ရည်ဆိုးတယ်ဆိုတော့ အရသာဖန်လျှင် ဘာဖန်ရည်ဖြင့်ပင် ဆိုးဆိုး ဆိုးနိုင်တယ်လို့ ယူဆလျှင် ဖြစ်မလားဘုရား”

                   “အခုပြောနေတာက ပုဒ်ရဲ့ အဓိပ္ပာယ်ကို ပြောနေတုန်းရှိသေးတယ်၊ ဆိုးပုံဆိုးနည်းပြောနေတာ မဟုတ်သေးဘူး၊ ဒါကြောင့် အရသာဖန်တိုင်း ဆိုးလို့မဖြစ်ဘူး၊ သည်နေရာမှာ အထူးသတိပြုစရာက ကာသာဝဆိုတဲ့ပုဒ်နှင့်တွဲလျက် ကာသာယဆိုတဲ့ သင်္ကန်းဟော ပုဒ်တစ်ပုဒ်ပါတယ် မဟုတ်လား”

                   “မှန်ပါ - ပါကြောင်းပါ ဘုရား”

                   “အဲဒီ ကာသာယပုဒ်ဟာ ဖန်ရည်ဆိုးသော အဝတ်မျှကိုသာ ပေးတာမဟုတ်သေးဘူး၊ အနီရွှေရောစပ်သောအဆင်းဖြင့် ဆိုးထားသောအဝတ်ဆိုတဲ့ အနက်ကိုလည်း ဟောတယ်၊ မဂဓအဘိဓာန် ဂါထာနံပါတ် ၉၆၁-မှာ ‘ဒြဝေ ဝဏ္ဏေ ရသဘေဒေ၊ ကသာယော သုရဘိမှိ စ’ လို့ ဆိုထားတယ်၊ ကသာယော- ကသာယ သဒ္ဒါကို၊ ဒြဝေ-အရည်၌လည်းကောင်း၊ ဝဏ္ဏေ-အနီအရွှေရောသောအဆင်း၌လည်းကောင်း၊ ရသဘေဒေ-အဖန်အရသာ၌လည်းကောင်း၊ သူရဘိမှိ-ကောင်းသောအနံ့၌လည်းကောင်း၊  ဝုတ္တော-ဟောအပ်၏ တဲ့ကွယ့်၊ ဒါကြောင့် အရည်ဖန်ရုံနှင့် မဆိုးအပ်သေးဘူး၊ အရောင်ကလည်း အနီအရွှေရောစပ်တဲ့ အရောင်ဖြစ်ပါမှ အပ်တဲ့ဆိုးရည်ဖြစ်တယ်”

                   “အပ်သည်ဆိုလို့ အနီရွှေအရောင်ထွက်အောင် စပ်ပြီးဆိုးလျှင် သင်္ကန်း ဆိုးရည်အပ်တယ်လို့ ဆိုနိုင်ပါ့မလား ဘုရား”

                   “သင်္ကန်းဆိုးရည်နှင့်ပတ်သက်ပြီး အပ်တဲ့ဆိုးရည် မအပ်တဲ့ဆိုးရည်၊ အပ်တဲ့အရောင် မအပ်တဲ့အရောင်များကို ဝိနည်းဒေသနာတော်မှာ ပညတ်ပြီး ရှိပါတယ်၊ ပညတ်ပြီးကိုကျော်လွန်လို့တော့ မဖြစ်ပါဘူး”


                                                 ဆိုးရည်ခြောက်မျိုး

                   “ဘုရားရှင် ခွင်ပြုတော်မူတဲ့ ဆိုးရည်ဟာ ခြောက်မျိုးရှိသကွယ့်၊ ခြောက်မျိုးဆိုတာ 
(၁) ပင်စည်ဆိုးရည်၊ 
(၂) အသီးဆိုးရည်၊ 
(၃) အပွင့်ဆိုးရည်၊ 
(၄) အခေါက်ဆိုးရည်၊ 
(၅) အရွက်ဆိုးရည်၊
 (၆) အမြစ်ဆိုးရည်များဖြစ်ကြတယ်၊ သည်ခြောက်မျိုးအနက် ပင်စည်ဆိုးရည်မှာ ထန်းကျင့်နှင့် ပိန္နဲနွယ်ရည်ဟာ ဆိုးရည် မအပ်ဘူးကွယ့်”

                   “မှန်ပါ၊ ထန်းကျင့်တဆိုတာ ဘယ်လိုအပင်ပါလဲ ဘုရား”

                   “ထန်းကျင့်ကို ပါဠိဘာသာအားဖြင့် မဥ္ဇိဋ္ဌာ ဟူ၍လည်းကောင်း၊ ဝိကသာ ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြောင်း မဂဓအဘိဓာန်မှာဆိုထားတယ်၊ အပင်က ကင်ပွန်းချဉ်ပင်နှင့်တူတယ်၊ အပင်ရဲ့ အနှစ်က အနီရောင်ရှိတယ်၊ နံ့သာနီအစစ်ကို ရှာမရလျှင် ထန်းကျင့်နှစ်ကို နံ့သာနီအစား ဆေးမှာ သုံးရတယ်၊ အဲဒီအနှစ်ကို ရေနွေးမှာစိမ်လိုက်လျှင် ပန်းရောင်အသွေးထွက်လာတယ်၊ ဖြူတဲ့အဝတ်ကို အဲဒီ ထန်းကျင့်ရည်နှင့်ဆိုးလိုက်လျှင် နီလွင်တဲ့အဝတ်ဖြစ်လာတယ်၊ သည်အပင်ကို ရှေးကာလက ထန်းကျင့်လို့ခေါ်ကြသော်လည်း ယခုအခါမှာ ‘တိမ်းညက်ပင်’ လို့ခေါ်ကြတယ်၊ အချို့က ‘သဘောင်္နီဆေးပင်’ လို့ ခေါ်ကြတယ်၊ ဆိုးရည်ခြောက်ပါးမှာ ထန်းကျင့်ဆိုးရည်ကို ပင်စည်ဆိုးရည်လို့ သာမန်ပြထားသော်လည်း ပင်စည်ရဲ့ အခွံအကာမှာ အရောင်မရှိဘူး၊ အနှစ်မှာသာ အရောင်ရှိတယ်”

                   “ပိန္နဲနွယ်ပင်ဆိုတာလည်း အမိန့်ရှိပါဦး”

                   “ပိန္နဲနွယ်ပင်နှင့် ပတ်သက်ပြီး သိစရာက ကမ္ဘာမြေပြင်မှာ အဖိုရှိလျှင် အမရှိသလို ပင်စောက်မျိုးရှိလျှင်လည်း နွယ်ပင်မျိုးလည်း ရှိတက်သကွယ့်၊ ဥပမာမှာ ညောင်ပင်ဟာ ပင်စောက်ရှိသလို ညောင်နွယ်လည်းရှိတယ်၊ သရက်ပင် စောက်ရှိသလို သရက်နွယ်ပင်လည်းရှိတယ်၊ ယမနေပင် ကြောင်လျှာပင်တို့ ပင်စောက်ရှိသလို ယမနနွယ် ကြောင်လျှာနွယ်ပင်များလည်းရှိတယ်၊ အဲဒီ ဥပမာလို ပိန္နဲပင်စောက်ရှိသလို ပိန္နဲနွယ်လည်း ရှိတာပေါ့ကွယ်၊ ပိန္နဲနွယ်ကို ပြုတ်လိုက်လျှင် နနွင်းရောက်ထွက်တယ်၊ အဲဒီဆိုးရည်ကိုသင်္ကန်းမှာမဆိုးအပ်ဘူး”

                   “ပိန္နဲနွယ်ဆိုးရည်တော့ မအပ်ဘူး၊ ပိန္နဲပင်ဆိုးရည်တော့ကော အပ်ပါသလားဘုရား”

                   “ပိန္နဲပင်ဆိုးရည်တော့အပ်ပါတယ်၊ ရှေးက ကိုယ်တော်တွေဟာ များသောအားဖြင့် ပိန္နဲဆိုးရည်ကို ဆိုးကြတာများပါတယ်”

                   “ပိန္နဲပင်က ဆိုးရည်ထုတ်တော့ ပိန္နဲအခေါက်ကိုပြုတ်ပြီး ထုတ်ရတယ်ဆိုတာ ဟုတ်ပါသလား ဘုရား”

                   “ပိန္နဲခေါက်ကို ပြုတ်လို့ ဘယ်မှာ ဆိုးရည်ထွက်မလဲကွယ်၊ ပိန္နဲပင်အနှစ်ကောင်းကောင်းကို တောက်တောက်စင်းပြီး ဒယ်အိုးကြီးဖြင့် အစေးထွက်အောင်ပြုတ်မှ အဝါရောင်ဆိုးရည်ထွက်လာတယ်၊ အဲဒီဆိုးရည်က ထပ်ခါထပ်ခါ ဆိုးပါမှ အဝါရောင်သင်္ကန်းထွက်လာတယ်ကွယ့်”

                   “မှန်ပါ - ဆက်ပြီး မိန့်တော်မူပါဘုရား”

                   “အင်း - ကိုယ်တော်ကြားဖြတ်မေးလိုက်တာနဲ့ ဘယ်ရောက်သွားပါလိမ့်”

                   “ပင်စည်ဆိုးရည် ရောက်သွားပါပြီ ဘုရား”

                   “ပင်စည်ဆိုးရည်ပြီးတော့ အသီးဆိုးရည်ပေါ့ကွယ်၊ အသီးဆိုးရည်မှာတော့ မအပ်သောအသီးရယ်လို့ မရှိဘူး၊ သို့သော်လည်း သင်္ကန်းရောက်မဟုတ်တဲ့ အပြာရောင်၊ အနီရောင်၊ အစိမ်းရောင်မျိုးဆိုလျှင်တော့ မအပ်ဘူးကွယ့်၊ အပွင့်ဆိုးရည်ကျတော့ ဝတ်ပန်းပွင့် ပေါက်ပွင့်တို့ရဲ့ ဆိုးရည်ဟာ မအပ်ဘူး၊ ကျန်အပွင့် ဆိုးရည်တော့အပ်တယ်၊ အခေါက်ဆိုးရည်မှာတော့ တောက်ရပ်ခေါက်၊ ကြပိုင်ခေါက်ဆိုးရည်များဟာ မအပ်ဘူး၊ တောက်ရပ်မှာ အခေါက်မအပ်သော်လည်း အရွက်ရည်ကျတော့ ပိန္နဲဆိုးထားတဲ့ သင်္ကန်းရောက်မကျွတ်အောင် တောက်ရပ်ရွက်ဆိုးရည်နှင့် ထပ်အုပ်ရတယ်”

                   “တောက်ရပ်ရွက်ဆိုးရည်က အရောင်ကို ထိန်းထားနိုင်သလား ဘုရား”

                   “အေးကွယ့်၊ တောက်ရပ်ရွက်က ချဉ်တာကိုး၊ အချဉ်ဓာတ်က အရောင်ကို ထိန်းထားနိုင်တယ်ဆိုကိုးကွယ့်”

                   “ကြပိုင်ဆိုတာလည်း အမိန့်ရှိပါဦး ဘုရား”

                   “ကြပိုင်ကို အခု မဒမ လို့ခေါ်ကြတယ်၊ မဒမပင်အကြောင်း မြန်မာစွယ်စုံကျမ်း အတွဲ(၈)မှာ အကျယ်ဖွင့်ပြထားပါတယ်၊ မဒမဆိုးရည်က အညိုရောင်ကွယ့်၊ လှေရွက်တို့ ပိုက်ကွန်တို့ကိုဆိုးကြတယ်၊ သင်္ကန်းဆိုးရည်အတွက်ကတော့ မအပ်ဘူးကွယ့်”

                   “မအပ်ဘူးသာဆိုတယ်၊ ခုခေတ် ကိုယ်တော်များက မဒမအရောင်ကိုတောင် ပိုကြိုက်နေကြသေးတယ် ဘုရား”

                   “ကြိုက်-မကြိုက်ဟာ ပဓာနမဟုတ်ပါဘူးကွယ်၊ အပ်-မအပ်ကသာ ပဓာနပါ၊ ကြိုက်ပင်ကြိုက်သော်လည်း မအပ်လျှင် မလုပ်ကောင်းဘူးပေါ့ကွယ့်”

                   “မှန်ပါ - ဆက်ပြီး မိန့်တော်မူပါဦး ဘုရား”

                   “အရွက်ဆိုးရည်မှာတော့ မဲရွက်တို့၊ ဒန်းရွက်တို့က အပြာရောင်မို့ မအပ်ဘူး၊ အမြစ်ဆိုးရည်ကျတော့ နနွင်းမြစ်ဆိုးတာက မအပ်ဘူးကွယ့်၊ အဲဒီဆိုးရည်မအပ်တဲ့ အပင်, အသီး, အပွင့်, အခေါက်, အရွက် အမြစ်များကို အကျဉ်းချုံးပြီး -
                   နနွင်း, ထန်းကျင့်၊ ဆူးပန်းပွင့်၊ ပေါက်ပွင့် ပိန္နဲရယ်၊
                   ကြပိုင် တောက်ရပ်၊ မဲ ဒန်း မှတ်၊ မအပ်ဆိုးရည်ဝယ်-
လို့ လယ်တီဆရာတော်ဘုရားက သံခိပ်ရေးသားတော်မူခဲ့တယ်။

                   “သင်္ကန်းအရောင်အဆင်းကိုလည်း အမိန့်ရှိပါဦး ဘုရား”


                                     မအပ်သော သင်္ကန်းအရောင်ခြောက်မျိုး

                   “မဟာဝါ စီဝရက္ခန္ဓာကမှာ မအပ်သော သင်္ကန်းအရောင်ခြောက်မျိုးကို ဘုရားရှင် ပညတ်တော်မူထားသကွယ့်၊ အရောင်ခြောက်မျိုးက-
                   (၁)     သဗ္ဗနီလက      -         အလုံးစုံညိုမောင်းသောအရောင်၊
                   (၂)     ပီတ              -         ရွှေသောအရောင်၊
                   (၃)     လောဟိတ      -         နီသောအရောင်၊
                   (၄)     ကဏှာက        -         မည်းနက်သောအရောင်၊
                   (၅)     မဟာရင်္ဂ         -         ကင်းခြေများကျောကုန်းအရောင်၊
                   (၆)     မဟာနာမရင်္ဂ    -         ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သောအရောင်
သည်အရောင်ခြောက်မျိုးဟာ သင်္ကန်းအတွက် မအပ်တဲ့အရောင်များဖြစ်တယ်ကွယ့်”

                   “အရောင်ခြောက်ပါးကို တစ်ပါးစီခွဲခြားပြီး မိန့်ပါဦးဘုရား”

                   “အရောင်ခြောက်ပါးအနက် သဗ္ဗနီလက အလုံးစုံညိုမောင်းတယ်ဆိုတဲ့ စကားမှာ အညိုဆိုတာက အောက်မဲညိုပွင့်အရောင်တဲ့ကွယ်၊ အောက်မဲညိုပွင့်ဟာ  ညိုတယ်ဆိုသော်လည်း ဆံပင်အရောင်အနက်ညိုမျိုး မဟုတ်ဘူး၊ ကောင်းကင်ရောင်အပြာညိုမျိုးဖြစ်တယ်၊ ဒါကြောင့် အပြာရောင်မဆိုးအပ်ဘူး၊ မောင်းတယ်ဆိုတာက အမည်း, အပြာ, အနီ သုံးပါးရောစပ်တဲ့အရောင်တဲ့ကွယ့်၊ အမည်း, အပြာ, အနီ အရောင်သုံးပါးရောစပ်တော့ မဥ္ဇိဋ္ဌဆိုတဲ့ အနီဖျော့ ပန်းရောင်ဖြစ်လာတယ်၊ ဒါကြောင့် သင်္ကန်းကို ပန်းရောင်လည်း မဆိုးကောင်းဘူး၊ ပီတ-ရွှေသောအရောင်ဆိုတာကိုတော့ မဟာလှေခါးပန်းနှင့်နှိုင်းပြထားတယ်၊ မဟာလှေခါးဆိုတာ အရွက်နှစ်ခွရှိတဲ့ စွယ်တော်ပင်မျိုးပဲကွယ့်၊ စွယ်တော်ဟာ အဖြူမျိုး, အနီမျိုး, ပန်းရောင်မျိုး, အပြာရောင်မျိုး, အဝါရောင်မျိုးရယ်လို့ မျိုးကွဲတွေရှိနေတယ်၊ သည်နေရာမှာဆိုလိုတဲ့အရောင်ကတော့ ဝါရွှေသောအရောင်ဖြစ်တယ်၊ သင်္ကန်းကို ဝါရွှေသောအရောင်မျိုး မဆိုးကောင်းဘူး၊ လောဟိတ-နီသောအရောင်ဆိုတော့ လယ်ခေါင်ရမ်းပွင့်နှင့် နှိုင်းပြထားတယ်၊ ယခုအခါမှာတော့ ကြက်သွေးရောင်လည်း မဆိုးကောင်းဘူး၊ ကဏှာက-မည်းနက်သောအရောင်ကိုတော့ ဆင်ပုတီးစေ့အဆင်းနှင့်နှိုင်းထားတယ်၊ ဆင်ပုတီးစေ့ဟာ မီးသွေးလိုမည်းနက်တာမို့ သင်္ကန်းကို မီးသွေးရောင်လည်း မဆိုးကောင်းဘူး၊ မဟာရင်္ဂအဆင်းကိုတော့ ကင်းခြေများကောင်ရဲ့ ကျောကုန်းအဆင်းနှင့် နှိုင်းထားတယ်၊ မဟာနာမရင်္ဂအဆင်းကို ဖက်ရွက်ရော်အဆင်းနှင့် နှိုင်းထားပြန်တယ်၊ သည်အဆင်းခြောက်မျိုးဟာ သင်္ကန်းအတွက် မအပ်တဲ့ အဆင်းရောင်များဖြစ်ကြတယ်၊ သည်အကြောင်းကို-
                   အညိုအမောင်း၊ နီရွှေဆောင်း၊ တစ်ကြောင်းမည်းနက်ရောက်။
                ကင်းခြေကျောဆင်း၊ ဖျော့တော့ခြင်း၊ အလျဉ်းမအပ်ရှောင်
လို့ ဆရာများက သံခိပ်ရေးသားတော်မူခဲ့ကြတယ်”


                                                                
***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၇) ရဟန်းတော်များ၏ သင်္ကန်းတော်အသွင်အပြင်  (အပိုင်း -၂)            

***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (နှာ ၄၁-၄၉) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ “ဗောဓိပင်ပြဿနာ အမေး-အဖြေ” အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

ကပ္ပိယ မောင်ရဲ  - https://www.facebook.com/yewin.tun.71

 Tuesday, August 14,2012     11:00  am 



0 comments:

Post a Comment