Monday, February 18, 2013

ရဟန်းယောင်ကပေးသော ပြဿနာများ



                   ယခုလျှောက်ထားချင်တာကတော့ လူသားလောကနှင့်မဆိုင်ဘူး၊ တပည့်တော်များ ရဟန်းတော်များ လောကသက်သက်ပဲပါဘုရား

                        အင်း - ဆိုစမ်းပါဦး

                        တပည့်တော် ခရီးလှည့်ရင်း ရွာတစ်ရွာရောက်သွားတော့ အဲဒီရွာကျောင်းထိုင်ကိုယ်တော် အမှုဖြစ်နေတာနှင့် တွေ့ကြုံခဲ့ရပါတယ် ဘုရား

                        ဘယ်လိုဖြစ်နေတာတုန်း

                        အမှုကတော့ ဝက်သေမှုဘုရား၊ ကျောင်းရဲ့ အနီးအပါးမှာ ဒကာတစ်ယောက်က ဝက်တွေမွေးထားတယ်၊ ဝက်မွေးထားပြီး ဝက်တွေကို ကောင်းကောင်းမစောင့်ရှောက်ဘဲ ပေါက်လွှတ်ပစ်ထားတော့ ဝက်တွေဟာ မကြာမကြာ ကျောင်းထဲရောက်လာပြီး ကျောင်ဝင်းထဲက စိုက်ပျိုးထားတဲ့ သစ်ပင်ကလေးများကို ဖျက်ဆီးပစ်တက်သတဲ့ ဘုရား၊ တစ်ရက်တော့ ကျောင်းဝင်းအတွင်း ဝင်ရောက်လာတဲ့ဝက်ကို ကျောင်းထိုင်ကိုယ်တော်က ကျောင်းပေါ်ကဆီးပြီး ကျောက်ခဲနဲ့ ပစ်ပေါက်လိုက်တာ ချက်ကောင်းထိမှန်ပြီး ဝက်သေဆုံးသွားတော့ ကျောင်းထိုင်ကိုယ်တော်လည်း ဘာလုပ်ရမှန်းမသိဘဲ အနီးရှိတာနှင့် ဆွဲအုပ်ထားလိုက်တယ်၊ ဒါကို ရွာသားတွေ တစ်ယောက်စကား တစ်ယောက်ကြားတဲ့ပြီး ဝက်ပိုင်ရှင်က ကျောင်းထိုင်ကိုယ်တော်ကို ပါရာဇိက အာပတ်နဲ့စွပ်စွဲလို့ အမှုဖြစ်ကြတာ၊ ဒီကိစ္စနဲ့ ပက်သက်ပြီး တပည့်တော်သိချင်တာ အဲဒီကိုယ်တော် ဘယ်အာပတ်နဲ့ ဆုံးဖြတ်မယ်ဆိုတာပါ ဘုရား

                        သည်ကိစ္စကို သည်မျှလောက်ထားရုံနှင့် မပြည့်စုံဘူး၊ ဝက်သတ်မိတဲ့ ကိုယ်တော်ဟာ ဘယ်လိုစိတ်နှင့် ဝက်ကိုသတ်တာလဲ
                        (၁)        ခိုးလိုတဲ့စိတ်နှင့် သတ်မိသလား၊
                        (၂)        ဝက်ကို သေစေလိုတဲ့စိတ်နှင့် သတ်မိသလား၊
                        (၃)        ကျောင်းဝင်းအတွင်းက ထွက်ခွါစေလိုတဲ့စိတ်နဲ့ မောင်းရင်းသတ်မိသလား
ဆိုတာတွေကို စုံစမ်းစစ်ဆေးဖို့ ကျန်နေသေးတယ်၊ 
အကယ်၍ 
(၁) ခိုးယူလိုသော စိတ်ဖြင့် သူသတ်တယ်ဆိုလျှင် ပါရာဇိက ရှေး ဒုက္ကဋ်ပြေး ဆိုတဲ့ အတိုင်း ဒုက္ကဋ်အာပတ်ဖြင့် ဦးစွာဆုံးဖြတ်ရလိမ့်မယ်၊ ခိုးယူလိုသောစိတ်ဖြင့် သတ်ပြီး ဝက်သေကို တည်ရာက မပြောင်းရွှေ့တဲ့အတွက် ခိုးခြင်းကိစ္စ မပြီးမြောက်သေးဘူး၊ ဒါကြောင့် ပါရာဇိကဖြင့်မဆုံးဖြတ်ဘဲ ဘဏ္ဍာစားပေးစေလို့သာ ဆုံးဖြတ်သင့်တယ်၊ 
(၂) ခိုးယူလိုသောစိတ်ဖြင့် မဟုတ်ဘဲ သေစေလိုသော စိတ်ဖြင့် သတ်ခဲ့လျှင် ဝက်သေခြင်းကြောင့် ပါစိတ်အာပတ်ဖြင့် ဆုံးဖြတ်ပြီး ဝက်သေကို ထိန်ဝှက်ဖုံးအုပ်ထားခြင်းကြောင့် ဘဏ္ဍာစားပေးစေလို့ပင် ဆုံးဖြတ်ရလိမ့်မယ်၊ 
(၃) ကျောင်းဝင်းအတွင်းက ထွက်သွားစေလိုတဲ့စိတ်ဖြင့် ခြောက်လှန့်တာဆိုလျှင်တော့ တစ်စုံတစ်ခုသောအာပတ်နှင့်မျှ မပတ်သက်ဘဲ ဝက်သေကို ထိန်ချန်မိတဲ့အတွက် ဘဏ္ဍာစားပေးစေလို့ပင် ဆုံးဖြတ်ရမယ်ကွယ့်

                        မှန်ပါ - သည်အဆုံးအဖြတ်ကို တပည့်တော် သဘောကျပါပြီ ဘုရား၊ ဒါပေမယ့် ကျောင်းထိုင်ကိုယ်တော်ဟာ ဝက်ကို ခိုးလိုသောစိတ်ဖြင့် သတ်ပြီး ဝက်သေကို ရွှေ့ပြောင်းထားလျှင်ကော ဝိနည်းဓိုရ်တစ်ဦးအဖြင့် ဘယ်အာပတ်ဖြင့် ဆုံးဖြတ်သင့်ပါသလဲ ဘုရား

                        ဝက်သေကိုယူဆောင်ဖို့ သွားခဲ့လျှင် ခြေလှမ်းတိုင်း ဒုက္ကဋ်အာပတ်သင့်တယ်၊ ဝက်သေကိုသုံးသပ်ခဲ့လျှင်လည်း ဒုက္ကဋ်အာပတ်သင့်ပြန်တယ်၊ ပါရာဇိကထိုက်တဲ့ ဝတ္ထုကို တုန်လှုပ်သွားစေလျှင် ထုလ္လစ္စည်းအာပတ်သင့်တယ်၊ တည်ရာက ရွေ့စေလျှင် ပါရာဇိကကျတယ်ကွယ့်

                        ပါရာဇိကထိုက်တယ်ဆိုတာ ပစ္စည်းကိုခိုးယူတိုင်း ပါရာဇိကမကျပါဘူး၊ ပါရာဇိကကျလောက်တဲ့ ဝတ္ထုကိုခိုးယူမှ ပါရာဇိကကျတယ်၊ ပါရာဇိကကျလောက်တဲ့ ဝတ္ထုဆိုတာက ရွှေစင်ငါးပဲသား(သို့မဟုတ်) တစ်မတ်တန်တဲ့ဝတ္ထု၊ တစ်မတ်ထက်တန်ဖိုးမြင့်တဲ့ဝတ္ထုဖြစ်တယ်၊ ဝက်သေဟာ ရွှေစင်တစ်မတ်(သို့မဟုတ်) တစ်မတ်ထက်အဖိုးထိုက်လျှင် ပါရာဇိက၊ တစ်ပဲ, တစ်ပဲအောက်သာ တန်ဖိုးရှိလျှင် ထုလ္လစ္စည်းအာပတ်သင့်တယ်ကွယ့်

                        ရွှေစင်ဆိုတာ ရွှေအစစ်ကိုဆိုလိုတာလား၊ စပ်ထားတဲ့ ကာရက်ရွှေမျိုးကို ဆိုတာလားဘုရား

                        ဒီနေရာမှာ ရွှေစင်လို့ သုံးသော်လည်း ရွှေအစစ်မဟုတ်ပါဘူး၊ စပ်ထားတဲ့ရွှေမျှသာ ဖြစ်တယ်ကွယ့်

                        စပ်ထားတဲ့ရွှေဆိုတာ ဘယ်လိုစပ်ထားသလဲ၊ ရွှေတစ်ကျပ်သားမှာ ခေတ်တန်ဖိုးနဲ့ ဘယ်လောက်တန်မလဲဆိုတာလည်း မိန့်တော်မူပါဦး ဆရာတော်

                        စပ်ထားတဲ့ရွှေစင်ကို နီလကဟာပဏလို့ခေါ်သကွယ့်၊ နီလကဟာပဏစပ်ပုံက ရွှေစစ်တစ်မတ်, ငွေစစ်တစ်မတ်, ကြေးနီနှစ်မတ်, ယင်းတစ်ကျပ်သားကို အရည်ကျို၊ အရောင်အဆင်းကောင်းအောင် အချိန်တစ်စပါးလောက်ရှိ၍ သံကောင်းကောင်းကိုထည့်၊ အားလုံးပြန်သွန်တဲ့အခါ လေးမတ်(သို့မဟုတ်) တစ်ကျပ်သားပဲကျန်တယ်၊ အဲဒီရွှေစင် တစ်ကျပ်သားအပေါ်မှာ အရပ်စတဲ့ အမှတ်တံဆိပ်ခတ်ထားတယ်၊ ယခုခေတ် ရွှေဒင်္ဂါးများလိုပေါ့၊ အဲဒီလို အမှတ်တံဆိပ်ခတ်ထားတဲ့ ရွှေစင်တစ်ကျပ်သားကို နီလကဟာပဏလို့ ခေါ်တယ်၊ နီလကဟာပဏဟာ ရွှေအစစ်မဟုတ်ဘူး၊ ရွှေစင်လေးပုံတစ်ပုံမျှသာ ပါဝင်တယ်၊ ကမ္ဘာပေါ်မှာ ရွှေဈေးဟာ မတည်ငြိမ်ဘူး၊ အတက်ဈေး အကျဈေးရှိနေတယ်၊ တစ်နေရာနှင့်တစ်နေရာလည်း ဈေးချင်းမတူညီဘူး၊ သူ့ကာလ သူ့ဌာနအားလျော်စွာ ရွှေဈေး-ကြေးဈေး-ငွေဈေးတို့နှင့် တန်ဖိုးဖြတ်လို့ အာပတ်ကို ဆုံးဖြတ်ရလိမ့်မယ်၊ ဒါကြောင့် ကင်္ခါဋီကာသစ်မှာ -
                        ဝတ္ထုံ ကာလဉ္စ ဒေသဉ္စ၊ အဂံ္ဃ ပရိဘောဂပဉ္စမံ။
                        တုလယိတွာ ပဉ္စဋ္ဌာနာနိ၊ ဓာရေယျတ္ထံ ဝိစက္ခဏော-
လို့ ပြထားတာပေါ့ကွယ်

                        မှန်ပါ- အဲဒီဂါထာရဲ့ အဓိပ္ပာယ်က ဘယ်လိုပါတဲ့လဲဘုရား

                        ဂါထာရဲ့ အဓိပ္ပါယ်က ခိုးမှုကိုဆုံးဖြတ်မယ်ဆိုလျှင် ခိုးအပ်သောဝတ္ထု, ခိုးသောကာလ, ခိုးယူသောဒေသ, ပစ္စည်းတန်ဖိုး, သုံးဆောင်ပြီး ဟုတ်မဟုတ်- သည်အချက်ငါးချက်နှင့် နှိုင်းချိန်ပြီးမှ ဆုံးဖြတ်ရမယ်လို့ ဆိုလိုတာပေါ့ကွယ်၊ ဒုတိယ ပါရာဇိကအာပတ်ဟာ အလွန်သိမ်မွေ့သကွယ့်


                                                             အန္တိမရောက် ရဟန်းယောင်

                        မှန်ပါ-သည်လောက်ဆိုလျှင် ဝက်သေမှုပြဿနာနဲ့ပတ်သက်ပြီး ဝိနည်းအဆုံးဖြတ်ဟာ ရှင်းလင်းသလောက် ဖြစ်သွားပါပြီ ဘုရား၊ ကြုံတုန်း ဒီပြဿနာနဲ့ တစ်ဆက်တည်း ခေါင်းထဲပေါ်လာတဲ့ ပြဿနာတစ်ရပ်ကို လျှောက်ထားပါရစေ ဘုရား

                        ဘယ်လိုပြဿနာလဲကွယ့်

                        ပြဿနာက ရဟန်းဖြစ်တဲ့ပုဂ္ဂိုလ်ဟာ လေးပါးသော ပါရာဇိကအနက် တစ်ပါးပါးသော ပါရာဇိကအာပတ်ကို ကျူးလွန်တဲ့အတွက် သာသနာတော်က ဆုံးရှုံးခြင်းဆိုတဲ့ ပါရာဇိကရောက်သွားပြီဆိုပါတော့ ဘုရား၊ ပါရာဇိကရောက်သွားပြီးတဲ့နောက် သူ့အပြစ်ကို ရိုးသားစွာ သူဝန်ခံပြီး လူထွက်သွားလျှင် ဘာမှပြဿနာမဖြစ်ဘူးပေါ့ ဘုရား၊ အကယ်၍ လူလည်းမထွက်ဘဲ (ဝိနည်းဓိုရ်အဖွဲ့အစည်းက စစ်တာမှာလည်း ဝန်မခံဘဲ အယောင်ဆောင်နေခဲ့သော် အဲဒီပုဂ္ဂိုလ်တစ်ဦးကပေးတဲ့ ပြဿနာဟာ သာသနာတော်အဖို့လည်း မကောင်း၊ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဆောင်ရွက်နေကြတဲ့ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ကိုလည်း မထေမဲ့ပြင်ပြုရာရောက်တာပေါ့ဘုရား၊ အဲဒီပုဂ္ဂိုလ်ဟာ သာသနာတော်မှာ နေမြဲတိုင်းနေမယ်၊ ပြုမြဲတိုင်းပြုမယ်တဲ့၊ အကယ်၍) သူကိုယ်တိုင်ဆရာလုပ်ပြီး သာမဏေပြုလျှင် သူ့တပည့် သာမဏေလောင်းဟာ သာမဏေစစ်ဖြစ် မဖြစ်၊ သူကဆရာလုပ်ပြီး ရဟန်းခံပေးလျှင် သူ့တပည့်ရဟန်းလောင်းဟာ ရဟန်းစစ် ဖြစ်မဖြစ် စတဲ့ပြဿနာကိုလည်း ဆရာတော် ဖြေပေးတော်မူပါဦး ဘုရား

                        အေး-အဲဒီပြဿနာကတော့ အတော်ကြီးလေးတဲ့ ပြဿနာပဲကွယ့်၊ အတိအကျ အဖြေရေးသားထားတာတွေလည်း မှတ်မှတ်ရရ မကြည့်မိဘူး၊ သဘောအရ ဖြေရမယ်ဆိုလျှင် ပါရာဇိကရောက်ပြီးတဲ့ ပုဂ္ဂိုလ်ဟာ ရဟန်းမဟုတ်တော့ဘူး၊ ရဟန်းမဟုတ်သူက ပြုပေးတဲ့ သာမဏေဟာလည်း သာမဏေစစ်မဖြစ်ဘူး၊ ရဟန်းမဟုတ်သူက ပြုပေးတဲ့ ရဟန်းဟာလည်း ရဟန်းစစ်မဖြစ်ဘူး၊ ယုတ္တိပြပါဆိုလျှင် ပါရာဇိကရောက်ပြီးသူဟာ မီးလောင်ပြီးတဲ့ သစ်စေ့နှင့်တူတယ်၊ မီးလောင်ပြီးသောသစ်စေ့ဟာ အပင်မပေါက်နိုင်သလို ပါရာဇိကရောက်ပြီး သူဟာလည်း ရှင်စစ် ရဟန်းစစ်ဆိုတဲ့အပင်ဟာ မပေါက်နိုင်ဘူးလို့ ဖြေဆိုရလိမ့်မယ်၊ သို့သော်လည်း ဝိနည်းတရားဆိုတာ အာဏာဒေသနာတော်မို့ သုတ္တန်တရား အဘိဓမ္မာတရားတို့လို သဘောကြည့်ပြီး ဖြေဆိုလို့ မမှန်ဘူး၊ ဒါကြောင့် သဘောအရ ဖြေဆိုချက်ကို ဘေးဖယ်ထားပြီး ဝိနည်းတော်က ဘယ်လိုမိန့်သလဲဆိုတာသိရအောင် ဝိနည်းပါဠိတော် အဋ္ဌကထာဋီကာဂဏ္ဌိကျမ်းများကို စိစစ်ကြည့်ရမယ်၊ အဲဒီလို စိစစ်တဲ့အခါ ရှေးဦးစွာ ဝိနည်းမဟာဝါ မဟာခန္ဓကကို စိစစ်ကြည့်လိုက်တော့ ရှေးဦးစွာ ဗုဒ္ဓဘုရားရှင်ဟာ ဥရုဝေလတော နေရဉ္ဇာမြစ်ကမ်းအနီး ဗောဓိပင်ရင်းမှာ သစ္စာလေးပါးကိုသိလို့ ဘုရားဖြစ်တော်မူတယ်၊ ဘုရားဖြစ်တော်မူပြီးနောက် ခုနစ်ရက် ခုနစ်လီ သတ္တ သတ္တာဟ အဆင့်ဆင့် စံနေတော်မူတယ်

                        နောက်ဆုံး ရာဇာယတနခေါ်တဲ့ လင်းလွန်းပင်ရင်းမှာ ခုနစ်ရက်စံနေတော်မူပြီးနောက် လင်းလွန်းပင်ရင်းက အဇပါလခေါ်တဲ့ ဆိတ်ကျောင်းညောင်ပင်ရင်းကို ကြွရောက်သီတင်းသုံးတော်မူရင်း ငါသိတဲ့တရားဟာ ခက်ခဲနက်နဲတယ်၊ သာမန်ပုဂ္ဂိုလ်တို့ ဉာဏ်သက်ဝင်ဖို့ခဲယဉ်းတယ်၊ သတ္တဝါတွေဟာ အလွန် ကိလေသာထူပြောကြတယ်၊ ကာမဂုဏ်ညွန်အိုင်အတွင်းမှာ နစ်မြုပ်နေကြတယ်။ ဒီသတ္တဝါတွေကို တရားဟောသော်လည်း ငါ့တရားကို နားမလည်ခဲ့ ငါသာ ပင်ပန်းရုံဖြစ်လိမ့်မယ် လို့ သတ္တဝါများအပေါ် တရားဟောဖို့ စိတ်မညွတ်ဘဲ ကြောင့်ကြမဲ့နေဖို့သာ စိတ်ညွတ်တော်မူတယ်၊ ဒီအခါ သဟမ္ပတိဗြဟ္မာမင်းဟာ ဘုရားရှင်ရဲ့ အကြံတော်ကို မိမိစိတ်ဖြင့် သိတဲ့အတွက် ဗြဟ္မာ့ပြည်က အမြန်လာပြီး တရားဟောရန် တောင်းပန်သတဲ့၊ ဒီအခါမှာ ဘုရားရှင်က တရားဟောဖို့ ဝန်ခံတော်မူပြီး၊ ဗုဒ္ဓစက္ခုဖြင့် လောကကိုကြည့်တော်မူတယ်၊ ရှေးဦးစွာ ကာလာမအနွယ်ဖြစ်တဲ့ အာဋ္ဌာရ ရသေ့ကို မြင်တော်မူတယ်၊ သို့သော်လည်း အဲဒီအချိန်မှာ အဋ္ဌာရ ရသေ့ ကွယ်လွန်သော ခုနစ်ရက်ရှိသွားပြီဖြစ်လို့ ရာမရဲ့သား ဥဒကရသေ့ထံ စိတ်ညွတ်တော်မူပြန်တယ်၊ ဥဒကရသေ့ဟာလည်း ယမန်နေ့ကပင် ကွယ်လွန်သွားကြောင်း သိမြင်တော်မူလို့ ပဉ္စဝဂ္ဂီ ငါးဦးတို့ရှိရာ မိဂဒါဝုန်တောကိုကြွပြီး ဓမ္မစကြာတရား ဟောကြားတော်မူပြန်တယ်။

                        ပဉ္စဝဂ္ဂီ တို့ဟာ တရားတော်ကို နာကြားရတဲ့အတွက် အသိဉာဏ်ပေါက်ပြီး အားလုံး ဧဟိဘိက္ခု ရဟန်းများဖြစ်ခဲ့ကြတယ်၊ အဲဒိနောက် ဗာရာဏသီ သူဋ္ဌေးသား ယသနှင့် သူငယ်ချင်း ငါးကျိပ်လေးယောက်တို့ ရဟန်းဖြစ်ကြပြန်တယ်၊ အားလုံးပေါင်းလိုက်လျှင် ပဉ္စဝဂ္ဂီ ငါးဦးရယ်, ယသရယ်, သူငယ်ချင်း ငါးကျိပ်လေးယောက်ရယ် ရဟန္တာပေါင်း ခြောက်ဆယ်ရှိသွားပြီ၊  ဒီရဟန္တာခြောက်ဆယ်တို့ဟာ အားလုံး ဧဟိဘိက္ခုရဟန်းတွေချည်းပဲ၊ ဣသိပတန မိဂဒါဝုန်တောမှာ ပထမဝါကပ်ဆိုစဉ် တရားသိမြင်သွားကြတဲ့ ပုဂ္ဂိုလ်များဖြစ်ကြတယ်၊ ဝါလကျွတ်တော့ ဘုရားရှင်က ရဟန္တာခြောက်ကျိပ်တို့ကို ခေါ်တော်မူပြီး ရဟန်းတို့၊ ငါဟာ တဏှာညွှတ်ကွင်းမှ ကင်းလွတ်ခဲပြီ၊ သင်တို့လည်း ကင်းလွတ်ကြပြီ၊ သတ္တဝါတွေဟာ တဏှာညွှတ်ကွင်းမှာ မိနေကြတယ်၊ သင်တို့လည်း အရပ်ရှစ်မျက်နှာမှာ ဒေသစာရီလှည့်လည်ကြပြီး တဏှာကျော့ကွင်းမိနေကြတဲ့ သတ္တဝါတွေကို ကယ်တင်ကြ၊ ဉာဏ်မျက်စိရှိကြတဲ့ သတ္တဝါတွေဟာ အမှန်တရားကို မနာကြားရတဲ့အတွက် မဂ်ဖိုလ်က ဆုံးရှုံးနေကြရှာတယ်၊ တရားတော်ကို ဟောပြခဲ့လျှင် အမှန်ကိုသိတဲ့ပုဂ္ဂိုလ်တွေ ပေါ်ပေါက်လာလိမ့်မယ် လို့ မိန့်တော်မူပြီး သာသနာပြု စေလွှတ်တော်မူလိုက်တယ်။

                        ရဟန္တာအရှင်မြတ်များဟာ အမိန့်တော်အတိုင်း အရပ်အသီးသီး ဒေသစာရီကြွချီတော်မူကြပြီး တရားဓမ္မဟောပြတော်မူတဲ့အတွက် ရှင်ဖြစ်လို ရဟန်းဖြစ်လိုတော်မူကြတဲ့ ပုဂ္ဂိုလ်တွေ ပေါ်ပေါက်လာခဲ့လျှင် ရဟန္တာအရှင်မြတ်များဟာ ရှင်လောင်း ရဟန်းလောင်းများကို ဘုရားရှင်ထံ ခေါ်ဆောင်လာကြတယ်၊ ဒီလိုခေါ်ဆောင်လာကြတဲ့အတွက် ရဟန္တာများရော, ရှင်လောင်း ရဟန်းလောင်းများရော အလွန် ပင်ပန်းကြတယ်၊ ဒီအကြောင်းကို ဘုရားရှင်သိတော်မူလို့ ရဟန်းတို့ ယခုအခါ သင်တို့ကိုယ်တိုင်သာလျှင် ထိုထိုအရပ် ထိုထိုဇနပုဒ်တို့မှာ ရှင်ရဟန်းပြုပေးကြ၊ ရဟန်းတို့ ဤသို့ ရှင်ရဟန်းပြုပေးကြရမယ်။

                        (၁)        ရှေးဦးစွာ ဆံ, မုတ်ဆိတ်တို့ကို ပယ်ကြရမယ်၊
                        (၂)        ထို့နောက် သင်္ကန်းတို့ကို လက်ဝဲတစ်ဘက် ပခုံးထက်မှာ ကိုယ်ဝတ်စံပါယ် တင်ပေးရမယ်၊
                        (၃)        ထို့နောက် ဆောင့်ကြောင့်ထိုင် လက်အုပ်ချီစေပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-
အစရှိတဲ့ သရဏဂုံကို ရွတ်ဆိုစေခြင်းဖြင့် ရှင်အဖြစ်, ရဟန်းအဖြစ် ပြုပေးကြရမယ် လို့ မိန့်ဆိုတော်မူတယ်၊ 
အဲဒီမိန့်ဆိုချက်အတိုင်း ပထမဦးစွာ ရှင်ပြုခြင်း, ရဟန်းခံခြင်းများဟာ သရဏဂုံကိုရွတ်ဆိုနေခြင်းမျှသာဖြစ်တယ်၊ 
 နောင်အခါ ရာမပုဏ္ဏား သာသနာတော်အတွင်း ဝင်ရောက်ချိန်မှာ ဘုရားရှင်က သရဏဂုံသုံးပါးမျှနှင့် ရဟန်းခံခြင်းကိစ္စကု ပယ်ဖျက်တော်မူပြီး ဉ တ္တိစတုတ္ထကံဖြင့် ရဟန်းခံဖို့ခွင့်ပြုတော်မူခဲ့တယ်၊ အခုပြောခဲ့တာက ရှင်ပြုမှု ရဟန်းခံမှုရဲ့ အခြေခံ နိဒါန်းပေါ့ကွယ်၊ ဒီအခြေခံနိဒါန်းမှာ သာမဏေစစ်ဖြစ်မှုအတွက်-
                        (၁)        ပထမ ဆံ, မုတ်ဆိတ်တို့ကို ပယ်ရမယ်၊
                        (၂)        ဒုတိယ လူဝတ်ချွတ်ပြီး သင်္ကန်းဝတ်ပေးရမယ်၊
                        (၃)        တတိယ ဆရာချပေးတဲ့ သရဏဂုံကို ရွတ်ဆိုရမယ် -
သည်အင်္ဂါသုံးချက် ပြည့်စုံလျှင် သာမဏေစစ်ဖြစ်နိုင်တယ်၊ သည်အင်္ဂါသုံးပါး အနက် ဆံ, မုတ်ဆိတ် ပယ်ရိတ်ခါနီးလျှင် သံဃာကို ပန်ကြားရမယ်၊ ပန်ကြားရခြင်းကြောင်းက -
                        ဘုရားရှင်လက်ထက်တော်ကာလက ရွှေပန်းထိမ်သည်ရဲ့ သားဟာ မိဘတို့ကို မသိမပေးဘဲ ဘုန်းကြီးကျောင်းကိုလာပြီး သာမဏေဝတ်တယ်၊ မိဘများက ကျောင်းကိုလာပြီး သည်လိုပုံသဏ္ဌာန် ကလေးတစ်ယောက်ကို ကျောင်းကို မလာဘူးလားလို့ ရဟန်းတော်များကို မေးတော့ ရဟန်းတော်များက မသိတဲ့အတွက် မမြင်ဘူးလို့ပြောကြတယ်၊ နောက် သူတို့ဘာသာလိုက်ရှာကြတော့ တွေ့သွားတဲ့အတွက် ရဟန်းတွေဟာ လိမ်တက်တယ်လို့ ကဲ့ရဲ့ကြတာကိုးကွယ့်၊ ဒါကြောင့် ဘုရားရှင်က ဆံချကာနီး သံဃာ့ထံပန်ကြားရမယ်လို့ ပညတ်တော်မူရတယ်၊ ထင်ထင်ရှားရှား ဝတ်တာမျိုးကျတော့ မပန်ကြားလည်း ကိစ္စမရှိပါဘူး၊ ဒါယကာများ သူတို့ဘာသာ ဆံချပေးလျှင်လည်း ခွင့်ပန်ဖို့မလိုပါဘူး၊ သံဃာတော်တွေ များလွန်းလို့ ပန်ကြားဖို့ခက်လျှင်လည်း မပန်ကြားဘဲ ခဏ္ဍသိမ်အတွင်းမှာ ဆံချနိုင်တယ်။


                                                အဋ္ဌကထာ ဋီကာ ဂဏ္ဌိတို့၏ အဆိုများ

ဒီအင်္ဂါသုံးပါးနှင့် ပတ်သက်ပြီး မဟာဝါ မဟာခန္ဓက အဋ္ဌကထာ ၁၄၈-၂၅၁-တို့ရဲ့  ဖွင့်ဆိုပုံကိုလည်း အကျဉ်းချုပ်ပြောပြဦးမယ်၊ ပထမအင်္ဂါအရ သာမဏေလောင်းကို ဆံ, မုတ်ဆိတ်ပယ်ပြီးလျှင် ဒုတိယအင်္ဂါအရ သင်္ကန်းဝတ်ပေးရမယ်၊ သင်္ကန်းဝတ်ပေးရာမှာ ဆရာကိုယ်တိုင်ဝတ်နိုင်လျှင် ဝတ်ပေး၊ ကိုယ်တိုင်ဝတ်ပေးဖို့ မအားလပ်လျှင်ဧကော ဒဟရဘိက္ခု ဝတ္တာဗ္ဗော ဧတံ ပဗ္ဗာဇေတိ ဆိုတဲ့အတိုင်း ရဟန်းငယ်ကိုသော်လည်း သူ့ကို သင်္ကန်းဝတ်ပေးလိုက်လို့ ခိုင်းနိုင်တယ်၊  ရဟန်းငယ်ကိုသာမဟုတ်ဘူး၊ သင်္ကန်းကိုကောင်းစွာဝတ်ပေးတက်တဲ့ သာမဏေများ, ဒါယကာများကိုလည်း ခိုင်းနိုင်တယ်၊ သာမဏေလောင်းကိုယ်တိုင် သင်္ကန်းဝတ်တက်လျှင်လည်း မင်းဘာသာဝတ်လို့ ခိုင်းနိုင်တယ်၊ ဒီနေရာမှာ သတိပြုစရာက ရဟန်းကဝတ်ခိုင်းလို့ဝတ်တာမဟုတ်ဘဲ ကိုယ့်ဘာသာတော့ဖြင့် သင်္ကန်းမဝတ်ကောင်းဘူး၊ သင်္ကန်းဝတ်ပေးပြီးလျှင် သရဏာ နိပန သယံ ဒါတဗ္ဗာနိ လို့ ဖွင့်ဆိုတဲ့အတိုင်း သရဏဂုံပေးရာမှာမှာတော့ ဆရာကိုယ်တိုင် ပေးရမယ်တဲ့၊ ဒီနေရာမှာ အထဿ ဥပဇ္ဈာယေန ဝါ အာစရိယေန ဝါ လို့ ပြထားတဲ့အတွက် ဥပဇ္ဈာယ်ဆရာဖြစ်စေ၊ နိဿရည်းဆရာဖြစ်စေ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ-စသောနည်းဖြင့် သရဏဂုံကို အစဉ်အတိုင်း ပေးကြရမယ်တဲ့၊ အစဉ်မဟုတ်သောအားဖြင့် မပေးကြရဘူးတဲ့၊ ပုဒ်တစ်ပုဒ် အက္ခရာတစ်လုံးမျှသော်လည်း အစဉ်မဟုတ်ပေးခဲ့လျှင် သရဏဂုံပေးသည် မမည်ဘူးတဲ့။

                        သည်နေရာမှာ အဋ္ဌကထာဆရာ အထူးပြုထားတာက ရဟန်းခံတာက ဧကတောသုဒ္ဓိ-တဲ့၊ ဆရာဖြစ်သူဘက်က ဌာန်ကရိုဏ်းပီသလို့ စင်ကြယ်ခဲ့လျှင် ကံအောင်မြင်သတဲ့၊ သာမဏေပြုတာကျတော့ ဥဘတောသုဒ္ဓိတဲ့၊ ဆရာရော တပည့်ရော နှစ်ပါးလုံး သရဏဂုံပီသမှန်ကန်ပါမှ သာမဏေအစစ်ဖြစ်ပါသတဲ့၊  ဒါကြောင့် သာမဏေပြုပေးတဲ့အခါ သာမဏေအစစ်ဖြစ်အောင် ဆရာရော တပည့်ရော နှစ်ပါးလုံး ဌာန်, ကရိုဏ်း, ပယက် ပီပီသသ ရွတ်ဆိုကြရမယ်တဲ့၊ နိဂ္ဂဟိတန္တ, မကာရန္တနှစ်မျိုးဖြင့် ဆက်ရွတ်နည်း, ဖြတ်ရွတ်နည်း မှန်ကန်အောင် ရွတ်ဆိုကြရမယ်တဲ့၊ ဆရာ တပည့်နှစ်ပါးလုံး သရဏဂုံပီသလျှင် ဥဘတောသုဒ္ဓိဖြစ်ပြီး စင်ကြယ်တဲ့သာမဏေဖြစ်သတဲ့ကွယ်။

                        အခုပြောခဲ့တာက သာမဏေဖြစ်မှုနှင့်ပတ်သက်ပြီး မဟာဝါ အဋ္ဌကထာဖွင့်ဆိုချက် အကျဉ်းချုပ်ဖြစ်တယ်၊ ဒီဖွင့်ဆိုချက်ထဲမှာ ဆရာနှင့်တပည့် သရဏဂုံ မှန်ကန်အောင် ရွတ်ဆိုမှုကို အဓိကထားပြီး ပြထားတယ်၊ ဆရာဖြစ်သူရဲ့ အကျင့်သီလကိုတော့ ဖွင့်ပြမထားဘူး၊ သို့သော် ပါရာဇိကရောက်ပြီးတဲ့ပုဂ္ဂိုလ်ဟာ လူသားမဟုတ်သေးဘူး၊ ရဟန်းလည်းမဟုတ်ဘူး၊ ဒါဖြင့် ဘာလဲဆိုတော့ ဝဇ္ဇနီယပုဂ္ဂိုလ်နှစ်ကျိပ်တစ်ယောက်အတွင်းမှာ အန္တိမဝတ္ထုရောက်သူ လို့ ဆိုထားတယ်၊ သူဟာ လူသားမဟုတ်တဲ့အတွက် ရဟန်းယောင်, ရဟန်းတုဖြစ်နေတယ်၊ သူ့အပြစ်ကို သူဝန်ခံခြင်းမရှိသေးတဲ့အတွက် သူ့ကိုအခြား ရဟန်းတော်များက ရဟန်းကောင်းလို့ထင်နေကြတယ်၊ အဲဒီလိုရဟန်းကောင်းအမှတ်နှင့် ပေါင်းဖော်တဲ့အတွက် ပေါင်းဖော်သောရဟန်းမှာလည်း အာပတ်မသင့်ဘူး၊ သူ့ကိုယ်၌ကလည်း ရဟန်းအသွင်ရှိနေတဲ့အတွက် ထေယျသံဝါသကမဖြစ်ဘူး၊ ဒါမျှမကသေးဘူး၊ တစ်စုံတစ်ခုသော ကံကြီးကံငယ် ရွက်ဆောင်ရာမှာ သူက ကမ္မဝါစာကို မှန်ကန်စွာရွတ်ဖတ်နိုင်ခဲ့လျှင် အကယ်၍ အဲဒီကံဟာ သူမပါဘဲ သံဃာလည်း ပြည့်စုံလုံလောက်တယ်ဆိုလျှင် အဲဒီကံဟာမပျက်ဘူး၊ ဘာကြောင့်လဲဆိုတော့ သူ့ကို အများရဟန်းက ရဟန်းလို့ မှတ်ယူနေသေးတဲ့ အတွက်ကြောင့်ပဲ လို့ တေရသသဏ်ဋီကာ ဦနဝီဿတိ သက္ခိာပုဒ်အဖွင့်မှာ ဆိုထားတယ်။


                                                လူဖတ်သော ကမ္မဝါစာ

                        ဒီနေရာမှာ သတိမူဖို့ပြောလိုက်ရဦးမယ်၊ မန်လည်ဆရာတော်ဘုရားက မေးပြီး မင်းကွန်းအလယ်တောရ ဆရာတော်ဘုရားက ဖြေဆိုတော်မူတဲ့ သတပဒိက ပုစ္ဆာဝိသဇ္ဇနာကျမ်းမှာ မန်လည်ဆရာတော်က ဘယ်လိုမေးသလဲဆိုတော့ -
                        ကမ္မဝါရွတ်မှု၌၊ ဘိက္ခုမှ ပြည်စုံ၊ ဆိုပုံက လွန်များ၊
                        လူဖြစ်သူ မှန်မှန်ရွတ်က၊ ကံချွန်မည်လား-
လို့မေးတယ်၊ မင်းကွန်းအလယ်တောရဆရာတော်က-
                        ကမ္မဝါရွတ်မှု၌၊ ဘိက္ခုမှ ပြည့်စုံ၊ ဆိုပုံက လွန်များ။
                        လူ့အသွင် သမဏ သညာကြဉ်လို့၊
လို့ ဖြေဆိုတော်မူတယ်၊ သည်အမေးအဖြေကို သာမန်ကြည့်ရှုခဲ့လျှင် ကမ္မဝါစာကို လူဖြစ်သူ မှန်အောင်ရွတ်ဖတ်ခဲ့ပါလျှင်  ကံပျက်မည်လားလို့ မေးတော့ လူဖြစ်သူရွတ်ဖတ်လျှင် မှန်အောင်ရွတ်စေကာမူ ကံပျက်မှာပဲလို့ အဓိပ္ပာယ်ပေါက်သွားလိမ့်မယ်၊  အဖြေကဗျာကို အသေအချာကြည့်ရှုခဲ့လျှင် သမဏသညာကြဉ်လို့ ဆိုတဲ့ စကားအထူးကိုတွေ့ရလိမ့်မယ်၊ အဲဒီစကားအထူးကြောင့် ရဟန်းလို့ မမှတ်သားနိုင်တဲ့ လူသားဖြစ်သူ ကမ္မဝါဖတ်တဲ့အတွက် ကံပျက်တာမှန်သော်လည်း ရဟန်း အမှတ်အသားရှိနေသေးတဲ့ ပါရာဇိကကျပြီးသောသူ ကမ္မဝါစာဖတ်ခဲ့လျှင် ကံမပျက်ဘူးတဲ့ကွယ်။

                        ဒီအဖြေကို မင်းကွန်းအလယ်တောရ ဆရာတော်ဘုရားဟာ သူ့စိတ်ကူးနှင့် ဖြေဆိုတာမဟုတ်ဘူး၊ ဝဇိရဗုဒ္ဓိဋီကာ စာမျက်နှာ ၁၀၉-ကို ကိုးစားပြီး ဖြေဆိုထားခြင်းဖြစ်တယ်၊ ဒီနေရာမှာ ဝဇီရဗုဒ္ဓိဋီကာရဲ့ ဖွင့်ပြချက်ကို အတိုချုပ်ပြောပြဦးမယ်၊ ဗျတ္တေနာ ပဋီဗလေန ဘိက္ခုနာ သံဃော ဉာပေတဗ္ဗော လို့ ဟောတော်မူတဲ့နေရာမှာ ရဟန်းမဟုတ်သူ ကမ္မဝါကိုရွတ်ဖတ်သော်လည်း ကံမပျက်ဘူးတဲ့၊ ဘာကြောင့် ကံမပျက်တာလဲ၊ ယုတ္တိထုတ်ပြပါဆိုလျှင်တဲ့ ရဟန်းဖြစ်ဖူးသူ ကမ္မဝါကိုရွတ်ဖတ်ခဲ့လျှင် သံဃာအများကလည်း ကမ္မဝါစာရွတ်ဖတ်သူကို ရဟန်းလို့ အမှတ်ရှိနေလျှင် ကံမပျက်ဘူးတဲ့၊ ဒီပုဂ္ဂိုလ်ဟာ ရဟန်းမဟုတ်တော့ဘူးလို့ သံဃာအများက ယူဆခဲ့လျှင်တော့ ကံပျက်သတဲ့၊ သည်စကားရပ်ဟာ ပါဠိတော် အဋ္ဌကထာကလာတဲ့ စကားတော့မဟုတ်ပါဘူး၊ ဋီကာဆရာရဲ့ အယူအဆမျှသာ ဖြစ်ပါသတဲ့။

                        သံဃော ဥပသမ္ပာဒေယျ လို့ ဟောတော်မူတဲ့အတွက် သံဃာကပင် ကမ္မဝါစာကိုရွတ်ရွတ်၊ သံဃာအတွင်းအကျုံးဝင်သော ရဟန်းကောင်းတစ်ပါးပါးကပင် ရွတ်ရွတ်၊ သံဃာအတွင်းအကျုံးဝင်တယ်လို့ ထင်မှတ်အပ်သော ပါရာဇိကရောက်ပြီးတဲ့ ပုဂ္ဂိုလ်ပင်ရွတ်ရွတ် သံဃာရွတ်တယ်လို့ပင် ယူဆသင့်ပါတယ်လို့ ဖွင့်ဆိုထားပါတယ်၊ ဒါကြောင့် ပါရာဇိကရောက်ပြီးတဲ့ ပုဂ္ဂိုလ်ဟာ ရဟန်းစစ်တော့မဟုတ်ဘူး၊ သို့သော်လည်း သမဏသညာရှိနေသေးတဲ့အတွက် ကံကြီးကံငယ်တွေမှာ ကမ္မဝါစာ ရွတ်ဖတ်လို့ ကံမပျက်တာကို ထောက်ဆခဲ့လျှင် ယခု ရှင်ပြုတဲ့နေရာမှာလည်း ပါရာဇိကရောက်ပြီးတဲ့ ဆရာရဟန်းနှင့် သာမဏေလောင်း နှစ်ပါးစုံ သရဏဂုံ အစဉ်မပျက်ဘဲ ပီသခဲ့လျှင် သာမဏေအဖြစ် ပြီးမြောက်တယ်လို့ ဖြေဆိုရလိမ့်မယ်ကွယ့်

                        ရဟန်းခံယူရာမှာကော ဘယ်လို ထင်မြင်ပါသလဲ ဘုရား

                        ရဟန်းခံမှုနှင့် ပတ်သက်ပြီး ဝဇီရဗုဒ္ဓိဋီကာမှာ -
                                    ဥပဇ္ဈာယော စေ ကေသမဿုသြရောပနာဒီနိ အကတွာ ပဗ္ဗဇတံ္တ သရဏာနိ ဒေတိ၊ န ရုဟတိ ပဗ္ဗဇ္ဇာ၊ ကမ္မဝါစံ သာဝေတွာ ဥပမ္ပာဒေတိ၊ ရုဟတိ ဥပသမ္ပဒါ

လို့ ပြထားသကွယ့်၊ အဓိပ္ပာယ်ကတော့ ဥပဇ္ဈာယ်ဆရာများက ဆံ, မုတ်ဆိတ်တို့ကို မပယ်စေဘဲ လူ့အသွင်မှာတည်းနေတဲ့ ရှင်လောင်းကို သရဏဂုံပေးသော်လည်း ရှင်အဖြစ်ကို မရောက်ဘူး၊ လူ့အသွင်မှာ တည်သော်လည်း ရဟန်းလောင်းကို သိမ်အတွင်းမှာ သံဃာခြံရံပြီး ဥပသမ္ပဒ ကမ္မဝါစာကို ဖတ်ရွတ်ခဲ့လျှင် ရဟန်းအဖြစ်ကို ရောက်သတဲ့ ဒီအကြောင်းကို ကျမ်းဆရာက ဂါထာတောင် ဖွဲ့ထားသေးတယ်ကွယ့်

                        ဘယ်လိုများ ဖွဲ့ထားပါသလဲဘုရား

                        ဂါထာကတော့ ဒီလိုပဲကွယ့် -
                                    သလိင်္ဂေဿဝ ပဗ္ဗဇ္ဇာ၊ ဝိလိင်္ဂဿာပိ စေတရာ။
                             အပေတပုဂ္ဂဝေသဿ၊ တံ ဒွယံ ဣတိ စာပရေ။
                        သလိင်္ဂေဿဝ - ရှင်အသွင်ရှိသော လူအားသာလျှင်၊ ပဗ္ဗဇ္ဇာ- ရှင်၏အဖြစ်သည်၊ ရုဟတိ - ရောက်၏၊ ဝိလိင်္ဂဿာပိ - ရှင်၏အသွင် မရှိသောသူအားသော်ကား၊ ဣတရာ - ဤရှင်အဖြစ်မှ တစ်ပါးသော ပဉ္စင်း၏အဖြစ်သည်၊ ရုဟတိ- ရောက်၏၊ အပေတပုဗ္ဗဝေသဿ - ကင်းပြီးသော ရှေး သာမဏေအသွင်ရှိသော သူအားလည်း၊ (ဝါ) လိင်ကျပြီးသော သာမဏေအားလည်း၊ တံ ဒွယံ - ထို ရှင်၏အဖြစ် ပဉ္စင်း၏အဖြစ် နှစ်ပါးစုံသည်၊ ရုဟတိ-ရောက်၏၊ ဣတိ စ - ဤသို့လည်း၊ အပရေ-တစ်ပါးသောဆရာတို့သည် - တစ်ပါးသောဆရာတို့သည်၊ ဝဒန္တိ - ဆိုတော်မူကြကုန်၏ - တဲ့။
                        သည်ဂါထာရဲ့ အဓိပ္ပာယ်က သင်္ကန်းဝတ်ထားတဲ့သူအားသာ သရဏဂုံပေးလို့ သာမဏေဖြစ်တယ်၊ လူဝတ်နှင့်ပုဂ္ဂိုလ်အား သရဏဂုံပေးသော်လည်း သာမဏေမဖြစ်ဘူးတဲ့၊ သို့သော် ရဟန်းခံတဲ့အခါမှာတော့ လူအသွင်ရှိနေတဲ့ ရဟန်းလောင်းအားသော်လည်း ကံဆောင်ခဲ့လျှင် အောင်မြင်သတဲ့၊ သာမဏေဟာ လိင်ကျပြီးဖြစ်နေသော်လည်း သရဏဂုံပြန်တည်ဆောက်နေလျှင် သာမဏေစစ်ပြန်ဖြစ်တယ်၊ ရဟန်းခံလျှင်လည်း ရဟန်းကောင်းဖြစ်တယ်တဲ့၊ သည်စကားဟာ ပါဠိတော် အဋ္ဌကထာတို့က တိုက်ရိုက်လာတဲ့စကားမဟုတ်သော်လည်း အပရေဆရာများ မိန့်ဆိုခဲ့တဲ့ စကားဖြစ်သတဲ့ကွယ်၊ အပရေဆိုတာ -
                        ဧကေအတူ၊ ပရေမူ၊ ယူလေမြတ်သာ။
                        ကေစိထိုးငြား၊ အယုတ်ထား၊ ကျမ်းများထိုထိုမှာ-
ဆိုတဲ့ နိယံအတိုင်း ကျမ်းများမှာ ဧကေ လို့ ပြခဲ့လျှင် ကျမ်းပြုသူနှင့် ဉာဏ်အရည်အချင်းတူသူလို့ မှတ်ရမယ်တဲ့၊ အပရေလို့ ပြခဲ့လျှင် ကျမ်းပြုဆရာထက် ဉာဏ်အရည်အချင်းသာသူလို့ မှတ်ရမယ်၊ ကေစိ ထိုးခဲ့လျှင် ကျမ်းပြုဆရာအောက် ဉာဏ်ရည်အချင်းယုတ်နိမ့်သူလို့ မှတ်ရမယ်တဲ့၊ ဒီနေရာမှာ ကျမ်းဆရာက အပရေ ထိုးထားတယ်၊ ယခုအယူအဆဟာ ကျမ်းပြုပုဂ္ဂိုလ်ရဲ့ အယူအဆမဟုတ်ပါဘူး၊ ကျမ်းပြုပုဂ္ဂိုလ်ထက်သာလွန်တဲ့ သူ့ဆရာရဲ့ အယူအဆပါလို့ ဆိုလိုရင်းဖြစ်တယ်၊ သည်အဆိုကို ထောက်ခဲ့လျှင် အကယ်၍ ရဟန်းလောင်းဟာ ပါရာဇိကရောက်ပြီးသော ဆရာ၊ မစင်ကြယ်တဲ့အတွက် သာမဏေအဖြစ်ကိုပင် မရောက်သည်ပင် ရှိစေဦးတော့ ရဟန်းခံတဲ့အခါမှာတော့ ဝတ္ထုဉ တ္တိ အနုဿာဝန သီမာ ပရိသာသမ္ပတ္တိဝသေန အကုပ္ပတာ ဝေဒိတဗ္ဗာ လို့ ကင်္ခါအဋ္ဌကထာမိန့်ဆိုတော်မူတဲ့အတိုင်း (၁) ရဟန်းလောင်းတည်းဟုသော ဝတ္ထုရယ်၊ (၂) ဉ တ်ရယ်၊ (၃) ကမ္မဝါစာရယ်၊ (၄) သိမ်ရယ်၊ (၅) ကာရကသံဃာရယ် အင်္ဂါငါးပါးပြည့်စုံတဲ့အတွက် ရဟန်းစစ်စစ် ဧကန်ဖြစ်တယ်လို့ပင် ဆုံးဖြတ်ရမှာပဲကွယ့်၊ သို့သော်လည်း ယခုအဆုံးအဖြတ်ဟာ အင်မတန် သိမ်မွေ့လွန်းတယ်၊ သည်ထက်ခိုင်မှာသော အဖြေများ ပေါ်ထွက်လာလျှင်လည်း သည်အဖြေကို ချေဖျက်ပစ်လိုက်တော့တာပေါ့ကွယ်

                        မှန်ပါ- သာဓု - သာဓု - သာဓု


***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၄) အလဇ္ဇီကိုလှူ၍ အကျိုးရှိမရှိ


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ ၉၄-၁၀၆)မှ ကောက်နုတ်ပူဇော်ပါသည်။

ယခု အမေးအဖြေအား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

ကပ္ပိယ မောင်ရဲ
https://www.facebook.com/yewin.tun.71
http://kpymgye.blogspot.com/


Tuesday, August 23,2012        11:25 am

0 comments:

Post a Comment