Monday, February 18, 2013

မသမာဖြေ စာအောင်ပုဂ္ဂိုလ်များ



                        သည်တစ်ခါ လျှောက်ထားရမည့်စာလွှာက ကောလင်းမြို့ တောင်အင်းရပ် အလယ်ကျောင်းတိုက် ဦးပညာဇောတနှင့် ဦးအဂ္ဂဝံသတို့ထံက အမေးစာလွှာ ဖြစ်ပါတယ်ဘုရား

                        ဆိုစမ်းပါဦး၊ သူတို့ရဲ့ အမေးက ဘာများလဲကွယ့်

                        သူတို့ရေးထားတာက အစိုးရပထမပြန်စာမေးပွဲများ၌ မသမာသော နည်းများဖြင့် ဖြေဆိုအောင်မြင်ကြသော ရဟန်းတို့အား ငယ်-လတ်-ကြီး အတန်းအသီးသီး သင့်ရောက်နိုင်သည့်အာပတ်များကို အဆုံးအဖြတ်ပေးစေချင်ပါသတဲ့ ဘုရား

                        သည်ပြဿနာက သာသနာတော်မှာ အလွန်အရုပ်ဆိုးတဲ့ ပြဿနာပဲကွယ့်

                        ဘယ်လို အရုပ်ဆိုးတာလဲ ဘုရာ့

                        ရဟန်းတော်များရဲ့ ဘဝဆိုတာ အလွန်ဖြူစင်သန့်ရှင်တဲ့ ဘဝဖြစ်တယ်၊ သန့်ရှင်းဖြူစင်တဲ့အဝတ်မှာ အမည်းစက်တစ်စက်ကျရုံနှင့် အဝတ်တန်ဖိုးယုတ်သွားသလို ရဟန်းရဲ့ဘဝမှာလည်း အပြစ်တစ်စက် ကျရောက်ရုံနှင့် ရဟန်းတန်ဖိုး ယုတ်သွားတက်တယ်၊ ရဟန်းရဲ့တန်ဖိုးကို ယုတ်စေတဲ့အပြစ်ကလည်း ကြမ်းတမ်းတဲ့အပြစ်, နူးညံ့တဲ့အပြစ်လို့ အပြစ်နှစ်မျိုးရှိပြန်တယ်၊ သူ့အသက်ကိုသတ်ခြင်း, မေထုန်မှီဝဲခြင်း ဆိုတာတွေက ကြမ်းတမ်းတဲ့အပြစ်တွေပဲ၊ သည်အပြစ်တွေကို ငါကျူးလွန်ပြီးပြီ၊ ငါဟာ ရဟန်းမဟုတ်တော့ဘူးလို့ ကိုယ့်ကိုယ်ကို ကိုယ်ဆုံးဖြတ်လို့ဖြစ်တယ်၊ သူ့ဥစ္စာကိုခိုးခြင်း, မဂ်ဖိုလ်နိဗ္ဗာန်ကို ပြောကြားခြင်းဆိုတဲ့ အပြစ်တွေက နူးညံ့သိမ်မွေ့တယ်၊ ကိုယ်အပြစ်ကိုယ်ကျူးလွန်နေတာကိုပင် ကိုယ်မသိဘဲ ဖြစ်နေတက်တယ်၊ အလွန်သတိရဖို့ရာ ကောင်းတယ်။

                        ယခုမေးပြဿနာဟာ နူးညံ့သိမ်မွေ့တဲ့  ဒုတိယပါရာဇိကသိက္ခာပုဒ်မှာ အလွန်နူးညံ့သိမ်မွေ့လွန်းတဲ့ ပြဿနာဖြစ်ပါတယ်၊ ဒါကြောင့် စာမေးပွဲခိုးဖြေခြင်းဟာ ဒုတိယပါရာဇိကအတွင်း ပါသလား၊ မပါဘူးလား၊ ဒုတိယပါရာဇိက အတွင်းပါလျှင် ဘယ်လိုအသွင်နှင့် ပါတယ်ဆိုတာတွေကို စိတ်ရှည်တွေကို စိတ်ရှည်ရှည်ထားပြီး လေ့လာသင့်တယ်ကွယ့်၊ ရှေးဦးစွာ သတိပြုသင့်တာက ရဟန်းဖြစ်သူ ရဟန်းဘဝက လျောကျစေနိုင်တဲ့အာပတ်ဟာ  လေးမျိုးရှိတယ်၊ ပါရာဇိက လေးပါးလို့ ခေါ်တာပေါ့၊ အဲသည်လေးပါးက-
            ၁။ မေထုန်မှီဝဲခြင်း၊
            ၂။ သူ့ပစ္စည်းကိုခိုးယူခြင်း၊
            ၃။ သူ့အသက်ကိုသတ်ခြင်း၊
            ၄။ မိမိ၌ရှိသော မဂ်ဖိုလ်နိဗ္ဗာန်ကိုပြောကြားခြင်း
တို့ဖြစ်ကြတယ်၊ သည်လေးပါးအနက် ယခုစာမေးပွဲပြဿနာက ဒုတိယပါရာဇိက ဆိုတဲ့ သူ့ပစ္စည်းကိုခိုးခြင်း ဖြစ်သင့်မဖြစ်သင့်ပဲပေါ့ ဟုတ်လား

                        ဟုတ်ပါတယ် ဘုရား

                        ဟုတ်တယ်ဆိုလျှင် ဒုတိယပါရာဇိကကျရောက်တဲ့ အင်္ဂါ ဘယ်နှစ်ပါးရှိသလဲကွယ့်

                        ငါးပါးရှိပါတယ် ဘုရား

                        ဆိုစမ်းပါဦး၊ အင်္ဂါငါးပါးက ဘာတွေတဲ့တုန်း

            ၁။ လူဇာတ်ရှိ သူ၏ ဥစ္စာဖြစ်ခြင်း၊
            ၂။ သူတစ်ပါးဥစ္စာဟုသိခြင်း၊
            ၃။ ပါရာဇိကကျလောက်သော ဥစ္စာဖြစ်ခြင်း၊
            ၄။ ခိုးလိုသောစိတ်ရှိခြင်း၊
            ၅။ ခိုးခြင်း-ပေါင်း အင်္ဂါ ငါးပါးဖြစ်ပါတယ် ဘုရား

                        အဲသည် အင်္ဂါငါးပါးကို တည်ထားကွယ့်၊ စာမေးပွဲဖြေသူဟာ သည်အင်္ဂါ ငါးပါးနှင့် ကိုက်မကိုက် ချိန်ထိုးစမ်း၊ စာမေးပွဲဖြစ်ဆိုတဲ့ပုဂ္ဂိုလ်ဟာ ဘာဖြစ်လို့ စာမေးပွဲဖြေတာတုန်း၊ စာတက်ချင်လို့ ဖြေဆိုတာဖြစ်တယ်၊ စာတက်ချင်တယ် ဆိုတာ ပရိယတ္တိသာသနာတော်ကို ထမ်းဆောင်ချင်တာဖြစ်တယ်၊  ဘယ်လောက်မွန်မြတ်သလဲ၊ သို့သော်ကိုးကွယ်ရာမှ ဘေးဖြစ် ဆိုတဲ့စကားကို မွန်မြတ်တဲ့ အလုပ်လုပ်ရာမှာ မမွန်မြတ်တဲ့စိတ်ထားကြောင့် ကတိမ်းကပါး ဖြစ်သွားတက်တယ်

                        ဥပမာပေးကြစို့ဆိုလျှင် တောင်တက်သမား ဥပမာပေါ့၊ ဧဝရက်တောင် ထိပ်တက်ကြတဲ့ပုဂ္ဂိုလ်တွေဟာ ခြေတစ်လှမ်းချတာကစပြီး သတိထားပြီး ချကြရတယ်၊ ခြေတစ်လှမ်းအချမှားလျှင် အသူတစ်ရာနက်တဲ့ ချောက်ထဲကျပြီး အသက်ဆုံးကြရတယ်၊ ရဟန်းတော်များလည်း ဧဝရက်တောင်နဲ့တူတဲ့ ပရိယတ္တိ, ပဋိပတ္တိ, အဓိဂမဆိုတဲ့ တောင်ထွက်ကြီးကို တက်နေကြတာနော်၊ ခြေတစ်လှမ်းအချော်မခံဘူး၊ ခြေတစ်လှမ်းချော်သည်နှင့် တစ်ပြိုင်နက် ပါရာဇိကချောက်တွင်း ကျသွားတက်တယ်၊ ဒါကြောင့် စားမေးပွဲဖြေဆိုကြတာဟာ အလွန်မွန်မြတ်ပါတယ်၊ အလွန်မွန်မြတ်လွန်းလို့ နိုင်ငံတော်အစိုးရမင်းနှင့်တကွ နိုင်ငံတော်သူ နိုင်ငံတော်သားအားလုံးတို့က အားပေးချီးမြှောက်နေကြပါတယ်၊ အားပေးချီးမြှောက်တဲ့အတိုင်း စစ်စင်ကြယ်ကြယ်နှင့် အောင်မြင်သွားကြတဲ့ ပုဂ္ဂိုလ်များအတွက်လည်း အလွန်ဝမ်းမြောက်ကြပါတယ်။

                        သို့သော်လည်း ဆွမ်းဆန်တွင်း ကြွက်ချေးရော ဆိုသလို တကယ်စင်ကြယ်သော ပုဂ္ဂိုလ်များအကြားမှာ မသာမာသောနည်းဖြင့် စာမေးပွဲဖြေဆိုကြတဲ့ မစင်ကြယ်သူများအတွက် စင်ကြယ်သောသူများပါ မျက်နှာပျက်ကြရတယ်၊ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ခံကြရတယ်၊ သည်လို မသာမာသော ပုဂ္ဂိုလ်များကြောင့် ယခုလိုအမေးပြဿနာမျိုး ပေါ်ကြရတယ်၊ ဒါကြောင့် ရဟန်းဘဝကို တွယ်တာသောပုဂ္ဂိုလ်များအတွက် ဤပြဿနာရဲ့ အဖြေကို အထူးကြိုးစားပြီး ဖြေဆိုလိုက်ပါမယ်

                        မှန်ပါ - ဖြေဆိုတော်မူပါ ဘုရား

                        ဒုတိယပါရာဇိက အင်္ဂါ ငါးပါးနှင့် ချန်ထိုးကြည့်လိုက်တော့ မသာမာသောနည်းဖြင့် စားမေးပွဲဖြေဆိုသူဟာ တစ်စုံတစ်ခုသောပစ္စည်းကို ခိုးယူခြင်း မဟုတ်တဲ့အတွက် အင်္ဂါ ငါးချက်လုံး တစ်ချက်မှမထိဘူး၊ မငြိဘူး၊ အင်္ဂါ ငါးချက်နှင့်မထိမငြိတဲ့အတွက် ခိုးခြင်းမဖြစ်သင့်ဘူးလို့ ဆိုကြလိမ့်မယ်၊ အမှန်ကတော့ ခိုးခြင်း ၂၅-ပါးအနက် မသမာသောနည်းဖြင့် စာမေးပွဲဖြေဆိုခြင်းဟာ (ထေယျာဝဟာရ) ခိုးခြင်းအတွင်းမှာ ပါဝင်သကွယ့်

                        ထေယျာဝဟာရ ခိုးခြင်းဆိုတာ ဘယ်လိုခိုးနည်းလဲဘုရာ့

                        ထေယျာဝရဟာ ခိုးခြင်းဆိုတာ ဓားပြတိုက်သလို အတင်းဝင်လုခြင်းမျိုးမဟုတ်ဘဲ အခိုးခံရသူမသိအောင် တိတ်တဆိတ်ခိုးခြင်းမျိုးဖြစ်တယ်၊ သည်ခိုးနည်းက ခိုးပုံခိုးနည်း အဆင့်ဆင့် သိမ်မွေ့သွားတယ်ကွယ့်

                        ဘယ်လိုအဆင့်ဆင့် သိမ်မွေ့သွားတာလဲဘုရား

                        ခိုးတယ်ဆိုတဲ့ မြန်မာစကားဟာ သူတစ်ပါး ပစ္စည်းကို ပိုင်ရှင်မသိအောင် တိတ်တဆိတ်ခိုးယူခြင်းကို ဆိုလိုတာပဲ၊ သူတစ်ပါးပစ္စည်းကို တိတ်တဆိတ်ယူရာမှာလည်း (၁) ပုန်းလျှိုးကွယ်လျှိုးခိုးယူခြင်း၊ (၂) ချိန်စဉ်းလဲတောင်းစဉ်းလဲ ပြု၍ခိုးယူခြင်း၊ (၃) ရွှေတု ငွေတုပြု၍ခိုးယူခြင်း၊ (၄) ဥစ္စာရှင်ကို လှည့်ပတ်လှည့်စား၍ခိုးယူခြင်းလို့ ခိုးယူပုံအဆင့်ဆင့် သိမ်မွေ့သွားတယ်၊ သူတစ်ပါးပစ္စည်းကို ပန်းလျှိုးကွယ်လျှိုး ခိုးစဉ်က ခိုးလိုသောစိတ်ကလည်း ထင်ရှားတယ်၊ ခိုးသူအဖြစ်လည်း ထင်ရှားတယ်၊ ချိန်စဉ်းလဲ တောင်းစဉ်းလဲကျတော့ ခိုးလိုတဲ့စိတ်ကတော့ ထင်ရှားပါရဲ့၊ ခိုးသူအဖြစ်ကတော့ မထင်ရှားဘူး၊ ရွှေတုငွေတုလုပ်ရာကျတော့ ခိုးသူအဖြစ်တော့ ထင်ရှားရဲ့၊ ခိုးလိုသောစိတ်ကျတော့ မထင်ရှားဘူး၊ ဥစ္စာရှင်ကို လှည့်ပတ်ကာ လှည့်စားတာမျိုးကျတော့ ခိုးလိုသောစိတ်ရော ခိုးသူ အဖြစ်ရော မထင်ရှားဘူးကွယ့်

                        မှန်ပါ-ဥစ္စာရှင်ကို လှည့်ပတ်တာနှင့် လှည့်စားတာဟာ တူပါသလား ဘုရာ့

                        အေး-သူက စကားပြောစရာကျယ်တယ်၊ ဒါကြောင့် တူတယ်လို့လည်း ဆိုချင်ဆိုနိုင်တယ်၊ မတူဘူးလို့လည်း ဆိုချင်ဆိုနိုင်တယ်

                        တူပုံတူနည်း  မတူပုံမတူနည်းကို အမိန့်ရှိပါဦးဘုရား

                        လှည့်ပတ်တယ်ဆိုတာ ဥစ္စာရှင်ရဲ့ ပစ္စည်းငှားပြီး ပြန်မပေးခြင်းမျိုး၊ ပြန်ပင်ပေးသော်လည်း အတုပေးခြင်းမျိုး၊ အဖိုးတန်သော ဒါယကာပစ္စည်းနှင့် အဖိုးမတန်သော မိမိပစ္စည်း လှည့်ပတ်၍လဲလှယ်ခြင်းမျိုး၊ တရားဥပဒေပုဒ်မအရ (၄၀၆)အတွင်း သက်ဝင်သောအမှုမျိုးတို့ကို လှည့်ပတ်ခြင်းလို့ဆိုနိုင်တယ်၊ လှည့်စားခြင်းဆိုတာက ဒါယကာကိုလှည့်ပြီး သူ့ပစ္စည်းကိုစားခြင်းလို့ ဆိုလိုတယ်၊ လှည့်တယ်ဆိုတာ ဉာဏ်အမြင်ဖောက်ပြန်သွားအောင် လုပ်ခြင်းမျိုးပေါ့

                        ဥပမာဆိုကြပါစို့ -ရှေးက ပုဏ္ဏားတစ်ယောက် ဆိတ်သေကောင်တစ်ကောင် ဈေးကဝယ်ပြီးထမ်းလာသတဲ့၊ လူနောက်သုံးယောက်က မြင်တော့ ပုဏ္ဏားကိုလှည့်ပြီး ဆိတ်သားစားရအောင် တိုင်ပင်ကြကာ သုံးဌာနကစောင့်ကြသတဲ့။

                        ပထမဌာနရောက်တော့ လူနောက်က ဘယ့်နှယ်ပုဏ္ဏားကြီး ခွေးသေကို ဘာလုပ်ဖို့ထမ်းခဲ့တာတုန်း လို့ မေးသတဲ့၊ ပုဏ္ဏားက ခွေးမဟုတ်ပါဘူး၊ ဆိတ်ပါ လို့ပြောတော့ ဆိတ်မဟုတ်ပါဘူး၊ ခွေးပါ၊ သေသေချာချာကြည့်ပါဦး လို့ ပြောသတဲ့၊ ပုဏ္ဏားလည်း ဟုတ်များဟုတ်သလားလို့ ပခုံးပေါ်ကဆိတ်သေကို ချကြည့်ပြီး ခွေးမဟုတ်ပါဘူး၊ ဆိတ်ပါပဲဆိုကာ ထမ်းသွားတယ်။

                        ဒုတိယလူနောက်ထံရောက်တော့ လူနောက်က ခွေးသေကြီးထမ်းပြီး ဘယ်သွားမလို့တုန်း လို့ မေးပြန်သတဲ့၊ နှစ်ကြိမ်တိုင်အမေးခံရသောပုဏ္ဏားစိတ်မှာ ခွေးဆိုတာ ဟုတ်များဟုတ်နေရော့သလားလို့ သံသယဖြစ်သွားတဲ့။

                        တတိယလူနောက်ထံရောက်ပြန်တော့ လူနောက်က ပုဏ္ဏားကြီး ခွေးသေပစ်မလို့လား၊ ဘယ့်နှယ်ခွေးသေကြီးထမ်းခဲ့ရတယ်လို့၊ ကြိုးနဲ့ဆွဲခဲ့ပါတော့၊ ခင်ဗျားရွံစရာကြီး လို့ ပြန်ပြောတယ်၊ သည်အခါကျတော့ ပုဏ္ဏားကြီးရဲ့စိတ်မှာ ငါထမ်းခဲ့တဲ့အကောင်ဟာ ငါကသာဆိတ်သေထင်နေတာ၊ အများက ခွေးသေလို့ပြောကြတာထောက်လျှင် ဧကန်ခွေးသေကောင်ဖြစ်ရမယ် လို့ ဆိတ်သေကိုပစ်ချပြီးသွားသတဲ့၊ သည်အခါမှာ လူနောက်သုံးယောက်က ဆိတ်သေကို ကောက်ယူပြီး ဟင်ချက်စားကြသတဲ့။

ယခုပြောခဲ့တာက လှည့်စားပုံတစ်မျိုးပေါ့လေ၊ လှည့်စားပုံတစ်မျိုးက တောသားတစ်ယောက်ဟာ မြို့ဈေးကိုလာပြီး နွားသားအမိကိုရောင်းသတဲ့၊ ရောင်းဈေးက နွားငယ်ကိုဝယ်ချင်လျှင် ၁၀ိ၊ အမိကိုဝယ်လျှင် ၂၀ိ - ကြေညာထားတယ်၊ မြို့သားလူလည်းက နွားရောင်းသူထံက နွားငယ်ကို ငွေ ၁၀ိ-နှင့် ဝယ်တယ်၊ ခဏကြာတော့ နွားငယ်ကို ပြန်ယူလာပြီးကျွန်တော် နွားမကြီးကိုယူပါ့မယ်၊ နွားငယ်ကို မယူချင်တော့ဘူး၊ ခင်ဗျားထံကျွန်တော် ငွေ ၁၀ိ-ပေးပြီးပြီ၊ နွားငယ်က ၁၀ိ-တန်ဖြစ်တယ်၊ သည်နွားငယ်နှင့် ငွေ ၁၀ိ-ထေပြီး နွားမကြီးကို ပေးပါ ပြောပြီး နွားမကြီးကို ဆွဲသွားသတဲ့။

                        သည်ဥပမာများက လှည့်စားခြင်းရဲ့ ဥပမာဖြစ်တယ်ကွယ့်၊ သည်လို လှည့်စားပြီး ခိုးခြင်းကျတော့ အလွန်သိမ်မွေ့သွားပြီး သိမ်မွေ့သည်ပင်ဖြစ်စေ၊ မသိမ်မွေ့သည်ပင်ဖြစ်စေ သည်လိုခိုးခြင်းမျိုးဟာ ထေယျာဝဟာရ ခိုးခြင်း မျိုးပဲ။

                        ယခုစားမေးပွဲဖြေဆိုရာမှာ အောင်ဆုအဆင့်အသီးသီးအတွက် ကြေညာထားပြီးဖြစ်တယ်၊  
ပထမအဆင့်အောင်မြင်လျှင် မည်မျှ၊ ဒုတိယ, တတိယအဆင့် စသည်အောင်လျှင် မည်မျှလို့ပေါ့၊ စာမေးပွဲဖြေဆိုသူဟာ မိမိဖြေဆိုသော အဆင့်အလျောက် အောင်မြင်ခဲ့လျှင် သည်အောင်ဆုများကို ရမည်ဟု သိထားပြီးဖြစ်တယ်၊ သည်အောင်ဆုများဟာ အလကားပေးခြင်းမဟုတ်ဘူး၊ သံသရာရိက္ခာအတွက် ဒါနပြုခြင်းမဟုတ်ဘူး၊ ကြိုးစားသူအတွက် ထိုက်တန်သော ဆုများဖြစ်တယ်လို့လည်း သိပြီးဖြစ်တယ်။

                        သည်ဆုများဟာ ထိုက်တန်သူသာ ရခွင့်ရှိတယ်၊ မထိုက်တန်သူရခွင့်မရှိဘူး၊ ဆုနှင့်ထိုက်တန်သူဖြစ်အောင် မိမိတို့ကြိုးစားကြရမယ်၊ ကြိုးစားလို့အောင်မြင်လျှင် ထိုက်တန်သောဆုကိုရမယ်၊ ဆုကိုတော့ရချင်တယ်၊ ထိုက်တန်အောင်တော့ မကြိုးစားချင်ဘူး၊ သည်တော့ ဘာလုပ်သလဲ၊ သူများအောင် သလိုအောင်အောင်၊ သူများဖြေပြီးသားအဖြေကိုခိုးချတယ်၊ ခိုးချတဲ့အတွက် အောင်သွားပြီ၊ အောင်တဲ့အတွက် ဆုလာဘ်တွေရသားပြီ။

                        ကဲ-စာမေးပွဲခိုးဖြေသူကို ဒုတိယပါရာဇိကသိက္ခာပုဒ် အင်္ဂါငါးချက်နှင့် တိုက်ကြည့်ကြဦးစို့။

                        ၁။         သူရလာတဲ့လာဘ်ဟာ လူရဲ့ပစ္စည်းမဟုတ်လား၊ ဟုတ်တယ်။
                        ၂။         အဲဒီပစ္စည်းကို သူတစ်ပါးရဲ့ပစ္စည်းရယ်လို့ သူမသိဘူးလား၊ သိတယ်။
                        ၃။         ပါရာဇိကကျလောက်သော (ရွှေတစ်မတ်သား) တန်ဖိုးရှိသလား၊ ဒါတော့ မသိသေးဘူး ဘုရား။
                        ၄။         ခိုးလိုစိတ်ကော ရှိသလား၊ ရှိတယ်။
                        ၅။         ခိုးကော ခိုးသလား၊ (ခိုးပြီး ဖြေတာဟုတ်ပါတယ်)
ဒုတိယ ပါရာဇိကအင်္ဂါ ငါးချက်နှင့်ညှိလိုက်တော့ ၃-နံပါတ် အင်္ဂါတစ်ချက် မျှသာ နည်းနည်းထစ်နေတယ်၊ ဒါကြောင့် စားမေးပွဲခိုးဖြေသောရဟန်းကို ဝိနိစ္ဆယ ချရမယ်ဆိုလျှင်-
                        ပဉ္စမာသကေ ဝါ အတိရေကပဉ္စမာသကေ ဝါ ပါရာဇိကံ ဆိုတဲ့ ကင်္ခါဝိရတဏီ အဋ္ဌကထာအရ ရွှေစင် ၅-ပဲ၊ ၅-ပဲထက်လွန်သော် ပါရာဇိက လို့ ချရတယ်။

                        အတိရေကမာသကေ ဝါ ဦနပဉ္စမာသကေ ဝါ ထုလ္လစ္စယံ လို့ ဆိုတဲ့အတိုင်း ရွှေစင်တစ်ပဲထက်အလွန် ၅-ပဲအောက် ယုတ်သောဆု ဖြစ်ခဲ့သော် ထုလ္လစည်းအာပတ်လို့ ချရမယ်

                        မာသကေ ဝါ ဦနမာသကေ ဝါ ဒုက္ကံဋံ လို့ ဆိုတဲ့အတိုင်း ရွှေစင်တစ်ပဲ၊ တစ်ပဲအောက် ယုတ်သောဆုဖြစ်ခဲ့သော် ဒုက္ကဋ်အာပတ်လို့ ဆုံးဖြတ်ချက်ချရလိမ့်မယ်ကွယ့်

                        သည်လိုဆို စားမေးပွဲခိုးဖြေခြင်းဟာ တော်တော်ကြောက်စရာ ကောင်းပါလားဘုရာ့

                        ကြောက်စရာကောင်းတာတော့ ပြောစရာမရှိတော့ပါဘူး၊ ဘာမျှမပြောလောက်တဲ့ ဆုလာဘ်ကလေးအတွက်နှင့် အလွန်မွန်မြတ်တဲ့ သာသနာတော်က ဆုံးရှုံးရတာပဲ၊ ရဟန်းငယ်များ အလွန်သတိထားစရာကောင်းတယ်၊ ပါရာဇိကကျတယ်၊ ပါရာဇိကကျတယ်ဆိုတာ ရဟန်းဘဝနှင့်နေသမျှ အပြစ်ဖြစ်နေတာပဲ၊ ကံထပ်လို့လဲ ရဟန်းပြန်မဖြစ်ဘူး၊ လူဝတ်ချွတ်ပြီး သိမ်ပြန်တက်လို့လည်း ရဟန်းပြန်မဖြစ်တော့ဘူး၊ သာသနာတော်က အပြီးအပြတ် နှင်ထုတ်ခံရခြင်းမျိုးဖြစ်တယ်၊ ဒါကြောင့် စားမေးပွဲဖြေဆိုခါနီးမှာ စာမေးပွဲအောင်ခြင်း, မအောင်ခြင်းဟာ ပဓာနမဟုတ်ဘူး၊ မိမိတက်သိလိမ္မာခြင်းက ပဓာန၊ ငါဟာကြိုးစားသလောက် ကြိုးစားထားပြီးပြီ၊ သိသင့်သလောက် သိထားပြီ၊ စားမေးပွဲအောင်ချင်အောင် မအောင်ချင်နေ၊ ငါ့ရဲ့စွမ်းရည် သန့်သန့်ဖြင့် ငါဖြေဆိုမယ်၊ ငါ့ရဲ့ ဘဝမှာ အငြိအစွန်းအထိ မခံဘူးလို့ သတိကြီးကြီးထားပြီး ဖြေဆိုကြဖို့ တိုက်တွန်းလိုက်ပါတယ်ကွယ်

                        မှန်ပါ - သာဓုပါဘုရား၊ သာဓု - သာဓု

မှတ်ချက်။          ။ ၁၉၅၉-ခု၊ သြဂုတ်လ ၂၈ရက်နေ့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ပါဠိတက္ကသိုလ် ဗဟိုအဖွဲ့မှ      ထုတ်ပြတ်သော ကုဋဓမ္မာ ဝဟာရ ဝိနိစ္ဆယစာတမ်း ကိုလည်း ဖတ်ရှုလေ့လာစေလိုပါကြောင်း၊ စားမေးပွဲ မသမာဖြေစာရင်း ကိုလည်း သာသနာရေးဦးစီးဌာနမှ နှစ်စဉ် ထုတ်ပြန်လျက်ရှိပါသည်။

***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၁) ရဟန်းယောင်ကပေးသော ပြဿနာများ


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ ၈၆-၉၄) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ “ဗောဓိပင်ပြဿနာ အမေး-အဖြေ” အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။


ကပ္ပိယ မောင်ရဲ
https://www.facebook.com/yewin.tun.71
http://kpymgye.blogspot.com/
 

Wednesday, August 22,2012        11:38 am

0 comments:

Post a Comment