Monday, February 18, 2013

ခန္ဓာဉာဏ်ရောက် ဖြစ်အောင် နာကြ



ဆရာတော်က ဒကာ ဒကာမတို့အပေါ်တွင် စေ့စေ့စပ်စပ် ညွှန်ပြနေတော်မူ၏၊
တရားနာတဲ့အခါ အမှတ်တမဲ့ မနာမိဖို့၊ လေးလေးစားစားနှင့် စူးစူးစိုက်စိုက် နာမိအောင် သတိပြုဖို့ ညွှန်ပြနေသည်။

ဒကာ ဒကာမတွေ . . .
တရားနာတဲ့အခါမှာ တရားအဓိပ္ပါယ်ကို သိနေရုံလောက်မျှနှင့် ကျေနပ် မနေကြနဲ့၊
အခု တရားနာနေတဲ့ အခိုက်မှာပဲ ကိုယ့်ဉာဏ်က ကိုယ့်ခန္ဓာပေါ်မှာ စိုက်ထားပါ (မှန်ပါ)

ဒီက ဘုန်းကြီးက ပြောတဲ့အတိုင်း ကိုယ့်ဉာဏ်က ကိုယ့်ခန္ဓာ အစဉ်ပေါ်မှာ လျှောက်နေပါစေ (မှန်ပါ)

စာက ဆိုတာက -
ဒေသနာ ဉာဏာနုသာရေန ဉာဏံ ပေသေန္တဿ ဉာဏုတ္တရဿ ဟောတိ - တဲ့။
ဒေသနာဉာဏနုသာရေန - ဟော်တော်မူတဲ့ ဒေသနာ ဉာဏ်တော်ကို အစဉ်လျှောက်သဖြင့်၊
ဉာဏံ - မိမိဉာဏ်ကို၊
ပေသေန္တသ - ခန္ဓာထဲသို့ စေလွှတ်သော၊
အဿ - ထိုပုဂ္ဂိုလ်၏၊
ဉာဏံ - ဉာဏ်သည်၊
ဥတ္တရံ - မြင့်မြတ်ရင့်ကျက် ထက်မြက်လာသည်၊
ဟောတိ - ဖြစ်၏။  (ဓမ္မပဒ၊ ဋ္ဌ၊ ကာလဝတ္ထု)
(မှန်ပါ ဘုရား)

သူ့အဓိပ္ပါယ်က
ဒေသနာဉာဏ်ကို အစဉ်လျှောက်ပြီး ကိုယ့်ဉာဏ်ကို ကိုယ့်ခန္ဓာထဲ စေလွှတ်လိုက်တဲ့အခါ ဉာဏ်ထူးဉာဏ်မြတ်ကြီး ဖြစ်သွားလို့ တရားထူးရနိုင်တယ် - တဲ့ (မှန်ပါဘုရား)

ဘုရားလက်ထက်တော်တုန်းက တရားတစ်ပွဲအပြီး - အပြီးမှာ
တရားထူးတွေ ရ-ရကုန်ကြတယ်ဆိုတာ အဲလို ဉာဏ်ကို စေလွှတ်လို့ ရကြတာ (မှန်ပါ)
နာရုံ သက်သက်နဲ့ ဘယ် တရားရလိမ့်မလဲ။ (မှန်ပါ)

ဉာဏ်က ခန္ဓာပေါ်ရောက်လို့ ရကြတာ (မှန်ပါ)
ခန္ဓာပေါ် မရောက်ဘဲနဲ့ ဘယ်တရား ရနိုင်လိမ့်မလဲ၊
ခန္ဓာဉာဏ်ရောက်ဖြစ်မှ တရားရနိုင်တာပေါ့ (မှန်ပါ)

ဒါကြောင့်
နားက တရားကို နာ၊
ဉာဏ်က ခန္ဓာပေါ် လှည့်ထားပါ  (မှန်ပါဘုရား)

ကောက်နုတ်ချက် -
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (နှာ-၁၄၅) 

by :  ကပ္ပိယ မောင်ရဲ 
https://www.facebook.com/yewin.tun.71 
http://kpymgye.blogspot.com/  


0 comments:

Post a Comment