Tuesday, February 19, 2013

အလဇ္ဇီကိုလှူ၍ အကျိုးရှိမရှိ၊ အလဇ္ဇီ သုံးမျိုး၊ လဇ္ဇီကို ပြစ်မှားမိလျှင်၊ ဖိနပ်စီးမှု ယာဉ်စီးမှု၊ အဆိပ်ပင်ကို ရေမလောင်းသင့်၊ မြေကောင်းမြေသန့် ရွေးစိုက်ပါ


အလဇ္ဇီကိုလှူ၍ အကျိုးရှိမရှိ

                        ကောဇာသက္ကရာဇ် ၁၂၁၇-ခုနှစ်က သာသနာတော်စင်ကြယ်ရန် မင်းတုန်းမင်းတရားကြီးက တောင်းပန်လျှောက်ထားတဲ့အတွက် ရှမ်းကလေးကျွန်းဆရာတော်က ဓမ္မဝိနယအမိန့်တော်ပြန်တမ်း ရေးသားတော်မူသတဲ့ဘုရား၊ ၎င်းဓမ္မဝိနယ အမိန့်တော်ပြန်တမ်းကို မှန်နန်းဆောင်မှာ သုဓမ္မာသာသနာပြုဆရာတော်များ ကြည့်ရှုပြုပြင်တော်မူကြပြီးနောက် သာသနာပိုင်ဆရာတော်ထံ အပ်နှံပြီး နိုင်ငံတစ်ဝန်း ပြန်တမ်းထုတ်ခဲ့ပါသတဲ့ဘုရား၊ အဲသည်ပြတ်တမ်းအမိန့်ကို အချို့ဆရာတော်များက မကြိုက်ကြဘူးတဲ့ဘုရား၊ ဗန်းမော်ဆရာတော်ကြီးကတော့ အောင့်မနေဘဲ ၁၂၁၇-ခုနှစ်၊ တပို့တွဲလဆုတ် ၆-ရက်နေ့ နံနက် ၄-ချက်တီးကျော်အချိန်၊ အတွင်းဝန် ဦးချိန့်အိမ်ဝင်းအတွင်း ပစ်စာတစ်စောင် ပစ်ထားသတဲ့ဘုရား၊ ပစ်စာရဲ့အဆုံးမှာလည်း -
                        ရာဇဝင်ထုံးကျမ်း၊ အရှည်ကိုလှမ်းပေသည့်-
                        ပြန်တမ်းတော်မှာ၊ စာမှားတွေ ဗရာချာနှင့်၊ တို့ရှက်ပါဘိ။
                        တစပ်ကယ် ဝိနည်းကျယ်၊ တယ်ချင်လှ မောင်ရှမ်း။
                        ထွက်ခဲ့နော် ဘာက်ပေါ်လျှင် အမြန်ထုတ်ကရော့၊ ရှုံးထိပ်ပုတ်တမ်း-
လို့ ရေးသားသေးသတဲ့ဘုရား၊ အဲသည် အမိန့်တော်ပြန်တမ်းအတွက် အထက်အောက်မြန်မာပြည်မှာ မကျေမလည်ဖြစ်ခဲ့ကြလို့  မင်းတုန်းမင်းကြီးနှင့် သုဓမ္မာတိုင်အောင် တင်သွင်းဆုံးဖြတ်ရသတဲ့ဘုရား။

                        နေပါဦး၊ သည့်ကလောက် အဓိကရုဏ်းဖြစ်လောက်အောင် အဲသည်ပြန်တမ်းမှာ ဘာတွေပါသတဲ့လဲကွယ့်

                        မှန်ပါ - ပြန်တမ်းရဲ့ ဆိုလိုရင်းကတော့ ရဟန်းများဟာ အနာမရှိဘဲ, ရထား, ထမ်းစင်, ယာဉ်, သန်လျင်း, လှည်းစီးခြင်း, ဖိနပ်စီးခြင်း, ထီးဆောင်းခြင်း မလုပ်ကြရဘူး၊ ကွမ်းစားခြင်း, ဆေးသောက်ခြင်း မပြုလုပ်ကြရဘူး၊ ပြုလုပ်ခဲ့လျှင် အလဇ္ဇီလို့ သတ်မှတ်ပြီး ထိုအလဇ္ဇီများကို မကိုးကွယ်မလှူဒါန်းကြရဘူး၊ မြို့ရွာရှင်တို့က နိုင်နင်းအောင် တားမြစ်ကြရမယ်လို့ ဆိုလိုပါတယ် ဘုရား

                        အင်း - ဆက်စမ်းပါဦး

                        အဲဒီပြန်တမ်းစာဟာ ကြာပါပြီဘုရား၊ ခုခေတ်နှင့်တော့ မသက်ဆိုင်တော့ပါဘူး၊ သို့သော်လည်း ပြန်တမ်းထဲမှာပါတဲ့ ရဟန်းတော်များ မနာဖျားဘဲ ရထားစီး, ကားစီး, သင်္ဘောစီး, လှည်းစီး, ဖိနပ်စီး, ထီးဆောင်း မသွားလာရ၊ ဆေးမသောက် ကွမ်းမစားရ ဆိုတာနဲ့ပတ်သက်ပြီး ဟုတ်သင့် မဟုတ်သင့် အမိန့်ရှိပါဦး ဘုရား


                                                                           ဖိနပ်စီးမှု ယာဉ်စီးမှု

                        ဖိနပ်စီးမှု ယာဉ်စီးမှုနှင့်ပတ်သက်ပြီး ဝိနယမဟာဝဂ္ဂ ဓမ္မက္ခန္ဓာကမှာ ဘုရားရှင် ခွင့်ပြုတော်မူပြီး ဖြစ်တယ်ကွယ့်

                        ဘယ်လိုခွင့်ပြုတော်မူပါသလဲ ဘုရား

                        ခွင့်ပြုပုံ သိချင်ရင်တော့ နည်းနည်းချဲ့ပြီး ပြောရသေးတာပေါ့ကွယ့်၊ ရာဇဂြိုလ်ပြည့် ဂိဇ္ဈကုဋ်တောင်မှာ ဘုရားရှင်သီတင်းသုံးတော်မူစဉ်က ဓမ္ပာမြို့ သူဋ္ဌေးသား သောဏဟာ အလွန်နူးညံ့သိမ်မွေ့တယ်၊ ခြေဖဝါးအပြင်မှာတောင် အမွေးနုကလေးများ ပေါက်နေတယ်လို့ သတင်းကြားတဲ့အတွက် မဂဓတိုင်းရှင် ဗိမ္ဗိသာရမင်းကြီးက အခေါ်လွှတ်ပြီး ကြည့်တော်မူသတဲ့ကွယ်၊ ကြည့်ပြီးတော့ ရာဇဂြိုလ်မြို့ကို သင်တို့လာခိုက် ဘုရားရှင်ကိုလည်း ဖူးသွားကြဦးလို့ တိုက်တွန်းတဲ့အတွက် သူဋ္ဌေးသားသောဏနှင့် အခြံအရံပရိသတ်များဟာ ဘုရားရှင်သီတင်းသုံးရာ ဂိဇ္ဈကုဋ်တောင်ကိုသွားကြတယ်၊ ဂိဇ္ဈကုဋ်တောင်ရောက်တော့ ရှေးဦးစွာ ဘုရားရှင်ရဲ့ အလုပ်အကျွေး အရှင်သာဂတနှင့်တွေ့ကြတယ်၊ အရှင်သာဂတထံ ဘုရားဖူးခွင့်တောင်းကြတော့ အရှင်သာဂတက သင်တို့ ခဏနေကြဦး၊ ဘုရားရှင်ထံ ငါသွားပြီး လျှောက်ထားဦးမယ် လို့ ပြောပြီး ပရိသတ်ရှေ့မှာပင် လှေကားဦးကျောက်ဖျာအောက် တန်ခိုးဖြင့်ငုပ်သွားပြီး ဘုရားရှင်ထံ သွားရောက်လျှောက်ထားတယ်။

                        ဘုရားရှင်ထံ ဖူးမြော်ခွင့်ရတော့ ဘုရားရှင်ထိုင်တော်မူရန် အင်း ပျဉ်ကိုယူ၊ ဘုရားရှင်ရှေ့တော်မှာပင်ငုပ်ပြီး ဝိုင်းကြည့်နေကြတဲ့ ဒကာများရဲ့ ရှေ့လှေကားဦး ကျောက်ဖျာမှာ ပေါ်လာသတဲ့၊ ပေးလာပြီး ယူလတဲ့ အင်းပျဉ်ကို ကျောင်းစွန်းအရိပ်မှာခင်းတယ်၊ ဘုရားရှင်လည်း ကျောင်းတော်က ထွက်ကြွလာပြီး အရှင်သာဂတ ခင်းထားတဲ့ အင်းပျဉ်မှာ ထိုင်တော်မူတယ်၊ ဘုရားရှင်ထိုင်တော်မူတော့ ဒကာများလည်း ဘုရားရှင်ထံပါးချသ်းကပ်ပြီး ရှိခိုးကန်တော့ကြတယ်၊ သို့သော်လည်း ဒကာများဟာ ဘုရားရှင်ကို နှလုံးမသွင်းကြဘူး၊ တန်ခိုးပြသွားတဲ့ ရှင်သာဂတကိုသာ နှလုံးသွင်းမိကြသတဲ့၊ သည်အကြောင်း ဘုရားရှင်သိတော်မူလို့ အရှင်သာဂတကိုခေါ်ပြီး သာဂတ-သည်ဒကာတွေကို တန်ခိုးပြလိုက်စမ်း လို့ စေခိုင်းတော်မူတယ်၊ အရှင်သာဂတလည်း ဘုရားရှင်ရဲ့ အမိန့်တော်အတိုင်း ကောင်းကင်ကိုပျံတက်ပြီး ကောင်းကင်အပြင်မှာ စင်္ကြံသွားပြတယ်၊ ရပ်ပြတယ်၊ ထိုင်ပြတယ်၊ အိပ်ပြတယ်၊ အခိုးအလျှံထွက်ပြတယ်၊ ကိုယ်ဖျောက်ပြတယ်၊ ပြီးမှ ကောင်းကင်ကဆင်းပြီး မြတ်စွာဘုရားရဲ့ ခြေတော်ကို ဦးခိုက်တယ်၊ ဦးခိုက်ပြီးမှ အရှင်မြတ်စွာဘုရား၊ အရှင်မြတ်စွာဘုရားသည် တပည့်တော်၏ဆရာဖြစ်ပါတယ်၊ တပည့်တော်သည် အရှင်မြတ်ရဲ့ တပည့်ဖြစ်ပါတယ် လို့ လျှောက်ထားသတဲ့၊  သည်တော့မှ ပရိသတ်များက အလို -အရှင်သာဂတက တပည့်၊ ဘုရားရှင်က ဆရာဆိုပါလား လို့ အံသြကုန်ကြပြီး ဘုရားရှင်ထံ စိတ်ရောက်ခဲ့ကြသတဲ့၊ သည်တော့မှ ဘုရားရှင်က တရားဟောတော်မူတယ်။

                        သည်တရားပွဲမှာ အခြားပရိသတ်များကတော့ ဥပါသကာမျာသာဖြစ်ကြပါတယ်၊ သူဋ္ဌေးသားသောဏကတော့ လူ့ဘဝကိုစွန့်ပြီး ရဟန်းဝတ်တယ်၊ ရဟန်းဝတ်ပြီးတဲ့ သောဏမထေရ်ဟာ ယင်းတိုက်တောမှာ စင်္ကြံကြွပြီး တရားအားထုတ်ရာမှာ အလွန်နူးညံ့လွန်းတဲ့အတွက် ခြေဖဝါးတွေကွဲကုန်သတဲ့ကွယ်၊ သည်အကြောင်းကြောင့် ဘုရားရှင်က သောဏထေရ်ကို ဖိနပ်စီးခွင့် ပေးတော်မူတယ်၊ သောဏထေရ်က အများရဟန်းတွေ ဖိနပ်မသုံးဆောင်လျှင် တပည့်တော်လည်း မသုံးဆောင်ပါဘူးလို့ လျှောက်ထားတဲ့အတွက် အားလုံး ရဟန်းတော်များကို ဖိနပ်စီးခွင့်ပေးတော်မူတယ်၊ ဒါကြောင့် အပ်တဲ့ဖိနပ်ကို စီးလျှင်အပ်တယ်၊ အပ်တဲ့ဖိနပ်ဆီးလျှင်အပ်သလို အပ်တဲ့ယာဉ်ကို စီးလျှင်လည်း အပ်တာပါပဲ၊ ထို့အတူ အပ်တဲ့ထီးကိုခွင့်ပြုတော်မူသလို ဆေးတံသောက်ခြင်းကိုလည်း အခြေအနေအရ ခွင့်ပြုတော်မူထားပါတယ်၊ ဒါကြောင့် ဖိနပ်စီးရုံ, ယာဉ်စီးရုံ, ထီးဆောင်းရုံ, ကွမ်းစား ဆေးသောက်ရုံမျှနှင့်တော့ အလဇ္ဇီလို့ မစွပ်စွဲသင့်သေးပါဘူး၊ မင်းတုန်းမင်းကြီးလက်ထက် ပြန်တမ်းတော်ထုတ်တာ ကတော့ ပညတ်တော်များကို လေးလေးနက်နက် လိုက်နာစေလိုတဲ့အတွက်  ထုတ်ပြတ်တာဖြစ်ပါလိမ့်မယ်၊ အမိန့်တော်ပြန်တမ်းထုတ်သော်လည်း ဖိနပ်စီး, ယာဉ်စီး, ထီးဆောင်း, ဆေးသောက်, ကွမ်းစားတဲ့ ရဟန်းများ ပြင်းပြင်းထန်ထန် အပြစ်ပေးကြောင်း မှတ်တမ်းမရှိလို့ ပြန်တမ်းဟာ အသက်ဝင်သင့်သလောက် ဝင်ခဲ့ပုံမပေါ်ပါဘူးကွယ့်

                        နို့- အလဇ္ဇီဆိုတာကို ဘုရားရှင်က ဘာနှင့်တိုင်းတာကြလို့ ညွှန်ကြားတော်မူခဲ့သလဲဘုရား


                                                                 အလဇ္ဇီ သုံးမျိုး
                        အလဇ္ဇီ တိုင်းတာဖို့ ပေတံကတော့ -
                        (၁)        သဉ္စိစ္စ အာပတ္တိံ အာပတဇ္ဇတိ-စေတနာနှင့် အာပတ်ကို ကျူးလွန်တဲ့ အလဇ္ဇီက                                
                                    တစ်ယောက်ကွယ့်၊
                        (၂)        အာပတ္တိံ ပရိဂူဟတိ-မိမိ၌သင့်ရောက်နေတဲ့ အာပတ်ကို ထိမ်ချန်ထားတဲ့ အလဇ္ဇီက
                                    တစ်ယောက်ကွယ့်၊
                        (၃)        အဂတိဂမနဉ္ဇ ဂစ္ဆတိ-အဂတိလိုက်စားတဲ့ အလဇ္ဇီက တစ်ယောက်ကွယ့်
                        ဧဒိသော ဝုစ္စတိ အလဇ္ဇီ ပုဂ္ဂလော-လို့ ပရိဝါပါဠိတော်မှာ ဟောတော်မူတဲ့အတိုင်း သည်ပုဂ္ဂိုလ် (၃)မျိုးကို အလဇ္ဇီပုဂ္ဂိုလ်လို့ သတ်မှတ်သကွယ့်

                        သည်လိုဆို ပထမအလဇ္ဇီအရ အာပတ်သင့်သော ပုဂ္ဂိုလ်တိုင်း အလဇ္ဇီလို့ခေါ်ရတော့မှာလား၊ အာပတ်ပေါင်းကလည်း ကုဋေကိုးထောင်ကျော်ရှိလေတော့

                        သည်လိုလဲ မဟုတ်သေးပါဘူးကွယ့်၊ 
 သဉ္စီစ္စ အပတ္တိံ အာပဇ္ဇတိ ဆိုတဲ့ပုဒ်ကို ကင်္ခါဋီကာဟောင်း နိဒါနဝဏ္ဏနာ ၉-မှာ သဥ္စိစ္စ အာပတ္တိံ အာပဇ္ဇတီတိ ဧတ္ထ အနာဒရိယဝသေန အာပဇ္ဇန္တော ဧဝ အလဇ္ဇီ ဟောတိ၊ န ဣတရောလို့ဖွင့်ပြထားသကွယ့်၊ အဓိပ္ပာယ်ကတော့ သိက္ခာပုဒ်တော်ကိုတော့ ရိုသေပါရဲ့၊ မသိလို့ လွန်ကျူးမိခြင်း, သိပင်သိသော်လည်း မိမိရဲ့ ကိလေသာကို မနိုင်တဲ့အတွက် လွန်ကျူးမိခြင်းကိုတော့ အလဇ္ဇီလို့မခေါ်ပါဘူးတဲ့၊ ထို့အတူ အာပတ်လျှို့ဝှက်ရာမှာလည်း ဖွင့်ပြောရမှာခက်လို့ လျှို့ဝှက်တာမျိုးကို အလဇ္ဇီလို့ မခေါ်ရဘူးတဲ့၊ သိက္ခာပုဒ်တော်ကို  မရိုသေသောအားဖြင့် လျှို့ဝှက်မှသာ အလဇ္ဇီလို့ ခေါ်သတဲ့ကွယ့်

                        သည်လိုဆို တော်သေးတာပေါ့ဘုရား၊ အာပတ်သင့်တိုင်းသာ အလဇ္ဇီဖြစ်ရလျှင်ဖြင့် ခက်ရချေရဲ့

                        ပြီးတော့ အလဇ္ဇီဆိုတာကိုလည်း ဧကန်သတ်မှတ်လို့ မရဘူးကွယ့်

                        ဘယ်လိုကြောင့်တုန်း ဘုရား


                                               လဇ္ဇီကို ပြစ်မှားမိလျှင်

                        သဥ္စိစ္စ အာပတ္တိံ အာပဇ္ဇတိ အရ စေတနာနှင့်တကွ အားထုတ်ပြီး မအပ်မှန်းသိလျက်နှင့် လွန်ကျူးကျင့်မိလို့ အလဇ္ဇီအဖြစ် ရောက်သွားသော်လည်း သင့်ရောက်တဲ့အပြစ် (အာပတ်) ကို ပညတ်တော်အတိုင်း ကုစားလို့ အာပတ်ကင်းစင်သွားပြန်လျှင် အလဇ္ဇီဟာ လဇ္ဇီဖြစ်သွားပြန်တယ်ကွယ့်၊ ဒါကြောင့်သည်ပုဂ္ဂိုလ်ဟာ အလဇ္ဇီပဲရယ်လို့ အမြဲ မှတ်သားမထားသင့်ဘူး၊ အကယ်၍ အလဇ္ဇီပဲလို့ အမြဲမှတ်ထားလျှင် ထိုကိုယ်တော်အပြစ်ကင်းစင်ပြီး အလဇ္ဇီအဖြစ်နှင့် ကိုယ်ကစွပ်စွဲမိလျက် ဖြစ်နေတက်တယ်၊ လဇ္ဇီကို အလဇ္ဇီအစစ်နှင့် ပြစ်မှားမိခဲ့လျှင် အင်မတန် အပြစ်ကြီးမားတယ်ကွယ့်

                        ဘယ်လိုများ အပြစ်ကြီးမားပါသလဲဘုရား

                        အပြစ်ကြီးမားပုံကိုတော့ သောသလသံယုတ်မှာ ဘုရားရှင်ဟောတော်မူတယ်၊ အခါတစ်ပါး သာဝတ္ထိပြည့် ဇေတဝန်ကျောင်းတော်မှာ ဘုရားရှင်သီတင်းသုံးတော်မူစဉ် ပသေနဒီ ကောသလမင်းကြီးဟာ ဘုရားရှင်ထံတော်ပါးချဉ်းကပ်ပြီး အရှင်ဂေါတမဟာ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းပြီးသိတယ်လို့ ဝန်ခံပါသလားလို့ လျှောက်ထားတယ်၊ ဘုရားရှင်က ဝန်ခံကြောင်းမိန့်တော်မူတော့ ကောသလမင်းကြီးက အရှင်ဂေါတမ-အရှင်ဂေါတမ ရဟန်းဖြစ်လာတာလည်း မကြာသေးဘူး၊ အသက်အရွယ်အားဖြင့်လည်း ကြီးမားကြတဲ့ ပုရဏကဿပ, မက္ခလိဂေါသာလ, နိဂဏ္ဌနာဋပုတ္တ, သဉ္စယ, ပကုဓကသစ္စာယန, အဇိတတို့သော်မှမေးမြန်းကြည့်တဲ့အခါ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းပြီးသိတယ်လို့ ဝန်မခံကြဘူး၊ အရှင်က ဘာကြောင့် ဝန်ခံသလဲ လို့မေးတယ်၊ သည်အခါ ဘုရားရှင်က မင်းကြီး ငယ်တယ်ရယ်လို့ မထီမဲ့မြင်မပြုအပ်တဲ့တရား လေးပါးရှိတယ်၊ လေးပါးဆိုတာက -
                        (၁)        မင်းသားကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး၊
                        (၂)        မြွေကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး၊
                        (၃)        မီးကို သေးငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး၊
                        (၄)        ရဟန်းကို ငယ်တယ်ရယ်လို့ မထီမဲ့မြင် မပြုအပ်၊ ပြက်ရယ် မပြုအပ်ဘူး။
                        မင်းကြီး - မင်းသားကို ငယ်တယ်ရယ်လို့ မထီမဲ့မြင်ပြုမိလျှင် မင်းသား မင်းဖြစ်တဲ့အခါ ကြီးစွာသောရာဇဒဏ်ကို ခံရတက်တယ်၊ မြွေကို ငယ်တယ်လို့ မထီမဲ့မြင်ပြုခဲ့လျှင် မြွေကိုက်ခံရတက်တယ်၊ မီးကိုသေးငယ်တယ်လို့ မထီမဲ့မြင် ပြုခဲ့လျှင် မီးလောင်ခံရတက်တယ်၊ ရဟန်းကိုလည်း ထို့အတူပဲ မထီမဲ့မြင်ပြုခဲ့လျှင် ရဟန်း မီး အလောင်ခံရတက်တယ်၊ မင်းကြီး - ရဟန်း မီး အလောင်ခံရလျှင် ပကတိသောမီး အလောင်ခံရသည်ထက် ပိုပြီးနာတယ်၊  ပကတိသောမီးဟာ မြက် သစ်ပင်တွေကို ဘယ်လိုလောင်သော်လည်း မိုးကျလာလျှင် မီးအလောင်ခံရတဲ့ မြက်သစ်ပင်တွေဟာ တစ်ဖန် ပြန်လည်ပေါက်ရောက်နိုင်တယ်၊ ရဟန်း-မီး အလောင်ခံရလျှင် မထီမဲ့မြင် ပြုလုပ်သူကိုမျှသာမက ထိုသူနှင့် စပ်သော သား, သမီး, ကျွဲ, နွားများကစပြီး အညွန့်မပေါက်ကြဘူး၊ သားမဲ့, သမီးမဲ့, အခြံအရံမဲ့ဖြစ်ပြီး ထန်းပင်ငုတ်တိုကြီးလို တရိရိ ဆွေးသွားတယ်၊ ဒါကြောင့် ကြောင်းကျိုးမြင်သိ ပညာရှိမှန်လျှင် မင်းကိုဖြစ်စေ၊ မြွေကိုဖြစ်စေ၊ မီးကိုဖြစ်စေ၊ ရဟန်းကိုဖြစ်စေ မထီမဲ့မြင် မပြုသင့်ဘူး၊ ပြက်ရယ်မပြုသင့်ဘူး၊ ကောင်းစွာကျင့်သုံးသင့်တယ်လို့ ဟောတော်မူတယ်၊ သည်အခါမှာ ကောသလမင်းကြီးဟာ အမြင်မှန်ရပြီး ရတနာသုံးပါးကို ဆည်းကပ်တဲ့ ဥပါသကာ ဖြစ်သွားသတဲ့ကွယ်၊ ဒါက ရဟန်းတော်ကို ပြစ်မှားလျှင် အပြစ်ကြီးကြောင်း ဘုရားဟောပေါ့ကွယ်

                        မှန်ပါ - လဇ္ဇီ, အလဇ္ဇီ သဘာဝကိုတော့  နည်းနည်းသဘောပေါက်သွားပါပြီ၊ အလဇ္ဇီ နှင့် ဒုဿီလဆိုတာကော အတူတူပါပဲလား ဘုရား

                        အင်း-တူတာလည်းရှိ၊ မတူတာလည်း ရှိသပေါ့ကွယ်

                        ဘယ်လို တူ-မတူရှိတာလဲ၊ မိန့်တော်မူပါဦးဘုရား

                        ဒုဿီလဆိုတဲ့ပုဒ်ရဲ့ အနက်ကို စဉ်းစားကြည့်ပေါ့ကွယ်၊ ဒု-ဆိုတာက မကောင်းဘူး၊ သီလကတော့ သီလပေါ့၊ နှစ်ခုစပ်လိုက်တော့ မကောင်းတဲ့သီလလို့ အဓိပ္ပာယ် မရဘူးလား

                        ရပါတယ်ဘုရား

                        အေး-မကောင်းတဲ့ သီလရှိသူဟာ ဒုဿီလဆိုတော့ ပါရာဇိကကျပြီးတဲ့ ပုဂ္ဂိုလ်၊ ပါရာဇိကပင်မကျသော်လည်း ကျန်သိက္ခာပုဒ်များ ပျက်စီးနေတဲ့ ပုဂ္ဂိုလ်ဟာ ဒုဿီလလို့ အမည်ရနေတယ်၊ ဒါကြောင့် ဒုဿီလိုကို ခွဲလိုက်လျှင်-
                        (၁)        ပါရာဇိကကျလို့ သီလ လုံးဝမရှိတဲ့ ဒုဿီလပုဂ္ဂိလ်၊
                        (၂)        ကြွင်းသော သိက္ခာပုဒ်ပျက်စီးတဲ့ ဒုဿီလပုဂ္ဂိလ်-
ရယ်လို့ နှစ်မျိုးထွက်လာတယ်၊ သည်အကြောင်းကို ဝိမတိဝိနောဒနီဋီကာမှာ ဒုဿီလာတိ နီဿီလာ ဒုဿိတသီလာ စ လို့ ဖွင့်ပြထားတယ်၊ နိဿီလပင်ဖြစ်စေ၊ ဒုဿီလပင်ဖြစ်စေ ကျူးလွတ်လိုသောစိတ်ဖြင့် သိက္ခာပုဒ်ကို ကျူးလွန်ခြင်း၊ သင့်ရောက်သောအာပတ်ကို လျှို့ဝှက်ခြင်းရှိခဲ့လျှင် အလဇ္ဇီလို့ ခေါ်ဆိုရတယ်၊ အလဇ္ဇီအင်္ဂါနှင့် မညီညွတ်လျှင်တော့ အလဇ္ဇီလို့ မခေါ်နိုင်ဘူး၊ ဒါကြောင့် တူတာလည်းရှိ မတူတာလည်းရှိလို့ ပြောရတာပဲကွယ့်

                        မှန်ပါ - သည်လောက်ဆိုလျှင် အလဇ္ဇီ-ဒုဿီလရဲ့ သဘောကိ သိပါပြီ ဘုရား


                                                    အဆိပ်ပင်ကို ရေမလောင်းသင့်

                        ယခုတစ်ဖန် ထပ်မံလျှောက်ထားချင်တာက ထိုအလဇ္ဇီ ဒုဿီလပုဂ္ဂိုလ်ကို လှူဒါန်းပူဇော်လို့ အကျိုးရှိ-မရှိဆိုတာပါပဲဘုရား

                        အင်း-သည်အမေးရဲ့ အဖြေကတော့ လှူသူရဲ့ စိတ်ထားပေါ်မှာ တည်တယ်ကွယ့်၊ လှူတဲ့သူက ဘယ်လိုစိတ်နှင့် လှူသလဲ၊ အလဇ္ဇီ ဒုဿီလအမှုကို ချီးမြှောက်အားပေးလိုတဲ့စိတ်ဖြင့် လှူသလား၊ ဒါမှမဟုတ် အလဇ္ဇီ ဒုဿီလ ရဲ့ ကောင်းကွက်တစ်ခုခုကိုကြည်ညိုလို့လှူသလား၊ ဒါမှမဟုတ် မိမိရဲ့ဒါန စေတနာ သန့်သန့်ကို ရည်ရွယ်ပြီးလှူသလားဆိုတာ ရှေးဦးစွာ စိစစ်သင့်တယ်၊ မကောင်းမှုလုပ်နေသူကို ထိုမကောင်းမှု ပိုပြီးလုပ်နိုင်အောင် အားပေးအားမြှောက် သဘောမျိုးနှင့် လှူတယ်ဆိုလျှင် လှူသူရဲ့ စိတ်ထားက  မကောင်းဘူး၊ အဆိပ်ပင်ကို ရေလောင်းပေးနေသလို ဖြစ်တယ်၊ ဒါကြောင့် အဲသည်စိတ်ထားမျိုးနှင့် လှူဒါန်းပူဇော်လို့ အကျိုးမရတဲ့အပြင် အပြစ်ဖြစ်တယ်လို့ ဖြေဆိုရလိမ့်မယ်၊

                        အလဇ္ဇီ ဒုဿီလပင် ဖြစ်စေကာမူ အားလုံးမကောင်းတာချည်းတော့ မဖြစ်သင့်ဘူး၊ ကောင်းကွက်ကလေးတော့ တစ်ခုခုရှိဦးမှာပဲ၊ ဥပမာ-ကျားသတ္တဝါဟာ သူတစ်ပါးအသက် သတ်ဖြတ်ညှဉ်းဆဲတက်လို့ အလွန်ရက်စက်တဲ့ အကောင်လို့ ဆိုရသော်လည်း သူ့သား သူ့သမီးအပေါ်တော့ ချစ်ခင်ကြင်နာတဲ့မေတ္တာမျိုး ရှိသေးသလိုပေါ့ကွယ်၊ အလှူရှင်ဟာ အဲသည်လို ကောင်းကွက်ကလေးကိုကြည့်ပြီး လှူတယ်ဆိုလျှင် အဲဒီအလှူစေတနာဟာ သိပ်မဆိုးလှဘူးပေါ့ကွယ်


                                                     ပဏ္ဍရင်္ဂဝတ္ထု

                        မဓုရဝါဟိနီကျမ်းမှာ ကဏ္ဍရင်္ဂအမည်ဖြင့် ဝတ္ထုတစ်ပုဒ်လာတယ်၊ ဝတ္ထုရဲ့ဆိုလိုရင်းကတော့ သီဟိုဠ်ကျွန်း မဟာဂါမရွာစား တိဿအမတ်ဟာ ဆွမ်းဦးကို မလှူဘဲ ထမင်းမစားဘူးတဲ့၊ တစ်ရက်တော့ အမှုကိစ္စတွေများနေလို့ မွန်းတည့်ချိန်လွန်မှ ထမင်းစားခွင့်ကြုံသတဲ့၊ သည်အချိန်မှာောတ့ ဆွမ်းဦးကိုလှူဖို့ဆိုတာလည်း ရဟန်းတော်များ ဆွမ်းစားချိန်မဟုတ်တော့ဘူး၊ သည်တော့ ဆွမ်းဦးကို ဘယ်သူ့ပေးလှူရပါ့မလဲလို့ စိတ်ကူးလိုက်တော့ သင်္ချိုင်းမှာနေတဲ့ ပဏ္ဍရင်္ဂပရိဗိုဇ်ကိုသတိရတယ်၊ ပဏ္ဍရင်္ဂပရိဗိုဇ်ဟာ အကျင့်ကောင်းတဲ့ပုဂ္ဂိုလ် မဟုတ်သော်လည်း ရဟန်းများနှင့် အသွင်တူသူဖြစ်တယ်၊ ဒါကြောင့် ဆွမ်းဦးကို ပဏ္ဍရင်္ဂထံ ပေးလှူဖို့ အကြံရပြီး မင်းချင်းတစ်ယောက်ကို ဆွမ်းဦးအလှူခိုင်းလိုက်သတဲ့၊ မင်းချင်း ဆွမ်းဦးကို ဆောင်ယူသွားတဲ့အချိန်မှာ ပဏ္ဍရင်္ဂဟာ အရပ်မူးမူးနှင့် ကန်ပေါင်မှာ ငါးမျှားနေတယ်၊  ငါးမျှားရာက လူရိပ်လူခြည်မြင်တော့ ငါးမျှားတံကို ရေမှာနှစ်ပြီး ခြေဖြင့်နင်းကာ ယောင်ချာချာလုပ်နေသတဲ့။

                        သည်အခြင်းအရာကို မင်းချင်းကမြင်တော့ သည်လောက်ယုတ်မာသူဟာ ဆွမ်းဦးနှင့်မတန်ဘူးလို့ယူဆပြီး ဆွမ်းဦးကို တိဿအမတ်ထံ ပြန်ယူသွားတယ်၊ တိဿအမတ်က ဘာကြောင့် ပြန်ယူခဲ့တာလဲလို့မေးတော့ မင်းချင်းက အကြောင်းပြန်ပြောတယ်၊ သည်အခါ တိဿအမတ်က အချင်းယောက်ျား- ပဏ္ဍရင်္ဂဟာ ဘယ်လောက်ယုတ်မာသူပင်ဖြစ်စေ သင့်ကိုမြင်တော့ မကောင်းမှုမှ ရှက်သောစိတ်ဖြင့် ငါးမျှားတံကို ရေမှာနှစ်မြှုပ်ပြီး ဝှက်ထားရှာတယ်၊ အဲသည် မကောင်းမှုမှရှက်ခြင်းဆိုတဲ့ ဟိရီတရားတစ်ခုသည်ပင်လျှင် ပဏ္ဍရင်္ဂအဖို့ အလှူခံထိုက်သောအကြောင်းဖြစ်တယ်၊ ထိုအကြောင်းကို ရည်ရွယ်ပြီး ငါ၏ စားဦးဖြစ်သော ခဲဖွယ်ဘောဇဉ်ကို ပဏ္ဍရင်္ဂအား ပေးလှူပါလို့ဆိုပြီး စားဦးကို အလှူခိုင်းတယ်။

                        တိဿအမတ်ဟာ ကြီးကျယ်တဲ့ အလှူတွေ အများအပြား လှူဒါန်းခဲ့ဖူးသော်လည်း သေကာနီးကာလရောက်တော့ အခြားအလှူများကို မအောက်မေ့မိဘဲ ပဏ္ဍရင်္ဂကိုပေးလှူရတဲ့ ဆွမ်းဦးအလှူကိုသာ အဖန်တလဲလဲ အောက်မေ့မိပြီး စုတိတဲ့အခါ ပဏ္ဍရင်္ဂကိုလှူဖူးတဲ့ ကုသိုလ်စေတနာက အကျိုးပေးတဲ့ အတွက် တည်ပင်နတ်ကြီးရှိရာ မဟာဝိဟာရကျောင်းအနီး စရည်းပင်ကြီးမှာ နတ်၌ဖြစ်သော ခဲဖွယ်ဘောဇဉ်များပြည့်စုံတဲ့ ဘုမ္မစိုးနတ်ကြီးဖြစ်သတဲ့ကွယ်၊ ဒါကြောင့် အလှူရှင်က စေတနာသန့်ရှင်းစင်ကြယ်ပါလျှင် အလှူဆိုတာ အကျိုးမပေးဘူးရယ်လို့ မရှိကောင်းပါဘူး၊ ဥပရိပဏ္ဏာပါဠိတော် ဒက္ခိဏဝိဘင်္ဂသုတ်တော်မှာ -
                        ဘဝိဿန္တိ ခေါ ပနာနန္ဒာ အနာဂတမဒ္ဓါနံ ဂေါတြဘုနော ကာသာဝ ကဏ္ဌာ ဒုဿီလ ပါပဓမ္မာ၊ တေသု ဒုဿီလေသု သံဃံ ဥဒ္ဒိဿ ဒါနံ ဒဿန္တိ၊ တဒါပါဟံ အာနန္ဒ သံဃဂတံ ဒက္ခိဏံ အသင်္ချေယျ အပ္ပမေယျံ ဝဒါမိ- လို့ ဘုရားရှင် ဟောထားတယ် မဟုတ်လားကွယ့်

                        မှန်ပါ - အဲဒီဘုရားရှင် ဟောထားတဲ့ အဓိပ္ပာယ်ကိုလည်း မိန့်တော်မူ ပါဦး ဘုရား

                        အဓိပ္ပာယ်ကတော့ နောင်သောအခါ ရဟန်းယောင်မျှသာဖြစ်၍ သင်္ကန်း လည်ပင်းမှာပတ်ထားသော သီလမရှိတဲ့ ရဟန်းယုတ်တွေ ဖြစ်ပေါ်လာလိမ့်မယ်၊ ထိုရဟန်းယုတ်များကို သံဃာ အမှတ်ထားပြီး လှူဒါန်းပူဇော်ခဲ့လျှင် မရေတွက်နိုင် မနှိုင်းယှဉ်နိုင်တဲ့ အကျိုးရှိတယ်လို့ ဆိုလိုတယ်ကွယ်

                        သည်လိုဆို တပည့်တော် နည်းနည်း စောဒကတက်ချင်ပါသေးတယ်၊ လျှာရှည်တယ်လို့တော့ အောက်မေ့တော်မမူပါနှင့် ဘုရား

                        မအောက်မေ့ပါဘူးလေ၊ ပြောမှာသာပြောပါ


                                      မြေကောင်းမြေသန့် ရွေးစိုက်ပါ

                        သံဃာတော်ရဲ့ ဂုဏ်တော်ကိုးပါးမှာ ပုညက္ခေတံ္တ အနုတ္တရံ ပါတယ်၊ မဟုတ်လားဘုရား

                        အေး-ပါတယ်လေ၊ အဲဒါ ဘာဖြစ်တုန်း

                        သံဃာတော်ဟာ တစ်လောကလုံးရဲ့ ကောင်းမှုတည်းဟူသော မျိုးစေ့ကိုစိုက်ပျိုးရာ လယ်မြေယာမြေနှင့် တူတယ်လို့ဆိုကိုးဘုရား၊ လယ်မြေယာမြေဟာ မြေသြဇာထက်သန်ကောင်းမွန်ပါမှ စိုက်ပျိုးသလောက် အကျိုးဖြစ်ထွန်းပါတယ် ဘုရား၊ နွာခွာလည်းတုံး၊ ကျက်တီးကုန်း၊ သုံးတင်းကြဲမှ တစ်ခွဲရ ဆိုတဲ့ မြေမျိုးကျတော့ စိုက်ပျိုးသလောက် အကျိုးမဖြစ်ထွန်းဘူးပေါ့ဘုရား၊ သံဃာတော်ရဲ့ မြေသြဇာဟာ ဘာလဲဆိုတော့ သီလလို့ ဆိုရမှာပါပဲဘုရား

                        ဆိုရမှာပါပဲ မလုပ်ပါနဲ့၊ သီလပါပဲကွယ်

                        ဒါတော့ တပည့်တော်က ဓကန်မပြောနိုင်လို့ ဆိုရမှာပါပဲ လို့ သုံးရတာကိုး ဘုရား

                        ဧကန်မပြောနိုင်စရာမရှိပါဘူး၊ သံဃာတော်ရဲ့ မြေသြဇာဟာ သီလဖြစ်ကြောင်း သဂါထာ ဝဂ္ဂသံယုတ် ဣဿတ္တသုတ်မှာ ဘုရားဟောရှိပါတယ် ကွယ့်

                        ဟုတ်လား၊ အဲဒီသုတ်ကို တပည့်တော်နာချင်လိုက်တာဘုရား

                        နာချင်လည်း ပြောပြရသေးတာပေါ့ကွယ်၊ ဘုရားသခင် သာဝတ္ထိပြည်မှာ သီတင်းသုံးတော်မူစဉ်ကာလက ကောသလမင်းကြီးဟာ ဘုရားရှင်ထံချဉ်းကပ်ပြီး ပြဿနာတစ်ခုလျှောက်ထားတယ်၊ သူလျှောက်ထားတဲ့ ပြဿနာကဘယ်လိုပုဂ္ဂိုလ်ထံ အလှူပေးလှူသင့်ပါသလဲ ဆိုတဲ့ပြဿနာပဲကွယ့်၊ သည်ပြဿနာလျှောက်ထားတော့ ဘုရားရှင်က မိမိကြညိုတဲ့ပုဂ္ဂိုလ်ထံ ပေးလှူသင့်တယ်လို့ ဖြေကြားတော်မူတယ်၊ ကောသလမင်းကြီးက ဘယ်လိုပုဂ္ဂိုလ်မျိုးကိုလှူရင် အကျိုးကြီးမားပါသလဲလို့ ထပ်ပြီးလျှောက်ထားပါတယ်၊ သည်တော့ ဘုရားရှင်က သီလရှိသောပုဂ္ဂိုလ်အား ပေးလှူလျှင် အကျိုးတရားကြီးမားတယ်၊ သီလမရှိသောပုဂ္ဂိုလ်အား ပေးလှူလျှင် အကျိုးတရားမကြီးမားဘူးလို့ ဖြေကြားတော်မူတယ်ကွယ့်၊ ဒါကြောင့် ကောင်းမှုတည်းဟူသော မျိုးစေ့ရဲ့ မြေသြဇာဟာ သီလပဲလို့ မှတ်သင့်တာပေါ့

                        မှန်ပါ - ဝမ်းသာလှပါတယ်ဘုရား၊ ဆက်ပြီးလျှောက်ထားပါရစေဦး၊ ကောင်းမှုတည်းဟူသော မျိုးစေ့ရဲ့ မြေသြဇာဟာ သီလဖြစ်လေတော့ သီလမရှိတဲ့ ရဟန်းယုတ်တွေကို လှူလျှင် ဘယ်ပုံဘယ်နည်း အကျိုးကြီးတယ်ဆိုတာ တပည့်တော် သိချင်ပါတယ် ဘုရား

                        သည်အမေးကို ဥပမာနှင့်ဖြေကြစို့ကွယ်၊ မြေသြဇာအင်မတန် ထက်သန်ကောင်းမွန်တဲ့ လယ်မြေယာမြေမှာ စိုက်ပျိုးခဲ့လျှင် မျိုးစေ့ကျရုံနှင့် ဖြစ်ထွန်းနိုင်တယ်၊  သို့သော်လည်း ပေါင်းသင်ခြင်း, မြေတောင်မြှောက်ခြင်း စည်ဖြင့် ဂရုတစိုက်မပြုခဲ့လျှင် ဖြစ်ထွန်းလာတဲ့အပင်ဟာ စိတ်ထင်သလောက် မကြီးပွားဘူး၊ ဒါဟာ ယခုစိုက်ပျိုးရေးခေတ်မှာ လက်တွေ့ပဲကွယ့်၊ သည်ဥပမာအတိုင်း အလွန်မြေသြဇာထက်သန်ကောင်းမွန်တဲ့ ဘုရား ရဟန္တာတို့ထံမှာ မျိုးစေ့နှင့်တူတဲ့ အလှူဒါနကိုလှူသော်လည်း လှူသောသူ စေတနာချို့တဲ့ခဲ့လျှင် အကျိုးကျတော့ ကြီးပွားသင့်သလောက် မကြီးပွားဘူး၊ ထို့အတူ ကျတ်တီးကုန်းဖြစ်လို့ ဘာမျှစိုက်ပျိုးမဖြစ်တဲ့ မြေပင်ဖြစ်စေ စိုက်ပျိုးတဲ့သူက မြေသြဇာထည့်ခြင်း, ရေလောင်းခြင်း,မြေတော်မြှောက်ခြင်း, ပေါင်းသင်ခြင်း စသည်ကို ပြုလုပ်ပေးခဲ့လျှင် အဲသည်မြေညံ့ကသော်လည်း ထွားကျိုးင်းတဲ့အပင်များ ဖြစထွန်းလာနိုင်တယ်၊ ဒါဟာလည်း ယခုခေတ်မှာ လက်တွေ့ပဲမဟုတ်လားကွယ့်၊ သည်ဥပမာအတူ အလှူခံပုဂ္ဂိုလ်က အလဇ္ဇီ ဒုဿီလ ပါပဘိက္ခုပင်ဖြစ်သော်လည်း အလှူရှင်စေတနာသန့်ရှင်းလျှင် အကျိုးကျတော့ ကြီးမားတာပေါ့ကွယ်၊ သည်နေရာမှာ ဒက္ခိဏဝိသုဒ္ဓိ လေးပါးကို သတိပြုထားသင့်သကွယ့်

                        ဒက္ခိဏဝိသုဒ္ဓိ လေးပါးဆိုတာ ဘယ်လိုပါလဲ ဘုရား



                                                                ဒက္ခိဏဝိသုဒ္ဓိ လေးပါး

                        ဒက္ခိဏဝိသုဒ္ဓိ လေးပါးဆိုတာ စင်ကြယ်သော အလှူဒါန လေးမျိုးလို့ ဆိုလိုတယ်၊ အလှူဒါန စင်ကြယ်မှုဟာ လေးမျိုးရှိတယ်ကွယ့်၊ လေးမျိုးဆိုတာ-
                        ၁။         ဒါယကာကြောင့် စင်ကြယ်တာရယ်၊
                        ၂။         အလှူခံပုဂ္ဂိုလ်ကြောင့် စင်ကြယ်တာရယ်၊
                        ၃။         နှစ်ပါးစုံကြောင့် စင်ကြယ်တာရယ်၊
                        ၄။         နှစ်ပါးစုံကြောင့် မစင်ကြယ်တာရယ်၊
ပေါင်း လေးပါးပေါ့ကွယ်၊ အဲသည်လေးပါးအနက်(၁) အချို့သော အလှူဟာ အလှူပေးပုဂ္ဂိုလ်ရဲ့ သီလရှိခြင်း, စေတနာသန့်ရှင်းခြင်းတို့ကြောင့် စင်ကြယ်တယ်၊ (၂) အချို့သော အလှူဟာ အလှူပေးပုဂ္ဂိုလ် သီလမရှိသော်လည်း အလှူခံပုဂ္ဂိုလ်ရဲ့ သီလစသည်ရှိမှုကြောင့် စင်ကြယ်တယ်၊ (၃) အချို့သော အလှူဟာ အလှူခံ, အလှူပေး နှစ်ပါးစုံ သီလစသည် ပြည့်စုံမှုကြောင့် စင်ကြယ်တယ်၊ (၄) အချို့သော အလှူဟာ အလှူခံ, အလှူပေး နှစ်ပါးစုံ သီလစသည် ချို့တဲ့မှုကြောင့် မစင်ကြယ်ဘူး၊ ဒက္ခိဏဝိဘင်္ဂသုတ်မှာ ဒါနစင်ကြယ်မှုလေးမျိုး ဘုရားရှင်ဟောထားတဲ့အတွက် အလှူခံပုဂ္ဂိုလ်ဟာ အလဇ္ဇီ ဒုဿီလ ပါပပုဂ္ဂိုလ် ဖြစ်စေ အလှူပေးပုဂ္ဂိုလ်ရဲ့ သီလ, သဒ္ဓါတရား သန့်ရှင်းစင်ကြယ်လျှင် အလှူဟာ သန့်ရှင်းစင်ကြယ်တာပဲ၊ သည်အကြောင်းကို ဒက္ခိဏဝိဘင်္ဂသုတ်မှာ-
                        ယော သီလဝါ ဒုဿီလေသု ဒဒါတိ ဒါနံ၊
                   ဓမ္မေန လဒ္ဓံ သုပ္ပသန္နစိတ္တော။
                   အဘိသဒ္ဓဟံ ကမ္မဖလံ ဥဠာရံ၊
                   သာ ဒက္ခီဏာ ဒါယကတော ဝိသုဇ္ဈတိ-
လို့ ဟောတော်မူထားသကွယ့်

                        အနက်က ဘယ်လိုပါတဲ့လဲဘုရား

                        အနက်ကတော့ သည်လိုတဲ့ကွယ်၊ ယော သီလဝါ - အကြင်သီလရှိသော ပုဂ္ဂိုလ်သည်၊ ဓမ္မေန -တရားသဖြင့်၊ လဒ္ဓံ -ရအပ်သောပစ္စည်းကို၊ သုပ္ပသန္နစိတ္တော - ကောင်းစွာကြည်လင်သောစိတ် ရှိသည်ဖြစ်၍၊ ဥဠာရံ - ကြီးကျယ်မြင့်မြတ်သော၊ ကမ္မဖလံ - ကံ၏အကျိုးကို၊ အဘိသဒ္ဓဟံ - အလွန်ယုံကြည်သည်ဖြစ်၍၊ ဒုဿီ လေသု- ဒုဿီလပုဂ္ဂိုလ်တို့၌၊ ဒါနံ - အလှူကို၊ ဒဒါတိ- ပေးလှူ၏၊ သာ ဒက္ခိဏာ - ထိုအလှူသည်၊ ဒါယကတော - အလှူပေးပုဂ္ဂိုလ်ကြောင့်၊ ဝိသုဇ္ဈတိ စင်ကြယ်လေ၏ တဲ့ကွယ်၊ ဒါကြောင့် အလှူဆိုတာ ဒါနံ နာမ ယဿ ကဿစိ န နိဝါရိတံ လို့ ဆိုတဲ့အတိုင်း ဒုဿီလသော သုဿီလသော လူသော ခွေးသော ဘယ်ပုဂ္ဂိုလ်ပင်ဖြစ်စေ မပေးလှူအပ်လို့ မတားမြစ်ကောင်းဘူး၊ အယုတ်အလတ်အမြတ်မရွေး ပေးလှူသင့်တယ်လို့ မှတ်တော့တာပေါ့ကွယ်

                        မှန်ပါ-ဝမ်းသာလှပါပြီ ဘုရား၊ သာဓု - သာဓု - သာဓု


***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၅) -အရာမ်တွင်းနှင့် ထီးဖိနပ်


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ ၁၀၆-၁၁၉)မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

ကပ္ပိယ မောင်ရဲ
https://www.facebook.com/yewin.tun.71
http://kpymgye.blogspot.com/
 

Friday, August 24,2012        11:30 am

0 comments:

Post a Comment