Monday, March 4, 2013

အတ္တ အနတ္တ အနတ္တလက္ခဏာ


                                                                 အတ္တ အနတ္တ အနတ္တလက္ခဏာ

                   ၂၃-၁၁-၁၉၈၂- နေ့စွဲဖြင့် ဆရာတော်ထံ စာတစ်စောင်ရောက်လာတယ် ဘုရား

                   ဘယ်ကစာလဲကွယ့်

                   ကသာမြို့ ဒကာကြီး ဦးတင်အုန်းဆိုသူထံကပါ ဘုရား

                   သူက ဘာစာတဲ့လဲကွယ့်

                   သူ့စာက အတ္တနှင့်အနတ္တ, အနတ္တနှင့် အနတ္တလက္ခဏာကို အကျယ်သိလိုပါသတဲ့ဘုရား

                   အတ္တ, အနတ္တ ဆိုတဲ့အမေးဟာ သာသနာတော်မှာ မကြာခဏပေါ်ပေါက်လာတက်တဲ့ အမေးပဲကကွယ့်၊ သည်အမေးကို လယ်တီဆရာတော်က အနတ္တ ဒီပနီ အမည်ဖြင့် ကျမ်းစာတစ်စောင်ဖွဲ့ပြီး ဖြေဆိုတော်မူထားတယ်၊ အခြားခြားသော ဆရာတော်များလည်း အသီးသီးဖြေဖိုထားကြပြီး ဖြစ်တယ်၊ သို့သော်လည်း အမေးရောက်လာပြန်တော့ အဖြေဆိုတာပေးရဦးမှာပေါ့၊ ရှေးဦးစွာ အတ္တဆိုတဲ့ အမေးကို ဖြေကြစို့ရဲ့

                   မှန်ပါ - ဖြေဆိုတော်မူပါဘုရား


                   အတ္တ ဆိုတဲ့ပုဒ်ကို သဒ္ဒါ့နည်းဖြင့်ကြည့်လိုက်တော့ သဒ္ဒါကြီးဥဏှာဒ်ဆဒါဒီဟိတတြဏ် ဆိုတဲ့ သုတ်မှာ အဒဓာတ်, တ-ပစ္စည်း၊ ဓာကွန်ဒ-ကို တ-ပြုပြီး အတ္တ လို့ ရုပ်ပြီးထားတာတွေ့ရတယ်၊ 

ဝိဂြိုလ်ကိုတော့-

                   သုခဒုက္ခံ အဒတိ ဘက္ခတီတိ အတ္တာ၊ ဇာတိ-ဇရာ-မရဏာဒီဒိ ဝါ အဒိယတေ ဘက္ခိယတေတိအတ္တာ-လို့ ဆိုထားတယ်၊ ဝိဂြိုလ်ရဲ့ အနက်ကတော့ သုခ ဒုက္ခံ-ချမ်းသာဆင်းရဲကို၊ အဒတိ ဘက္ခတိ-စားတက်၊ ဣတိ တသ္မာ-ထို့ကြောင့် အတ္တာ-အတ္တမည်၏(ဝါ) တစ်နည်းကား၊ ဇာတိဇရာမဏာ ဒီဟိ-ဖြစ်ခြင်း ဆွေးမြေ့ခြင်း သေဆုံးခြင်းတို့သည်၊ အဒီယတေ ဘက္ခိယတေ-စားအပ်၏၊ ဣတိတသ္မာ-ထို့ကြောင့်၊ အတ္တာ-အတ္တမည်၏-တဲ့၊ ချမ်းသာဆင်းရဲကို စားတက်သော(ဝါ) ခံစားတက်သော ဇာတိဇရာ မရဏတို့ရဲ့ တိုက်စားမှုကို ခံနေရသောပုဂ္ဂိုလ်ဟာ အရကောက်လိုက်တော့ ခန္ဓာကိုယ် ကို ရတယ်။

                   အတ္တာဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ-စတဲ့ ဓမ္မပဒပါဠိတော် အတ္တဝဂ်လာ အတ္တဆိုတဲ့ပုဒ်များဟာ ငါ့ကိုယ်ရယ်လို့ ခေါ်ဝေါ်ပြောဆိုနေကြတဲ့အတွက် သည်ခန္ဓာကိုယ်ပါပဲ၊ သည်ခန္ဓာကိုယ်ဟာ ပညတ်ခန္ဓာကိုယ်မျှသာဖြစ်လို့ အနတ္တမှာဆိုလိုတဲ့ အတ္တ မဟုတ်ဘူး၊ အနတ္တမှာဆိုလိုတဲ့ အတ္တက တိတ္ထိများ ကြံဆအပ်သော အသက်ကောင်, ဝိညာဉ်ကောင်, ငါကောင်ကို ဆိုလိုတယ်၊ အသက်ကောင်, ဝိညာဉ်ကောင်, ငါကောင်လို့ ယူဆကြတော့ သည်အတ္တဟာ ဣဿရနိမ္မာန (ထာဝရဖန်ဆင်းမှု) ဝါဒက ဆင်းသက်လာတာ ဖြစ်လို့ အလွန်ကျယ်ဝန်းတယ်၊ အတ္တကျယ်ဝန်းပုံကို အဘိဓာန်နိဿယသစ် ၃၆-၄၀-တို့က ထုတ်နုတ်ပြီး ပြောပြဦးမယ်။

                   အတ္တဆိုတာ တိကံ သရီရာဓိပတိဒေဝေ အတ္တနိ လို့ အမရသောသ စိန္တာမဏီဋီကာ ဖွင့်ဆိုတဲ့အတိုင်း ခန္ဓာကိုယ်ကိုအုပ်စိုးတဲ့ နတ်ဟူသော အနက်ကို ဟောသတဲ့၊ နတ်လို့ဆိုလိုက်တဲ့အတွက် အဟုတ်နတ်လို့တော့ မယူဆသင့်ဘူး၊ ဒါဖြင့် ဘယ်လိုနတ်တုန်းဆိုတော့ ဖန်ဆင်းရှင်ဖြစ်တဲ့ ထာဝရဘုရားက ဖန်ဆင်းလိုက်တဲ့ ဇီဝကိုဆိုလိုသတဲ့၊ သည်နေရာမှာ အတ္တဟာ ဇီဝအတ္တ, ပရမအတ္တရယ်လို့ နှစ်မျိုးရှိတယ်၊ ဇီဝအတ္တဆိုတာ ထာဝရဘုရားကြီးလို့ ယူဆကြတဲ့ ဗြဟ္မာကဖန်ဆင်းလွှတ်လိုက်တဲ့ အတ္တဖြစ်တယ်။

                   တိတ္ထိတို့ရဲ့ အလိုအားဖြင့် ဗြဟ္မာကဖန်ဆင်းလွှတ်လိုက်တဲ့ သည်အတ္တဟာ သတ္တဝါတို့ရဲ့ ခန္ဓာအိမ်မှာ ခိုောအင်းပြီး ခန္ဓာအိမ်ရဲ့ အရှင်သခင်သဖွယ်ဖြစ်နေတယ်၊ ဒါကြောင့် သည်အတ္တကို သာမိ(အရှင်)၊ ဣဿရ(အစိုးရသူ) လို့လည်း ခေါ်တယ်၊ ခန္ဓာက ပြုလုပ်သမျှဟာ အတ္တကစေခိုင်းလို့ အတ္တရဲ့ အလိုအတိုင်း ပြုလုပ်နေရတဲ့အတွက် ကာရက(ပြုလုပ်သူ)လို့လည်းခေါ်တယ်၊ ခန္ဓာကိုယ်ရဲ့ ချမ်းသာဆင်းရဲကို ခံစားစံစားတက်တဲ့အတွက်ကြောင့် ဝေဒက(ခံစားတက်သူ) လို့လည်းခေါ်တယ်၊ ခန္ဓာအိမ်ပျက်စီးသော်လည်း မပျက်မစီးအမြဲတည်နေတဲ့အတွက် နိဝါသီ(အမြဲတည်နေသူ) လို့လည်းခေါ်တယ်၊ ခန္ဓာကိုယ်ကို မိမိအလိုသို့ လိုက်ပါစေနိုင်တဲ့အတွက် သယံဝသီ(မိမိအလိုဖြစ်စေသူ) လို့လည်းခေါ်တယ်၊ ခန္ဓာအိမ်ရဲ့ အကြီးအကဲ စီမံခန့်ခွဲတက်သူဖြစ်လို့ အဓိဋ္ဌာယကလို့လည်း ခေါ်တယ်၊ သည်အတ္တဆိုတာကို ပါဠိဘာသာအားဖြင့် အရာအားလျော်စွာ ဝေဒဂူ, ပုရိသ, ဇီဝ, ဝိညာဏ’ စသည် သုံးနှုန်းသော်လည်း အာရဗီဘာသာအားဖြင့် ရူဟ်၊ အင်္ဂလိပ်ဘာသာအားဖြင့် ဆိုးလ် 
လို့ ခေါ်သတဲ့၊ မြန်မာတို့ကတော့ အသက်ကောင်, ဝိညာဉ်ကောင်, လိပ်ပြာကောင်လို့ ခေါ်ဆိုကြတယ်။

                   အမှန်မှာ သည်အတ္တဆိုတဲ့တရားဟာ ခန္ဓာအိမ်အတွင်းမှာ အမှန်တကယ် မရှိဘဲ တိတ္ထိများ ကြံဆတွေးခေါ်ရာက ဖြစ်ပေါ်လာတဲ့ တရားမျှသာဖြစ်တယ်၊ သို့သော်လည်း တိတ္တိများကတော့ သည်အတ္တ အမှန်တကယ်ရှိကြောင်း ပုံကြီးချဲ့ပြီးပြကြတယ်၊ တိတ္ထိတို့အလိုအားဖြင့် သည်အတ္တ အမှန်တကယ်ရှိကြောင်း ပုံကြီးချဲ့ပြီးပြကြတယ်၊ တိတ္ထိတို့အလိုအားဖြင့် သည်အတ္တဟာ ပရမာဏုမြူမျှလောက် သာရှိပြီး နှလုံးအိမ်မှာတည်သတဲ့၊ ဂျိန်းစာပေများမှာတေ့ အတ္တဟာ ခန္ဓာအိမ် ပမာဏရှိတယ်၊ ခန္ဓာအိမ်ငယ်လျှင်ငယ်တယ်၊ ခန္ဓာအိမ်ကြီးလျှင် ကြီးတယ်လို့ ဆိုကြတယ်၊ ဝေဒန္တကျမ်းများမှာတော့ အတ္တတရားဟာ (အခဏ္ဍဗြဟ္မတ္တ) မပျက်စီးနိုင်သော ဗြဟ္မာမင်း(ထာဝရဘုရား) ရဲ့ အစိတ်အပိုင်းဖြစ်တယ် အလွန်ကြီးမားတယ်၊ အမြဲတည်တယ်၊ ခန္ဓာဟောင်းကိုစွန့်ပစ်ပြီး ခန္ဓာသစ်ရှာဖွေတဲ့အခိုက်မှာ တစ်လက်မ၊ အပ်နဖားတွင်း၊ စူးဖျားတို့အောက် အငယ်ဆံချည်ကို အစိတ်တစ်ရာစိတ် တစ်စိတ်မျှသာရှိတယ်လို့ဆိုတယ်၊ သည်အတ္တဟာ ဗြဟ္မာရဲ့ အစိတ်အပိုင်းဖြစ်လို့ ခန္ဓာအိမ်တိုင်းမှာရှိတဲ့ အတ္တဟာ တစ်ခုတည်း သာဖြစ်တယ်လို့ ဆိုတယ်၊ နျာသကျမ်းကတော့ ခန္ဓာအိမ်တစ်ခုလျှင် အတ္တတစ်ခု ဖြစ်တယ်လို့ဆိုပြန်တယ်၊ မိအက္ခရာကျမ်းကတော့ နှလုံးသားအရပ်မှာ မအူပန်းရဲ့ ဝတ်မှုန်ပြင်ကဲ့သို့ ထွက်သွားကြတဲ့ ဟိတ အဟိတမည်ကုန်သော ခုနစ်သောင်း နှစ်ထောင်ကုန်သော အကြောများရှိတယ်၊ အကြောမကြီးကလည်း သုံးခုရှိတယ်၊ ထိုသုံးခုအနက် အကြောမကြီး နှစ်ခုတို့ဟာ နှလုံးသားရဲ့ လက်ဝဲလက်ယာ တစ်ဖက်တစ်ချက်စီမှ အထက်သို့တက်ပြီး နှာခေါင်းပေါက်နှင့် စပ်ကြသတဲ့၊ ထွက်လေဝင်လေတို့ရဲ့ သွားရာဖြစ်ကြသတဲ့၊ ကျန်တဲ့အကြောမက အထက်ကို တည့်တည့်တက်သွားပြီး ဗြဟ္မာရန္ဓမည်တဲ့ အပေါက်ဆီ ရောက်သွားသတဲ့၊ အဲသည် အကြောမကြီး သုံးခုတို့ရဲ့အလယ်မှာ လရောင်နှင့်တူတဲ့ အရောင်ဝန်းရှိတယ်၊ အတ္တဟာ အဲသည် အရောင်ဝန်းအလယ်မှာ မတုန်မလှုပ် တည်နေသတဲ့။

                   ယခုပြောခဲ့တာက တိတ္ထိများ ကြံဆအပ်တဲ့ ဇီဝအတ္တ ရဲ့ အခြင်းအရာဖြစ်တယ်၊ ပရမတ္တဆိုတာက အဲသည် ဇီဝအတ္တကို ဖန်ဆင်းလွှတ်တဲ့ ကောင်းကင်ဘုံစံဗြဟ္မာကြီး (ထာဝရဘုရား) ဖြစ်တယ်၊ သည် ထာဝရဘုရားကို သက္ကတနှင့် ဟိန္ဒီတို့က ဤ ရွှရ လို့ ခေါ်ကြတယ်၊ ပရမတ္မာ လို့လည်း ခေါ်ကြတယ်၊ ပါဠိလိုတော့ ဣဿရ ပရမအတ္တာ ပရမအာတုမာလို့ ခေါ်တာပေါ့၊ ပါရှင်းဘာသာအားဖြင့်တော့ ခိုဒါ၊ အာရဗီဘာသာအားဖြင့် အလ္လာဟ်၊ အင်္ဂလိပ်ဘာသာအားဖြင့် ဂေါ့ဒ်လို့ ခေါ်ကြတယ်၊ ပရမတ္တဖြစ်တဲ့ သည်ထာဝရဘုရားကြီးက မိမိရဲ့ ကိုယ်အစိတ်အပိုင်းဖြင့် သတ္တဝါများကို ဖန်ဆင်းပြီး အဖန်ဆင်းခံရတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကတော့ ဇီဝအတ္တ လို့ ခေါ်ကြတယ်၊ အလုံးစုံသော သတ္တဝါတွေဟာ ထာဝရဘုရားကြီး ရှိ,မရှိဆိုတာ မသိကြသော်လည်း မိမိတို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာတော့ ခိုင်မြဲသော အတ္တကောင်, ဝိညာဉ်ကောင်, လိပ်ပြာကောင်ရှိတယ်လို့ ယူဆကြတယ်၊ ခန္ဓာကိုယ် ပျက်စီးသော်လည်း အတ္တကတော့ မပျက်စီးဘဲ ထိုထိုဘဝ လိုက်ပါပြီး မကောင်းမှုကံ ကောင်းမှုကံတို့ရဲ့ အကျိုးကို ခံစားစံစားနေတယ်လို့ ထင်မှတ်ကြတယ်၊ အရိယာအဖြစ်ကို မရောက်သမျှ သည်အတ္တစွဲလမ်းချက်ကို မစွန့်နိုင်ကြဘူး၊ သည် အတ္တအစွဲအလမ်းကို အတ္တဒိဋ္ဌိ လို့ ခေါ်တယ်ကွယ့်

                   အတ္တဒိဋ္ဌိ နှင့် သက္ကာယဒိဋ္ဌိ တူပါသလား ဘုရား

                   အတ္တဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိ အတူတူပါပဲ၊ သက္ကာယဆိုတာ သန္တော ကာယော သက္ကာယော ဆိုတဲ့ အတိုင်း ထင်ရှားရှိသော ခန္ဓာငါးပါး အပေါင်းကိုခေါ်တယ်၊ ထိုခန္ဓာငါးပါးအပေါင်း၌ အတ္တရှိတယ်လို့ ယူဆချက်ဟာ သက္ကာယဒိဋ္ဌိ ပေါ့၊ သည်နေရာမှာ စကားစပ်မိလို့ သက္ကာယဒိဋ္ဌိနှစ်ဆယ် ဆိုတာ ပြောကြဦးစို့ရဲ့

                   မှန်ပါ - အမိန့်ရှိတော်မူပါဘုရား


                                                     သက္ကာယဒိဋ္ဌိ ၂၀

                   ငါ သူတစ်ပါး ယောက်ျား မိန်းမ လူနတ်ဗြဟ္မာစသော အခေါ်အဝေါ်များဟာ ပညတ်အခေါ်အဝေါ်တွေနော်၊ ပညတ်ဆိုတာ ထင်ရှားရှိတဲ့ တရားမဟုတ်ဘူး၊ ထင်ရှားရှိတဲ့ ပရမတ်တရားဆိုတာက ရုပ်တရား နာမ်တရားဖြစ်တယ်၊ ရုပ်တရားနာမ်တရားကို ခန္ဓာဖွဲ့လိုက်တော့ ရူပက္ခန္ဓာ, ဒေဝနာက္ခန္ဓာ, သညာက္ခန္ဓာ, သင်္ခါရက္ခန္ဓာ, ဝိညာဏက္ခခန္ဓရယ်လို့ ခန္ဓာငါးပါး ဖြစ်လာတယ်၊ သည်ခန္ဓာငါးပါးမှ တစ်ပါး လောကမှာ ဘာမျှမရှိဘူး ဟုတ်လား

                   ဟုတ်ပါတယ် ဘုရား

                   တရားကိုယ်အားဖြင့် ခန္ဓာငါးပါးမှတစ်ပါး ဘာမျှမရှိသော်လည်း ပုထုဇဉ်များရဲ့ စိတ်ထဲမှာတော့ သည်ခန္ဓာငါးပါးအတွင်းမှာ ငါဆိုတဲ့ အတ္တရှိနေသေးတယ်လို့ ယူဆကြတယ်၊ သည်လိုယူဆရာမှာ -

                   (၁) ရုပ်နှင့်အတ္တကို ရုပ်သည်ပင် ငါ၊ ငါသည်ပင်ရုပ်လို့ ရုပ်နှင့်အတ္တမကွဲမပြားယူဆခြင်း၊
                   (၂) ရုပ်ရှိသောအတ္တလို့ ရုပ်နှင့်အတ္တကို ခွဲခြားပြီး ယူဆခြင်း၊
                   (၃) အတ္တဆိုတော့ ငါအပေါ်မှာ ရုပ်တရားတည်နေတယ်လို့ အတ္တကို အမှီခံအဖြစ်ဖြင့် ယူဆခြင်း၊
                   (၄) ရုပ်အပေါ်မှာ အတ္တဆိုတဲ့ ငါတည်တယ်လို့ အတ္တကို မှီတက်သော အဖြစ် ယူဆခြင်း-
ရယ်လို့ ရူပက္ခန္ဓာကိုစွဲပြီး အတ္တအစွဲအလမ်း လေးမျိုးပြားခဲ့တယ်။

                   ထို့အတူ ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဉ်ဆိုတဲ့ နာမ်ခန္ဓာ လေးပါးတို့မှာလည်း တစ်ပါးတစ်ပါးအပေါ် အတ္တအစွဲအလမ်း ၄-ပါးစီ၊ ၄-ပါးစီပွားတဲ့အတွက် အတ္တဒိဋ္ဌိ ၂၀-ဆိုတာ ဖြစ်ပွားတယ်၊ သည်အတ္တဒိဋ္ဌိ ၂၀-ကို သက္ကာယဒိဋ္ဌိ ၂၀-လို့လည်း ခေါ်ကြတယ်ကွယ့်

                   မှန်ပါ့ ဘုရား

                   သည် သက္ကာယဒိဋ္ဌိ ၂၀-မှာ ခန္ဓာသည်ပင် အတ္တ၊ အတ္တသည်ပင် ခန္ဓာလို့ ခန္ဓာငါးပါးအပေါ် ယူဆမှုငါးမျိုးကို ဥစ္ဆေဒဒိဋ္ဌိငါးပါးလို့ ခေါ်တယ်

                   ဘာကြောင့် ဥစ္ဆေဒဒိဋ္ဌိ ခေါ်တာတုံး ဘုရား

                   ဥစ္ဆေဒဒိဋ္ဌိလို့ ခေါ်တာက ခန္ဓာပြတ်လျှင် အတ္တလည်း ပြတ်တယ်လို့ ယူဆလို့ပေါ့ကွယ်၊ ကျန်တဲ့ သက္ကာယဒိဋ္ဌိ ၁၅-ပါးတို့ကိုတော့ သဿတဒိဋ္ဌိလို့ သတ်မှတ်တယ်ကွယ့်

                   ဘာကြောင့် သဿတဒိဋ္ဌိ သတ်မှတ်တာလဲ ဘုရား

                   ဥစ္ဆေဒဒိဋ္ဌိ ၅-ပါးမှကြွင်းတဲ့ သက္ကာယဒိဋ္ဌိ ၁၅-ပါး တို့က ခန္ဓာနှင့် အတ္တကို အတူတူလို့ မယူဆဘူး၊ ခန္ဓာကတခြား အတ္တကခြားလို့ ယူဆတယ်၊ ခန္ဓာပျက်သော်လည်း အတ္တကတော့ မပျက်ဘဲ ခန္ဓာဟောင်းကို စွန့်ပြီး ခန္ဓာအသစ် အသစ်မှာနေတယ်၊ ဒါကြောင့် အတ္တဟာ မြဲတယ်၊ အတ္တဟာ ခန္ဓာပျက်သော်လည်း မပျက်ဘူးလို့ ယူဆတဲ့အတွက် သဿတဒိဋ္ဌိလို့ သတ်မှတ်ရခြင်းဖြစ်တယ်၊ သည်အတ္တတရားကို ပုထုဇဉ်များက အခြင်းအရာ လေးမျိုးနှင့် စွဲလမ်းတက်ကြသတဲ့ကွယ့်

                   ဘယ်လို အခြင်းအရာလေးမျိုးပါလဲ ဘုရား


                                                           စွဲလမ်းမှု အခြင်းအရာလေးမျိုး

                   (၁) အချို့က သည်အတ္တတရားဟာ ခန္ဓာရဲ့ အတွင်းပစ္စည်းဖြစ်တယ်၊ အတ္တမှတစ်ပါး အခြားသော ရုပ်နာမ်တရားများက အပပစ္စည်းဖြစ်တယ်လို့ စွဲလမ်းတက်ကြတယ်။
                   (၂) အချို့က သည်အတ္တတရားဟာ ငါရဲ့ ခန္ဓာကိုယ်အတွင်းမှာ အထည်ကိုယ်အဖြစ် တည်နေတယ်၊ အတ္တမှတစ်ပါး အခြားသော ရုပ်နာမ်များက အတ္တရဲ့နေအမ်သဖွယ်သာ တည်ရှိတယ်၊ အတ္တကဲ့သို့ အမှန်တကယ် တည်ရှိနေတာ မဟုတ်ဘူးလို့ စွဲလမ်းတက်ကြတယ်။
                   (၃) အချို့က အတ္တတရားဟာ ပုဂ္ဂိုလ်ရဲ့ အလိုကို လိုက်တက်တယ်၊ ပုဂ္ဂိုလ်က သွားလိုသောစိတ်, စားလိုသောစိတ် ဖြစ်လာလို့ စားမှု သွားမှုကို ပြင်ဆင်လျှင် အတ္တက စားရုပ်, သွားရုပ်အဖြစ်ဖြင့် လိုက်တက်တယ်၊ ပုဂ္ဂိုလ်က အိပ်လိုတဲ့အတွက် အိပ်မှုကို ပြင်ဆင်လျှင် အတ္တက အိပ်ရုပ်, အိပ်နာမ်ဖြစ်ပြီး လိုက်တက်တယ်လို့ စွဲလမ်းတက်ကြတယ်။
                   (၄) အချို့က ခန္ဓာအိမ်ဟာ ဆွေးမြေ့ ပျက်စီးတက်တဲ့အတွက် အကာသဘောကိုဆောင်သော်လည်း အတ္တက ဆွေးမြေ့ပျက်စီးခြင်းမရှိလို့ အနှစ်သဘောကို ဆောင်တယ်လို့ စွဲလမ်းတက်ကြတယ်။

                   ယခုပြောတာက အတ္တအကြောင်း အတိုချုပ်ပဲကွယ့်


                                                     အနတ္တ

                   အနတ္တဆိုတာ အတ္တမဟုတ်သောတရားကို ဆိုလိုတယ်၊ တိတ္ထိများက အတ္တရဲ့ သဘာဝကို ဘယ်လိုပင် ပုံကြီးချဲ့ပြောပြော ဘုရားရှင်ကတော့ ခန္ဓာကိုယ်ရဲ့အတွင်းမှာ ခန္ဓာငါးပါး ရုပ်နာမ်တရားမှတစ်ပါး ဘယ်အတ္တမျှမရှိဘူး ဆိုတာကို ပြတ်ပြတ်သားသားမြင်တော်မူတယ်၊ အကယ်၍ ခန္ဓာငါးပါးအနက် တစ်ပါးပါးကို အတ္တလို့ စွဲလမ်းယူဆသော်လည်း ခန္ဓာငါးပါးဟာ သူစွဲလမ်းယူဆသလို မြဲလည်းမမြဲ, ချမ်းသာကိုလည်း မဆောင်, မိမိအလိုကိုလည်း မလိုက်တဲ့အတွက် အနတ္တစင်စစ်သာဖြစ်တယ်၊ သည်အကြောင်းကို 
ခန္ဓဝဂ္ဂသံယုတ် ယဒနိစ္စသုတ်မှာ - 
                             ရဟန်းတို့ ခန္ဓာငါးပါးတို့သည်မမြဲ၊ မမြဲသော ခန္ဓာငါးပါးတို့သည် ဆင်းရဲကုန်၏၊ ဆင်းရဲသော ခန္ဓာငါးပါးတို့သည် အတ္တမဟုတ်ကုန်၊ အတ္တမဟုတ်သော ခန္ဓာငါးပါးတို့ကို ဤခန္ဓာတို့သည် ငါ့ဥစ္စာမဟုတ်၊ ငါ့အတ္တမဟုတ်ဟု မှန်ကန်သောပညာဖြင့် ရှုကြရမည် 
လို့ ဘုရားရှင် ဟောတော်မူတယ်၊ ဒါကြောင့် အနတ္တဆိုတာ အတ္တမဟုတ်သော တရားဖြစ်တယ်၊ တရားကိုယ်အရ ကောက်လိုက်တော ခန္ဓာငါးပါး ရုပ်တရား နာမ်တရား ဖြစ်တယ်ကွယ့်

                   မှန်ပါ - အတ္တနှင့် အနတ္တကိုတော့ သဘောကျပါပြီ၊ အနတ္တလက္ခဏာ ဆိုတာကိုလည်း ဆက်ပြီး မိန့်တော်မူပါဦး ဘုရား

                                                            အနတ္တလက္ခဏာ

                   လက္ခဏာဆိုတာ လက္ခိယတေ အနေနာတိ လက္ခဏံ- ဆိုတဲ့အတိုင်း မှတ်သားကြောင်းဖြစ်စော အနက်ကို လက္ခဏလို့ခေါ်တယ်၊ ခန္ဓာငါးပါးတို့ဟာ မြဲသလား မမြဲဘူးလား စစ်တမ်းထုတ်ကြည့်လျှင် မမြဲဘူးလို့ တွေ့လိမ့်မယ်၊ ထိုမမြဲသောအဖြစ်ဟာ သင်္ခါရတရား ဟုတ်မဟုတ် စစ်တမ်းထုတ်ရန် မှတ်သားထားကြောင်းဖြစ်လို့ ဒုက္ခလက္ခဏာ, အနတ္တလက္ခဏာရယ်လို့ ခေါ်တယ်ကွယ့်၊ ရှင်းရဲ့လား

                   မှန်ပါ - ရှင်းပါပြီ ဘုရား

                   သာဓု - သာဓု - သာဓု



ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အမှတ်(၁)  ပြီးပြီ။


***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၂၇) -  ဘုရားရှင်၏ အနာဝရဏီယဂုဏ်တော်


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ - ၂၁၁-၂၁၉) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

(ကပ္ပိယ-မောင်ရဲ) https://www.facebook.com/yewin.tun.71
Wednesday, September 19,2012        12:03 pm


0 comments:

Post a Comment