Tuesday, February 26, 2013

ဥုံပါသော ဂါထာ



ဥုံ ဆိုသည်မှာ

ဗိဿနိုးရယ်၊ သျှီဝရယ်၊ ဗြဟ္မာရယ် ဆိုတဲ့

ဟိန္ဒူတို့ရဲ့ ကိုးကွယ်ရာပုဂ္ဂိုလ်ကြီး သုံးဦးကို ဆိုလိုကြောင်း

သဘောပေါက်လောက်ပါတယ်။


ဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို ပွားများရာကျတော့

ရှေးက တခြားပုဂ္ဂိုလ်တွေကို ဦးတည်ရည်ရွယ် ရွတ်ဆိုမှုဟာ

ကိုယ့်ကိုးကွယ်ရာ ဘုရားရှင်အပေါ်မှာ ထားရှိရမယ့်

ကိုယ့်သဒ္ဓါခိုင်မာမှုကို ဘယ်လောက် နုန့်နဲ့သွားတယ်ဆိုတာ

လွယ်လွယ်နဲ့ သဘောပေါက်နိုင်ပါတယ်။


အရှင်ဝီရိယ (တောင်စွန်း)

~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)


ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၄၈၂) မှ


ကောက်နုတ်ပူဇော်ပါသည်။




(ကပ္ပိယ မောင်ရဲ)  

https://www.facebook.com/yewin.tun.71 


Monday, February 25, 2013

ပန်းပုဆရာ

စေတနာ (ကံ) ဟာ
အဖွဲ့အစည်းတစ်ခုမှ အတွင်းရေးမှူး (အကျိုးဆောင်) နဲ့ တူတယ်။

ရှေ့တန်းစစ်မျက်နှာမှ တာဝန်ခံအရာရှိနဲ့တူတယ်။

ကျောင်းမှာ မော်နီတာကြီးနဲ့ တူတယ်။

တရားစခန်းမှာ ကမ္မဋ္ဌာန်းဆရာနဲ့ တူတယ်။


(ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ဆရာတော်ကြီး)


မင်းနန်(မော်ကျွန်း)
 
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ်(နှာ-၄၄၅)မှ ကောက်နုတ်ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲ

 http://kpymgye.blogspot.com/  


လုပ်ချင်တာ၊ လုပ်သင့်တာ၊ လုပ်နိုင်တာ

လုပ်ချင်တာ၊

လုပ်သင့်တာ၊

လုပ်နိုင်တာ လို့

ကိစ္စသုံးမျိုးရှိတယ်။

လုပ်ချင်တာတွေထဲက 
လုပ်သင့်တာကို ရွေးချယ်ပြီး လုပ်ရပါတယ်။

လုပ်သင့်တာတွေထဲက 
လုပ်နိုင်တာကို  ရွေးချယ်ပြီး လုပ်ရပါတယ်။

(ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ဆရာတော်ကြီး)

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ်(နှာ-၄၄၅)မှ ကောက်နုတ်ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲhttp://kpymgye.blogspot.com/ 

ငြိမ်းချမ်းသော ကမ္ဘာလေး

သတိပဋ္ဌာန်တရား အားထုတ်တာဟာ
 ငြိမ်းချမ်းတဲ့ ကိုယ်စီကမ္ဘာလေးတွေ 
တည်ဆောက်နေကြတာပါပဲ။ 

ကိုယ့်ကမ္ဘာလေးမှ မငြိမ်းချမ်းဘဲ
ကမ္ဘာကြီး ငြိမ်းချမ်းဖို့ 
လက်သီးလက်မောင်းတန်း ကြွေးကြော်နေတာတာဟာ
စဉ်းစားစရာပါပဲ။ 

(ပဏ္ဍိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ဆရာတော်ကြီး)


မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၄၄၇) မှ ကောက်နုတ်ပူဇော်ပါသည်။ 

ကပ္ပိယ မောင်ရဲ
http://kpymgye.blogspot.com/  


ဝသုန္ဓရေဒဏ္ဍာရီ



ဘုရားတွေမှာ ဝသုန္ဓရေ ဆံရေညှစ်ချတဲ့ အရုပ်တွေနဲ့ ပတ်သက်လို့
ထေရဝါဒ ပိဋကတ်ကျမ်းများ၊ အဆိုအမိန့်များ လုံးဝမရှိပါဘူး။

ဂေါတမပုရာဏ် ခေါ် သီရိကလီကဝိတ္ထရာ မဟာယာန ဗုဒ္ဓဝင်ကျမ်းမှာသာ -

'ငါ့အလောင်းတော် ဒါန အစရှိတဲ့ ပါရမီတော်တွေ
မရေမတွက် လက်တော်နဲ့ပုတ်ပြီး သက်သေထူလိုက်တဲ့အခါ 
အလောင်းတော်လက် မြေကြီးကို ထိလိုက်တာနဲ့ တစ်ပြိုင်နက်
မဟာပထဝီမြေကြီးဟာ 
ကြေးခွက်တွေကို ရိုက်တီးလိုက်တဲ့အသံမျိုးလို သိမ့်သိမ့်မြည်ဟီးပြီး
အကြီးအကျယ် တုန်လှုပ်သွားပါတယ်။

သည်အခါ ထာဝရအမည်ရှိတဲ့ မဟာပထဝီမြေစောင့်နတ်ဟာ
ကုဋေတစ်ရာသော မြေစောင့်နတ်အပေါင်း ခြံရံကာ 
မြေကိုခွဲ၍ အလောင်းတော်အနီးမှာ ကိုယ်ထက်ဝက် ပေါ်ထွက်လာပြီး
လက်အုပ်ချီဝပ်တွား၍ ဟုတ်မှန်ကြောင်း သက်သေခံနေသည်'    လို့ ဆိုပါတယ်။

ဆံပင်က ရေတွေညှစ်ချတယ်ဆိုတဲ့ စကားလည်း မပါပါဘူး။

ဒါကြောင့် ဝသုန္ဓရေဆံရေညှစ်ချတဲ့ အရုပ်ဟာ 
ဒဏ္ဍာရီမျှသာ ဖြစ်တယ်လို့  မှတ်ထားပြီး

ဘယ်ကပေါ်လာတယ်ဆိုတာကို
ဦးနှောက်အပင်ပန်းခံပြီး မစဉ်းစားပါနဲ့လို့ ပဲ ဖြေလိုက်ပါတယ်။

(ဟံသာသီရိ ဆရာတော်ကြီး)

~~~~~~~~~~~~~~~~~~~~~~

မင်းနန်(မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ်(နှာ-၄၃၃)မှ ကောက်နုတ်ပူဇော်ပါသည်။


ကပ္ပိယ မောင်ရဲ
http://kpymgye.blogspot.com/ 

ကာလပရိယန္တသီလ (ကာလအပိုင်းအခြားဖြင့် ဆောက်တည်သော သီလ)



                   ၇-၁၂-၈၂ ရက်စွဲဖြင့် ဆရာတော်ထံ စာတစ်စောင် ရောက်လာပါတယ် ဘုရား

                   ဘယ်ကလာတဲ့စာလဲကွယ့်

                   သီပေါမြို့ ပန်းထိမ်ရပ် ဦးသုခထံကပါဘုရား

                   သြော်-အင်း-အင်း၊ ဟိုကမ္မဝါစာကိစ္စလျှောက်ဖူးတဲ့ ဦးသုခပါလား၊ စာက ဘာတဲ့တုန်းကွယ့်

                   သူ့စာရဲ့ ဆိုလိုရင်းက ဓမ္မဗျူဟာစာစောင်မှာပါတဲ့ ဆောင်ပါးအမှတ်(၁၂)တွင် ဥပုသ်ချပြီး ညစာစားသူများကို သစ်ကျုတ်၏ သီလနှင့် ခိုင်းနှိုင်းထားတာကို ဖတ်ရှုရပါသတဲ့၊  မန်လည်ဆရာတော်ဘုရားရေးသားတဲ့ ဝဇီရဂ္ဂ ဒီပနီကျမ်းမှာ မိမိစောင့်နိုင်သမျှ တစ်အောင့်တစ်ခဏ, တစ်ညတစ်ရက်, တစ်လ, တစ်နှစ်စသည် ဆောက်တည်နိုင်သမျှ ဆောက်တည်ခြင်းဟာ အကျိုးရတယ်လို့ ပါပါတယ်တဲ့၊ ဒါကြောင့် အချို့နေကုန်အောင် မစောင့်နိုင်ကြလို့ နေ့ဝက် ညဥ့်ဝက်စောင့်ခြင်းများလည်း ရှိကြပါတယ်၊ သည်လိုတက်နိုင်သလောက် သီလစောင့်ရှောက်ခြင်းများ သင့်မသင့်အကျိုးရှိမရှိ သိလိုပါသတဲ့ ဘုရား

                   အေးကွယ့် - သူ့အမေးက မေးသင့်မေးထိုက်တဲ့အမေးပါပဲ၊ လူတိုင်းလည်း အလွန်သိဖို့ကောင်းပါတယ်၊ ဒါကြောင့် သူ့အမေးကို ဂရုတစိုက်အဖြေပေးလိုက်ပါ့မယ်၊ ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ(ပ) စာမျက်မှာ ၁၈၈-မှာ ပရိယန္တသိက္ခာပုဒ်ဆိုတာကို ဖွင့်ဆိုထားပါတယ်၊ ပရိယန္တာသိက္ခာပုဒ်ဆိုတာ အပိုင်းအခြားရှိသော သိက္ခာပုဒ်လို့ဆိုလိုတယ်၊ သည်နေရာမှာ အပိုင်းအခြား နှစ်မျိုးရှိသကွယ့်

                   အမိန့်ရှိတော်မူပါ ဘုရား

                    (၁) အပိုင်းအခြားတစ်မျိုးက သိက္ခာပုဒ်အပိုင်းအခြား၊ (၂) အပိုင်းအခြားတစ်မျိုးက ကာလအပိုင်းအခြားဖြစ်တယ်၊ သိက္ခာပုဒ်အပိုင်းအခြားဆိုတာ မိမိစောင့်ရှောက်မည့် သိက္ခာပုဒ်အရေအတွက်ကိုဆိုလိုတယ်၊ အချို့သော ဒကာ ဒကာမများဟာ သိက္ခာပုဒ်တစ်ပါး, နှစ်ပါး, သုံးပါး, လေးပါး, ငါးပါး, ရှစ်ပါး, ဆယ်ပါးအထိ ဆောက်တည်တက်ကြတယ်၊ သာမဏေများကျတော့ ဆယ်ပါးသီလကို ဆောက်တည်တက်ကြတယ်၊ သည်လိုသိက္ခာပုဒ်အရေအတွက် အပိုင်းအခြားဖြင့် ဆောက်တည်တာကို သိက္ခာပဒပရိယန္တ သိက္ခာပုဒ်အပိုင်း အခြားဖြင့် ဆောက်တည်တယ်လို့ခေါ်တယ်၊ ကာလအပိုင်းအခြားဖြင့် ဆောက်တည်တယ်ဆိုတာက အချို့သော ဒကာ ဒကာမများဟာ အလှူပေးစဉ် ပရိဝုဏ်အပိုင်းအခြားအတွင်းမျှသာ သီလဆောက်တည်တက်ကြတယ်၊ ကျောင်းဝင်းအတွင်းရောက်လာကြတဲ့  အချို့သောသူများလည်း ကျောင်းဝင်းအပိုင်းအခြားအတွင်းနေသမျှ သီလကို ဆောက်တည်တက်ကြတယ်၊ ကျောင်းဝင်းအပရောက်သွားလျှင် သီလကိုမယူတော့ဘူးပေါ့၊ အချို့ကျတော့လည်း သူ့အသက်သတ်ခြင်းကို တစ်ရက်ရှောင်မယ်၊ တစ်လရှောင်မယ်၊ တစ်နှစ်ရှောင်မယ်၊ သေရည်အရက် ဘိန်းဘင်းကစော် သောက်စားရှူရှိုက်ခြင်းကို တစ်ရက်ရှောင်မယ်၊ တစ်လရှောင်မယ်၊ တစ်နှစ်ရှောင်မယ် စသောအားဖြင့် အချိန်ပိုင်းခြားပြီး ဆောက်တည်တက်ကြတယ်၊ သည်လိုကာအပိုင်းအခြားဖြင့် ဆောက်တည်သောသီလကို ကာလပရိယန္တသီလ လို့ခေါ်တယ်။

                   ဝိသုဒ္ဓိမဂ်အဋ္ဌကထာ(ပ-၁၁) သီလပ္ပဘေဒကထာ နှစ်ပါးစုသီလအပြားမှာလည်း (၁) ကာလပရိယန္တသီလ၊ (၂) အာပါဏကောဋိကသီလလို့ သီလနှစ်မျိုးပြားကြောင်းပြဆိုထာတးယ်၊ ထိုသီလနှစ်ပါးအနက် ကာလပရိယန္တသီလ ကိုကာလပရိစ္ဆေဒံ ကတွာ သမာဒိန္နံ သီလံ ကာလပရိယန္တံ လို့ ဖွင့်ပြထားတယ်၊ အချိန်ကာလအပိုင်းခြားပြီး ဆောက်တည်ကျင့်သုံးအပ်သော သီလသည် ကာလအပိုင်းအခြားရှိသော ကာလပရိယန္တသီလမည်သတဲ့၊ ယာဝဇီဝံ သမာဒိယိတွာ တထေဝ ပဝတ္တိတံ အာပါဏကောဋိကန္တိ အသက်ထက်ဆုံး ဆောက်တည်ပြီး ထိုဆောက်တည်သည့်အတိုင်း ကျင့်သုံးသောသီလသည် အာပါဏကောဋိကသီလ မည်သတဲ့၊ ယခုပြောခဲ့တဲ့ သီလနှစ်မျိုးအနက် ဗုဒ္ဓဘာသာဝင်များ ကျင့်သုံးဆောက်တည်နေကြတဲ့ ငါးပါးသီလ, ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလတို့ဟာ ဘယ်သီလအတွင်း ပါဝင်တယ်လို့ ထင်မြင်သလဲကွယ့်

                   ယခုဗုဒ္ဓဘာသာဝင်များ ခံယူကျင့်သုံးကြတဲ့ သီလဟာ တစ်ရက်တစ်သီတင်း, တစ်လ တစ်နှစ်မျှသာ ခံယူဆောက်တည်ကြတာဖြစ်လို့ ကာလပရိယန္တသီလအတွင်း ပါဝင်တယ်လို့ ထင်ပါတယ် ဘုရား

                   ဟုတ်ပါတယ်ကွယ့်၊ ယခုသီတင်းသည်များအနက် အသက်ထက်ဆုံး ကျင့်သုံးဆောက်တည်ကြမည့် ပုဂ္ဂိုလ်ဟာ ရှိတော့ရှိမှာပါပဲ၊ ဒါပေမယ့် အလွန်ရှားပါးလိမ့်မယ်၊ ဒါကြောင့် သီလကို မိမိကျင့်သုံးနိုင်တဲ့ကာလအတွင်း ဆောက်တည်ကျင့်သုံးနိုင်ပါတယ်၊ တစ်အောင့်တစ်ခဏပင်ဖြစ်စေ သီလကျင့်သုံးဆောက်တည်နိုင်ခြင်းဟာ အလွန်ကျေးဇူးများပါတယ်၊ ဒီဆောင်းပါးအမှတ် ၁၂-မှာ ဆိုလိုတာက မိမိခံယူဆောက်တည်ထားတဲ့ကာလအပိုင်းအခြားအတွင်း ခံယူထားသောကတိနှင့်အညီ ကျင့်သုံးနိုင်ဖို့ကိုဆိုလိုတယ်၊ တစ်အောင့်တစ်ခဏဖြစ်စေ, တစ်နာရီ နှစ်နာရီဖြစ်စေ သည်အချိန်ကာလအတွင်းမှာ မကောင်းမှုကို ရှောင်ကြဉ်ပါ့မယ်လို့ ကတိခံယူထားပြီး မိမိခံယူထားတဲ့ ကတိသစ္စာကို မိမိချိုးဖျက်လျှင် လောကအနေအထားအားဖြင့်သော်လည်း ကဲ့ရဲ့ထိုက်တယ်၊ အကယ်၍ မိမိခံယူထားသော ကတိအတိုင်း လိုက်နာကျင့်သုံးခဲ့လျှင် အသက်သေဆုံးသည့်တိုင်အောင် အချည်းအနှီးမဖြစ်ဘူးကွယ့်

                   ဟာ - ဆရာတော်ကလည်း အသက်သေတဲ့အထိတော့ လွန်သွားပြီထင်ပါတယ်

                   မလွန်ဘူးကိုယ်တော်ရေ့၊ မလပဏ္ဏာသအဋ္ဌကထာ ကောသမ္ဗီသသုတ် အဖွင့်ကလာတဲ့ ရုက္ခစိုးနတ်မင်းအကြောင်း ကြားဖုးတယ်မဟုတ်လား

                   အမိန့်ရှိပါဘုရား

                   ကြားများကြားဖူးသလားလို့ မေးလိုက်ပါတယ်၊ အမိန့်ရှိပါဘုရားဆိုတော့ အင်း - မိန့်ရဦးတော့မှာပ၊ ကဲ- နားထောင်ဗျ၊ နားထောင်

                   ဘုရားရှင်ပွင့်လုကာနီးကာလက ကောသမ္ဗီပြည်မှာ သူဋ္ဌေးကြီး သုံးဦးရှိကြသတဲ့၊ သူဋ္ဌေးကြီးသုံးဦးဆိုတာက (၁) ပါဝါရကသူဋ္ဌေးတို့ဖြစ်ကြတယ်၊ သူဋ္ဌေးကြီးသုံးဦးတို့ဟာ ဗုဒ္ဓဘုရားရှင်နှင့် မကြုံတွေ့ကြဖူးသေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်များတော့ မဖြစ်ကြသေးဘူး၊ သို့သော်လည်း ကံ-ကံရဲ့အကျိုးကိုယုံကြည်တဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိပုဂ္ဂိုလ်ကြီးတွေဖြစ်တယ်၊ ဒါကြောင့် သူဋ္ဌေးကြီးသုံးဦးတို့ဟာ ဘဝကူးကောင်းမွန်ရန်အတွက် ရသေ့ငါးရာတို့ကို နှစ်စဉ်လုပ်ကျွေးကြမြဲဖြစ်သတဲ့။

                   ရသေ့ငါးရာတို့ဟာ ဟိမဝန္တာတောအရပ်မှာ ဆောင်းရာသီ နွေရာသီပတ်လုံး ကျင့်သုံးနေထိုင်ကြပြီး မိုးရာသီရောက်လာတော့ ဟိမဝန္တာအရပ်မှာ မိုးကအားကြီးရွာတယ်၊ မိုးအားကြီးရွာတော့ ရွှံ့ဗွက်တွေထူတယ်၊ မှက်,ခြင်, ကျွတ်စသော ဘေးရန်တွေများပြားတယ်၊ ဒါကြောင့် ဟိမဝန္တာတောက ထွက်ပြီး မိုးလေးလပတ်လုံး လူတို့ရွာအနီးအပါးမှာ နေထိုင်ကြတယ်၊ သူဋ္ဌေးကြီး သုံးဦးတို့ဟာ တောပျော်ရသေ့ကြီးငါးရာတို့ကို နှစ်စဉ်နှစ်တိုင်း လုပ်ကျွေးပူဇော်ကြတယ်။

                   တစ်နှစ်မှာတော့ နွေလကုန်ဆုံးကာနီး ကဆုန် နယုန်အချိန်မှာပေါ့ကွယ်၊ ရသေ့များဟာ ဟိမဝန္တာကခွာပြီး လူတို့နေထိုင်ရာ ကောသမ္ဗီပြည်ကို လာခဲ့ကြတယ်၊ အဲသည်နှစ်မှာ မိုးကခေါင်တော့ ကဆုန် နယုန်မှာ ရာသီမိုးတောင် မကျဘူးတဲ့၊ မိုးမကျတော့ နေကအလွန်ပူတယ်၊ ခရီးသွားဖြစ်ကြတဲ့ ရသေ့များဟာ ခရီးလမ်းကလည်းကြမ်း၊ နေကလည်ပူပြင်းတော့ အင်မတန်ရေငတ်ကြသတဲ့၊ ရေငတ်ကြသော်လည်း ရေရှာလို့မတွေ့ကြဘူး၊ သို့သော်လည်း ကံတော်ကံညား အရိပ်အာဝါသနှင့်ပြည့်စုံတဲ့ ညောင်ပင်ကြီးကိုတွေ့ကြတယ်။

                   အလွန်ပူပြင်းတဲ့အချိန် ညောင်ပင်ကြီးကိုတွေ့ကြတော့ တစ်နည်းအားဖြင့် ဝမ်းသာကြရသေးတာပေါ့၊ ဒါကြောင့် ညောင်ပင်ကြီးအောက် စုရုံးထိုင်ကြပြီး ညောင်ပင်ကြီးကို မော့ကြည့်ကြတယ်၊ မော့ကြည့်ကြပြီးတော့ သည်ညောင်ပင်ကြီးဟာ သည်တောမှာရှိသမျှ သစ်ပင်တွေထက် စည်လည်းစည်ပင်တယ်၊ သာလည်သာယတယ်၊ နှစ်သက်ဖွယ်လည်းကောင်းတယ်၊ ဤသို့နှစ်သက်ဖွယ်ကောင်းသည်ကို ထောက်သောအားဖြင့် သည်ပညောင်ပင်စောင့်နတ်မင်းဟာ အလွန်တန်ခိုးကြီးသော နတ်မင်းဖြစ်ရလိမ့်မယ်။

                   အို - နတ်မင်း၊ အရှင်နတ်မင်းကား တန်ခိုးကြီးမားလှပါ၏၊ တန်ခိုးကြီးမားသော အရှင်နတ်မင်းသည် ငါတို့ရဲ့ ဆင်းရဲခြင်းကိုမြင်သဖြင့် ကြည်လင်သော ရေကိုလှူပါ၊ ငါတို့အလွန်ရေငတ်နေကြပါတယ် လို့ ပြောကြားကြသတဲ့။

                   ရသေ့တို့ရဲ့စကားကို ပညောင်ပင်စောင့်နတ်ကြားတော့ မိမိကိုယ်ထင်စွာပြပြီး အဖျော်ယမကာနှင့်တကွ ရသေ့များအလိုရှိသော ပစ္စည်များကို မိမိလက်က ယိုထွက်စေပြီး ရသေ့များကို လုပ်ကျွေးသတဲ့ကွယ်။

                   ရသေ့များဟာ ဝမ်းမြောက်ဝမ်းသာအံ့သြကြပြီး အိုနတ်မင်း - အရှင်နတ်မင်းကား တန်ခိုးကြီးပေစွ၊ အဘယ်ကောင်းမှုပြုခဲ့၍ ဤမျှတန်ခိုးအာနုဘော် ကြီးမားပါသလဲ လို့ မေးမြန်းကြသတဲ့။

                   ညောင်ပင်စောင့်နတ်မင်းက 
အရှင်ရေသေ့တို့ - လောကသုံပါး၌ ယခု ဘုရားပွင့်နေပါပြီ၊ ဘုရားရှင်ဟာ ယခုအခါ သာဝတ္တိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးစံနေတော်မူပါတယ်၊ ဘုရားကျောင်းဒါယကာ အနာထပိဏ် သူဋ္ဌေးကြီးဟာ ဘုရားရှင်အားလုပ်ကျွေးပြုစုပြီး နေ့တိုင်းဆည်းကပ်ကိုးကွယ်ပါတယ်၊ သားသမီးကျေးကျွန်များကိုလည်း တစ်လ လေးသီတင်း ဥပုသ်သီလ ဆောက်တည်ကျင့်သုံးစေပါတယ်၊ အကျွန်ုပ်ဟာ ယခင်ဘဝက ထိုအနာထပိဏ်သူဋ္ဌေးကြီး၏ လယ်အလုပ်သမားတစ်ဦးဖြစ်ပါတယ်၊ ဥပုသ်တစ်နေ့မှာ အကျွန်ုပ်ဟာ စောစော လယ်တောရှိရာသွားပြီး လယ်ထွန်ပါတယ်၊ မွန်းတည့်ချိန်လွန်တော့ လယ်အလုပ်ကိုနားထားပြီး ထမင်းစားဖို့ သူဋ္ဌေးအိမ်ကိုပြန်ခဲ့ပါတယ်၊ သူဋ္ဌေးအိမ်ရောက်တော့ ထမင်းချက်ကျွန်မက အကျွန်ုပ်အတွက် ထငမ်းဟင်းများကို ခူးခပ်ပေးပါတယ်၊ သို့သော်လည်း အကျွန်ုပ်စိတ်ထဲမှာ တစ်မျိုးဖြစ်နေပါတယ်၊ ခါတိုင်းနေ့များမှာဆိုလျှင် ခုလိုထမင်းစားချိန်မှာ ထမင်းစားကြတဲ့ အလုပ်သမားများဟာ ပွဲတမျှ စည်ကားလှပါတယ်၊ သည်ယနေ့တော့ အကျွန်ုပ်တစ်ဦးတည်း ခြောက်တောက်တောက်ဖြစ်နေတယ်၊ ဒါကြောင့် ထမင်းချက် ကျွန်မကို အခြားအလုပ်သမားများ ဘယ်သွားကြသလဲလို့ မေးမိတယ်။

                   ထမင်းချက်ကျွန်မက သည်ယနေ့ ဥပုသ်နေ့ဖြစ်ပါတယ်၊ ဥပုသ်နေ့မို့ အလုပ်သမားများရော အိမ်သားများပါ အားလုံးဥပုသ်စောင့်ကြလို့ ညစာမစားကြပါဘူးလို့ ပြန်ပြောတော့ အကျွန်ုပ်စိတ်ထဲမှာ ထိတ်ကနဲ့ သံဝေဂဉာဏ် ဖြစ်ပေါ်လာပါတယ်၊ ဥပုသ်နေ့မှာသူတစ်ပါးကတော့ ဥပုသ်စောင့်သုံးကြတယ်၊ ငါကတော့ အလုပ်လုပ်နေတယ်၊ ငါ့ဘဝမှာ အလုပ်လုပ်ရင်းပင် သေရဖို့ရှိတော့တယ်၊ ဘယ်တော့မှ ဥပုသ်စောင့်ခွင့်ရဖို့ မမြင်ဘူး၊ သူတစ်ပါးတောင် ဥပုသ်စောင့်နိုင်လျှင် ငါက ဘာလို့ မစောင့်နိုင်ရမှာလဲ၊ ငါလည်း သူများလို ဥပုသ်စောင့်မယ်၊ အဲသည်လို သံဝေဂဉာဏ်ပေါ်လာတဲ့အတွက် ထမင်းချက်ကျွန်မကို အို အမိ-ယခုလို မွန်းလွဲချိန်ရောက်မှ ဥပုသ်စောင့်လို့ ဖြစ်မဖြစ် သူဋ္ဌေးကြီးကို မေးပေးပါ၊ ဥပုသ်စောင့်လို့ဖြစ်လျှင် ကျွန်တော် ဥပုသ်စောင့်သုံးချင်ပါတယ် လို့ သူဋ္ဌေးကြီးထံမေးခိုင်းလိုက်ပါတယ်၊ ကျွန်မက သွားရောက်မေးမြန်းတော့ သူဋ္ဌေးကြီးက ဥပုသ်ဆိုတာ ကိုယ်စောင့်နိုင်တဲ့အချိန် စောင့်သုံးနိုင်တယ်၊ နေ့ဝက်စောင့်လျှင်လည်း အကျိုးရှိတာပါပဲလို့ ပြန်ပြောလိုက်တယ်။

                   အကျွန်ုပ်လည်း သူဋ္ဌေးကြီးရဲ့ အဖြေစကားကိုကြားတော့ ဝမ်းသာသော စိတ်ဖြင့် ဥပုသ်အင်္ဂါများကို ခံယူဆောက်တည်ပြီး မိမိနေရာမှာ သီလကို ဆင်ခြင်ပြီး အိပ်ပါတယ်၊ ညဥ့်အခါကျတော့ ခန္ဓာကိုယ်မှာ အစာလုံးဝမရှိတဲ့အတွက် ဝမ်းတွင်းက လေတက်လာပါတယ်၊ တက်လာတဲ့ လေလုံးဆို့တဲ့အတွက် နံနက်မိုးသောက်ထချိန် စုတိပြတ်ကြွေသေလွန်ပြီး ဥပုသ်နေ့ဝက်မျှ ဆောက်တည်ကျင့်သုံးခဲ့ရတဲ့ ကောင်းမှုကံကြောင့် သည်ပညောင်ပင်ကြီးမှာ ညောင်စောင့်နတ်ဖြစ်လာပါတယ် လို့ ပြန်ပြောသတဲ့ကွယ်။

                   ဒါကြောင့် ဥပုသ်သီလကို မိမိခံယူထားတဲ့ ကတိကဝတ်အတိုင်း ကျင့်သုံးဆောက်တည်လျှင် သေသည့်တိုင်အောင် အချည်အနှီးမဖြစ်ဘူးလို့ ပြောတာပေါ့ကွယ့်

                   မှန်ပါ - နေ့ထက်ဝက် ဥပုသ်စောင့်ရတဲ့အကျိုး နားကြားရလို့ ဝမ်းသာပါတယ်၊ ဒါပေမယ့် မဝရေစာစားရသလို နာရတာအဆင်မပြေဘူး ဘုရား

                   ဘာကိုဆိုလိုတာလဲကွယ့်၊ ရှင်းရှင်းပြောစမ်းပါ

                   ဆရာတော် အမိန့်ရှိတဲ့ ဝတ္ထုအကြောင်းက မဆိုးပါဘူး ဘုရား၊ ရသေ့တွေ ဘာဖြစ်သွားကြသေးသလဲလို့ သိချင်နေပါတယ်၊ ဆက်ပြီး အမိန့်ရှိပါဦး ဘုရား

                   သြော် - အဲဒါလား၊ အဲဒီအပိုင်း ယခုအမေးနှင့် မသက်ဆိုင်လို့ ချန်ခဲ့တာကိုး၊ နာချင်လည်း ဆက်ပြောရသေးတာပေါ့လေ

                   အမိန့်ရှိပါဦး ဆရာတော်

                   ရသေ့များဟာ ရုက္ခစိုးနတ်မင်းရဲ့ စကားကို ကြားကြတော့ ဘုရားရှင် သီတင်သုံးရာ သာဝတ္ထိပြည်ကို သွားလိုတဲ့ဆန္ဒ အလွန်ဖြစ်လာကြသတဲ့၊ သို့သော်လည်း ကောသမ္ဗီပြည်မှာ ငါတို့ရဲ့ ဆွမ်းဒကာများ ရှိကြသေးတယ်၊ သူတို့ကို အကြောင်းကြားပြီးမှ သွားကြမယ်လို့ အကြံဖြစ်ပြီး ကောသမ္ဗီပြည်ကို လာခဲ့ကြတယ်၊ ကောသမ္ဗီပြည့်ကို ရောက်တော့ သူဋ္ဌေးကြီးသုံးဦးတို့က ခရီးဦးကြိုဆိုပြီး နောက်တစ်ရက် ဆွမ်းလှူကြတယ်၊ ရသေ့များက ဆွမ်းစားပြီးတော့ သူဋ္ဌေးကြီးများကို ငါတို့ သွားကြမယ်လို့ ပြန်ကြားကြသတဲ့၊ သူဋ္ဌေးကြီးများက -

                   အရှင်တို့ - အရှင်တို့ဟာ ယခင်က တစ်လ နှစ်လ သုံးလ လေးလ ကြာအောင်နေပြီးမှ အရပ်တစ်ပါး ကြွသွားတက်ကြပါတယ်၊ ခုတော့ မြန်လှချည့်လား လို့ မေးပြမန်ကြတော့ ရသေ့များက ဒကာတို့- လောကမှာ ဘုရားပွင့်နေပြီ၊ အသက်အန္တရာယ်ကို မသိနိုင်ဘူး၊ အသက် မသေခင် ဘုရားရှင်ကို ဖူးမြင်ဖို့ အလွန် အရေးကြီးတယ်၊ ဒါကြောင့် ခပ်မြန်မြန် သွားလိုကြခြင်းဖြစ်တယ် လို့ ပြန်ပြောသတဲ့၊ သူဋ္ဌေးကြီးများက အရှင်တို့ - ဘုရားပွင့်နေလျှင် အကျွန်ုပ်တို့လည်း လိုက်ပါကြပါမည်၊ အကျွန်ုပ်တို့နှင့် အတူတကွ ကြွတော်မူကြပါ လို့ လျှောက်ထားကြတယ်၊

                   ရသေ့များက ဒကာတို့-လူသားဆိုတာ အမှုကိစ္စများပြားတယ်၊ နောက်မှ တဖြည်းဖြည်း လိုက်ခဲ့ကြ၊ ငါတို့ ယခု သွားနှင့်ကြမယ်လို့ ပြောပြီး ကောသမ္ဗီပြည်က သာဝတ္ထိပြည်အရောက် တောက်လျှောက်လာကြတယ်၊ ဘုရားရှင်ထံတော်ရောက်တော့ ဘုရားရှင်က ရသေ့များနှင့် သင့်လျော်တဲ့ တရားတော်ကို ဟောကြားတဲ့အတွက် ရသေ့အားလုံး ရဟန်းဝတ်ပြီး တရားအားထုတ်ကြလို့ ရဟန္တာဖြစ်သွားကြသတဲ့ကွယ်

                   သူဋ္ဌေးကြီးတွေ အကြောင်းလည်း ဆက်ပါဦးဆရာတော်

                    သူဋ္ဌေးကြီးသုံးဦးတို့လည်း လှည်းအစီးပေါင်းငါးရာစီနှင့် လှူဖွယ်ဝတ္ထု အပြည့်တင်ဆောင်ပြီး လာကြရာ သာဝတ္ထပြည့်ရောက်တော့ ဘုရားရှင်ထံ ဝင်ရောက်လှူဒါန်းပူဇော်ကြသတဲ့၊ ဘုရားရှင်က သူဋ္ဌေးများနှင့် သင်လျော်တဲ့ တရားတော်ကို ဟောကြားတဲ့အတွက် သူဋ္ဌေးသုံးဦးတို့လည်း သောတာပန်တည်ကြသတဲ့၊ သောတာပန်တည်ကြပြီးတဲ့နောက် ဘုရားရှင်ကို ကောသမ္ဗီပြည် ပြန်ရောက်တဲ့အခါ ဘုရားအမှူးရှိသော သံဃာတော်များ သီတင်းသုံးဖို့အတွက် ဃောသကသူဋ္ဌေးက ဃောသိတာရုံကျောင်းကြီး ကို ဆောက်သတဲ့၊ ကုက္ကုဋသူဋ္ဌေးက ကုက္ကုဋာရုံကျောင်းကြီး ကို ဆောက်လုပ်သတဲ့၊ ပါဝါရိက သူဋ္ဌေးက သူပိုင်ဆိုင်တဲ့ သရက်ဥယျာဉ်အတွင်းမှာ ပါဝါရိကာရုံကျောင်းကြီးဆောက်လုပ်လှူဒါန်းသတဲ့ကွယ်၊ ကဲ - ဆုံးပါပြီဗျာ၊ သဘောကျရဲ့လား

                   မှန်ပါ - သဘောကျပါပြီ ဘုရား

                   သာဓု - သာဓု - သာဓု


***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၂၃) -  သရဏဂုံတင်ပြဿနာ


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ - ၁၇၈-၁၈၅) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

(ကပ္ပိယ-မောင်ရဲ)
http://kpymgye.blogspot.com/
https://www.facebook.com/yewin.tun.71


Wednesday, September 12,2012        10:30 am


ဥပုသ်ချ၍ ညစာစားမှု၊ သစ်ကျုတ်ဥပုသ်၊ မေတ္တာကမ္မဋ္ဌာန်းဖြင့် နေအပ်ပုံ


 ဥပုသ်ချ၍ ညစာစားမှု

                   အချို့သောပုဂ္ဂိုလ်များဟာ နံနက်အချိန်အခါမှာ ဥပုသ်သီလခံယူဆောက်တည်ပြီး ညနေကျတော့ ထမင်းဆာတယ်ရယ်လို့ ဥပုသ်ကိုချပြီး ညစာစားတက် ကြပါတယ်တဲ့၊ အဲဒါမျိုးကတော့ ဘယ်လိုဆုံးဖြတ်မှာလဲ ဘုရား

                   အဲသည် ဥပုသ်သည်မျိုးကျတော့ အလွန်အားနည်းသော ဥပုသ်သည်လို့ ဆိုရမှာပေါ့ကွယ်၊ ဥပုသ်ဆိုတာ ခံယူခြင်းနှင့် ဆောက်တည်ကျင့်သုံးခြင်းရယ်လို့ အပိုင်းနှစ်ပိုင်းရှိတယ်ကွယ့်၊ အဟံ ဘန္တေ တိသရဏေန သဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံ ယာစာမိ- ဆိုတာ သီလခံယူတဲ့အပိုင်း၊ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ- ဆိုတာက ဆောက်တည်ကျင့်သုံးတဲ့အပိုင်း ဖြစ်တယ်၊ သီလကို ခံယူရုံသာခံယူပြီး မကျင့်သုံးမဆောက်တည်လျှင် ဘာမျှ အဓိပ္ပာယ်မရှိဘူးကွယ့်၊ သည်နေရာမှာ သမာဒိယာမိ-ဆိုတဲ့စကားရပ်ဟာ အလွန်နက်နဲတယ်၊ အလွန်နက်နဲတဲ့အတွက် မြန်မာပြန်တဲ့အခါ ကျင့်သုံးဆောက်တည်ပါ၏ လို့ ပြန်ဆိုရတယ်၊ သည်ပြန်ဆိုချက်ရဲ့ အနက်အဓိပ္ပာယ်ကို သေသေချာချာ လေ့လာကြည့်မယ်ဆိုလျှင် ကျင့်-သုံး-ဆောက်-တည် ရယ်လို့ အက္ခရာလေးလုံးပါသလို အနက်ကလည်း လေးမျိုးထွက်တယ်

                   ဘယ်လိုထွက်ပါသလဲ ဘုရား

                   သီလခံယူတဲ့ပုဂ္ဂိုလ်ဟာ ရတနာသုံးပါးထံမှာ ဝိကာလဘောဇနာ ဝေရမဏီသိက္ခာပဒံ သမာဓိယာမိ- တပည့်တော်သည် နေ့လွဲညစာစားခြင်းမှ ရှောင်ကြဉ်ခြင်း သိက္ခာပုဒ်ကို ကောင်စွာကျင့်သုံးဆောက်တည်ပါ၏ လို့ နှုတ်မြွတ်ခံယူထားတယ်၊ သည်ခံယူချက်ထဲမှာ -
                   (၁)     ယခုတောင်းခံသောတရားကို ကျင့်ပါ့မယ်၊
                   (၂)     ကျင့်ပြီး သီတင်းသုံးနေထိုင်ပါ့မယ်၊
                   (၃)     ဤတရားကို လုံ့လပြု၍ရှောင်ကြဉ်ပါ့မယ်၊
                   (၄)     ရှောင်ကြဉ်ရန် လေးလေးနက်နက် အဓိဋ္ဌာန်ချထားပါတယ် -
တဲ့၊ သည်အနက်လေးပါးကိုပေါင်းပြီး သမာဒိယာမိ-ကောင်းမွန်စွာ ကျင့်သုံး ဆောက်တည်ပါ၏ လို့ မြန်မာပြန်ထားတယ်၊ မလေးနက်ဘူးလားကွယ့်

                   မှန်ပါ - လေးနက်ပါတယ်၊ သို့သော်လည်း သမာဒိယာမိဆိုတဲ့ ပါဠိက သည်အနက်လေးမျိုး ထွက်ပေါ်လာနိုင်ပါသလား ဘုရား

                   ပါဠိတစ်ချက် အနက်ဆယ်ထွေဆိုပဲကွယ့်၊ ထွက်ပေါ်လာနိုင်တာပေါ့၊ အမှန်တော့ သမာဒိယာမိဆိုတဲ့ ပုဒ်ကလည်း စပ်ထားလို့သာ တစ်ပုဒ်တည်းဆိုရတာကိုး၊ တစ်ပုဒ်စီခွဲလိုက်လျှင် သံ-တစ်ပုဒ်၊ အာ-တစ်ပုဒ်၊ ဒါ-ဓာတ်ကတစ်ပုဒ်၊ ယ-ပစ္စည်းကတစ်ပုဒ်၊ မိ-ဝိဘက်ကတစ်ပုဒ်၊ အဲလိုပုဒ်တွေ အများကြီး ပြားလာတယ်၊ ဒါ-ဓာတ်ဟာ သူ့ချည်းသီးသန့်ဆိုလျှင် များသောအားဖြင့် ပေးကမ်းစွန့်ကြဲခြင်းဆိုတဲ့ အနက်ကို ဟောတယ်၊ ဓာတ်နက်ရသလောက် ထုတ်မယ်ဆိုလျှင်တော့ ဒါ-ဒါန, သောဓန, သုဒ, ဆေဒ, ရက္ခာ, ပလာယနော, မတာပေသု ဆိုတဲ့အတိုင်း ပေးခြင်း, သုတ်သင်ခြင်း, စင်ကြယ်ခြင်း, ဖြတ်ခြင်း, စောင့်ရှောက်ခြင်း,  ပြေးသွားခြင်း, ပူပန်ခြင်း စသော အနက်များကို ဟောတယ်၊ ဒါ-ဓာတ်ရဲ့ ရှေ့မှာ အာဆိုတဲ့ ဥပသာရပုဒ် ရှိခဲ့လျှင် အာဒါနံ - ယူခြင်းအနက်ကို ဟောတယ်၊ သမာဒိယာမိ - ဆိုတဲ့ ပုဒ်ကျတော့ အာချည်း ရှေးရှိတာ မဟုတ်ဘူး၊ သံ - ရော အာ-ရော ရှေးရှိနေတယ်၊ ဒါကြောင့် ဒါဓာတ်ဟာ သူ့ရဲ့ အနက်ကို မဟောနိုင်တော့ဘဲ ကောင်းမွန်စွာ ကျင့်သုံးဆောက်တည် ဆိုတဲ့ ဝိသေသနက်ကို ဟောရတယ် ကွယ့်

                   မှန်ပါ - မိန့်တော်မူပါဦးဘုရား

                   ဥပုသ်သီလ ခံယူသူဟာ သည်မျှလောက် လေးနက်တဲ့ စကားလုံးနှင့် ရတနာသုံးပါးအထံမှာ ဝန်ခံထားပြီးတော့ ဝန်ခံတဲ့အတိုင်း မလိုက်နာဘူးဆိုလျှင် ဘယ်မှာ သင့်လျှော်ပါ့မလဲ၊ ဥပုသ် ကျင့်သုံးတယ်ဆိုတာ မိမိကိုယ်မှာ ဖြစ်ပွားနေတဲ့ ကိလေသာ အညစ်အကြေးတွေကို တက်နိုင်သလောက်ကို ပယ်သတ်တာပဲကွယ့်၊ ပါးစပ်က လူကြားကောင်းအောင် ပယ်ခွါပါ့မယ် ဝန်ခံပြီး လွန်ကျူး ဖွယ်ဝတ္ထုနှင့် တွေ့တော့ ဝန်ခံသလို မပယ်ခွာဘဲ ပြုကျင့်တယ်ဆိုလျှင် လောကအမြင်နှင့်ပင် အလွန် အောက်တန်းကျတဲ့သူ ဖြစ်သွားပြီ၊ ယုံကြည်ထိုက်သူ မဟုတ်တော့ဘူး၊ သစ္စာရေသောက်ရင်း သေးပေါက်ရင်းဆိုသလို ဖြစ်နေပြီ
                   မအောင့်နိုင်လို့ ညစာလေး စားမိရုံနှင့် သည်လောက် မဆိုသင့်ဘူး ထင်ပါရဲ့ ဘုရား

                   ဆိုသင့်တာပေါ့ကွယ်၊ ဘယ်မှာ မဆိုသင့်ဘဲရှိပါ့မလဲ၊ ဦးပဉ္စင်း စဉ်းစားကြည့်၊ သူဟာ မအောင့်နိုင်လို့ ညစာကို စားပါသတဲ့၊ ညစာလေးကိုတောင်သည်းခံပြီး အောင့်မထားနိုင်လျှင် သူဟာ သတ်ချင်စိတ် ပေါ်လာလျှင်လည်း သတ်မှာပဲ၊ ခိုးချင်စိတ် ပေါ်လာလျှင်လည်း ခိုးမှာပဲ၊ မေထုန်မှီဝဲချင်စိတ် ပေါ်လာလျှင်လည်း မှီဝဲမှာပဲ၊ လိမ်ချင်လည်း လိမ်မှာပဲ၊ အရက်သောက်ချင်းလည်း သောက်မှာပဲ၊ ဘိန်းရှူချင်းလည်း ရှူမှာပဲ၊ သည်တော့ သူစောင့်ရှောက်ကျင့်သုံးတာဟာ ဘာကျန်ပါ့မလဲ၊ ဘာမျှကျန်မှာမဟုတ်ပါဘူး၊ ဒါကြောင့် သည်လို ဥပုသ်မျိုးကျတော့ အလွန်ပေါ့သော သစ်ကျုတ်ဥပုသ်လို့ ဘုရားရှင် ဟောတော်မူတယ်ကွယ့်

                   ဘယ်မှာဟောကပါသလဲ ဘုရား၊ အမိန့်ရှိပါဦး

                   နာချင်လည်း ပြောရသေးတာပေါ့ကွယ်၊ သစ်ကျုတ်ဥပုသ်က သည်လိုတဲ့


                                                                         သစ်ကျုတ်ဥပုသ်

                   ရှေးက ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းလက်ထက်မှာ ဘုရားလောင်းဟာ သိကြားမင်းဖြစ်သတဲ့၊ တစ်နေ့တော့ သစ်ကျုတ်တစ်ကောင်ဟာ ဂင်္ဂါမြစ်ကမ်းကျောက်ဖျာမှာ အိပ်နေသတဲ့၊ သူအိပ်နေတုန်း အင်္ဂါမြစ်ရေတွေ တအားကိုတက်လာပြီး ကျောက်ဖျာအပြင်ကို ရေလာဝိုင်းတယ်၊ သစ်ကျုတ်ဟာ အိပ်စက်ရာကနိုးလို့ ကြည့်လိုက်တော့ ရေတွေ ပတ်လည်ဝိုင်းနေတာကို မြင်တယ်၊ သည်အခါ သစ်ကျုတ်မှာ အကြံဖြစ်သတဲ့၊ ရေတွေက ဘယ်မှသွားမဖြစ်အောင် ဝိုင်းနေပြီ၊ သည်ရေတွေ မကျမချင်း ဘယ်ကမှ အစာရဖို့မမြင်ဘူး၊ သည်တော့ အချည်းနှီးမဖြစ်ရအောင် ငါဟာ ဥပုသ်စောင့်မှတော်မယ်လို့ သည်လိုအကြံကောင်းရပြီး သည်ယနေ့ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ဥပုသ်သီလကို ကောင်းမွန်စွာ ကျင့်သုံးဆောက်တည်ပါ၏လို့ သီလခံယူပြီး အိပ်သတဲ့။

                   သည်အကြောင်းကို အလောင်းတော်သိကြားမင်းသိလေတော့ သစ်ကျုတ်ရဲ့ သီလခိုင်မာမှု ရှိမရှိ စုံစမ်းမယ်လို့ ဆိတ်အယောင်ဆောင်ပြီး သစ်ကျုတ်အိပ်စက်ရာ ကျောက်ဖျာအနီးချဉ်းကပ်လာသတဲ့၊ ချဉ်းကပ်လာတဲ့ဆိတ်ကို သစ်ကျုတ်က မြင်လေတော့ သည်ယနေ့ ဘာမျှစားရပုံမပေါ်လို့ ငါဥပုသ်စောင့်နေလိုက်တာ စားရဖို့ကံကြုံတော့ ဆိတ်က ငါ့အနားရောက်လာပါလား၊ ဥပုသ်ဆိုတာ ဘယ်နေ့စောင့်စောင့်ဖြစ်တာကပဲ၊ သည်ယနေ့တော့ ဥပုသ်ဖျက်ပြီး ဆိတ်ကို တွယ်မှတော်မယ်လို့ ဆိတ်ကိုဖမ်းရအောင် အိပ်ရာကထလိုက်သတဲ့၊ သစ်ကျုတ်ထတော့ ဆိတ်ကအဖမ်းမခံဘဲ တစ်ဘက်ကိုပြန်ကူးပြေးတယ်၊ သစ်ကျုတ်ဟာ ဆိတ်ကို မဖမ်းနိုင်လေတော့ အင်း - တော်သေးရဲ့၊ တော်သေးရဲ့၊ င့ါသီလ မပျက်သေးဘူးလို့ဆိုပြီး ပြန်အိပ်သတဲ့၊ သည်အခါ သိကြားမင်းက ကိုယ်ထင်ပြပြီး ဟဲ့ - သစ်ကျုတ်၊ နင်ဟာ သည်လို ပေါ့ပေါ့လျော့လျော့ ဥပုသ်စောင့်လို့ ဘာအကျိုးရှိမလဲလို့ ကဲ့ရဲ့ပြီး နတ်ပြည်ကို ပြန်သွားသတဲ့၊ သည်အကြောင်းနှင့်ပတ်သက်လို့ ဘုရားရှင်က ဧဝမေဝ - ဤသစ်ကျုတ်အတူသာလျှင်၊ ဣဓ - ဤသာသနာတော်၌၊ ဧကစ္စေ - အချို့ကုန်သောသူတို့သည်၊ သမာဒါနမှိ - ကောင်းစွာ ကျင့်သုံးဆောက်တည်အပ်သော သီလ၌၊ ဒုဗ္ဗလာ - အားနည်းကုန်ဖြစ်၍၊ အဇာကာရဏာ - ဆိတ်ဟူသော အကြောင်းကြောင့်၊ ဝကောဣဝ- သစ်ကျုတ်ကဲ့သို့၊ အတ္တာနံ - မိမိကိုယ်ကို၊ လဟုံ - ပေါ့သည်ကို၊ ကရောန္တိ - ပြုကုန်၏ လို့ ဟောတော်မူထားတယ်၊ ဒါကြောင့် သီလစောင့်ရှောက် ထိန်းသိမ်းတယ်ဆိုတာ ယုံယုံကြည်ကြည် လေးလေးနက်နက် ခံယူ ကျင့်သုံး ဆောက်တည်ပါမှ အကျိုးကြီးမားတယ်၊ ဝတ်ကျေ ဝတ်ကုန် ခံယူ ဆောက်တည်တာမျိုးကတော့ သစ်ကျုတ်သီလမျိုးမို့ အကျိုးမကြီးဘူးကွယ့်

                   မှန်ပါ - လေးလေးနက်နက် သီလတရား ကျင့်သုံး ဆောက်တည်နိုင်အောင် ဘယ်လို လုပ်ရမှာတဲ့လဲ ဘုရား

                   မူလပဏ္ဏာသ အဋ္ဌကထာ အာကင်္ခေယျသုတ်အဖွင့်မှာ ဒွီဟိ ကာရဏေဟိ သမ္ပန္နသီလတာ ဟောတိစသည်ဖြင့် ဖွင့်ဆိုပြတဲ့အတိုင်း သီလပျက်စီးလျှင် ဘယ်လောက် အကျိုးယုတ်စေနိုင်တယ်၊ သီလပြည့်စုံလျှင် ဘယ်လောက် အကျိုးကြီးတယ်ဆိုတာ ဉာဏ်ထဲမှာ ထင်လာအောင်, စိတ်ထဲမှာ စွဲဝင်လာအောင် ဆင်ခြင် တွေးတောနိုင်လျှင် သီလကို လုံခြုံအောင် ထိန်းသိမ်း စောင့်ရှောက်နိုင်တယ်၊ သီလရဲ့ အကျိုးအပြစ်ကို မသိ၊ သူတစ်ပါးစောင့်လို့ စောင့်ရတဲ့သီလမျိုး ကတော့ ပျက်စီးခွင့် မကြုံခင်သာ တည်ပြီး ပျက်စီးခွင့်ကြုံလျှင် ပျက်စီးသွားတက်တယ်ကွယ့်

                   မှန်ပါ - သည်လောက် သိရတဲ့အတွက် အလွန် ဝမ်းမြောက်ပါတယ် ဘုရား




                                                            ကိုးပါးသီလ

                   ဥပုသ်သီလနှင့်ဆက်ပြီး ကိုးပါး သီလကိုလည်း လျှောက်ထားချင်ပါသေးတယ် ဘုရား

                   လျှောက်စေဗျား - လျှောက်စေဗျား

                   အချို့သောပုဂ္ဂိုလ်များက ကိုးပါးသီလဟာ အလွန်အကျိုးကြီးတယ်၊ အလွန်တန်ခိုးကြီးတယ်၊ ဒါကြောင့် ကိုးပါးသီလကို စောင့်ရှောက်ထိန်းသိမ်း သင့်ကြောင်း ဟောပြောကြတယ်ဘုရား၊ အချို့သော ပုဂ္ဂိုလ်များကတော့ ကိုးပါးသီလအတွင်း ပါဝင်တဲ့ မေတ္တာတရားဟာ သီလမျိုးမဟုတ်ဘူး၊ သမာဓိမျိုးဖြစ်တယ်၊ သမာဓိမျိုးဖြစ်တဲ့မေတ္တာကို သီလအတွင်းထည့်သွင်းပြီး မခံယူမဆောက်တည်ကောင်းဘူးလို့ ပြောကြတယ်၊ သည်အပြောနှစ်မျိုးအနက် ဘယ်အပြောကမှန်တယ်ဆိုတာ အဖြေသိလိုပါတယ် အရှင်ဘုရား

                   ကိုးပါးသီလဆိုတာ သာမန်ပညာရှင်တစ်ဦးက တီထွင်ဆန်းသစ်ထားတဲ့ သီလမဟုတ်ဘူး၊ အင်္ဂုတ္တရ နိဝကနိပါတ် သီဟနာဒဝဂ် ၁၉၂-မှာ ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူတဲ့ သီလဖြစ်တယ်ကွယ့်၊ ဘုရားရှင်ကရဟန်းတို့ - အင်္ဂါကိုးပါးနှင့်ပြည့်စုံသော ဥပုသ်သည် အကျိုးအာနိသင်ကြီး၏၊ တန်းခိုးကြီး၏၊ ကြီးသောပျံ့နှံ့ခြင်း ရှိ၏ လို့ ဟောထားတယ်၊ သည်လိုဟောထားတော်မူတဲ့အတွက် ကိုးပါးသီလဟာ ခံယူကျင့်သုံးကောင်းသော သီလဖြစ်ကြောင်း ထင်ရှားတယ်၊ သို့သော်လည်း ကိုးပါးသီလအဆုံးမှာပါဝင်တဲ့ မေတ္တာတရားဟာ ရှစ်ပါးသီလမှာပါဝင်တဲ့ အခြားသိက္ခာပုဒ်များကို ကျင့်သုံးဆောက်တည်တဲ့အခါ သည်အမှုတွေကို မပြုလုပ်ပါဘူးလို့ ကျင့်သုံးဆောက်တည်းတယ်၊ နောက်ဆုံး မေတ္တာတရားကျတော့ မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့် ပျံ့နှံ့၍နေပါ့မယ်၊  သတ္တဝါများအပေါ် မေတ္တာစိတ်ထားပါ့မယ်လို့ ကျင့်သုံးဆောက်တည်တည်၊ သည်လိုကျင့်သုံးဆောက်တည်ပုံချင်း ဆန့်ကျင်နေရခြင်းဟာ သီလနှင့် သမာဓိ ကွဲပြားတဲ့အတွက်ဖြစ်တယ်၊ သီလဆိုတာ ကာယကံမှု, ဝစီကံမှုကိုသာ စောင့်ရှောက်တယ်၊ သီလအတွင်းမှာ မနောကံမပါဘူး၊ မေတ္တာတရားက ကာယကံ, ဝစီကံမဟုတ်ဘူး၊ မနောကံဖြစ်တယ်၊ ဒါကြောင့် ကိုးပါးသီလကို ဘုရားရှင်ဟောတော်မူတာမှန်သော်လည်း ခံယူရာမှာ ရှစ်ပါးသီလကိုသာခံယူပြီး ကျင့်သုံးတဲ့အခါကျမှသာ ကမ္မဋ္ဌာန်းကို စီးဖြန်းပြီး နေထိုင်သင့်တယ်ကွယ့်


                                                     မေတ္တာကမ္မဋ္ဌာန်းဖြင့် နေအပ်ပုံ

                   ဘုရားရှင်က နဝင်္ဂဥပုသ်လို့ ဟောထားပါလျက်နှင့် ကိုးပါးသီလရယ်လို့ သီးသန့်မယူဘဲ ရှစ်ပါးသီလခံယူပြီးမေတ္တာနှင့် နေရမယ်ဆိုတဲ့ အဆုံးအဖြတ်ဟာ  စိတ်ထဲမှာသိပ်ဘဝင်မကျအောင် ဖြစ်နေပါတယ်၊ ထပ်ဆင့်ပြီး ဖြေနိုင်လျှင် ဖြေပေးတော်မူပါဦးဘုရား

                   အင်္ဂုတ္တရ နဝကနိပါတ်ကလာတဲ့ နဝင်္ဂုပေါသထသုတ်ကို သေသေချာချာလေ့လာကြည့်ကွယ့်၊ သူ့အသက်ကိုသတ်မှု, သူ့ဥစ္စာခိုးမှုစသော သိက္ခာပုဒ်ရှစ်ပါးရှောင်ကြဉ်ပုံကို ဣမိနာမင်္ဂေန အရဟတံ အနုကရောမိ၊ ဥပေါသထော စ မေ ဥပဝုတ္ထော ဘဝိဿတီတိ၊ ဣမိနာ အဋ္ဌမေန အင်္ဂေန သမန္နာဂတော ဟောတိ လို့ ဥပေါသထသဒ္ဒါ အထူးထည့်ပြီး ဟောတော်မူတယ်၊ နောက်ဆုံး မေတ္တာတရားကျတော့ ဣမိနာ နဝမေန အင်္ဂေန သမန္နာဂတော ဟောတိ လို့ ဥပေါသထသဒ္ဒါ မထည့်ဘဲ ဟောတော်မူထားတယ်၊ သည်ဟာကိုထောက်လို့ ဥပေါသထသဒ္ဒါ မထည့်ဘဲ ဟောတော်မူထားတယ်၊ သည်ဟာကိုထောက်လို့ ကိုးပါးသီလဟူ၍ သီးသန့်မခံယူဘဲ ရှစ်ပါးသီလခံယူပြီး မေတ္တာစိတ်နှင့်နေတာကိုပင် နဝင်္ဂဥပုသ်ခေါ်တယ်လို့ သိသင့်တယ်ကွယ့်

                   သည်မျှနှင့်တော့ နားမရှင်းဘူးဘုရား၊ သည်အတိုင်းသာဆိုလျှင် ရှစ်ပါးသီလခံယူပြီး အသုဘစသောကမ္မဋ္ဌာန်းများ ပွားများနေထိုင်လျှင်ကော မဖြစ်ဘူးလားဘုရား၊ ဖြစ်ခဲ့လျှင် အဲဒါကိုလည်း နဝင်္ဂဥပုသ်လို့ပဲ ခေါ်ရမလားလို့ စိတ်ထဲမှာ သံသယဝင်လာတယ် ဘုရား

                   ဗုဒ္ဓရဲ့ အဆုံးအမတော်ကို လိုက်နာနိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်ကို ဝေနေယျပုဂ္ဂိုလ် လို့ ခေါ်ရတယ်၊ ဝေနေယျပုဂ္ဂိုလ်ဟာ ယခုဘဝမှ ဗုဒ္ဓသာသနာနော်နှင့် ကြုံတွေ့ဖူးတဲ့ ပုဂ္ဂိုလ်မျိုးမဟုတ်ဘူး၊ ရှေးရှေးသောဘဝတို့က ရှေးရှေးဘုရားရှင်တို့ရဲ့ သာသနာတော်နှင့်လည်း ကြုံတွေ့ခဲ့ဖူးသူဖြစ်တဲ့အတိုင်း ဘုရားရှင်တို့ရဲ့ အဆုံးအမ တရားတော်များကို ကျင့်ကြံပွားများ အားထုတ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ အဲသည်ပုဂ္ဂိုလ်ဟာ တစ်စုံတစ်ခုသောကမ္မဋ္ဌာန်းကို စီးဖြန်းပွားများအားထုတ်ခဲ့ဖူးတဲ့အတွက် အဲသည်ကမ္မဋ္ဌာန်းဟာ သူ့ရဲ့သန္တာန်မှာစွဲထင်နေတယ်၊ အဲသည်စွဲထင်နေတဲ့ လွန်ကဲသောအလိုဆန္ဒကို အဇ္ဈာသယ လို့  ခေါ်တယ်၊ ယောဂီပ္ဂိုလ်တစ်ဦးဟာ ရှေးဘဝက မေတ္တာကမ္မဋ္ဌာန်းစီးဖြန်းပွားများမှု အားကောင်းခဲ့တဲ့အတွက် မေတ္တာအဇ္ဈာသယဓာတ် လွန်ကဲနေလျှင် ယခုဘဝ ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တစ်ယောက်အဖြစ်ဖြင့် ရိုးရိုးဥပုသ်သီလခံယူဆောက်တည်ရုံမျှနှင့် အားမရဘူး၊ ပေါ့ဆဆဖြစ်နေတက်တယ်၊ အဲသည်ပုဂ္ဂိုလ်မျိုးအတွက်ရည်ရွယ်ပြီး ဘုရားရှင်က ရှစ်ပါးသီလမှာ မေတ္တာကမ္မဋ္ဌာန်းကို ထည့်ပြီး ကိုးပါးသီလရယ်လို့ ဟောတော်မူတာတဲ့၊ သည်အကြောင်းကို အင်္ဂုတ္တရအဓကထာမှာ ဝေနေယျဇ္ဈာသယဝသေန မေတ္တာဘာဝနံ ပက္ခိပိတွာ နဝင်္ဂသမန္နာဂတောတိ ဝုတ္တံ လို့ ဖွင့်ပြထားတယ်ကွယ့်

                   မေတ္တာအဇ္ဈာသယ ပုဂ္ဂိုလ်အတွက် မေတ္တာကို ထည့်ပြီး ကိုးပါးသီလ ပညတ်နိုင်သလို ကျန်သောကမ္မဋ္ဌာန်းများမှာ အဇ္ဈာသယ အားကောင်းသော ပုဂ္ဂိုလ်များလည်း မိမိတို့အားသန်ရာ အဇ္ဈာသယအားလျော်စွာ ကမ္မဋ္ဌာန်းကို ထည့်ပြီး ကိုးပါးသီလခံယူလျှင်လည်း ဖြစ်နိုင်မှာပေါ့ဘုရား

                   အခုပြောဆိုခဲ့တဲ့ စကားထဲမှာ ကိုးပါးသီလရယ်လို့ သီးခြားခံယူရမှာ မပါဘူးနော်၊ ရှစ်ပါးသီလ ခံယူကျင့်သုံးနေတဲ့ရက်လအတွင်း မေတ္တာနှင့်နေပါ့မယ်လို့ ဝန်ခံလျက် ဆောက်တည်ချက်သာပါတယ်၊ သည်နည်းအတိုင်း သီလခံယူပြီး သီလရက်အတွင်း အသုဘကမ္မဋ္ဌာန်း စီးဖြန်းနေထိုင်ပါ့မယ်၊ အာနာပါန ကမ္မဋ္ဌာန်းစီးဖြန်းနေထိုင်ပါ့မယ်လို့ ဆောက်တည်ကျင့်သုံးနေထိုင်လျှင်လည်း ဖြစ်နိုင်ပါတယ်

                   မှန်ပါ - နည်းနည်းအဓိပ္ပာယ်ပေါက်ခဲ့ပါပြီ ဘုရား၊ သို့သော်လည်း ယခုအခါမှာ ကိုးပါးသီလနှင့် ပတ်သက်ပြီး ဆရာတော်မိန့်သလို ရှစ်ပါးသီလခံယူပြီး မေတ္တာကမဋ္ဌာန်းကို ဆောက်တည်ရုံမျှမဟုတ်ပါဘူးဘုရား၊ အဟံ ဘန္တေ တိသရဏေန သဟ နဝင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ လို့ နှုတ်မြွတ်ပြီး  တောင်းခံကြတယ်၊ ဆောက်တည်ရာမှာလည်း မေတ္တာသဟဂတေန စေတသာ သဗ္ဗပါဏဘူတေသု ဖရိတွာ ဝိဟရဏံ သမာဒိယာမိ လို့ ဆောက်တည်ကြပါတယ်၊ မေတ္တာကမ္မဋ္ဌာန်းကို သီလနှင့်ရောပြီး သည်လိုဆောက်တည်တဲ့အတွက် အပြစ်ရှိပါသလား ဘုရား

                   အပြစ်ဆိုတာ ဘာကို ဆိုလိုတာလဲကွယ့်

                   မှန်ပါ - လောကပြစ်, သံသရာပြစ်ကို ဆိုလိုပါတယ် ဘုရား

                   သည်မှာကွယ့် - အပြစ်ဆိုတာ တရားကိုယ်အရ ကောက်လိုက်တော့ မိမိသန္တာန်မှာ ဖြစ်ပွားတဲ့ လောဘတရား, ဒေါသတရား, မောဟတရားများ ဖြစ်ကြတယ်၊ မိမိသန္တာန်မှာ လေဘ, ဒေါသ, မောဟ ဆိုတဲ့ အကုသိုလ်တရား ဖြစ်ပွားခဲ့လျှင် လောကမှာလည်း အပြစ်ရှိတာပဲ၊ သံသရာမှာလည်း အပြစ်ရှိတာပဲပေါ့၊ နဝင်္ဂသီလကိုကျင့်သုံးဆောက်တည်တဲ့အတွက် ဆောက်တည်သူရဲ့သန္တာန်မှာ ကုသိုလ်ဖြစ်သင့်သလား၊ အကုသိုလ်ဖြစ်သင့်သလား စဉ်းစားပြီးဖြေစမ်းပါ

                   မှန်ပါ - စဉ်းစားကြည့်လိုက်တော့ သီလခံယူဆောက်တည်ကျင့်သုံးတဲ့တွက် အကုသိုလ်တော့မဖြစ်သင့်ဘူး၊ ကုသိုလ်သာဖြစ်သင့်တယ်လို့ ယူဆပါတယ် ဘုရား

                   နဝင်္ဂသီလ ခံယူကျင့်သုံးဆောက်တည်တဲ့အတွက် အကုသိုလ်မဖြစ်ဘူး၊ ကုသိုလ်ဖြစ်တယ်ဆိုလျှင် အပြစ်မရှိဘူး၊ အကျိုးသာရှိတယ်လို့ မှတ်သင့်တာပေါ့၊ တစ်နည်းပြောကြစို့ဆိုလျှင် သီလကိုသာ တောင်းခံကျင့်သုံးသင့်တာ မဟုတ်ဘူး၊ သမာဓိမျိုး, ပညာမျိုးဖြစ်တဲ့ ကမ္မဋ္ဌာန်းတရားဟာည်း တောင်းခံကျင့်သုံးသင့်တဲ့တရားပါပဲ၊ ဘုရားရှင်လက်ထက်တော်က တောရမထေရ်တွေဟာ ဘုရားရှင်ထံက ကမ္မဋ္ဌာန်းတောင်းခံပြီး တောအရပ်မှာ ကျင့်သုံးဆောက်တော်မူကြကြောင်း ကျမ်းလာစကားရှိပါတယ်၊ ယခုအခါ ယောဂီပုဂ္ဂိုလ်များလည်း ကမ္မဋ္ဌာန်းပြဆရာထံမှာ ကမ္မဋ္ဌာန်းတောင်းခံပြီး သင့်လျောက်ရာဌာနမှာ ကျင့်သုံးထားထုတ်ကြတယ်၊ ဒါကြောင့် ရှစ်ပါးသီလနှင့်ရောပြီး မေတ္တာကမ္မဋ္ဌာန်းတောင်းခံ ဆောက်တည်တဲ့အတွက် ဘာအပြစ်မှမဖြစ်ပါဘူး၊ အပြစ်မဖြစ်တဲ့အပြင် သည်ယနေ့ ဥပုသ်မှာ ငါဟာ ရတနာသုံးပါးထံက မေတ္တာကမ္မဋ္ဌာန်းစီးဖြန်း ပွားများပါ့မယ်လို့ ကတိခံယူထားတယ်၊ ခံယူချက်နှင့်ညီအောင် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများနိုင်တဲ့အတွက် အလွန်ကျေးဇူးများကြောင်း သတိထားသင့်ကြတာပေါ့ကွယ်

                   မှန်ပါ - ဝမ်းသာလှပါပြီ ဘုရား၊ သာဓု - သာဓု - သာဓု  


***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၂၂) -  ကာလပရိယန္တသီလ


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ - ၁၇၀-၁၇၇) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

(ကပ္ပိယ-မောင်ရဲ)
https://www.facebook.com/yewin.tun.71
http://kpymgye.blogspot.com/


Monday, September 10,2012        11:44 am

သီလခံယူမှုနှင့် ကျင့်သုံးမှု၊ စာရိတ္တသီလနှင့် ဝါရိတ္တသီလ၊ သီလဆောက်တည်မှု လေးနက်ရန်၊ သီလကိုစိတ်ဖြင့် ဆောက်တည်၍ မရ



                        သည်တစ်ခါ လျှောက်ထားရမှာကတော့ သီလနှင့်ပတ်သက်တဲ့ပြဿနာပါဘုရား

                        ဘယ်လိုပြဿနာများလဲကွယ့်၊ ဆိုစမ်းပါဦး

                        တစ်နေရာမှာ ဒါယကာတွေ အငြင်းအခုံဖြစ်နေကြတယ်ဘုရာ့၊ ဒါယကာ တစ်ယောက်က သီလ, သမာဓိ, ပညာဆိုတာဟာ သူတစ်ပါးနှင့် မဆက်စပ်ဘူး၊ မိမိနှင့်သာဆက်စပ်တယ်၊ ဒါကြောင့် သီလကို ဘယ်သူ့ထံမှ သွားတောင်းဖို့ မလိုဘူး၊ သီလပေးပါလို့ သွားတောင်းလည်း အတောင်းခံရသူက ရော့ယူတော့လို့ ပေးမဖြစ်ဘူး၊ ကိုယ့်ဘာသကိုယ် ကျင့်သုံးလဆင် သီလပြည့်စုံတာပဲလို့ ပြောတယ် ဘုရာ့၊ ကျန်တဲ့ပုဂ္ဂိုလ်များက သူ့အပြောကိုမကြိုက်ကြဘူး၊ သို့သော်လည်း အဲသည်လူက အပြောကောင်းတော့ သူ့ကိုနိုင်အောင် မပြောနိုင်ကြဘူး၊ တပည့်တော်ထံ စစ်ကူတောင်းကြတယ်၊ တပည့်တော်ကတော့ ဒါဟာ အချက်တစ်ခုပဲလို့ မှတ်လာပြီး ဆရာတော်ကို လျှောက်တာပါပဲ၊ 
တပည့်တော် လျှောက်လိုရင်း ကတော့ -
                        (၁) သီလတရားကို ဘယ်မှာမျှမခံယူဘဲ မိမိဘာသာကျင့်သုံးလို့ ဖြစ်မဖြစ်၊

                        (၂) သီလခံယူဆောက်တည်ရာမှာလည်း ရတနာသုံးပါးထံ မခံယူဘဲ မိမိဘာသာခံယူလို့ ဖြစ်မဖြစ်၊

                   (၃) သီလခံယူပြီး မိမိအိမ်မှာပင် ကျင့်သုံးနေထိုင်လို့ ဖြစ်မဖြစ် ဆိုတာပါပဲ ဘုရား


                                ပတ်ဝန်းကျင်နှင့် ထိုက်တန်သောတရား

                   သီလခံယူတာနှင့်ပတ်သက်ပြီး ဘုရားရှင်လက်ထက်တော်က ဝိသာခါ အနာထပိဏ်တို့ကစပြီး ဒကာ ဒကာမများ ဘုရားကျောင်းတော်ကိုသွားပြီး သီလခံယူကြကြောင်း ကျန်းဂန်များမှာ ဖော်ပြထားတယ်၊ ဘုရားရှင်ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးတဲ့နောက် ယနေ့တိုင်အောင် ဗုဒ္ဓဘာသာဝင်များဟာ ကျောင်းကန်ဘုရားသွားပြီး သီလခံယူနေကြတာဟာ အထင်အရှားပဲကွယ့်၊ သည်အထဲက သီလဆိုတာ ကျောင်ကန်ဘုရားသွားရောက်ခံယူဖို့ မလိုဘူး၊ ကိုယ့်ဘာသာကိုယ် ကျင့်သုံးလျှင်ပြီးတာပဲလို့ ဆိုနေတာက ရိုးရိုးစိတ်နှင့်ပြောဟန်မတူဘူး၊ အဲသည် ဒါယကာများ နေထိုင်ရာအရပ်ကို တရားထူးတရားဆန်းတွေ ရောက်နေဟန်တူတယ်၊ သူတို့အရပ်မှာ ကျောင်းကန်ဘုရား ရဟန်းသံဃာများနှင့် စည်စည်ပင်ပင်ရှိသေးရဲ့လားကွယ့်

                   ဆရာတော်တွေးတာ မှန်တယ်ဘုရား၊  အဲသည်အရပ်မှာ ကျောင်းကန်ဘုရားတွေတော့ ရှိပါသေးတယ်၊ ဘုန်းကြီးတွေတော့ကြာကြာမနေနိုင်ကြတော့ဘူး၊ တစ်ဝါတစ်ပါး၊ နှစ်ဝါတစ်ပါးဆိုသလို ဖြစ်နေကြပြီ၊ အချို့ကျောင်းများမှာ ဘုန်းကြီးပြတ်လို့ ကျောင်းတွေတောင်ပျက်ကုန်ပြီ ဘုရား

                   အေး - ဖြစ်ရမယ်လေ၊ အဲသည်အရပ်ဟာ ခေါင်းပါးတဲ့အရပ်မျိုးလည်းဖြစ်လိမ့်မယ်၊ ပစ္စည်းခေါင်းပါးတော့ မပိုလျှံဘူး၊ မပိုလျှံတော့ မပေးလှူနိုင်ဘူး၊ မပေးလှူနိုင်တော့ ပတ်ဝန်းကျင်နှင့်ထိုက်တန်တဲ့အရားမျိုး သူတို့ထံ ရောက်သွားလိမ့်မယ်ကွယ့်

                   ပတ်ဝန်းကျင်နှင့်ထိုက်တန်တဲ့တရားဆိုတာ ဘယ်လိုပါလဲဘုရား

                   သည်လောကကြီးက ပတ်ဝန်းကျင်နှင့် ဆန့်ကျင်လို့မဖြစ်ဘူး၊ ပတ်ဝန်ကျင်နှင့်အထပ်သင့်ကျင့်မှ ဖြစ်နိုင်တယ်ကွယ့်၊ ခေါင်းပါးတဲ့အရပ်မှာ ဒါနပြုဖို့မလွယ်ဘူး၊ သည်တော့ ဒါနမပြုနိုင်တဲ့အရပ်မှာ အူမ,မတောင့်တော့ သီလ မစောင့်နိုင်ကြဘူး၊ သည်တော့ သီလစောင့်လို့ အကျိုးမရှိဘူးဆိုတဲ့ တရားမျိုးလည်း ထွန်းကားလက်တက်တယ်၊ ဒါနပြုမည့်သူလည်းမရှိ၊ သီလ စောင့်မည့်သူလည်း မရှိတဲ့အရပ်မှာ ဘယ်ဘုန်းကြီးနေလို့ဖြစ်ပါ့မလဲ၊ ဘုန်းကြီးမရှိတဲ့အရပ်မှာနေတဲ့ လူက ဘုန်းကြီးထံ သီလခံယူတာဟာ အဓိပ္ပာယ်မရှိဘူးလို့ပြောတာလည်း ဘာဆန်းတော့သလဲကွယ်၊ ဒါကြောင့် သည်လူကို ဂရုမစိုက်ကြပါစို့လားကွယ်

                   မှန်ပါ - သည်လူကိုဂရုစိုက်ဖို့မလိုပါဘူး၊ ဒါပေမယ့် သူ့စကားကတော့ သူတစ်ပါးနားမှာ ဝင်ခိုနေမှာမို့ ရှင်းလင်းချက် ထုတ်ပေးစေချင်ပါတယ် ဘုရား

                   အေးကွယ့် - သည်လိုဆိုလည်း ဖြေရှင်းကြသေးတာပေါ့၊ ပထမအမေး ပြဿနာက သီလကိုဘယ်သူ့ထံမှမခံယူဘဲ ကိုယ့်ဘာသာကျင့်သုံးလို့ ဖြစ်မဖြစ် ဟုတ်လား

                   မှန်ပါ့ဘုရား



                                စာရိတ္တသီလနှင့် ဝါရိတ္တသီလ

                   သီလဆိုတာ စာရိတ္တသီလ, ဝါရိတ္တသီလလို့နှစ်မျိုးရှိတယ်၊ စာရိတ္တသီလဆိုတာ ကျင့်ဝတ်ကိုဟောတယ်၊ မိမိပြုအပ်ပြုထိုက်တဲ့ အမိကျင့်ဝတ် အဖကျင့်ဝတ်, သားသမီးကျင့်ဝတ်စတဲ့ ကျင့်ဝတ်မျိုးကို စာရိတ္တသီလလို့ ခေါ်တယ်၊ စာရိတ္တသီလအရာမှာ သည်ကျင့်ဝတ်ကိုဖြည့်ကျင့်ပါမယ်လို့ ဘယ်သူ့ထံမှ ဝန်ခံတောင်းဆိုမှုပြုဖို့ မလိုဘူး၊ အမှန်တကယ် ပြုကျင့်ရမည့် ဝတ္တရားဖြစ်တယ်၊ မပြုလျှင်အပြစ်ဖြစ်တယ်၊ ဝါရိတ္တသီလအရာမှာတော့ နှစ်မျိုး ခွဲပြီးမှတ်သားသင့်တယ်၊ နှစ်မျိုးဆိုတာ ငါးပါးသီလကို အမှန်တကယ်ရှောင်ကြဉ်ရမည့် သီလမျိုးဖြစ်တယ်၊ ရှစ်ပါးသီလကို ဝါရိတ္တနှင့် စာရိတ္တနှစ်ပါးစုံ ရောနှောနေတာမျိုးရယ်ဖြစ်တယ်၊ ငါးပါးသီလကို ဝါရိတ္တစစ်စစ်ကျတော့ သူတစ်ပါးထံ တောင်းခံသည်ဖြစ်စေ, မတောင်းခံသည်ဖြစ်စေ အမှန်တကယ် လိုက်နာရှောင်ကြည်ရမည့် သီလမျိုးဖြစ်တယ်၊ သည်သဘောကို အမြင်ရှင်းသွားအောင် ဝိရတီသုံးမျိုးနှင့်ရှင်းပြရလျှင် ပိုကောင်းလိမ့်မယ်ထင်တယ်

                   မှန်ပါ - ရှင်းပြတော်မူပါ ဘုရား

                   ဝါရိတ္တလို့ခေါ်ရတဲ့ ဝိရတီသီလဟာ သုံးမျိုးရှိပါတယ်၊ (၁) သမ္ပတ္တဝိရတီ၊ (၂) သမာဒါနဝိရတီ၊ (၃) သမုစ္ဆေဒဝိရတီ တို့ပေါ့ကွယ်၊  သမ္ပတ္တ ဝိရတီဆိုတာ သီလကို ခံယူဆောက်တည်းထားတာမျိုး မဟုတ်ဘူး၊ ကိစ္စကြုံပါမှ ကျင့်သုံးတဲ့ သီလမျိုးဖြစ်တယ်၊ သမာဒါနဝိရတီမျိုးကတော့ သီလကို ကြိုတင်ခံယူဆောက်တည်ထားတာမျိုး ဖြစ်တယ်၊ သမုဒ္ဆေဒဝိရတီမျိုးကတော့ အရိယာအဖြစ်ရောက်တဲ့အတွက် မကောင်းမှုတရားတွေကို မဂ်ဖြင့် အကြွင်းမဲ့ ပယ်ခွါတာမျိုး ဖြစ်တယ်၊ (ဣတိဝုတ်၊ ဋ္ဌ၊ ၂၂၃)သည် ဝိရတီသုံးမျိုးအနက် သမုဒ္ဆေဒဝိရတိသီလဟာ ပုထုဇဉ်တို့ရဲ့ သီလ မဟုတ်ဘူး၊ အရိယာပုဂ္ဂိုလ်တို့ရဲ့ သီလဖြစ်တယ်၊ ပုထုဇဉ်များရဲ့ သီလနှစ်ပါးမှာ - (၁) သမ္ပတ္တဝိရတီသီလဟာ ခံယူဆောက်တည်ခြင်းမရှိတဲ့ သီလ၊ (၂) သမာဒါနဝိရတီသီလဟာ ခံယူဆောက်တည်တဲ့ သီလဖြစ်တယ်ကွယ့်      

                   ခံယူဆောက်တည်တဲ့သီလနှင့် မခံယူ မဆောက်တည်တဲ့ သီလနှစ်ပါး အနက် ဘယ်သီလက သာလွန်ပါသလဲဘုရား

                   မေးမှ မေးတက်ပလေကွယ်၊ မခံယူ မဆောက်တည်တဲ့သီလက ကျင့်သုံးခွင့်ကြုံမှ သီလကို ဖြစ်စေတယ်၊ ခံယူဆောက်တည်တဲ့သီလက ခံယူတဲ့ အချိန်က စပြီး သီလကုသိုလ်ဖြစ်နေတာပဲ၊ ဘယ်မှာ တူပါ့မလဲ၊ ခံယူဆောက်တည်ထားတဲ့ သီလက သာလွန်တာပေါ့ကွယ် 

                   မှန်ပါ - နားရှင်းပါပြီ၊ ဒုတိယပြဿနာကို အဖြေပေးတော်မူပါဦး



                                      သီလဆောက်တည်မှု လေးနက်ရန်

                   ဒုတိယပြဿနာက သီလကို ရတာနာသုံးပါး ဆရာသမားများထံ မခံယူဘဲ မိမိဘာသာ ခံယူဆောက်တည် ကျင့်သုံးလို့ ဖြစ်, မဖြစ် ဟုတ်လား
  
                   ဟုတ်ပါတယ် ဘုရား

                   သီလ ခံယူဆောက်တည်တဲ့ နေရာမှာတော့ အခြေအနေအရပေါ့ကွယ်၊ ရတနာသုံးပါး ဆရာသမားများနှင့် နီးစပ်လျှင် နီးစပ်ရာမှာ ယူရမယ်၊ မနီးစပ်တဲ့ ဌာနမှာဆိုလျှင်တော့ ရတနာသုံးပါးကို ရည်မှန်းပြီး မိမိဘာသာ သီလဆောက်တည်၊ မိမိဘာသာ သင်္ကန်းဝတ်ဆင်ကြတဲ့ နာလကထေရ်, မဟာကဿပထေရ်တို့လိုပေါ့ကွယ်၊ ဒါကြောင့် တစ်စုံတစ်ဦးထံက သီလမခံယူဘဲ မိမိဘာသာ ခံယူကျင့်သုံး လို့ဖြစ်ပါတယ်၊ သို့သော် ရတနာသုံးပါးထံ ခံယူကျင့်သုံးတာလောက်တော့ မလေးနက်ဘူးပေါ့ကွယ်

                   ဘာကြောင့်တုန်း ဘုရား

                   အကြောင်းကတော့ ရတနာသုံးပါးထံ လက်အုပ်ချီမိုးရှိခိုးပြီး သီလတောင်းခံ ဆောက်တည်သူမှာ သက်သေနှစ်ဦးရှိတယ်၊ တစ်ဦးကရတနာသုံးပါးဖြစ်ပြီး တစ်ဦးက မိမိဖြစ်တယ်၊ ဒုစရိုက်မှုတစ်ခု ကျူးလွန်ခွင့်ကြုံခဲ့လျှင် မိမိကတော့ ကျူးလွန်မည့်ပုဂ္ဂိုလ်မို့ မိမိအတွက်ငဲ့စရာမလိုဘူး၊ သို့သော် ငါဟာ ယနေ့ ရတာနသုံးပါးထံက သည်ဒုစရိုက်မျိုးမပြုလုပ်ပါဘူးလို့ သီလတောာင်းခံ ဆောက်တည်ထားတယ်၊ တောင်းခံဆောက်တည်ထားပြီးမှ ကျူးလွန်ရန်မသင့်လျှော်ဘူးလို့ ရတနာသုံးပါးတည်းဟူသော သက်သေကိုငဲ့ပြီး ကျူးလွန်လုနီးနီးအဖြစ်ကို ရှောင်ကြဉ်နိုင်တယ်၊ ဒါကြောင့် မိမိဘာသာ ဆောက်တည်တာထက် ရတနာသုံးပါးထံ တောင်းခံဆောက်တည်တာက ပိုပြီး လေးနက်တယ်

                   ဥပုသ်သီလနှင့် ပတ်သက်လို့လည်း အမိန့်ရှိပါဦး ဘုရား

                   ရှစ်ပါးစသောသီလကို ဥပုသ်သီလလို့ဆိုကြတယ်၊ ဥပုသ်ဆိုတာ ဥပဝသထ=ဥပေါသထ ဆိုတဲ့ပုဒ်ကို ခေါ်တာပဲကွယ့်၊ ဥပဝသထဆိုတဲ့ပုဒ်မှာ ဥပ တစ်ပုဒ်၊ ဝသထ တစ်ပုဒ်ရယ်လို့ နှစ်ပုဒ်ပါတယ်၊ ဥပဆိုတဲ့ပုဒ်က ရတနာသုံးပါးထံချဉ်းကပ်တယ်လို့ ဟောတယ်၊ ဝသထပုဒ်က နေထိုင်တယ်လို့ဟောတယ်၊ ပုဒ်နှစ်ခုစပ်လိုက်တော့ ရတနာသုံးပါးအနီး ချဉ်းကပ်နေထိုင်တယ်လို့ အဓိပ္ပာယ်ရတယ်၊ ဒါကြောင့် ဥပုသ်သီလကျတော့ မိမိဘာသာ စိတ်ဖြင့် ဆောက်တည်ခြင်း, အိမ်မှာဆောက်တည်ခြင်း, အိမ်မှာပင်သီလယူပြီး နေလိုက်ခြင်းများဟာ စာဆိုနှင့် မကိုက်ညီချင်ဘူးကွယ့်

                   စာက ဘယ်လိုများ ဆိုထားပါသလဲ၊ မိန့်တော်မူပါဦး

                   အင်္ဂုတ္တိုရ် တိကနိပါတ်အဋ္ဌာကထာ(ဒု-၁၉၉)မှာ ဥပုသ်သီလခံယူဆောက်တည်ပုံကို တံ ပန ဥပဝသန္တေန၊ သွ ဥပေါသထိကော ဘဝိဿာမီတိ စသောအားဖြင့် ဖွင့်ပြထားတယ်၊ အဓိပ္ပာယ်က ဥပုသ်သီလကျင့်သုံးဆောက်တည်လိုတဲ့ ပုဂ္ဂိုလ်ဟာ ဥပုသ်မသုံးမီ ရှေ့တစ်ရက်ကကြိုတင်ပြီး ဘောဇဉ်, ခဲဖွယ်, အစာအာဟာရများကို စီရင်ထားရမယ်၊ ဥပုသ်နေ့ရောက်တဲ့အခါ နံနက်စောစောကပင် ရဟန်းယောက်ျား ရဟန်းမိန်းမထံမှာဖြစ်စေ၊ သီလရဲ့ လက္ခဏာကိုသိတဲ့ ဒါယကာ ဒါယိကာမများထံမှာဖြစ်စေ နှုက်ကမြွက်ဟပြီး ဥပုသ်ဆောက်တည်ရမယ်၊ ဆောက်တည်တဲ့အခါမှာ ပါဠိအစဉ်အရလျှင် တစ်ပါးစီ တစ်ပါးစီ ဆောက်တည်ရမယ်၊ ပါဠိအစဉ်ကိုမရလျှင် ဗုဒ္ဓပညတ္တံ ဥပေါသထံ အဓိဋ္ဌာမိဘုရားရှင်ပညတ်တော်မူအပ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏ လို့ တပေါင်းတည်းဆောက်တည်နိုင်တယ်၊ သည်နေရာမှာ သိက္ခာပုဒ်တစ်ပါးစီ တစ်ပါးစီခွဲပြီး ဆောက်တည်ခဲ့လျှင် သိက္ခာပုဒ်တစ်ပါးပျက်ရုံနှင့် ကျန်သိက္ခာပုဒ်များ မပျက်ဘူး၊ တပေါင်းတည်းခံယူဆောက်တည်ခဲ့လျှင်တော့ သိက္ခာပုဒ်တစ်ပါးပျက်စီးလျှင် ကျန်သိက္ခာပုဒ်အားလုံးလည်း ပျက်စီးတက်သတဲ့

                   မှန်ပါ - ဥပုသ်သီလခံယူတဲ့နေရာမှာ ရတနာသုံးပါး ဆရာသမားထံ ခံယူဆောက်တည်တာ ကောင်းကြောင်းသိရပါပြီ၊ ရတနာသုံးပါးနှင့် ကင်းဝေးတဲ့ အရပ်ရောက်ခိုက် မိမိဘာသာစိတ်ဖြင့် ခံယူဆောက်တည်လျှင်ကော ဘယ်လိုလဲ ဘုရား


                                သီလကိုစိတ်ဖြင့် ဆောက်တည်၍ မရ

          ဥပုသ်သီလခံယူပြီး တချို့မိမိအိမ်မှာသာ ဥပုသ်စောင့်သုံးနေကြတယ်၊ တချို့က ကျောင်းကန်ဘုရားချဉ်းကပ်ပြီး ဥပုသ်စောင့်သုံးကြတယ်၊ သည်နှစ်မျိုးရဲ့ ကွဲပြားချက်ကိုလည်း မိန့်တော်မူပါဦး

                   ဥပုသ်သီလဆိုတာ အနာဂါမ်, ရဟန္တာတို့ အပြည့်အဝကျင့်သုံးတဲ့ သီလမျိုးပဲကွယ့်၊ ပုထုဇဉ်နှင့် သေက္ခပုဂ္ဂိုလ်တို့ကအတုယူပြီး ကျင့်သုံးကြခြင်းဖြစ်တယ်၊ သည်အကြောင်းကို တိကင်္ဂုတ္တရပါဠိ ၂၁၁-မှာ သ ခေါ သောဝိသာခေ အရိယသာဝကော ဣတိ ပဋိသဥ္စိက္ခတိ စသောအားဖြင့် ဘုရားဟော ရှိတယ်ကွယ့်

                   ဘုရားဟေယအဓိပ္ပာယ်ကိုလည်း မိန့်တော်မူပါဦး ဆရာတော်

                   ဘုရားဟော အဓိပ္ပာယ်က ဗုဒ္ဓဘာသာဝင် သူတော်စင်ပုဂ္ဂိုလ်ဟာ ရဟန္တာများရဲ့ သီလကို သည်လိုဆင်ခြင်တယ်တဲ့၊ါ် ရဟန္တာပုဂ္ဂိုလ်များဟာ တစ်သက်လုံး သူတစ်ပါးအသက်သတ်ခြင်းမှ ရောင်ကြဉ်တော်မူကြတယ်၊ သူတစ်ပါးဥစ္စာခိုးယူခြင်းမှ ရှောင်ကြဉ်တော်မူကြတယ်၊ အရက်သောက်ခြင်း, ဘိန်းရှုခြင်းမှ ရှောင်ကြဉ်တော်မူကြတယ်၊ ညစာစားခြင်းမှ ရှောင်ကြဉ်တော်မူကြတယ်၊ ကခြင်း, သီခြင်း, တီးမှုတ်ခြငး, ကြည့်ရှု နားထောင်ခြင်း, ပန်းပန်ခြင်း, နံ့သာလိမ်းခြင်းမှ ရှောင်ကြဉ်တော်မူကြတယ်၊ မြင့်သောနေရာ မြတ်သောနေရာမှ ရှောင်ကြဉ်တော်မူကြတယ်၊ ငါလည်းပဲ ဤနေ့ဤရက်ဤလအတွင်း ရဟန္တများကဲ့သို့ ဤရှစ်ပါးသော အင်္ဂါများကို ရှောင်ကြဉ်ပြီး ဥပုသ်ကျင့်သုံးမယ်လို့ ဥပေါသထသီလကို ခံယူကျင့်သုံးခြင်း ဖြစ်ပါသတဲ့၊ သည်စကားရပ်ကို ထောက်သောအားဖြင့် ငါးပါးသီလဆောက်တည်တာက ပကတိသဘောအားဖြင့် ဆောက်တည်ခြင်းဖြစ်တယ်၊ ဥပုသ်သီလဆောက်တည်တာက ရဟန္တာများကိုအတုယူပြီး ရဟန္တာများနှင့်တူအောင် ကျင့်သုံးဆောက်တည်တဲ့အတွက် မိမိအပေါ် ကိလေသာမြူအညစ်အကြေးများ နည်းနိုင်သမျှ နည်းအောင်, ကင်းနိုင်သမျှကင်းအောင် ကျင့်သုံးရမည့် တာဝန်ဝတ္တရားရှိနေတယ်၊ လူတို့ရဲ့ နေအိမ်ဆိုတာ အဆင်း, အသံ, အနံ့ စသော ကိလေသာမြူတွေအလွန် ပေါများတယ်၊ ကျမ်းများက ရဇပထ လို့ ခေါ်တယ်ကွယ့်

                   ရဇပထဆိုတာ ဘယ်လိုအဓိပ္ပါယ်ပါလဲ ဘုရား

                   ရဇပထဆိုတာ ဖုန်တွေ မြူတွေအလွန်ပေါများတဲ့ လမ်းမကြီးလို့ဆိုလိုတယ်၊ လူတစ်ယောက်ဟာ မိမိခန္ဓာကိုယ်ကို ဘယ်လောက်စင်ကြယ်အောင် တစ်ကိုယ်တော်သန့်ရှင်းရေး လုပ်ထားသည်ပင်ဖြစ်စေ ဖုန်မြူတွေအားကြီးတဲ့ လမ်းမကြီးမှာထိုင်နေလျှင် မကြာမီ ဖုန်တွေပြန်ကပ်ပြီး ညစ်ပတ်ကုန်မှာပဲတဲ့၊ လူသားများရဲ့ အိမ်ဆိုတာလည်း ဖုန်မြူတွေအားကြီးတဲ့ လမ်းမကြီးနှင့် တူသတဲ့၊ အိမ်မှာနေသမျှတော့ ဘယ်လိုပင် စင်ကြယ်အောင်ထိန်းထားသည်ပင်ဖြစ်စေ ကိလေသာမြူတွေ မကြာခဏပြန်ကျလာတက်ပါသတဲ့၊ ဒါကြောင့် ဥပုသ်သီလ ခံယူဆောက်တည်ပြီး အိမ်မှာပြန်နေတာထက် ကျောင်းကန်ဘုရား ရတနာသုံးပါး အနီးမှာနေတာက ပိုပြီးသင့်မြတ်တယ်၊ အဲဒါကြောင့် ရှေးရှေးကစပြီး ယနေ့ တိုင်အောင် ဥပုသ်သီလဆောက်တည်ကျင့်သုံးတဲ့ ပုဂ္ဂိုလ်များက အိမ်ကခွာပြီး ရတာသုံးပါး အနီးအပါးမှာ နေထိုင်ကြတာများပါတယ်

                   အကယ်၍ ဥပုသ်သီလခံယူပြီး အိမ်ပြန်နေတော့ ဘယ်လိုဆုံးဖြတ်မှာလဲ ဘုရား

                   မိမိကျင့်သုံးတဲ့ ဥပုသ်သီလ မကျိုးမပေါက် အပြောက်မကျားအောင် စောင့်ရှောက်ထိန်းသိမ်းနိုင်တယ်ဆိုလျှင် အိမ်ပြန်ပြီး ဥပုသ်စောင့်လည်း အပြစ်တော့မရှိပါဘူး

                   မှန်ပါ - သည်ပြဿနာကတော့ ပြေတန်သလောက်ပါပြီ၊ ဆက်ပြီး လျှောက်ထားစရာ အနည်းငယ်ကျန်နေပါသေးတယ် ဘုရား

                   ဘာများကျန်သေးတာလဲ၊ ဆိုစမ်းပါဦး

***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၂၁) -  ဥပုသ်ချ၍ ညစာစားမှု၊ သစ်ကျုတ်ဥပုသ်၊ ကိုးပါးသီလ


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ - ၁၆၂-၁၆၉) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။


Tuesday, September 04,2012        10:34 am

(ကပ္ပိယ-မောင်ရဲ)
http://kpymgye.blogspot.com/ 
https://www.facebook.com/yewin.tun.71