“ဆိုစမ်းပါဦး၊ ဒုတိယမေးခွန်းက ဘာတဲ့လဲကွယ့်”
“မှန်ပါ - ဒုတိယမေးခွန်းက စာဖြင့် မေးမြန်းသူ သီပေါ ဦးသုခဟာ စာပေပညာရှင် တစ်ဦးဖြစ်တဲ့အတိုင်း မန်လည်ဆရာတော်ဘုရား စီရင်တော်မူတဲ့ မဟာသုတကာရီ မဃဒေဝလင်္ကာသစ်ကို လေ့လာကြည့်ပါသတဲ့ဘုရား၊ ကြည့်ရှုတဲ့အခါ လင်္ကာအပိုဒ် ၄၅၂-မှာ
ပညာမဲ့ထ၊ မောဟဒ္ဓကြောင့်၊ သံဃိကဖြစ်ပြီး၊ ကျောင်းသစ်သီးနှင့်၊ ကျောင်းမီးကျောင်းရေ၊ သင်္ဃာ့မြေကို၊ မထီလေးစယား၊ ကိုယ်ပိုင်လားသို့၊ သုံးစားတက်စွာ၊ လူတကာကား၊ ပြိတ္တာတို့ထက်၊ ပြိုးပြက်အရောင်၊ ဘုံဆောင်ခြေရံ၊ ပတ်ခြံဝတ်းလျား၊ ပြည့်စုံငြားလျက်၊ မစားရတက်၊ အာမစွတ်ဘဲ၊ ငတ်မွတ်စားရေ၊ ခံနေရဘိ၊ တန်ခိုးရှိသည့်၊ မဟိဒ္ဓိက၊ ဤသို့စ,သား”
လို့ ရေးထားတဲ့ လင်္ကာရဲ့ အိဓပ္ပာယ်ကို သိချင်ပါတဲ့ဘုရား”
“သည်လင်္ကာရဲ့ အဓိပ္ပာယ်က လောကပညတ္တိကျမ်းက လာတဲ့ ပြိတ္တာ တစ်ဆယ့်နှစ်မျိုးဆိုတာ ကြားဖူးတယ် မဟုတ်လား”
“အမိန့်ရှိပါဦး ဘုရား”
“ပြိတ္တာ ၁၂-မျိုးဆိုတာက -
(၁) ဝန္တာသပြိတ္တာ - တံတွေး, နှပ်ချွဲ, အန်ဖတ်စားတက်သောပြိတ္တာ၊
(၂) ကုဏပါသပြိတ္တာ-အကောင်ပုပ်ကို စားတက်သောပြိတ္တာ၊
(၃) ဂူထခါဒကပြိတ္တာ - ကျင်ကြီးကို စားတက်သောပြိတ္တာ၊
(၄) အဂ္ဂိဇာလမုခပြိတ္တာ - ခံတွင်းက မီးထွက်စေတက်သော ပြိတ္တာ၊
(၅) သုစိမုခပြိတ္တာ - ခံတွင်း အပ်နဖားမျှလောက်ရှိသော ပြိတ္တာ၊
(၆) တဏှာဋ္ဋိကပြိတ္တာ - အစာငတ်, ရေငန်ခြင်းတဏှာဖြင့် အနှိပ်စက်ခံရသော ပြိတ္တာ၊
(၇) သုနိဇ္ဈာမကပြိတ္တာ - မီးလောင်ငုတ်နှင့်တူသောပြိတ္တာ၊
(၈) သတ္ထင်္ဂပြိတ္တာ - လက်နက်နှင့်တူသော ခြေလက်အင်္ဂါရှိသောပြိတ္တာ၊
(၉) ပဗ္ဗတင်္ဂပြိတ္တာ - တောင်မျှလောက် ကိုယ်အင်္ဂါရှိသောပြိတ္တာ၊
(၁၀) အဇရင်္ဂပြိတ္တာ - စပါးကြီးမြွေနှင့်တူသော ကိုယ်အင်္ဂါ ရှိသော ပြိတ္တာ၊
(၁၁) ဝေမာနိကပြိတ္တာ - ဘုံဗိမာန်၌ဖြစ်သောပြိတ္တာ၊
(၁၂) မဟိဒ္ဓိကပြိတ္တာ - တန်ခိုးကြီးမားသောပြိတ္တာ၊
အားလုံးပေါင်းပြိတ္တာအမျိုးပေါင်း ၁၂-မျိုးရှိသတဲ့၊
သည်ပြိတ္တာ ၁၂-မျိုးထဲက တန်ခိုးကြီးသော မဟိဒ္ဓိကပြိတ္တာ ဖြစ်လာပုံကို သည်လင်္ကာက ပြတယ်ကွယ့်”
“မဟိဒ္ဓိကပြိတ္တာက ဘယ်လိုကြောင့် ဖြစ်လာတာလဲဘုရား”
“အေးကွယ့် - မဟိဒ္ဓိကပြိတ္တာဖြစ်ပုံတင် ပြောလို့မစုံမလင် ဖြစ်နေမှာပဲ၊ အမှန်တော့ မဃဒေဝလင်္ကာသစ် ၄၅၁၊၁၅၂-နှစ်ပိုင်းလုံးပေါင်းပြောမှ အဓိပ္ပာယ် စုံလင်လိမ့်မယ်”
“ပေါင်းပြီး အမိန့်ရှိပေးပါဦးဘုရား”
“ခပ်တိုတိုပြောကြစို့ကွယ့်”
(၁) ရတနာသုံးပါးကို ပြစ်မှားတဲ့ပုဂ္ဂိုလ်, သီလရှိတဲ့ သူတော်ကောင်းများကို ပြစ်မှားတဲ့ပုဂ္ဂိုလ်, စားကြွင်းစားကျန် နှပ်တံတွေးတို့ဖြင့် ပြစ်မှားတဲ့ ပုဂ္ဂိုလ်များဟာ အလွန်အရုပ်ဆိုးပြီး သူတစ်ပါး အန်ဖတ်, နှပ်, တံတွေးကို စားသောက်ရတဲ့ ဝန္တာသပြိတ္တာမျိုး ဖြစ်တက်သတဲ့။
(၂) စက်ဆုပ်ဖွယ်အရာဝတ္ထုများကို မရိုမသေပေးတက်တဲ့သူဟာ အကောင်ပုပ်ကို စားရတဲ့ ကုဏပါသပြိတ္တာမျိုး ဖြစ်တက်သတဲ့။
(၃) သူတော်ကောင်းများရဲ့ အစာထဲ ရွံရှာဖွယ်တွေ ထည့်ကျွေးတဲ့သူဟာ ဂူထခါဒက ပြိတ္တာမျိုး ဖြစ်တက်သတဲ့။
(၄) ပူလောင်တဲ့အစာမျိုး မရိုမသေကျွေးခဲ့ဖူးလျှင် အဂ္ဂိဇလပြိတ္တာမျိုး ဖြစ်တက်သတဲ့။
(၅) သူတစ်ပါးအလှူ ပိတ်ပင်ခဲ့ဖူးသူဟာ သုစိမုခ ပြိတ္တာမျိုး ဖြစ်တက်သတဲ့။
(၆) ဆိုးမိုက်တဲ့စိတ်ဖြင့် ရေတွင်းရေကန်များကို ဖျက်ဆီးခဲ့ဖူးသူဟာ တဏှာဋ္ဋိက ပြိတ္တာမျိုး ဖြစ်တက်သတဲ့။
(၇) သက်ကြီးသူအိုတို့ကို မရိုမသေ မလေးမစား ပြက်တိပြက်ချော် ပြုလုပ်ခဲ့ဖူးတဲ့သူဟာ သုနိဇ္ဈာမက ပြိတ္တာမျိုး ဖြစ်တက်သတဲ့။
(၈) မုဒိမ်းမှုကျူးလွန်သူများဟာ သတ္ထင်္ဂ ပြိတ္တာမျိုး ဖြစ်တက်သတဲ့။
(၉) သူတစ်ပါးဆောက်လုပ်လှူဒါန်းထားတဲ့ ပြာသာဒ်, ကျောင်း, သိမ် စသည်များကို မီးတိုက်ဖျက်ဆီးခဲ့ဖူးသူဟာ ပဗ္ဗတင်္ဂ ပြိတ္တာမျိုး ဖြစ်တက်သတဲ့။
(၁၀) သူတစ်ပါးကိုကြောက်အောင် ခြောက်လှန့်ခဲ့ဖူးသူဟာ အဇဂရင်္ဂ ပြိတ္တာမျိုး ဖြစ်တက်သတဲ့။
(၁၁) ကုသိုလ်ကောင်းမှုကို တစ်ဘက်ကပြုပြိး တစ်ဘက်က အကျင့်ပျက်တဲ့ မိန်းမများဟာ ဝေမာနိက ပြိတ္တာမျိုး ဖြစ်တက်သတဲ့။
“အခုပြောခဲ့တာ ပြိတ္တာအမျိုးပေါင်း ၁၁-မျိုး ရှိသွားပြီနော်”
“တင်ပါ့ ဘုရား”
“သီပေါ ဦးသုခရဲ့စာမှာပါတဲ့ လင်္ကာကတော့ မဟိဒ္ဓိကပြိတ္တာမျိုးကို ပြသကွယ့်၊ ပြိတ္တာမျိုးဖြစ်ပါလျက်နှင့် ဘာကြောင့် တန်ခိုးကြီးသလဲ၊ တန်ခိုးကြီးပါလျက်နှင့် ဘာကြောင့် ပြိတ္တာဖြစ်နေရသလဲဆိုတော့ ကုသိုလ်အကုသိုလ် ရောစပ်နေတဲ့ မိဿကံကြောင့်ဖြစ်တယ်၊ ကုသိုလ်အကုသိုလ် ရောနေပုံကို လင်္ကာမှာပြန်ပြီးကြည့်ပါ၊ လင်္ကာကိုပြန်ကြည့်ခဲ့လျှင် သည်လိုတွေ့လိမ့်မယ်၊ သည်ပုဂ္ဂိုလ်ဟာ အစိုးရတဲ့အာဏာလည်းရှိတယ်၊ ဥစ္စာပစ္စည်းလည်း ပေါများတယ်၊ ဒါကြောင့် ကျောင်းအရာမ်ဗိမာန်များကို ဆောက်လုပ်လှူဒါန်းခဲ့တယ်၊ လှူဒါန်းပြီး ကျောင်းဒကာ ကျောင်းအမဆိုတဲ့ဂုဏ်နှင့် ကျောင်းပစ္စည်းများကို မတရားသုံးစားခဲ့တယ်တဲ့၊ ဒါကြောင့် သူသေတော့ တန်ခိုးကြီးသော ပြိတ္တာဖြစ်တယ်လို့ ဆိုထားတယ်ကွယ့်”
“မှန်ပါ - သည်လောက်ဆိုလျှင် လင်္ကာသစ်ရဲ့ အဓိပ္ပာယ် ပေါက်လောက်ပါပြီ ဘုရား”
“လင်္ကာသစ်ရဲ့ အဓိပ္ပာယ်ပေါက်လျှင် သည်ပြဿနာရဲ့ အဖြေလည်း ပြီးရောပေါ့ကွယ်”
“မှန်ပါ - နောက်ဆက်တွဲ နည်းနည်း လျှောက်စရာ ကျန်နေပါသေးတယ် ဘုရား”
“ဘာများကျန်နေပြန်တာတုန်းကွယ့်”
“ကျောင်းဒကာ ကျောင်းအမများက ငါတို့ဆောက်လုပ်တဲ့ ကျောင်းဆိုတဲ့ အစွဲအလမ်းနှင့် သံဃိကပစ္စည်းများကို ပိုင်စိုးပိုင်နင်း စားသုံးလို့ မဟိဒ္ဓိကပြိတ္တာ ဖြစ်တာ ရှိပါစေတော့၊ ကျောင်းဒကာ ကျောင်းအမ မဟုတ်တဲ့သူတွေ သံဃိကပစ္စည်း သုံးဆောင်တော့ကော ဘယ်လိုအဆုံးအဖြတ်ရှိပါသလဲဘုရား”
“သံဃိက ပစ္စည်းသုံးဆောင်တယ်ဆိုတာလည်း အမျိုးမျိုးရှိသေးတာကိုး၊ တချို့ကတော့ တန်ရာတန်ကြေးပစ္စည်းနဲ့ဖလှယ်ပြီး သုံးဆောင်တယ်၊ တချို့ကတော့ သံဃာ့ထံရောက်ခိုက် သံဃာကစွန့်ကြဲလို့ သုံးဆောင်တယ်၊ သည်လိုစိတ်သန့်သန့်နှင့် သုံးဆောင်တဲ့အတွက် ဘာအပြစ်မှ မရှိပါဘူး”
“သံဃာကိုလှူထားတဲ့ သံဃိကပစ္စည်းကို သံဃာက လူဒါယကာ ဒါယိကာမများကို စွန့်ကြဲပေးကမ်းခွင့်ကော ရှိပါသလား ဘုရား”
“ရှိပါတယ်၊ ဝေဖန်သုံးဆောင်နေခိုက် ဆိုက်ရောက်လာကြတဲ့ ဒကာ ဒကာမများကို ထိုက်သင့်သလောက် ဝေဖန်ပေးကမ်းခွင့်ရှိပါတယ်၊ ဝိနယသင်္ဂဟ စတုပစ္စယဘာဇန ဝိနိစ္ဆာယမှာ ‘ထပိတယာဂုဘာဇကာဒီဟိ စ ဘာဇနီယဋ္ဌာနံ အာဂတမနုဿနံ အာပုစ္ဆိာတွာဝ ဥပဍ္ဎဘာဂေါ ဒါတဗ္ဗော’ လို့ ဖွင့်ပြထားတယ် ကွယ့်”
“ပေတဝတ္ထုမှာ အရှင်အာနန္ဒာဟာ ကုဏတောင်မှာ နေတော်မူစဉ် ခိုကိုးရာမဲ့ ရောက်လာသော သူငယ်အား ဆွမ်းများကို ခွဲခြမ်းကျွေးမွေးကြောင်း ပြဆိုထားတယ်”
“မှန်ပါ - အဲသည်အကြောင်းကို အနည်းငယ် အကျယ်ချဲ့ပြီး မိန့်တော်မူပါဦး ဘုရား”
“သိချင်တယ်ဆိုလည်း ပြောရသေးတာပေါ့”
“ရှေးက ဗာရာဏသီပြည့်ရှင် ကိတဝမင်းရဲ့ သားတော်ဟာ အလွန် အမျက်မာန်စောင်ကြီးတယ်၊ တစ်ရက်သော နံနက်အချိန်မှာ ဆင်စီးပြီး ဥယျာဉ်ကစား အထွက်မှာ သုနေတ္တပစ္စေကဗုဒ္ဓါ ဆွမ်းခံကြွလာတာနှင့် ကြုံတယ်၊ သုနေတ္တပစ္စေကဗုဒ္ဓါဟာ သူ့ထုံးစံအတိုင်း သပိတ်ကို ပိုက်ပြီး ဘယ်ကိုမျှ မကြည့်ဘဲ စိုက်စိုက် စိုက်စိုက် ကြွတော်မူတာကို မင်းသားက သူ့ကို လက်အုပ်မချီဘဲ သွားရမလားလို့ အပြစ်ရှာပြီး ဆင်ပေါ်က ခုန်ဆင်း၊ ရှင်ပစ္စေကဗုဒ္ဓါရဲ့သပိတ်တော်ကို ဆွဲယူကာ မြေပေါ်ပေါက်ခွဲလိုက်တယ်၊ ရှင်ပစ္စေကဗုဒ္ဓါက သနားသောစိတ်ဖြင့် ကြည့်တာကိုတောင် ငါ့ကို မင်းရဲ့သားမှန်း မသိဘူးလား၊ သင်က ငါ့ကို ဘာလုပ်ချင်လို့ ကြည့်တာလဲလို့ မာန်မဲပြီး ထွက်ခွာသွားတယ်”
“ထွက်ခွာသွားပြီး မကြာခင်မှာ မင်းသားကိုယ်မှာ လောင်မီးကျပြီး သေလွန်တော့ အဝီစိငရဲကျသွားသတဲ့၊ အဝီစိက လွတ်လာပြန်တော့ ပြိတ္တာဖြစ်ပြန်တယ်၊ ပြိတ္တာဘဝက ကျွတ်တော့ ကုဏ္ဍီမြို့အနီး တံငါရွာမှာ ဖြစ်လာတယ်၊ ရှေးဘဝကိုမြင်တဲ့ ဇာတိဿရဉာဏ်ရတဲ့အတွက် ငါးတွေကို မသတ်ဝံဘူး၊ ဒါကြောင့် တံငါဖြစ်ကြတဲ့ မိဘဆွေမျိုးများက နှင်ထုတ်လိုက်လို့ ခြေဦးတည့်ရာလာရင်း သာဏတောင်ခြေကို ရောက်လာတယ်၊ သာဏတောင်ခြေမှာ ရှင်အာနန္ဒာ ဆွမ်းစားရာဝင်ပြီး မျှော်နေလို့ ရှင်အာနန္ဒာက ဆွမ်းကို ခွဲပြီး ကျွေးတယ်၊ ကျွေးမွေးပြီးတဲ့နောက် သနားလို့ သင်္ကန်းဝတ်ပေးတယ်၊ သင်္ကန်းဝတ်ပေးသည့်တိုင်အောင် အလွန် အကုသိုလ်ကြီးလို့ ဆွမ်းခံလို့ ဆွမ်းမရဘူး”
“သည်အကြောင်းကို ဘုရားရှင် သိတော်မူလို့ သာမဏေကို သံဃာတော်များရဲ့ သောက်ရေ သုံးဆောင်ရေဖြည့်ဖို့ တိုက်တွန်းတော်မူတယ်၊ သံဃာတော်များအတွက် သောက်ရေ သုံးဆောင်ရေကို မပြတ်ထည့်တော့မှ လာဘ်လာဘ ပေါများလာသတဲ့၊ သည်သာမဏေဟာ နောင်ရဟန်းဖြစ်တော့ ပေါဋ္ဌပါဒထေရ်လို့ ခေါ်ဝေါ်ကြောင်း ဝိမာနဝတ္ထုမှာ ပြထားသကွယ့်၊ ဒါတင်မကသေးဘူး၊ မဟာဝါအဋ္ဌကထာ ၄၀၀-၄၀၁-မှာ ဘုရားရှင်ကိုယ်တော်တိုင် ဗိမ္ဗိသာရမင်းကြီးကို ဆွမ်းခွဲကျွေးကြောင်း ဖော်ပြထားသေးတယ်”
“ဗိမ္ဗိသာရမင်းကြီးကို ဘုရားရှင်က ဘာကြောင့် ဆွမ်းခွဲကျွေးတာလဲ ဘုရား”
“ဝိနည်းမဟာဝါ အဋ္ဌကထာ ၄၀၀-၄၀၁-မှာ သည်လို ဖော်ပြထားသကွယ့်၊ မြတ်စွာဘုရားသခင် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ်က ဓာတ်နှုတ်ဆေးအလှူခံခိုင်းလိုက်တယ်၊ ဆရာဇီဝကက ဘုရားရှင်ရဲ့ ဝမ်းတော်ကို ဆီဖြင့် နှစ်ရက်သုံးရက် နူးစေပြီး ကြာလက်သုံးလက်မှာ ဆေးထုံပြီးမှ ဘုရားရှင်ထံသွားကပ်တယ်”
“အရှင်ဘုရား - ဤပထမကြာလတ်ကိုရှူလျှင် ကြမ်းတမ်းသော စမြင်းဆယ်ကြိမ်ဝမ်းသက်ပါလိမ့်မယ်၊ ဒုတိယဤကြာလက်ကို နမ်းရှူလျှင် အလတ်ဖြစ်သော စမြင်းဆယ်ကြိမ်သက်ပါလိမ့်မယ်၊ တတိယဤကြာလက်ကို ရှူလျှင် သိမ်မွေ့သော စမြင်းဆယ်ကြိမ်ဝမ်းသက်ပါလိမ့်မယ်” လို့ လျှောက်ထားပြီး အိမ်ကိုပြန်တယ်၊ ကျောင်းဝင်းပြင်ဘက်ရောက်တော့ မြတ်စွာဘုရားရဲ့ ဝမ်းတော်မှာ စမြင်းဒေါသတွေများနေတယ်၊ ကြာသုံးလက်ရှူရုံနှင့် အကြိမ်သုံးဆယ်ဝမ်းသွားမှာ မဟတ်ဘူး၊ ၂၉-ကြိမ်သာ ဝမ်းသွားလိမ့်မယ်၊ သို့သော် ဘုရားရှင် ရေနွေးချိုးတော်မူတဲ့အခါ တစ်ကြိမ်သက်လိမ့်မယ်လို့ အကြံဖြစ်သတဲ့၊ ဆရာဇီဝကရဲ့ အကြံကို ဘုရားရှင်သိတော်မူလို့ ရေနွေးအသင့်ကျိုထားစေတယ်၊
နောက်တစ်နေ့ ဆရာဇီဝကလာပြီး အခြေအနေလျှောက်ထားတယ်၊ ဘုရားရှင်က ၂၉-ကြိမ် ဝမ်းသက်ပြီးကြောင်း မိန့်ကြားတော်တော့ ဆရာဇီဝကက အကြိမ်သုံးဆယ်သက်အောင် ရေချိုးတော်မူပါလို့ လျှောက်ထားတဲ့အတိုင်း ရေချိုးတော်မူတဲ့အခါ အကြိမ် ၃၀-ဝမ်းသက်တော်မူပြီး ပကတိကျန်းမာတော် မူလာတယ်၊ ဘုရားရှင် ကျန်းမာတော်မူလာကြောင်းသိကြလို့ မြို့သူမြို့သားများက မြတ်စွာဘုရားအတွက် အလှူဝတ္ထုကိုစီစဉ်ကြတယ်၊ သည်အကြောင်းသိလို့ ဆရာဇီဝက က ဘုရားရှင်ထံလာပြီး ယနေ့မြို့သူမြို့သားများ ဒါနပြုရန်စီစဉ်နေကြပါတယ်၊ ယနေ့ဆွမ်းခံကြွတော်မမူပါနှင့်လို့ လျှောက်ထားတယ်၊ ရှင်မောဂ္ဂလာန်ကလည်း သည်ယနေ့ ဘုရားရှင်အား ဘယ်သူ့ထံကဆွမ်းကို ကပ်ရမလဲလို့ ဆင်ခြင်တဲ့အခါ သောဏသူဋ္ဌေးရဲ့ဆွမ်းကို မြင်တော်မူသတဲ့။
သည်နေရာမှာ သောဏသူဋ္ဌေးသားအကြောင်း နည်းနည်းတော့ ပြောရဦးမှ ဖြစ်မယ်ကွယ့်
“မိန့်တော်မူပါဘုရား”
“စမ္ပာနဂိုပြည် ဥပသေဋ္ဌိသူဋ္ဌေးရဲ့သား သောဏဟာ အလွန်နူးညံ့သိမ်မွေ့သတဲ့၊ ခြေဖဝါးမှာတောင် အမွေးဖြူနုကလေးတွေပေါက်နေသတဲ့၊ သူ့မိဘတွေကလည်းသူ့ကို အင်မတန်ချစ်လို့ ဘုရားလောင်းသိဒ္ဓမင်းသားလို ဆောင်း, နွေ, မိုး ပြာသာဒ်သုံးဆောင်နှင့်ထားသတဲ့၊ သူ့အတွက် ထမင်းချက်ဖို့ စပါးဟာ နို့ရည်, နံ့သာရည်, ပကတိရည်ဆိုတဲ့ ရေသုံးမျိုးနှင့်စိုက်တဲ့ လယ်က ထွက်တဲ့ စပါးဖြစ်တယ်၊ သည်စပါးကိုလည်း မှည့်ချိန်တန်လျှင် ရိတ်ရိုးရိတ်စဉ်မရိတ်ကြဘူး၊ လူပေါင်းများစွာ လယ်ထဲဆင်းပြီး စပါးနှံများကို ဆွတ်ယူကာ အခြောက်လှမ်းကြရတယ်၊ စပါးနှံတွေခြောက်တော့ ကျီထဲမှာ နံ့သာတစ်ထပ် စပါးတစ်ထပ်ထပ်ပြီး ကျီကိုပိတ်ရတယ်၊ သုံးနှစ်လည်းမှ ဖွင့်ကြရသတဲ့၊ ကျီဖွင့်လိုက်တဲ့အခါ တစ်မြို့လုံး နံ့သာနံ့များကြိုင်လှိုင်သွားသတဲ့၊ အဲသည်စပါးကို ကောင်းမွန်စာဖွတ်ပြီး ရွှေဆန်ကာဖြင့် အကြိမ်တစ်ရာချရတယ်၊ အဲသည်ဆန်ကိုမှ ကျိုက်ကျိုက်ဆူတဲ့ရေနွေးထဲတစ်ကြိမ်နှစ်ပြီး ဆယ်ယူရတယ်။
အဲသည် ထမင်းကို ရွှေခွက်ထဲထည့်၊ အဲသည်ရွှေခွက်ကို ကျိုက်ကျိုက်ဆူပြီး ရေမပါတဲ့ ဃနာနို့ချိုထည့်ထားတဲ့ ငွေခွက်ပေါ်တင်ပြီးမှ သူဋ္ဌေးသားရဲ့ ရှေ့မှောက်ချကြရတယ်၊ ဒါကြောင့် သူဋ္ဌေးသားရဲ့ ထမင်းဟာ အလွန်သင်းပျံ့မွှေးကြိုင်နေသတဲ့၊ ဒါကြောင့် နာလန်ထစဖြစ်တော်မူတဲ့ ဘုရားရှင်အတွက် သည်ဆွမ်းဟာ အလျောက်ပတ်ဆုံးဖြစ်လိမ့်မယ်လို့ အရှင်မဟာမောဂ္ဂလာန်က မြင်တော်မူတယ်၊ မြင်တော်မူတဲ့အတိုင်း ထိုနေ့နံနက်အချိန် တန်ခိုးဖြင့်ကြွပြီး သောဏသူဋ္ဌေးသားရဲ့ ပြာသာဒ်အပြင်က မိမိကိုယ်ကိုပြတယ်။
သောဧသူဋ္ဌေးသားလည်း ရှင်မဟာမောဂ္ဂလာန်လက်က သပိတ်ကိုယူပြီး မွန်မြတ်တဲ့ ဆွမ်းကိုလောင်းလှူတယ်၊ ဆွမ်းရတော့ ရှင်မဟာမောဂ္ဂလာန်က ကြွသွားမည့်ဟန်ပြင်တယ်၊ သည်တော့
သူဋ္ဌေးသားက‘အရှင်ဘုရား-သည်မှာပဲဘုဉ်းပေးတော်မူပါ’ လို့ လျှောက်တယ်၊
ရှင်မဟာမောဂ္ဂလာန်က ‘သည်ဆွမ်းဟာ ဘုရားရှင်အတွက်ဖြစ်တယ်၊ သည်ယနေ့ ဘုရားရှင်ဟာ သည်ဆွမ်းကို ဘုဉ်းပေးလိမ့်မယ်’ လို့ ပြန်ပြောတယ်၊
သူဋ္ဌေးသားက‘အရှင်ဘုရား-ဘုဉ်းပေးတော်မူပါ၊ ဘုရားရှင်တွက် သီးသန့်ထပ်လှူပါ့မယ်’ လို့ လျှောက်ထားတဲ့ အတွက် ရှင်မဟာမောဂ္ဂလာန် ဆွမ်းဘုဉ်းပေးတယ်၊ ဆွမ်းဘုဉ်းပေးပြီးတော့ သူဋ္ဌေးသားက သပိတ်ကို နံ့သာရည်ဖြင့် ပွတ်ဆေးပြီး ဘုရားရှင်အတွက် ဆွမ်းအပြည့် လှူပြန်တယ်၊ ရှင်မဟာမောဂ္ဂလာန်လည်း အဲသည်ဆွမ်းကို ဆောင်ယူပြီး ဘုရားရှင်ကို ဆက်ကပ်တယ်။
အဲသည်နေ့မှာပဲ ဗိမ္ဗိသာရမင်းကြီးလည်း ဘုရားရှင်သည် ယနေ့ဘယ်ဆွမ်းကို ဘုဉ်းပေးတော်မူပါသလဲလို့ ကြံပြီး ဝေဠုဝန်ကျောင်းတော်ကို လာခဲ့ရာ ကျောင်းအတွင်းဝင်ကာမျှနှင့် မွှေးကြိုက်တဲ့ဆွမ်းနံ့ကို ရလို့ စားလိုတဲ့စိတ်ဖြစ်လာသတဲ့၊ သည်အကြောင်းကိုသိလို့ ဘုရားရှင်က မင်းကြီးကို ဆွမ်းနည်းနည်းခွဲပေးတယ်၊ မင်းကြီးဟာ ဘုရားရှင်ခွဲပေးတဲ့ဆွမ်းကို စားပြီးတဲ့နောက် ‘အရှင်ဘုရား- သည်ဆွမ်းဟာ မြောက်ကျွန်းကလှူတဲ့ ဆွမ်းလားဘုရား’ လို့ လျှောက်ထားသတဲ့၊ ဘုရားရှင်က မြောက်ကျွန်းကဆွမ်းမဟုတ်၊ သောဧသူဋ္ဌေးသားရဲ့ ဆွမ်းဖြစ်ကြောင်းနှင့် သောဏသူဋ္ဌေးသားရဲ့ ဂုဏ်များကို မိန့်တော်မူသတဲ့၊ မင်းကြီးဟာ ဘုရားရှင်ရဲ့ မိန့်တော်မူချက်ကြောင့် သောဏသူဋ္ဌေးသားကို မြင်တွေ့လိုစိတ်ပြင်းပြပြီး သူဋ္ဌေးသားအား ခေါ်ယူကြည့်ရှုရာက သောဏသူဋ္ဌေးသား ရဟန်းဖြစ်သွားကြောင်းကို ဝိနယမဟာဝါ စမ္မက္ခဏ္ဍကမှာ အကျယ်ဖွင့်ပြထားတယ်ကွယ့်”
“ဒါကြောင့် ရဟန်းဖြစ်သူကလည်း ဝတ္တရားနှင့်အညီ ကျွေးမွေးကောင်းတယ်၊ ဒါယကာကလည်း စိတ်သန့်သန့်ရှင်းရှင်းနဲ့ဆိုလျှင် သုံးဆောင်လို့အပြစ်မရှိပါဘူး”
“စိတ်သန့်သန့်ရှင်းရှင်းဆိုတာ ဘယ်လိုပါလဲဘုရား”
“စိတ်သန့်သန့်ရှင်းရှင်းဆိုတာ ခိုးလိုသောစိတ်၊ ချုပ်ချယ်လိုသောစိတ်၊ ပိုင်စိုးပိုင်နင်းစိတ်မျိုး မဟုတ်တာကို ဆိုလိုတာပဲကွယ့်”
“အကယ်၍ ခိုးလိုသောစိတ်မျိုးနှင့် သုံးဆောင်ခဲ့လျှင်ကောဘုရား”
“ခိုးလိုတဲ့စိတ်မျိုးနှင့် သာသနိကပစ္စည်းကို သုံးဆောင်ခဲ့လျှင် သူ့ရဲ့စိတ်က ဆွဲဆောင်တဲ့အတွက် အပါယ်ဘုံကိုရောက်မှာပဲကွယ့်၊ သာဓကထုတ်ပြပါဆိုလျှင် တိရောကုဋ္ဋပေတဝတ္ထုကို ညွှန်ပြရမှာပဲ”
“တိရောကုဋ္ဋပေတဝတ္ထုကိုလည်း အတိုချုပ် အမိန့်ရှိပါဦး ဘုရား”
“သည်ကမ္ဘာက နောက်ဆုတ်ရေတွက်ခဲ့လျှင် ၉၂-ကမ္ဘာထက်မှာ ဖုဿဘုရားပွင့်တော်မူတယ်၊ ဖုဿဘုရားရဲ့ခမည်းတော် ဇယသေနမင်းကြီးဟာ ဘုရားလည်း ငါ့ဘုရား, တရားလည်း ငါ့တရား, သံဃာလည်း ငါ့သံဃာဆိုတဲ့ အစွဲအလမ်းဖြင့် ရတနာသုံးပါးကို မိမိချည်းသာလုပ်ကျွေးတယ်၊သူတစ်ပါးကို မလုပ်ကျွေးစေရဘူး၊ သည်အခါ မိထွေးတော်ရဲ့ သားဖြစ်ကြတဲ့ ညီတော်သုံးယောက်တို့ဟာ ပစ္စန္တရစ်မှာထကြွတဲ့ သူပုန်ကို အောင်မြင်တဲ့အထိမ်းအမှတ်နှင့် အောင်ဆုယူကြတဲ့အခါ ဝါတွင်းသုံးလပတ်လုံး ဖန်ရည်စွန်းသော အဝတ်များကိုဝတ်၊ ၂၅၀၀-မျှလောက်ကုန်သော ယောက်ျားအခြံအရံတို့ဖြင့် ဘုရားရှင်နှင့် သံဃာတော်များကို လုပ်ကျွေးကြသတဲ့၊ အဲသည်လိုလုပ်ကျွေးကြရာမှာ တချို့ကလည်း သဒ္ဓါတရားကောင်းကောင်းနှင့် လုပ်ကျွေးကြတယ်၊ တချို့ကလည်း မသန့်တဲ့စိတ်ထားဖြင့် လှူဖွယ်ဝတ္ထုများကို တိတ်တဆိတ်စားကြတယ်၊ မရိုမသေလုပ်ကြတယ်၊ မသန့်သောစိတ်ဖြင့် သာသနိကပစ္စည်းများကိုစားသုံးခဲ့ကြတဲ့ သူများဟာ သေသည်၏အခြားမဲ့မှာ ငရဲဖြစ်ကြသတဲ့၊ ငရဲက ကျွတ်ပြန်တော့လည်း ငရဲမှာပဲထပ်ဖြစ်ခဲ့ကြသတဲ့၊ ယခုကမ္ဘာအတွင်း ကဿပဘုရားရှင်ပွင့်တော်မူတော့ အဲသည်ပုဂ္ဂိုလ်တွေဟာ ငရဲကလွတ်ပြီး ပြိတ္တာဘဝရောက်ကြပြန်သတဲ့၊ ပြိတ္တာဘဝဖြင့် ဘုရားရှင်ထံဝင်ပြီး သူတို့ဘယ်တော့ကျွတ်မှာလဲလို့ လျှောက်ထားကြသတဲ့၊ ကဿပဘုရားသခင်က နောင်အခါ ဂေါတမဘုရားပွင့်လိမ့်မယ်၊ ဂေါတမဘုရားလက်ထက်တော်မှာ သင်တို့ရဲ့အမျိုးထဲက ဗိမ္ဗိသာရမင်းကြီးအလှူပေးပြီး အမျှဝေတဲ့အခါ သာဓုခေါ်ရတဲ့အတွက် သင်တို့ဟာ ပြိတ္တာဘဝကကျွတ်လိမ့်မယ်လို့ မိန့်တော်မူသတဲ့၊ အဲဒီလိုမိန့်တော်မူတဲ့အတိုင်း ကဿပနှင့် ဂေါတမဘုရားနှစ်ဆူအကြား ရှည်ကြာသောကာလပတ်လုံး အဲသည်ပြိတ္တာများဟာ ဆင်းရဲဒုက္ခခံကြရပြီး ဂေါတမဘုရားရှင်လက် ဗိမ္ဗိသာရမင်းက အမျှပေးဝေသောအခါမှ ကျွတ်လွတ်ကြောင်း ပေတဝတ္ထုမှာ ပြဆိုထားတယ်ကွယ့်”
“မှန်ပါ - သည်လိုဆိုတော့ သာသနာပိုင်ပစ္စည်းကို မတရားသုံးဆောင်ခြင်းဟာ အလွန်အပြစ်ကြီးတာပေါ့ဘုရား”
“အေကွယ့်-ဘယ်ပစ္စည်းကိုပဲဖြစ်စေ ခိုလို့ဝှက်လို့ မတရားသုံးဆောင်ခဲ့လျှင် အပြစ်ရှိတာချည်းပဲပေါ့ကွယ်၊ သာမန်ပစ္စည်းတောင် အပြစ်ရှိသေးလျှင် သာသနိကပစ္စည်းဆိုတော့ ပိုပြီးအပြစ်ကြီးမားတာပေါ့”
“မှန်ပါ - သည်လောက်ဆိုလျှင် သည်အဖြေကိုကျေနပ်သင့်ပါပြီ၊ တတိယမေးခွန်းကို ဆက်ပြီးလျှောက်ထားခွင့်ပြုတော်မူပါဦး ဘုရား”
***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၉) - လူ့စိတ်နှင့် ဂြိုလ်နက္ခတ်တာရာ
***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ ၁၄၉-၁၅၈) မှ ကောက်နုတ်ပူဇော်ပါသည်။
ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။
Friday, August 31,2012 10:02 am
(ကပ္ပိယ-မောင်ရဲ)
http://kpymgye.blogspot.com/
https://www.facebook.com/yewin.tun.71
0 comments:
Post a Comment