Wednesday, February 20, 2013

အရာမ်တွင်းနှင့် ထီးဖိနပ် (အပိုင်း၂)


စိမ်ရေသင့်ခြင်း စိမ်ရေချခြင်း

                        မြန်မာဆေးလောကမှာ စိမ်ရေသင့်ခြင်း, စိမ်ရေချခြင်းဆိုတာ ထင်ရှားရှိပါတယ်၊ မြေအတွင်းမှာနစ်မြုပ်နေတဲ့ ဓာတ်တော်မွေတော်များ၊ ရုပ်ပွားတော်များအပေါ် နင်းကျော်မိခြင်း၊ တရားပိဋကတ်တော်များ ပျံ့လွင့်နေသည်ကို နင်းကျော်မိခြင်း၊ ရဟန်းတော်များအသုံးအဆောင် သပိတ်ကွဲ, သင်္ကန်းစုတ်, ယပ်တောင်, ဖိနပ်မှစပြီး မြေ၌တင်ကျန်နေသည်ကို နင်းကျော်မိခြင်း၊ ရတနာသုံးပါးနှင့်စပ်တဲ့ သံ, ကြေး, ရွှေ, ကျောက်, ကြေး, သခွဲ,  ခတ်ပြာ, ဆား, သကြား, ထောပတ်, ဘောဇဉ်များကို ယူဆောင်သုံးစားမိခြင်း၊ ဘုရားပိုင် သံဃာပိုင်ပစ္စည်းများကို အမှတ်မဲ့ ယူဆောင်သုံးစွဲမိခြင်း၊ ရတနာသုံးပါး မိဘဆရာသမားတို့ရဲ့ အဦးအဖျားကို စားသောက်မိခြင်း၊ အိပ်ရာပေါ်တက်ရောက်မိခြင်း၊ အရိပ်ကို နင်းကျော်မိခြင်း၊ လှည့်ဖျားပြောဆိုမိခြင်း၊ ပြန်လှန်ပြောဆိုမိခြင်း၊ တန္တရ, မန္တရဆရာများ စီရင်မြုပ်နှံထားသော အင်းစသည်တို့ကို ကျော်နင်းမိခြင်း၊ မတရားသက်သေလိုက်မိခြင်း၊ နတ်များကို ပြစ်မှားကျူးလွန်မိခြင်း၊ ဤအပြစ်များကို ကျူးလွန်သူဟာ စိမ်ရေသင့်တက်သတဲ့ဘုရား။

                        လူတစ်ယောက်မှာ စိမ်ရေသင့်နေတယ်ဆိုလျှင် ကျန်းမာရေးပျက်စီးခြင်း, အခြံအရံများပျက်စီးခြင်း, စီးပွားပျက်စီးခြင်း, အာဏာပျက်စီးခြင်း, အယူပျက်စီးခြင်း, အကျင့်ပျက်စီးခြင်းဆိုတဲ့ ဗျသနတရားမျိုးတွေ ဆိုက်ရောက်လာတက်ပါသတဲ့၊ ကျရောက်လာတဲ့ ဒီဗျသနတရားမျိုးကိုလည်း ပျောက်ကင်းအောင် ဘယ်လိုမျှ ကုစားလို့မရတက်ဘူးတဲ့ဘုရား၊ ဒါကြောင့် နာတာရှည်ရောဂါစွဲကပ်နေလျှင် အဲဒီရောဂါပျောက်ကင်းအောင်၊ စီးပွားပျက်စီးလျှင် စီးပွားတိုးတက်လာအောင်၊ ကံအားနည်းပါးနေလျှင် ကံအင်အား တိုးတက်အောင် စိမ်ရေမှာ ချရမယ်လို့ လောကီဆေးကျမ်းများမှာ ဆိုထားပါတယ် ဘုရား၊ ဒီဆေးကျမ်းအဆိုကို လေးစားသောအားဖြင့် ရှေးအခါက မင်းများဘိသိက် မသွန်းမီ စိမ်ရေချပါသတဲ့၊ သာသနာတော်အတွင်း ဝင်ရောက်တော့မည့် သာမဏေလောင်းများလည်း လူ့ဘဝကစိမ်ရေသင်ခဲ့လျှင် စိမ်ရေကင်းစင်ပြီး သာသနာတော်အတွင်းမှာ ကုသိုလ်စိတ်နှင့် ပျော်မွေ့နိုင်အောင် စိမ်ရေချကြတယ် ဘုရား၊ မင်္ဂလာဦးအခါမှာလည်း လုပ်စီးပွား  ကိုင်စီးပွား တိုးတက်အောင်ရယ်လို့ စိမ်ရေချကြတယ်ဘုရား

                        စိမ်ရေချတော့ ဘယ်လိုချရသတဲ့လဲကွယ့်

                        မှန်ပါ - စိမ်ရေဆိုကတည်းက ဒီအယူအဆဟာ ဗုဒ္ဓရဲ့အယုအဆမဟုတ်၊ ဗြဟ္မဏတို့ရဲ့ ဥဒကသုဒ္ဓိအယူအဆမျိုးဆိုတာတော့  သိသာနေတယ်ပေါ့ဘုရား

                        ဥဒကသုဒ္ဓိ အယူအဆမျိုးဆိုတာက ဘာလဲကွယ့်

                        ရေဖြင့် စင်ကြယ်နိုင်တယ်ဆိုတဲ့ ဗြဟ္မဏတို့ရဲ့ အယူအဆပေါ့ဘုရား၊ ရွှံ့ စတဲ့ အညစ်ကြေးတွေ ငြိက်ကပ်နေလျှင် ရေးဆေးတော့စင်ကြယ်သွားသလို စိတ်အညစ်အကြေးတွေ ရောဂါ စတဲ့ အညစ်အကြေးတွေကိုလည်း ရေဖြင့် စင်ကြယ်စေနိုင်တယ်လို့ ယူဆတဲ့အယူအဆမျိုးကို ဥဒကသုဒ္ဓိ အယူအဆမျိုးလို့ လွယ်လွယ်ခေါ်ကြတာပါပဲ ဘုရား၊ ပရိတ်ရေဆိုတာလည်း ဒီဥဒကသုဒ္ဓိအယူအတွင်း ပါဝင်တယ်လို့ ဆိုချင်ဆိုနိုင်ပါတယ်၊ ဒီအယူအဆဟာ ရှေးရှေးတုန်းကတည်းက မြန်မာနိုင်ငံအတွင်းသို့ စိမ့်ဝင်နေတယ်ဘုရား၊ ဘိသိက်သွန်းခြင်း, ရေမန်းသောက်ခြင်း, ရေစင်ဖျန်းခြင်း, ရေပက်ကစားခြင်း ဆိုတာတွေဟာ တကယ်တော့ ဥဒကသုဒ္ဓိအယူအဆမျိုးချည်းပဲဘုရား၊ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ ဆေးဂိုဏ်း, အင်းဂိုဏ်း, သိဒ္ဓိဂိုဏ်း, ဣဒ္ဓိဂိုဏ်းများက  အသုံးပြုနေကြတယ် ဘုရား

                        ဟုတ်တာပေါ့ကွယ်၊ ဆေးဂိုဏ်း, အင်းဂိုဏ်း, သိဒ္ဓိဂိုဏ်း, ဣဒ္ဓိဂိုဏ်းဆိုကတည်းက ဗြဟ္မာတို့ရဲ့ မန္တရ, မန္တရအသွင်ကို ဆောင်နေတာကိုး၊ ရိုးရိုးဗိန္ဓောဆရာ ဓာတ်ဆရာမဟုတ်ဘဲ ဂိုဏ်းဆရာဆိုလျှင်တော့ တန္တရ, မန္တရ ဝါဒပဲဖြစ်ရပေမပေါ့၊ ကိုင်း-ကိုယ်တော့် စိမ်ရေချပုံကို ဆက်ပြောစမ်းပါဦး

                        ဆရာများ စိမ်ရေချပုံကတော့ ရှေးဦးစွာ စင်ကြယ်သန့်ရှင်းတဲ့ရေကို ခပ်ယူရပါတယ်၊ အဲဒီရေထဲမှာ နံခုနှစ်ပါး, ပန်းခုနှစ်မျိုး စိုက်ထိုးထားရပါတယ်၊ ပြီးတော့ ဆရာက ရေချမ်းခွက်ကို လက်ဝဲလက်ဖြင့်ကိုင်၊ ပန်းများကို လက်ယာဖြင့်ဆုပ်ကိုင်ပြီး စိမ်ရေချစာများကို ပါးစပ်ကရွတ်ဆိုရင်း ပန်းဖြင့် ရေကိုဆွတ်ပြီး ဖျန်းပေးတာပဲဘုရား

                        စိမ်ရေချစာကိုလည်း ဆိုပြစမ်းပါဦး၊ စာဖတ်ပရိသတ်များ ဗဟုသုတရတာပေါ့ကွယ်

                        စိမ်ရေချစာဟာ မူအမျိုးမျိုးရှိတယ်ဘုရာ့၊ မူတစ်ခုကတော့ အခုရွတ်ဆိုပြပါမယ်



                                                                            စိမ်ရေချစာ

                        သီတာရေဖျန်း၊ အေးစိမ့်ချမ်းမှု၊ ပန်းမျိုးခုနစ်ပါး၊  ခယားကုက္ကို၊ စိမ်းညိုမြေဇာ၊ သောကြာနံသီး၊ ထည့်ပြီးတစ်ခန်း၊ ညွန့်လန်းသပြေ၊ မသွေထန်းအုန်း၊  သုံးသုံးအမျှ၊ ကမ္ဘာ့ဆောင်ပန်း၊ ထုံးတမ်းရှိရာ၊ ဘုရားစိမ်ရေ၊ တရားစိမ်ရေ၊ သံဃာစိမ်ရေ၊ မာတာပိတ အမိအဖစိမ်ရေ၊ ဆရာသမားစိမ်ရေ၊ စိမ်ရေရှိသမျှအပေါင်း၊ မကောင်းအန္တရာယ်၊ ကိုယ်ဝယ်မရောက်၊ ဖြစ်စေသောဝ်။

                        ဥုံ-ဘဒ္ဒကမ္ဘာ၊ ပေါ်ဦးစွာက၊ သဒ္ဓါကြည်ဖြူ၊ လူတို့ပြည်မှာ၊ ကပ်ရောက်လာသည့်၊ ရောဂါအပေါင်း၊ မကောင်းအိမ်မက်၊ သက်သည့်အနေ၊ ဤစိမ်ရေကို၊ မသွေတကယ်၊ ရန်မျိုးကွယ်အောင်၊ ပယ်မည်ယခု လာသတည်း။

                        ဥုံ - ဘုရား-တရား-သံဃာ၊ ရတနာမျိုး၊ ပုထိုးဂူကျောင်း၊ တန်ဆောင်းဇရပ်၊ ပြာသာဒ်စေတီ၊ သရီကိုယ်စား၊ သိမ်ကျောင်းများလည်း၊ ပြစ်မှားတစိ၊ နင်းကျော်မိ၍၊ သင့်သည့်အနေ၊ ဤစိမ်ရေသည်၊ မသွေခဏ လျောစေသား။

                        ဥုံ-ပုဆိုးကြွက်ခဲ၊ မလွဲဝတ်ဆင်၊ မီးနေအိမ်အောက်၊ အလျောက်အလျား၊ သွားမိချေဖူး၊ တစ်ထွေဘူး, ဖရုံ၊ ဝင်တုံလေငြား၊ လှေခါးလက်ကသုံး၊ ကုန်းလျှိုးမိက၊ သင့်သည့်အနေ၊ ဤစိမ်ရေလည်း၊ မသွေခဏ လျောစေသား။

                        ဥုံ-ရွှေငွေဖလ်မှန်၊ ကျောက်သံပတ္တမြား၊ ဖလားလင်ပန်း၊ တစ်ခန်းအလျောက်၊ ယောက်မ, ယောက်ချို၊ စဖိုခနောက်၊ မှောက်ခုံမှောက်နှင့်၊ အလျောက်အခင်း၊ ဝက်စားကျင်းနှင့်၊ အခင်းသွားထား၊ တိုင်မိမှား၍၊ သင့်ငြားတစ်ထွေ၊ ဤစိမ်ရေလည်း၊ မသွေခဏ လျောစေသား။

                        ဥုံ-အဘိုး အဘွား၊ အမိအဖ၊ စသည့်တစ်ထွေ၊ ဤစိမ်ရေသည်၊ မသွေခဏ လျောစေသား။

                        ဥုံ-ဒုဿကုဏ၊ ငှက်မျိုး စ,သား၊ မိုးဝတိန်ညင်း၊ ငှက်ပျင်းစင်ရော်၊ ငှက်တော်, ဥဒေါင်း၊ မကောင်းခတ်ပုတ်၊ ငှက်ယုတ်ငှက်မာ၊ မြည်လာညိုးညံ၊ အသံမစဲ၊ လက်ဝဲလက်ယာ၊ ငှက်တကာလည်း၊ ဝေးရာလွင့်၍ ပျောက်စေသား။

                        ဥုံ-သမင်,ဒရယ်၊ ချေငယ်, စိုင်ဆက်၊ ဖွတ်ပုတက်နှင့်၊ သားမြတ်ထူးထွေ၊ ရေနေအမျိုး၊ မြွေဆိုး, မြွေဟောက်၊ ငန်းပြောက်, ငန်းကြီး၊ စပါးကြီး, လင်းမြွေ၊ ငန်းတော်ရေက၊ မြွေမျိုး စသည်၊ ကြောက်စရာမြင်ချေ၊ ဤစိမ်ရေလည်း၊ မသွေခဏ လျောစေသား။

                        ငါးဖြာရန်သူ၊ ဆယ်ဆူသောဒဏ်၊ ရှစ်တန်သောအပြစ်၊ အညစ်ဆယ်ပါး၊ နှစ်ဆယ့်ငါးဘေး၊ ကင်းဝေးစေရာ၊ ဆယ့်ခြောက်ဖြာနှင့်၊ ကင်းကွာဥပါဒ်၊ မကပ်ဒွတ္တိံသ၊ ဆနဝုတိ၊ မရှိကိုယ်ဝတ်၊ လွင့်ပျောက်ပြယ်သည်၊ မတွယ်ရှင်းကွာ ဝေးစေသား။

                        သုချမ်းသာ၊ ကိုယ်၌သာလျှင်၊ မကွာအမြဲရှိစေသား။

                        မဃဣန္ဒာ၊ အသုရာနှင့်၊ ဒေဝါဒေဝေ၊ စသည့်ကျော်သောင်း၊ နတ်အပေါင်းတို့၊ ကောင်းကျိုးချမ်းသာပေးစေသား။
                        တနင်္ဂနွေ, တနင်္လာ, အင်္ဂါ, ဗုဒ္ဓဟူး, ကြာသာပတေး, သောကြာ, စနေ၊ ခုနစ်ရက်မွေးဖွား၊ ယောက်ျား မိန်းမ၊ ဟူသမျှလည်း၊ မြင်ကစုံမက်၊ ရန်ဝယ်ထွက်သို့၊ မပျက်မေတ္တာမျှစေသား။

                        ဘင်နာ, စိန်, ဒန်၊ သံနှင့်ဆေးဒန်း၊ ယမ်း,ဆား, ဒုတ္တာ၊ သီလာကျောက်မျိုး၊ ပြီးမျိုးကာယ၊ အကွယ်စ,သည်၊ မြှုပ်ထစက်မှု၊ အနုနတ်ဆေး၊ ရုပ်သေးခါးလှည့်၊ လက်ဖွဲ့အင်းဆောင်၊ ကြံတိုင်အောင်၍၊ ဆောင်တိုင်းမကြာ မြောက်စေသား။

                        သူကျင့်သူပြု၊ ပညာမှုလည်း၊ မယုမယိုင်၊ မခိုင်နက္ခတ်၊ စန်းပြတ်လွန်းပြတ်၊ နဝင်းပြတ်နှင့်၊ ဂြိုဟ်ပြတ် ဂြိုဟ်ဝင်၊ ဂြိုဟ်ဆင် ဂြိုဟ်နင်း၊ ဂြိုဟ်ချဉ်း ဂြိုဟ်စီး၊ လဂ်စီး ဂြိုဟ်သွား မြှုပ်ထားအင်းပျက်၊ အိပ်မက်အပေါင်း၊ မကောင်းအသံ၊ ငှက်ပျံငှက်ဝဲ၊ ကြွက်ခဲတမျှ၊ ဂြိုဟ်ပါပနှင့်၊ ဆနဝုတိ၊ မရှိကိုယ်ဝတ်၊ လွင့်ပျောက်ပယ်၍၊ မတွယ်ရှင်းကွာ ဝေးစေသား။

                   အူနူအူသိမ်၊ အပိန်အညှော်၊ နာသော်အပေါင်း၊ မကောင်းစောစိမ်ရေ၊ မကောင်းသော ဥပဒ်အန္တရာယ်၊ မကောင်းသောဘေးဒဏ်တို့သည်၊ ဗုဒ္ဓါနုဘာဝေန-မြတ်စွာဘုရား၏ တန်ခိုးတော်ဖြင့်လည်းကောင်း၊ ဓမ္မာနုဘာဝေန-တရားတော်၏ တန်းခိုးအားဖြင့်လည်းကောင်း၊ ဝိနာသန္တု-ပိန်းကြားဖတ်တွင် ရေမတင်သကဲ့သို့ လျှင်မြန်စွာ ကင်းပျောက်ကြပါစေကုန်သတည်း။


                                                            မိစိမ်ရေ ဘစိမ်ရေ

                        “စိမ်ရေချစာတော့ နားထောင်ပြီးပြီ၊ ဆိုလိုရင်းကို ပြောစမ်းပါဦးကွယ့်”

                        “ဆိုလိုရင်းကတော့ ကျောင်းဝင်း ဘုရားဝင်းအတွင်း ဖိနပ်စီး, ထီးဆောင်းအမှုမျိုးပြုလုပ်ခဲ့လျှင် ပြစ်မှားလိုသည်ဖြစ်စေ၊ မပြစ်မှားလိုသည်ပြင်ဖြစ်စေ စိမ်ရေသင့်တက်တယ်၊ လောကမှာ စိမ်ရေသင့်တယ်ဆိုလျှင် လောကဝိဇ္ဇာမျိုးမို့ သံသရာပြစ်လည်း ဖြစ်သင့်တယ်လို့ တပည့်တော်ယူဆပါတယ်၊ ဆရာတော်က မနောဗုဗ္ဗမင်္ဂမာဂါထာနှင့် မဒုဋ္ဌ, အပဒုဋ္ဌ ခွဲလိုက်တော့ တပည့်တော် ဘဝင်မကျသလို ဖြစ်သွားပါတယ် ဘုရား”

                        “ဒီလိုဆို ကိုယ်တော်ရဲ့ စိမ်ရေချစကားနှင့်ပင် ကိုယ်တော့်ကို ပြန်မေးပါရစေဦး”

                   “မှန်ပါ - မေးတော်မူပါဘုရား”

                        ”စိမ်ရေသင့်တာဟာ သာသနာ့မြေပေါ် ကျူးကျော်သွားလာနေသူကိုသာ မကဘူး၊ ရတနာသုံးပါး ဆရာမိဘများနှင့် ရှည်ကြာစွာ နေထိုင်ဖူးသူအချို့လည်း စိမ်ရေသင့်ရောက်တက်သတဲ့၊ ဥပမာ-မိစိမ်ရေ, ဘစိမ်ရေဆိုပါစို့ကွယ်၊ ဒီစိမ်ရေ ဘာကြောင့်သင့်တာလဲ၊ မိဘနှင့်နေရုံကာမျှနှင့် သင့်တာလားဆိုတော့ မဟုတ်ဘူးကွယ့်၊ မိအိုဖအိုများနှင့် ရှည်ကြာစွာနေရတော့ တစ်ခါတစ်ရံ စိတ်အလိုမကျတာရှိမယ်၊ ပါးစပ်က ပြန်လှန်ပြောဆိုမိမယ်၊ ကိုယ်အားဖြင့် အဂါရဝမှုပြုကျင့်မိမယ်၊ စိတ်ကပြစ်မှားမိမယ်ပေါ့၊ ဒီအပြစ်တွေဟာ တကယ်တော့ ကြီးကြီးမားမား မဟုတ်ကြဘူး၊ ဒါပေမယ့် ကျပါများတော့ အိုးစရည်းကြီးအတွင်း မိုရည်စက်တွေပြည့်လာသလို ရက်လနှစ်တွေကြာညောင်းလာတော့ မကောင်းမှုတွေပြည့်လာခဲ့တယ်၊ အဲဒါကို ဆေးဘာသာအားဖြင့် စိမ်ရေသင့်တယ်လို့ ခေါ်လိုက်တယ်၊ ဒီဥပမာမှာ မိစိမ်ရေဘစိမ်ရေဟာ ပဒုဋ္ဌဆိုတဲ့ပြစ်မှားလိုစိတ်မပါဘဲ မသင့်ရောက်နိုင်သလို ကျောင်းမြေ ဘုရားမြေအတွင်း ဖိနပ်စီးခြင်း၊ ထီးဆောင်းခြင်းတို့ကိုလည်း ဒီဥပမာအတိုင်းမှတ်သင့်တယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာမှန်သမျှ သတိပြုသင့်တာက ကျောင်းဝင်း, ဘုရားဝင်းအတွင်း ကြည်ညိုစိတ်နှင့် ဖိနပ်ချွတ်သွားလျှင်, ထီးရုပ်သွားလျှင် သွားရင်း လာရင်း မိမိတို့သန္တာန်မှာ ကုသိုလ်တရားတွေ တိုးပွားလာတယ်၊ ဘာဖြစ်ဖြစ်ဆိုပြီး ဖိနပ်စီး ထီးဆောင်းသွားခဲ့လျှင် မိမိသန္တာန်မှာ ပြစ်မှားလိုသော ပဒုဋ္ဌစိတ်ဟာ မသိသာသော်လည်းကောင်း၊ သိသိသာသာသော်လည်းကောင်း ပါသွားတက်တဲ့ အတွက် သွားရင်းလာရင်း အကုသိုလ်ဖြစ်တယ်လို့ မှတ်သင့်ပါတယ်”။

                        “မှန်ပါ-ဒီအဖြေကို တပည့်တော် သဘောကျသွားပါပြီ၊ ဒါနဲ့ တစ်ဆက်တည်း လျှောက်ထားစရာ ရှိနေပါသေးတယ် ဘုရား”

                        “ဘာများလဲကွယ့်-လျှောက်ထားစမ်းပါဦး”



                                                            သာသနာ့မြေကိစ္စ

                        “အခုအခါ လူဦးရေဟာ ဒီရေတက်သလို တက်နေတယ် ဘုရား၊ လူဦးရေ တိုးပွားလာတဲ့အတွက် လူတွေ နေစရာထိုင်စရာ ရှားပါးလာပါတယ်၊ ရှေးအခါကာလက မြေနေရာ ကျယ်ဝန်းတဲ့အတွက် သာသနာ့မြေများကို အတော်ကျယ်ကျယ်ဝန်းဝန်း ယူထားကြပါတယ်၊ အခြေအနေအရ အချို့သော သာသနာ့မြေများဟာ အစောင့်အရှောက် မရှိတော့ဘဲ တောထနေကြပါတယ်၊ အချို့အစောင့်အရှောက် ရှိပါသော်လည်း ကျောင်းဝင်းကြီးတစ်ခုလုံးမှာ အစောင့်အရှောက် တစ်ပါးတလေမျှသာ ရှိတက်ကြပါတယ်၊ ဒီလို မြေနေရာ မညီမမျှဖြစ်နေတဲ့အချိန်မှာ အချို့ဒကာများက ဘုန်းကြီးများကို လျှောက်ထားပြီး မြေနေရာတောင်းနေကြပါတယ်၊ ဒီနေရာမှာ ပြဿနာက ဒကာ တောင်းတဲ့ မြေနေရာကို ပေးသင့် မပေးသင့်၊ ပေးနိုင် မပေးနိုင် ဖြစ်နေပါတယ် ဘုရား”

                        “အင်း- ဒီပြဿနာက  အမေး လွယ်သလောက် ဖြေဆိုဖို့ မလွယ်ကူဘူးကွယ့်၊ ဒါကြောင့်ပြဿနာကို မဖြေဆိုခင် ဂရုဘဏ်, လဟုဘဏ်ကို ဦးစွာ သိထားသင့်သေးတယ်”

                        “မှန်ပါ - မိန့်တော်မူပါ ဘုရား”

                        “ဘုရားရှင် လက်ထက်တော်ကာလက သာဝတ္ထိပြည်ရဲ့ အနီးမှာ ရွယ်ငယ် တစ်ရွာရှိတယ်၊ ထို ရွာငယ်ရဲ့ အနီးမှာလည်း ဘုန်းကြီးကျောင်း တစ်ကျောင်းရှိတယ်၊ ဒီကျောင်းဟာ သာဝတ္ထပြည်ရဲ့ အနီးမှာ တည်နေတဲ့အတွက် ဘုရားဖူးကြွလာကြတဲ့ အာဂန္တုကရဟန်းများလည်း မပြတ်ရောက်တက်တယ်၊ကျောင်းနေ ရဟန်းများဟာ အာဂန္တုရောက်လာတိုင်း ကျောင်းအိပ်ရာနေရာများကို ခင်းပေးနေကြရတဲ့အတွက် အနှောင့်အယှက် ဖြစ်နေကြတယ်၊ ဒါကြောင့် ရဟန်းတော်များ တိုင်ပြင်ကြပြီး သံဃိက(သံဃာပိုင်) ကျောင်း, အိပ်ရာ, နေရာတို့ကို ရဟန်းတစ်ပါးအား သဘောတူ ပေးလိုက်ကြတယ်၊ မကြာမီ အာဂန္တုကရဟန်းများ ရောက်လာကြပြီး ‘ငါ့ရှင်တို့ ငါတို့အတွက် ကျောင်း အိပ်ရာ နေရာခင်းများ ခင်းကြပါ’ လို့ ပြောကြတယ်၊ ဒီအခါ ရဟန်းတော်များက “ငါ့ရှင်တို့ သံဃိကကျောင်း, အိပ်ရာ, နေရာ မရှိကုန်တော့ဘူး၊ တပည့်တော်များ သဘောတူ ရဟန်းတစ်ပါးအား ပေးလိုက်ကြပြီ’ လို့ ပြောကြတယ်၊ အာဂန္တုများက ‘အရှင်ဘုရားများ သံဃိက ကျောင်း, အိပ်ရာ, နေရာကို ပေးလိုက်ကြသလား’ လို့ မေးတော့ ‘ရဟန်းတော်များက ဟုတ်တယ်၊ ပေးလိုက်ကြတယ်’ လို့ ပြန်ဖြေတယ်၊ ဒီအကြောင်း အာဂန္တုရဟန်းတော်များ သာဝတ္ထိပြည်ကို ရောက်တော့ ဘုရားရှင်ကို လျှောက်ထားကြတယ်၊ ဘုရားရှင်က သံဃိက ပစ္စည်းပေးလိုက်ကြတဲ့ ရဟန်းတော်များကို အပြစ်ဆိုတော်မူပြီး-
                        “ရဟန်းတို့-ဤမစွန့်ထိုက်တဲ့ ဘဏ္ဍာငါးပါးတို့ကို သံဃာသည်လည်းကောင်း, ဂိုဏ်းသည်လည်းကောင်း, ပုဂ္ဂိုလ်သည်လည်းကောင်း မစွန့်ထိုက်ကုန်၊ စွန့်သော်လည်း စွန့်ရာမရောက်ကုန်၊ စွန့်သောရဟန်းအား ထုလ္လစ္စည်း အာပတ်သင့်စေ၊ ငါးပါးသော ဘဏ္ဍာတို့ဆိုသည်မှာ -
                        (၁)        အရာမ်-အရာမ်ရာ၊
                        (၂)        ကျောင်း-ကျောင်းရာ၊
                        (၃)        ညောင်စောင်း-အင်းပျဉ်-ဖုံ-ခေါင်းအုံး၊
                        (၄)        ကြေးအိုး-ကြေးအင်တွဲ-ပဲခွပ်-ပုဆိန်-ဓားမ-ပေါက်တူး-ဆောက်၊
                        (၅)        နွယ်-ဝါး-ဖြူဆံမြက်-ပြိတ်မြက်-မြက်-မြေညက်-သစ်ဘဏ္ဍာ-မြေဘဏ္ဍာ-
ဆိုတဲ့ 
ဤငါးမျိုးသော ဘဏ္ဍာတို့ကို မစွန့်ထိုက်ပြန်၊ စွန့်သော်လည်း စွန့်သည်မမည်၊ စွန့်သောရဟန်းအား ထုလ္လစ္စည်းအာပတ်သင့်စေ’ လို့ စူဠဝါပါဠိတော် သေနာသနက္ခန္ဓာကမှာ ဘုရားရှင်ပညတ်တော်မူထားတယ်၊ အရာမ်-အရာမ်ရာ, ကျောင်း-ကျောင်းရာများဟာ အကယ်၍ သံဃိကဖြစ်ခဲ့လျှင် ဒီပညတ်ချက်မှာ ပါတဲ့အတိုင်း ဂရုဘဏ်ဖြစ်တယ်၊ ဂရုဘဏ်ဆိုတာ လေးလံသောပစ္စည်းပေါ့၊ အမှန်လေးလံတဲ့ပစ္စည်းဟာ တစ်နေရှာမှ တစ်နေရာသို့ ပြောင်းရွှေ့မရသလို ဂရုဘဏ်ပစ္စည်းများကိုလည်း သံဃိကအဖြစ်မှ ဂဏိက, ပုဂ္ဂလိကအဖြစ်သို့ ရောက်အောင် ပြောင်းရွှေ့လို့မရဘူး ဝေဖန်ပေးကမ်းလို့ မရဘူး၊ ဝေဖန်ပေးကမ်းသော်လည်း ဝေဖန်ပေးကမ်းသည်မည်၊ မူလသံဃိကအဖြစ်ကို မစွန့်ဘူး၊ ဒါကြောင့် ‘အဝေဘင်္ဂိယ-မဝေဖန်ကောင်းသော ဝတ္ထု၊ အဝိဿဇ္ဇိယ-မစွန့်အပ်, မပေးအပ်သောဝတ္ထု လို့ ကျမ်းများကဆိုတယ်၊  ဒီအဆိုအရ သံဃိကမြေကို ဒကာကတောင်းလျှင် ရဟန်းဖြစ်သူဟာ မပေးထိုက်ဘူး၊ ပေးသော်လည်း ပေးသည်မမည်ဘူးလို့ မှတ်သင့်တယ်၊ ဒီလိုဂရုဘဏ်မြေကို မဆိုထားနှင့်၊ သံဃိကမြေမှာပေါက်တဲ့ သရက်ပင် ပိန္နဲပင်တို့က သီးတဲ့အသီးကိုသော်လည်း ဒကာတောင်းတိုင်း မပေးအပ်ဘူး၊ သံဃာကိုသုံးကြိမ်ပန်းကြားပြီးမှ ပေးအပ်တယ်၊ ဒီအကြောင်းကို ‘ဒေန္တေန ပန သံဃံ သန္နိပါတေတွာ ယာဝတတိယံ သာဝေတွာ အပလောကနကမ္မံ ကတွာဝ ဒါတဗ္ဗံ’ လို့ ပရိဝါအဋ္ဌကထာမှာ ဆိုထားတယ်ကွယ့်”

                        “ဒီလိုဆို သာသနိကမြေကို ဘယ်လိုနည်းနှင့်မျှ အပမြေပြုလုပ်လို့မဖြစ်တော့ဘူးလားဘုရား”

                        “ဒီလိုတော့လည်း မဟုတ်ပါဘူး၊ လုပ်လို့ဖြစ်တဲ့နည်းလည်းရှိပါတယ်”

                        “ရှိလျှင် အမိန့်ရှိပါဦး ဘုရား”

                        “ဝိနယသင်္ဂဟ အဋ္ဌကထာ ဂရုဘဏ္ဍဝိနိစ္ဆယကထာမှာ ဆိုထားတာက ထာဝရဝတ္ထုနှင့် ထာဝရဝတ္ထု လဲလှယ်ခွင့်ရှိတယ်၊ ဂရုဘဏ်နှင့် ဂရုဘဏ်ချင်း လဲလှယ်ခွင့်ရှိတယ်၊ လဲလှယ်ပုံက သံဃာပိုင်တဲ့ အုန်းတောအရာမ်ကဝေးနေတယ်၊ ဝေးနေတဲ့အတွက် စောင့်ရှောက်ဖို့ခက်နေလျှင် စောင့်ရှောက်ရန် လွယ်ကူတဲ့ ဒကာရဲ့အရာမ်နှင့် သံဃာကိုပန်ကြားပြီး အရာမ်ချင်း လဲလှယ်နိုင်တယ်၊ ဒီနည်းအတိုင်း အရာမ်အရာကိုလည်းကောင်း, ကျောင်းကိုလည်းကောင်း, ကျောင်းရာကိုလည်းကောင်း လဲလှယ်နိုင်ခွင့်ရှိတယ်”

                        “လဲလှယ်နိုင်ခွင့် ရှိတယ်ဆိုတာတော့ ဟုတ်ပါပြီဘုရား၊ အကယ်၍ ဒကာက လဲလှယ်စရာမြေမရှိဘူး၊ မြေမရှိတဲ့အတွက် တန်ရာတန်ဖိုး ဝတ္ထုကြေးငွေပေးပြီး ယူလျှင်ကော ဖြစ်နိုင်ပါ့မလားဘုရား”

            “ဘိက္ခုပါတိမောက် ဧဠကလောမဝဂ်မှာ ရဟန်းတော်များ အရောင်းအဝယ်မလုပ်ရဘူးလို့ တားမြစ်ချက်ရှိနေတော့ ရဟန်းတော်များနှင့် အရောင်းအဝယ်လုပ်လို့တော့ မဖြစ်ဘူး၊ အပ်အောင်လုပ်တက်တဲ့ ကပ္ပိယကာရကနှင့် ဒါယကာအချင်းချင်း ဝတ္ထုကြေးငွေနှင့်ဖလှယ်ပြီး ရတဲ့ကြေးငွေဖြင့် ကပ္ပိယဘဏ္ဍာကို စားထောင်ပေးမယ်ဆိုလျှင်တော့ ဖြစ်နိုင်လောက်စရာရှိပါတယ်၊ ဒါလည်း သံဃာကို မပန်ကြားဘဲတော့ မဖြစ်ဘူးကွယ့်”

                        “သာသနိက မြေနှင့်စပ်ပြီး ဒီလောက်ဆို အဓိပ္ပါယ်ပေါက်ပါပြီ၊ ဒါပေမယ့် အဓိပ္ပာယ်မပေါက်တဲ့ အပိုင်းကလေးကလည်း ရှိနေသေးတယ်ဘုရား”

                        “ဆိုစမ်းပါဦး၊ ဘယ်အပိုင်းလဲကွယ့်-အဓိပ္ပာယ် မပေါက်တာ”

                        “သာသနိကမြေဟာ ဘုရားရှင်ကိုလှူတဲ့ ဗုဒ္ဓသန္တကမြေ၊ သံဃာတော်ကိုလှူတဲ့ သံဃာသန္တကမြေ၊ ပုဂ္ဂိုလ်ကိုလှူတဲ့ ပုဂ္ဂလိကမြေရယ်လို့ သုံးမျိုးရှိနေပါတယ်၊ သည်သုံးမျိုးလံး ဂရုဘဏ်မြေဖြစ်ပါသလား ဘုရား”

                        “သံဃဿ ဒိန္နကာလတော ပဋ္ဌာယ ဂရုဘဏ္ဍံ ဟောတိ’ လို့ အဋ္ဌကထာ ဆိုတဲ့အတိုင်း ဂရုဘဏ်ဆိုတာ တစ်ဦးတည်းပိုင်မဟုတ်တဲ့ အများပိုင်(သံဃိက)ကို ဆိုလိုတယ်၊ ခုခေတ်စကားနှင့် သုံးရလျှင် ပြည်သူပိုင်ပေါ့ကွယ်၊ အများပိုင်ဖြစ်နေလို့ ပုဂ္ဂိုလ်ဂိုဏ်းတို့က မဝေဖန်နိုင်တာပေါ့”

                        “သံဃိကမြေဆိုတာ သံဃာတော်များ သီတင်းသုံး နေထိုင်ဖူးခဲ့တဲ့ မြေကို ဆိုလိုပါသလား၊ ဒါမှမဟုတ် သံဃာအား ရေစက်သွန်းချပြီး လှူဒါန်းထားတဲ့ မြေကို ဆိုလိုပါသလား ဘုရား”

                        “သံဃာတော်များ သီတင်းသုံးနေထိုင်ဖူးရုံကာမျှနှင့်တော့ သံဃိကမြေလို့ မခေါ်နိုင်ဘူး၊ မြေပိုင်ရှင်တစ်ဦးဦးက သံဃာတော်အား လှူဒါန်းထားတဲ့မြေကိုမှ သံဃိကမြေလို့ ခေါ်နိုင်သကွယ့်”

                        “သံဃာအား လှူဒါန်းပုံကလည်း နှစ်မျိုးရှိပါတယ် ဘုရား”

                        “ဘယ် နှစ်မျိုးလဲကွယ့်၊ ဆိုစမ်းပါဦး”

                        “သံဃာတော်များ သီတင်းသုံးရန်လှူထားတဲ့ အရာမ်မြေ(အာရာမဝတ္ထု) ကျောင်းမြေ (ဝိဟာရဝတ္ထု)နှင့် အရာမ်မြေ ကျောင်းမြေများကို အရှည်တည်တံ့အောင် စောင့်ရှောက်နိုင်ဖို့အတွက် သီးခြားလှူဒါန်းထားတဲ့ ဝတ္ထုကံမြေဖြစ်ပါတယ် ဘုရား၊ ရှေးမင်းများ, အမတ်များ, သူဋ္ဌေး သူကြွယ်များဟာ ကျောင်း, ဘုရား တည်ထားပြီးနောက် ထိုကျောင်းဘုရားပြုပြင်ရန်အတွက် နယ်နိမိတ်သတ်မှတ်ပြီး လယ်ယာမြေများကို လှူဒါန်းတက်ကြပါတယ်၊ ဒီနေရာမှာ အာရာမဝတ္ထု, ဝိဟာရဝတ္ထုခေါ်တဲ့ အရာမ်မြေ ကျောင်းမြေများအပေါ် မေးမြန်းဖို့ မကျန်သော်လည်း ဝတ္ထုကံမြေနှင့် ပတ်သက်လို့ောတ့ မေးမြန်စရာရှိနေပါသေးတယ်”

                        “ဘယ်လို မေးမြန်းစရာလဲကွယ့်”

                        “ရှေးဟောင်းကျောက်စာများကို လေ့လာပါလျှင် ရှေးမင်းကောင်းများ လှူဒါန်းထားတဲ့ ဝတ္ထုကံမြေဟာ လယ်ယာမျှသာမက အချို့ရွာတွေ, မြို့တွေကိုပါ ငုံနေတာကို တွေ့ကြရပါတယ်၊ ကျောက်စာပါအတိုင်းသာဆိုလျှင် ရွာတွေ မြို့တွေပါ သာသနိကမြေ ဖြစ်နေလို့ ပြောင်းရွှေ့ပေးရမလို ဖြစ်နေပါတယ်၊ ဒီဟာကို တပည့်တော်များက သဘောမပေါက်ပါဘူး၊ ဒီဝတ္ထုကံမြေကိုလည်း ပရိဘောဂစေတီအဖြစ် ဂရုဂါဝရထားပြီး ဖိနပ်မစီး, ထီးမဆောင်း ရှောင်ကြဉ်ကြရမှာလား ဘုရား”

                        “ဝတ္ထုကံမြေဆိုတာက အာရာမဝတ္ထု, ဝိဟာရဝတ္ထုတို့လို ဂရုဘဏ်မြေ မဟုတ်ပါဘူး၊ ဒီမြေကထွက်တဲ့ အခွန်ဘဏ္ဍာသည်သာ ဗုဒ္ဓသန္တက, သံဃသန္တက ဖြစ်ပါတယ်၊ ဒါကြောင့် ဂရုဘဏ်ငါးပါးမှာ ဒီမြေမပါဝင်ဘူးလို့ မှတ်သားသင့်တာပေါ့ကွယ်”


                                                ဘုရားကျွန် ကျောင်းကျွန်ဆိုသည်

                        “မှန်ပါ - ဒီလိုဆို တော်သေးတာပေါ့ဘုရား၊ အချို့က ပြောကြတော့ ဝတ္ထုကံမြေအတွင်း နေထိုင်သူမှန်သမျှကို ဘုရားကျွန် ကျောင်းကျွန်လိုလို ပြောဆိုကြတဲ့အတွက် ဝတ္ထုကံမြေနှင့် ပတ်သက်ပြီး အောင့်သက်သက် ဖြစ်နေကြသကိုး ဘုရား”

                        “မဟုတ်ပါဘူးကွယ်၊ ဘုရားကျွန် ကျောင်းကျွန်ဆိုတာ ကျောင်း, ဘုရားကို ပြုပြင်ဖို့အတွက် လှူဒါန်းထားတဲ့ လူတွေပါ၊ ဒီလူတွေဟာလည်း အများထင်သလို လူယုတ် လူညံ့တွေ မဟုတ်ကြပါဘူး၊ သာသနာတော်ရဲ့ ဝေယျဝစ္စ ပြုလုပ်နေကြ သူတွေဖြစ်လို့ လူကောင်းလူတော်တွေ ဖြစ်ကြပါတယ်၊ တချို့များ မိမိကိုယ်ကို မိမိဘာသာ ဘုရားထံ သံဃာ့ထံမှာ ကျွန်အဖြစ် အပ်နှင်းထားတာတွေတောင် ရှိနေပါတယ်၊ ဒါကြောင့် မယုတ်ညံ့ပါဘဲနှင့် ဘုရားကျွန် ကျောင်းကျွန်များ ယုတ်ညံ့တဲ့စာရင်းထဲ ပါဝင်သွားကြရတာဟာ သူတို့ရဲ စိတ်ဓာတ် ယုတ်ညံ့မှုကြောင့် ပဲကွယ့်”

                        “ဘယ်လို ယုတ်ညံ့မှုကြောင့်ပါလဲ ဘုရား”

                        “သူတို့ကို မင်းအစရှိတဲ့ပုဂ္ဂိုလ်ကြီးတွေက သင်တို့ဟာ ဘုရား သံဃာတော်တို့ရဲ့ ဝေယျာဝစ္စအမှုကိုသာ ပြုလုပ်ကြတော့၊ ငါတို့ရဲ့အလုပ်ကို မလုပ်ကြနှင့်တော့၊ သင်တို့ကို ဘုဇိဿရအဖြစ်ဖြင့် ဘုရားသံဃာတို့အား လှူလိုက်ပြီ ဆိုပြီး သူတို့ရဲ့ ကျေးကျွန်းဘဝကို ဖျက်ပစ်လိုက်ကြတယ်ကွယ့်”

                        “မှန်ပါ - ဘုဇိဿရအဖြစ်ဆိုတာ ဘာကိုဆိုလိုပါသလဲ ဘုရား”

                        “ဘုဇိဿရဆိုတာ ပေါရာဏစကားအားဖြင့် တော်လှန်တယ်လို့ သုံးတယ်၊ အရပ်စကားအားဖြင့် ကျွန်အဖြစ်ကို ပယ်ဖျက်လိုက်တယ်၊ ကျွန်မဟုတ်တော့ဘူးလို့ ဆိုလိုတယ်၊ ဒီ ဘုဇိဿရဆိုတဲ့ပါဠိကို ပေါရာဏသုံး အရပ်သုံးစကားထက် သဒ္ဒါအသုံးအနှုန်းက ပိုပြီး အဓိပ္ပာယ်ရှိသကွယ့်”

                        “ဘယ်လိုအဓိပ္ပာယ် ရှိပါသလဲ ဘုရား”

                        “ဘုဇိဿရကို သန္ဓိပုဒ်ဖြတ်လိုက်တော့ ဘုဇ-ဣဿရ လို့ ဖြစ်လာသကွယ့်၊ ဘုဇသဒ္ဒါက လက်ရုံးကိုဟောပြီး ဣဿရသဒ္ဒါက အစိုးရခြင်းအနက်ကိုဟောတယ်၊ ဆိုလိုရင်းက သူ့ကျွန်ဖြစ်ရသူဟာ ကိုယ့်လက်ရုံးကို ကိုယ်အစိုးမရဘူး၊ အရှင်သခင်ကသာ အစိုးရတယ်၊ ဒါကြောင့် ကျေးကျွန်းအဖြစ်သူကို ပါဠိဘာသာအားဖြင့် ‘ဒါသ’ လို့ခေါ်တယ်၊ ဒါသဆိုတာ အရှင်သခင်က ငါ့ကို ဘာများခိုင်းဦးမှာလဲလို့ အမြဲပူပန်ရသလို့ဆိုလိုတယ်၊ ဒါကြောင့် ကျေးကျွန်ဖြစ်သူဟာ အရှင်သခင်ရဲ့အလုပ်ကိုသာ လုပ်ကိုင်ရတယ်၊ ကိုယ်လုပ်ချင်တာကို လုပ်ပိုင်ခွင့်မရှိဘူး၊ ယခု ဘုဇိဿရအဖြစ်ဖြင့် တော်လှန်လိုက်တော့ ကိုယ့်လက်ရုံးကို ကိုယ်အစိုးရသူဖြစ်လာပြီး ကိုယ်လုပ်ချင်တာကို လုပ်နိုင်ပြီလို့ ဆိုလိုတယ်၊ မူလက ကျွန်ဖြစ်သူတွေဟာ ဘုဇိဿရအဖြစ်ဖြင့် ကျောင်းဘုရားကိုလှူလိုက်တော့ ကိုယ့်လက်ရုံးကို ကိုယ်ပိုင်သွားကြပြီ၊ ကိုယ့်အလုပ်ကို ကိုယ်လုပ်ကိုင်နိုင်ပြီ၊ ဒါကြောင့် ထိုသူများဟာ သူ့ကျွန်အဖြစ် သူ့အရိပ်အောက်မှာ နေထိုင်ခဲ့ရတာ ကြာမြင့်လေတော့ ကိုယ့်လက်ရုံး ကိုယ်ပိုင်တဲ့ဘဝရောက်တဲ့အခါ ကိုယ့်စားဝတ်နေရေးအတွက် ကိုယ့်ဒူးကိုယ်ချွန်အဖြစ်ဖြင့် ကိုယ့်လက်ရုံးကို ကိုယ်အားကိုးလိုစိတ်မရှိကြတော့ဘူး၊ စိတ်ဓာတ်တွေ အောက်ကျနောက်ကျဖြစ်နေကြပြီ၊ ဒါကြောင့် မိမိတို့ရဲ့ စားဝတ်နေရေးအတွက် သူတစ်ပါးထံ အချောင်တောင်းစားခဲ့ကြတယ်၊ ဒီလို သူတောင်းစားအဖြစ်ရောက်လာတော့ လူပေါင်းများစွာတို့ရဲ့ အထင်သေးအမြင်သေးခံရမှု ဖြစ်လာကြတယ်၊ အမှန်စင်စစ် ရတနာသုံးပါး ရဲ့ ဝေယျာဝစ္စကို ပြုစုရခြင်းဟာ အနုတ္တရိယတရားခြောက်ပါးအနက် ပါရိစရိယာ အနုတ္တရိယအဖြစ် ပါဝင်တဲ့အတွက် အလွန်မွန်မြတ်ပါတယ်၊ ဒါကြောင့် ဘုရားကျွန် ကျောင်းကျွန်ဆိုကာမျှဖြင့် ယုတ်ညံ့တယ်လို့ မဆိုသင့်ပါဘူး၊ ဝတ္ထုကံမြေအတွင်း နေထိုင်ရုံမျှနှင့်လည်း ဘုရားကျွန် ကျောင်းကျွန် မဟုတ်ပါဘူးကွယ်”

                        “မှန်ပါ - ဒီလိုသိရတဲ့အတွက် အလွန်ဝမ်းသာလှပါတယ် ဘုရား”

                                                   “သာဓု - သာဓု - သာဓု”    

***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၇) 
ပဗ္ဗာဇနိယကမ္မဝါ, သာသနိကပစ္စည်း, လူ့စိတ်နှင့် ဂြိုလ်နက္ခတ်တာရာ


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ ၁၂၉-၁၄၁)မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

Tuesday, August 28,2012        9:43 am 

ကပ္ပိယ မောင်ရဲ
https://www.facebook.com/yewin.tun.71
http://kpymgye.blogspot.com/ 


0 comments:

Post a Comment