Monday, February 18, 2013

စာဆားနှင့် အိုးထဲကဆား



ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးရပ် တို့သည် မှတ်တမ်းများသာ ဖြစ်ကြ၍
ဘောသင်ပုန်းတွင် ရေးသားသော ဆားနှင့် တူ၏၊
ဘောသင်ပုန်းတွင် ဆား ၃ပိဿာ၊ ဆား ၅ပိဿာ စသည်ဖြင့် ရေးထားသကဲ့သို့ ဖြစ်တော့သည်။

ထိုရေးထားသော ဆားကို လက်နဲ့ တို့ပြီး လျက်ကြည့်၊ မငန်ပါ၊
အဘယ်ကြောင့်ဆိုသော် တကယ့်ဆားမဟုတ်၊ အက္ခရာဆား၊ စာဆား ဖြစ်နေသောကြောင့်တည်း။

အိုးထဲ၌ ထည့်ထားသောဆားကိုကား လက်နဲ့ တို့ လျက်ကြည့်၊ ငန်ပါသည်၊
အဘယ်ကြောင့်ဆိုသော် တကယ့်ဆား ဖြစ်နေသောကြောင့်တည်း။

ထို့အတူပင်
မိမိတို့ သင်အံ့လေ့ကျက်ဆောင်ရွက်၍ တတ်မြောက်ထားသော စာပေတို့သည်လည်း
မှတ်တမ်းများသာ ဖြစ်ကြ၍ အက္ခရာဆားနှင့် တူကြကုန်၏၊
တကယ် မငန်ပါ၊ မှတ်တမ်းသညာမျှသာ ဖြစ်ပါ၏။

ထိုစာပေတို့ ညွှန်ကြားချက်အရ ခန္ဓာကိုယ်ပေါ်၌
ဝိပဿနာဉာဏ်ဖြင့် ကြည့်၍ မြင်ထားသော အမြင်တို့ကသာ အိုးထဲက ဆားနှင့် တူကြကုန်၏၊
တကယ် ငန်ကုန်၏၊ တကယ်သိသောပညာ ဖြစ်သည်။

ဆိုလိုသည်မှာ
အက္ခရာဆားဖြင့်သာ ကျေနပ် မနေကြပါနှင့်၊
တကယ့်ဆား အိုးထဲကဆားဖြစ်အောင် ကြိုးစားကြပါလို့ ဆိုလိုသည်၊
ဤသဘောဖြင့် ရှေးပညာရှင်ကြီးများ အဆက်ဆက်တို့က
အောက်ပါအတိုင်း သတိပေးတိုက်တွန်းထားကြပါသည်။

၁။       အက္ခရာဆား၊ ဆလိန်ဆားကို၊ လျက်ငြားမငန်၊ ပုံသဏ္ဌာန်လို၊
စာထဲက တရား၊ စာတရားကို၊
          သိငြားတတ်ပြန်၊ သညာမှန်၏။

၂။       အိုးထဲကဆား၊ တကယ့်ဆားကို၊ လျက်ငြားအမှန်၊ အဟုတ်ငန်သလို၊
          ခန္ဓာတရား၊ အရှိတရားကို၊ သိငြားတတ်ပြန်၊ ပညာမှန်၏။

ကောက်နုတ်ချက် -
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (နှာ-၃၈၇) 

by :  ကပ္ပိယ မောင်ရဲ 
https://www.facebook.com/yewin.tun.71 
http://kpymgye.blogspot.com/  


0 comments:

Post a Comment