“၁၃၄၄-ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁-ရက်၊ ဗုဒ္ဓဟူးနေ့စွဲဖြင့် ဆရာတော်ထံကပ်ဖို့ စာတိုက်က စာတစ်ဆောင် ရောက်ခဲ့တယ် ဘုရား”
“ဘယ်သူ့ဆီကလ စာလဲကွယ့်”
“ရှင်လာသနဆိုတဲ့ ပုဂ္ဂိုလ်ထံက စာပါဘုရား”
“ဘယ်က ရှင်လာသနတဲ့လဲကွယ့်”
“ညောင်တုန်းမြို့၊ မေဓာဝံသာလင်္ကာရတိုက်၊ လေးထပ်ကျောင်းကပါတဲ့ ဘုရား”
“သူ့စာထဲမှာ ဘာတွေများရေးထားတုန်းကွယ့်”
အငှားသင်္ကန်းနှင့် ရဟန်းဖြစ်မဖြစ် သိမ်စပ်မှုပြဿနာ
“သူ့စာထဲမှာ ဆရာတော်ကို လျှောက်ထားဖို့ မေးခွန်းနှစ်ခု ပါပါတယ် ဘုရား၊ ရှေးဦးစွာလျှောက်ထားရမည့် မေးခွန်းက ဒုလ္လဘရဟန်းခံပွဲကြီးတစ်ပွဲမှာ ဒုလ္လဘရဟန်းလောင်းပေါင်း လေးဆယ်ကျော် ပါဝင်ပါသတဲ့၊ အဲဒီရဟန်းလောင်း လေးဆယ်ကျော်အတွက် သံဃာဋိခေါ်တဲ့ ဒုကုဋ်သင်္ကန်းကြီးဟာ သုံးထည်မျှသာပါပါသတဲ့ဘုရား။ ရဟန်းလောင်း ၃-ပါးစီ, ၃-ပါးစီ ဒွန်တွဲတဲ့ အခါ အလှည့်ကျတဲ့ ရဟန်းလောင်းရဲ့ ပုခုံးမှာ သင်္ကန်းကြီးကိုတင်၊ ကမ္မဝါစာဖတ်ပြီးလျှင် အဲဒီသင်္ကန်းကြီးကိုပြန်ယူ၊ နောက်အလှည့် ရဟန်းလောင်းတို့ရဲ့ ပခုံးမှာတင်ပေးပြီး ကမ္မဝါစာဖတ်ကြပါသတဲ့၊ အဲဒီသင်္ကန်းကြီးဟာ ရဟန်းလောင်းများရဲ့ ကိုယ်ပိုင်မဟုတ်ကြတဲ့အတွက်ကြောင့် ထိုရဟန်းလောင်းများအဖြစ် ရောက် မရောက် သိလိုပါတယ်တဲ့ ဘုရား”
“ရဟန်းဆိုတဲ့စကားအတွင်းမှာ ဧဟိဘိက္ခုရဟန်းကစပြီး ရဟန်း ၈-ပါးလုံး ပါဝင်နေတယ်၊ သို့သော်လည်း သည်နေရာမှာ အလိုရှိတဲ့ ရဟန်းဆိုတာက ဉတ်လျှင် လေးချက်မြောက်သော ဥပသမ္ပဒ ကမ္မဝါစာဖြင့် ရဟန်းအဖြစ်ကို ရောက်တဲ့‘ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ’ ကို အလိုရှိတယ်၊ အဲဒီ ဉတ္တိစတုတ္ထကမ္မူပသမ္ပ ခေါ်ရတဲ့ ယခု ရဟန်းတော်များဟာ ဘယ်လိုရဟန်းအဖြစ်ဆိုက် ရောက်တော်မူလာကြသလဲဆိုတော့ -
“ဣမာသု အဋ္ဌသု ဥပသမ္ပဒါသု ဉတ္တိစတုတ္ထေန ဥပသမ္ပဒကမ္မေန အကုပ္ပေန ဌာနာရဟေန ဥပသမ္ပန္နော၊ တဿ ပန ကမ္မဿ
ဝတ္ထု-ဉတ္တိ-အနုဿာဝန-သီမာ-ပရိသာသမ္ပတ္တိဝသေန အကုပ္ပတာ ဝေဒိတဗ္ဗာ”
လို့ ကင်္ခါဝိတရဏီအဋ္ဌကထာ ပထမပါရာဇိကအဖွင့်မှာ ပြဆိုတော်မူတဲ့အတိုင်း-
၁။ ဝတ္ထုဆိုတဲ့ ရဟန်းလောင်းရယ်၊
၂။ ဉတ်ဆိုတဲ့ သတိပေးချက်ရယ်၊
၃။ အနုသာဝနာဆိုတဲ့ ကမ္မဝါစာရယ်။
၎။ သီမာဆိုတဲ့ သိမ်ရယ်၊
၅။ ပရိသာဆိုတဲ့ ဥပဇ္ဈာယ်နှင့် ကာရသံဃာပရိသတ်ရယ်
သည် အင်္ဂါငါးချက် ပြည့်စုံခဲ့ကြတဲ့အတွက် ရဟန်းတော်အဖြစ်ကို ဆိုက်ရောက်တော်မူလာကြခြင်းဖြစ်တယ်၊
ဒါကြောင့် ရဟန်း ဖြစ်မဖြစ်ဆိုတာကို သည်အင်္ဂါ ၅-ချက်နှင့် တွက်ကြည့်ရတယ်၊ သည်အင်္ဂါ ၅-ချက်က တစ်ချက်ချက်ပျက်ကွက်ခဲ့လျှင် ရဟန်းမဖြစ်ဘူး၊ ၅-ချက်ပြည့်စုံလျှင် ရဟန်းဖြစ်တယ်လို့ ဆုံးဖြတ်ရမယ်၊ သည်အင်္ဂါ ၅-ချက်အတွင်းမှာ သပိတ်, သင်္ကန်း, ပရိက္ခရာ မပါဝင်ဘူး၊ ဒါကြောင့် သင်္ကန်း, သပိတ် မပြည့်စုံတဲ့ရဟန်းလောင်းကို ရဟန်းခံပေးလျှင် အင်္ဂါ ၅-ချက်ပြည့်စုံတဲ့အတွက် ရဟန်းဖြစ်တယ်၊
သည်အကြောင်းကို ဝဇီရဗုဒ္ဓိဋီကာ ၄၁၁-မှာ-
‘ဥပဇ္ဈာယော စေ ကေသမဿုံ သြရောပနာဒီနိ အကတွာ ပဗ္ဗဇ္ဇတ္ထံ သရဏာနိ ဒေတိ၊ န ရုပတိ ပဗ္ဗဇ္ဇာ၊ ကမ္မဝါစံ သာဝေတွာ ဥပသမ္ပာဒေတိ၊ ရုဟတိ ဥပသမ္မာဒါ။ အပတ္တစီဝရာနံ ဥပသမ္ပဒါသိဒ္ဓိဒဿန-တော, ကမ္မဝိပတ္တိယာ အဘာဝတော စေတံ ယုဇ္ဇတေဝါတိ ဧကေ- လို့ဖွင့်ပြထားတယ်ကွယ့်”
“သည်ပါဌ်ရဲ့ အဓိပ္ပာယ်ကို အမိန့်ရှိပါဦးဘုရား”
“ရှင်ပြုရန်အတွက် ရှင်လောင်းကို ဆံပင်မုတ်ဆိတ်ချခြင်း စသည်တို့ကို မပြုဘဲ လူသားအသွင်သက်သက် ဥပဇ္ဈာယ်ဆရာက သရဏဂုံပီပီသသ ပေးသော်လည်း ရှင်လောင်းဟာ ရှင်သာမဏေအဖြစ်ကို မရောက်ဘူးတဲ့၊ ကမ္မဝါစာ ရွတ်ဖတ်ပြီး သိမ်တွင်းမှာ ရဟန်းခံပေးခဲ့လျှင် ရဟန်းအဖြစ်ကိုတော့ ရောက်ပါသတဲ့၊ ဘာကြောင့်လဲဆိုတော့ သပိတ်သင်္ကန်းမရှိသောသူတို့အား ရဟန်းခံမှု ပြီးခြင်းကိုပြတဲ့အတွက်ကြောင့်ပါပဲတဲ့၊ ဒါက ပါဌ်ရဲဆိုလိုရင်း အဓိပ္ပာယ်ဖြစ်သကွယ့်”
“ဒီလိုဆို ဝိနည်းမဟာဝဂ္ဂပါဠိ ၁၂၅-မှာ ဟောတော်မူတဲ့ န ဘိက္ခဝေ အပတ္တစီဝရကော ဥပသမ္ပာဒေတာဗ္ဗော-ရဟန်းတို့ သပိတ် သင်္ကန်းမရှိတဲ့ ရဟန်းလောင်းကို ရဟန်းခံမပေးအပ်ဆိုတာ ဘယ်လို အဓိပ္ပာယ်ကောက်မလဲ ဘုရာ့”
“ဟုတ်တယ်လေ၊ သပိတ်, သင်္ကန်း မရှိတဲ့ ရဟန်းလောင်းကို ရဟန်းခံမပေးအပ်ဘူး၊ ရဟန်းခံပေးလျှင် ရဟန်းခံပေးတဲ့ ဥပဇ္ဈာယ်ဆရာဟာ ကိုယ်ပိုင်မဟုတ်သော ဒုကုဋ်ဖြင့် ရဟန်းခံပေးတဲ့အတွက် ဒုက္ကဋ်အာပတ်သင့်တယ်လို့ ဆိုရမှာပေါ့ ဘုရား”
“ဟုတ်တယ်၊ မဟာဝဂ် ဥပသမ္ပဒဝိဓိနှင့် မညီတဲ့အတွက် ဆရာဖြစ်သူ ဒုက္ကဋ်အာပတ်သင့်တယ်လို့ပဲ ဆိုရလိမ့်မယ်ကွယ့်”
“မှန်ပါ-သည်လောက်ဆိုလျှင် ပထမအမေးဟာ ပြေလောက်ပါပြီ၊ ဒုတိယအမေးကို ဆက်ပြီး မေးခွင့်ပြုပါဦး ဘုရား”
“မေးပါလေ၊ မေးတာပေါ့”
သိမ်စပ်မှုပြဿနာ
“ဒုတိယအမေးက ကံဆောင်သော ခဏ္ဍသိမ်နှင့် ဂါမသိမ်တို့ ဓာတ်ကြိုးတို့ သွယ်တန်းရာ ထိုဓာတ်ကြိုးကိုမဖြုတ်ဘဲ ကံဆောင်ရွက်သော် သိမ်ဆက်စမ်မှု သီမသမ္ဘေဒေ ဖြစ်မဖြစ်နှင့်၊ အကယ်၍ သိမ်စမ်မှုဖြစ်သော် ဓာတ်ကြိုးကို မဖြုတ်ဘဲ ဓာတ်ကြိုးကိုဖြတ်သော မိန်းခလုတ်ကိုချ၍ ကံပြုသော် ဖြစ်မဖြစ် မေးလျှောက်ထားပါတယ် ဘုရား”
“သည်အမေးက ဝိနည်းနှင့်သတ်သက်တဲ့ အမေးသက်သက်မို့ ဝိနည်းမလေ့လာဖူးသူများက ဘာကိုမေးမှန်းမသိဘဲ ဖြစ်နေလိမ့်မယ်၊ ဒါကြောင့် စာကြည့်ပရိသတ်များပါ နားလည်သွားအောင် နည်းနည်းချဲ့ပြီး ပြောချင်သေးတယ်”
“အမိန့်ရှိပါဘူး“
“ဘုရားရှင်က သူ့သာနာတော်အတွင်း ဝင်ရောက် အမှုထမ်းနေကြတဲ့ ရဟန်းသံဃာတော်များကို သာမန်လူသား ဗုဒ္ဓဘာသာဝင်များထက် စိတ်ဓာတ်အဆင့်အတန်း မြင့်တော်မူစေလိုတယ်၊ မိမိတို့သန္တာန်မှာ ကိန်းအောင်နေတဲ့ အနုသယကိလေသာကို အကြွင်းမဲ့ပယ်သတ်စေချင်တယ်၊ အကြွင်းမဲ့မပယ်သတ်နိုင်သည့်တိုင်အောင် မထကြွလာအောင် ထိန်းချုပ်ထားစေလိုတယ်၊ ရဟန်းတော် အချင်းချင်းကိုလည်း တစ်ပါးနှင့်တစ်ပါး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရင်နှီးချစ်ခင်စေချင်တယ်၊ ကြီးသူကဖြစ်စေ၊ ငယ်သူကဖြစ်စေ အပြစ်မြင်လျှင် ရှောင်ကြဉ်အောင် ပြောပြစေချင်တယ်၊ အပြောခံရသူကလည်း ဝမ်းမြောက်ဝမ်းသာ လိုက်နာစေချင်တယ်၊ အမှုကိစ္စကြုံခဲ့လျှင် တိုင်တိုင်ပင်ပင် ညီညီညွတ်ညွတ် ပြုလုပ်စေချင်တယ်၊ တစ်ကွဲတစ်ပြားစီ မပြုလုပ်စေချင်ဘူး၊ ဘုရားရှင်လက်ထက်တော်က ဆဗ္ဗဂ္ဂီရဟန်းများဟာ မိမိအဖွဲ့မျှဖြင့် ဥပုသ်ပြုကြတော့ ဘုရားရှင်က ရဟန်းတို့၊ မိမိအဖွဲ့မျှဖြင့် ဥပုသ်မပြုရဘူး၊ ပြုသောရဟန်း ဒုက္ကဋ်အာပတ်သင့်စေ၊ ရဟန်းတို့ ညီညွတ်သောရဟန်းများအတွက် ဥပုသ်ကံကိုခွင့်ပြုတော်မူတယ် လို့ မိန့်တော်မူတယ်၊ ဒါကြောင့် ရဟန်းတော်များ သံဃာ့အမှုကို ဆောင်ရွက်ခဲ့လျှင် သံဃာညီညွတ်မှ ဆောင်ရွက်ကြရတယ်၊ မညီညွတ်လျှင် မဆောင်ရွက်ကြရဘူး၊ သည်နေရာမှာ ညီညွတ်ခြင်းဆိုတာ အတူနေရဟန်းများရဲ့ ညီညွတ်ခြင်း ကို ဆိုလိုသတဲ့၊ အတူနေရဟန်းဆိုတာလည်း တစ်သိမ်တည်းအတူနေ ရဟန်းကို ဆိုလိုခြင်းဖြစ်တယ်၊ ဒါကြောင့် တစ်သိမ်တည်းအတူနေရဟန်းများ မညီညွတ်လျှင် ကံပြုလို့မအောင်မြင်ဘူး၊ ညီညွတ်တယ်ဆိုတာလည်း ပါးစပ်က ညီညွတ်ပါတယ်၊ စိတ်တွင်းက ညီညွတ်ပါတယ်ဆိုရုံနဲ့ မရဘူး၊ ကိုယ်ဖြင့်ညီညွတ်ပါမှ ညီညွတ်ခြင်းလို့ ခေါ်တယ်၊ ကိုယ်ဖြင့်ညီညွတ်ခြင်းဆိုတာက တစ်သိမ်တည်းမှာ ရဟန်းတော်များ အချင်းချင်း နှစ်ထောင့်ထွာဟတ္ထပါသ်အတွင်း ချဉ်းကပ်နေထိုင်သော ကာယသာမဂ္ဂီကိုသာ ညီညွတ်ခြင်းလို့ဆိုတယ်၊ ဒါကြောင့် သံဃာတော်များ ဥပုသ်စသော သံဃာကိုပြုလုပ်မည်ဆိုလျှင် တစ်သိမ်တွင်းရှိ ရဟန်းတော်အားလုံး တစ်နေရာတည်းမှာ စုရုံးချဉ်းကပ်ကြရတယ်၊ မချဉ်းကပ်နိုင်လျှင် သံဃာ့ကံကို သဘောတူပါကြောင်း ဆန္ဒပေးကြရတယ်၊ အကယ်၍ တစ်သိမ်တည်းမှာ သံဃာကွဲပြားနေပါလျှင် ပြုလုပ်သော သံဃာ့ကံဟာ ပျက်စီးတယ်။
“သည်နေရာမှာ သိမ်ဆိုတာ မြန်မာလိုတော့ အပိုင်းအခြားကို ဟောတယ်၊ အဲသည်သိမ်ဟာလည်း ဉတ်ကမ္မဝါစာဖြင့် ဖွဲ့ထားသော ဗဒ္ဓသိမ်, ပကတိ တည်သော အဗဒ္ဓသိမ်ရယ်လို့ နှစ်မျိုးပြသတယ်၊ ဗဒ္ဓသိမ်ဟာလည်း ကျယ်ဝန်းသော မဟာသိမ်နှင့် မဟာသိမ်ကိုဖြတ်ထားသော ခဏ္ဍသိမ်ရယ်လို့ နှစ်မျိုးရှိတယ်၊ အဗဒ္ဓသိမ်ဟာလည်း ရွာအပိုင်းအခြားဖြစ်တဲ့ ဂါမသိမ်၊ ရေတစ်ကျ သဲတစ်ကျဖြင့် ပိုင်းခြားအပ်သော ဥဒကုက္ခေပသိမ်၊ တောဖြစ်သော အရညသိမ်၊ အဗ္ဘန္တရ ခုနစ်ခုတို့ဖြင့်ပိုင်းခြားအပ်သော သတ္တဗ္ဘန္တရသိမ်ရယ်လို့ လေးမျိုးရှိတယ်၊ သည်ဗဒ္ဓ, အဗဒ္ဓသိမ်များအတွင်းမှာ ရဟန်းကိစ္စမှန်သမျှကို ဆောင်ရွက်နိုင်တယ်၊ သို့သော်လည်း သံဃာ့ကံဆောင်ရွက်နေစဉ် သံဃာမကွဲရဘူး၊ သံဃာကွဲလျှင် ကံပျက်တယ်၊ သည်နေရာမှာ သံဃာကွဲတယ်ဆိုတာ စုရုံးနေတဲ့ သံဃာအချင်းချင်း နှစ်ထောင့်ထွာ ဟတ္ထပါသ်ရဲ့ ပြင်ပရောက်နေတာကို ဆိုလိုတယ်။
“သံဃာ့ကံရဲ့ သည်အခြေခံသဘောကို သိထားပြီးသည့်နောက် သိမ်ရဲ့ သဘာဝကို သိထားရသေးတယ်၊ သိမ်ရဲ့ သဘာဝက ဉတ်ကမ္မဝါစာဖြင့် ဖွဲ့ထားသော ဗဒ္ဓသိမ်ဟာ ဉတ်ကမ္မဝါဖြင့် မဖွဲ့သော ဂါမသိမ်က ခွဲထွက်ထားတယ်၊ ဒါကြောင့် ဂါမသိမ်က နိဿယ(အမှီခံ) ဖြစ်ပြီး ဗဒ္ဓသိမ်က နိဿိတ(မှီတက်သော) သိမ်ဖြစ်တယ်၊ နဿယနှင့်နိဿိတသိမ်အချင်းချင်း သစ်ပင်ချုံနွယ်စသည်တို့ဖြင့် ထိတွေ့လို့ သိမ်ချင်းစပ်သော်လည်း သီမာသမ္လေဒအပြစ်မဖြစ်ဘူး၊ ထို့အတူ ဂါမသိမ်အချင်းချင်းစပ်သော်လည်း အပြစ်မဖြစ်ဘူး၊ ဗဒ္ဓသိမ်ဟာ ဂါမသိမ်နဲ့ထိစပ်လို့ အပြစ်မဖြစ်သော်လည်း ဗဒ္ဓသိမ်အချင်းချင်းတော့ မထိစပ်ကောင်းဘူး၊ အကယ်၍ ထပ်စပ်နေလျှင် သိမ်နှစ်လုံးဟာ တစ်လုံးတည်း အဖြစ်ကို ရောစပ်သွားသတဲ့”
“ဆရာတော်အချို့ကတော့ ဗဒ္ဓသိမ်နှစ်လုံး သစ်ပင်ကြိမ်နွယ်စသည်တို့ဖြင့် ထိခိုက်နေသော် ထိုထိခိုက်သော သစ်ပင်ကြိမ်နွယ်မျှသာ သီမသမ္ဘေဒ(သိမ်စပ်ခြင်း) ဖြစ်တယ်၊ ကျန်တဲ့သိမ်နဲ့တော့ သီမသမ္ဘေဒ မဖြစ်ဘူးလို့ ဆိုကြသကွယ့်၊ ဘယ်လိုပင်ဖြစ်စေ သည်ဘက် ဗဒ္ဓသိမ်မှာကံဆောင်လျှင် ဟိုဘက် ဗဒ္ဓသိမ်နှင့် သီမသမ္ဘေဒမဖြစ်အောင် အကြားမှာထိစပ်တဲ့ သစ်ပင်, ကြိမ်, နွယ် စသည်တို့ကို ရှင်းလင်းရမယ်၊ မရှင်းလင်းသည့်အတွက် သိမ်စပ်နေလျှင် သိမ်နှစ်လုံးဟာ တစ်လုံးတည်းအဖြစ်ရောက်သွားလို့ သိမ်တစ်လုံးမှာ ကံဆောင်လျှင် ကျန်တစ်လုံးမှာ ရဟန်းမရှိစေရဘူး၊ အကယ်၍ရှိခဲ့လျှင် ဝဂ္ဂကံဖြစ်ပြီး ပြုလုပ်တဲ့ သံဃာကံဟာ ပျက်စီးတယ်၊ သည်သဘောကိုသိထားလျှင် ယခုမေးတဲ့ ဓာတ်ကြိုးပြဿနာကို နားလည်ပါလိမ့်မယ်”
“မှန်ပါ၊ နားလည်ပါပြီဘုရား”
“ဦးလာသနရဲ့ အမေးက ခဏ္ဍသိမ်နှင့် ဂါမသိမ်တို့ ဓာတ်ကြိုးသွယ်တန်းထားရာ ထိုဓာတ်ကြိုးကို မဖြုတ်ဘဲကံဆောင်သော် သိမ်စပ်မှု(သီမာသမ္ဘေဒ) ဖြစ်မဖြစ် မေးထားတယ်၊ ခဏ္ဍသိမ်(ဗဒ္ဓသိမ်)နှင့် ဂါမသိမ်တို့ဟာ နိဿယ နိဿိတဖြစ်တဲ့အတွက် သစ်ပင်, ကြိမ်, နွယ်များ ထပ်စပ်သော်လည်း သိမ်စမ်မှု(သီမာသမ္ဘေဒ) မဖြစ်ဘူး၊ အကယ်၍ ဗဒ္ဓသိမ်အချင်းချင်း ဓာတ်ကြိုးသွယ်တန်းခဲ့လျှင် ဓာတ်ကြိုးအပေါ် စိစစ်ပြီး အဖြေပေးရမှာပဲကွယ့်”
“ဓာတ်ကြိုးအပေါ် ဘယ်လို စိစစ်မှာပါလဲ ဘုရား”
“ဓာတ်ကြိုးဟာ ပကတိသော ကြေး, သံ, သွပ် စသည်တို့ဖြင့် ပြုလုပ်ထားတဲ့ ဓာတ်ကြိုးမျိုးကိုတော့ မြေမျိုးဖြစ်လို့ ဗဒ္ဓသိမ်နှစ်လုံး ထိုဓာတ်ကြိုးမျိုးတို့ဖြင့် သွယ်တန်းထားသော်လည်း သိမ်စပ်ခြင်း(သီမာသမ္ဘေဒ) မဖြစ်ဘူးလို့ အချို့သော ဆရာတော်များက ယူဆကြတယ်၊ အချို့သော ဆရာတော်များကတော့ သစ်ပင်ချုံနွယ်များဟာလည်း မြေမျိုးပင်ဖြစ်တဲ့အတွက် သစ်ပင်, ချုံနွယ်တို့ဖြင့် ထိစပ်ရာ၌ သီမာသမ္ဘေဒဖြစ်သလို၊ ပကတိသော ဓာတ်ကြိုးများနှင့် ထိစပ်လျှင်လည်း သီမာသမ္ဘေဒပင်ဖြစ်တယ်လို့ ယူဆကြတယ်၊ သည်အယူအနှစ်မျိုးမှာ (လဟုက ဂရုကေသု ဂရုကေ ဌာသဗ္ဗံ) အလေးအပေါ့နှစ်ပါးတို့တွင် အလေးကိုသာ အတည်ပြုရမယ်လို့ ဝိနည်းဆောင်ပုဒ်ဆိုတဲ့အတိုင်း ပကတိသောဓာတ်ကြိုးဖြင့် ဗဒ္ဓသိမ်နှစ်လုံးထိစပ်လျှင်လည်း သိမ်စပ်ခြင်း (သီမာသမ္ဘေဒ) ဖြစ်တယ်လို့ ယူဆသင့်တယ်၊ ပကတိသော ဓာတ်ကြိုးထိစပ်လျှင် သိမ်ဆက်စပ်မှုဖြစ်တဲ့အတွက် ဓာတ်ကြိုးကို မဖြုတ်ဘဲ မိန်းခလုတ်ပိတ်ရုံမျှဖြင့် သိမ်စပ်မှုပျောက်မှာ မဟုတ်ဘူး၊ ဓာတ်ကြိုးနှစ်ခုကို ဖြတ်သော်လည်း ခလုတ်အိမ်က ဆက်စပ်နေသေးတာကိုးကွယ့်၊ ဒါကြောင့် ဓာတ်ကြိုးကိုဖြတ်ပြီးမှသာ ကံပြုသင့်တယ်လို့ အဖြေပေးလိုက်ပါတယ်”
“မှန်ပါ- အလွန်ဝမ်းမြောက်လှပါတယ် ဘုရား၊ သာဓု - သာဓု - သာဓု”
***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၁၀) အသျှင် အရှင်, ဦးပဉ္စင်း, ကိုရင် ဝေါဟာရ
***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (နှာ ၇၆-၇၄)) မှ ကောက်နုတ်ပူဇော်ပါသည်။
ယခု အမေးအဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။
ကပ္ပိယ မောင်ရဲ
https://www.facebook.com/yewin.tun.71
http://kpymgye.blogspot.com/
Friday, August 17,2012 10:15 am
0 comments:
Post a Comment