Monday, March 4, 2013

ဘုံကိုးပါးနှင့် ခုနစ်ပါး


                               ဘုံကိုးပါးနှင့် ခုနစ်ပါး

                   မန်လည်အောက်တိုက်မှာ ကျောက်အိုက်ဆိုတဲ့ရွာ ရှိပါတယ် ဘုရား၊ အဲသည်ကျောက်အိုက်ရွာကို တပည့်တော် ရောက်သွားတော့ ဦလှဖေဆိုတဲ့ ဒကာကြီးက တပည့်တော်ကို ပြဿနာတစ်ခုမေးတယ် ဘုရား

                   ဘယ်လိုပြဿနာများ မေးတာလဲကွယ့်

                   ဘုရားရှိခိုးအမျိုးမျိုးဆိုတဲ့ စာအုပ်က အမျှပေးဝေစာတစ်ပုဒ်ကို သူကျက်ထားသတဲ့ ဘုရား၊ သူကျက်ထားတဲ့အမျှပေးဝေစာက -

                   ဤသို့ပြုရ၊ မြတ်ပုညကို၊ ကြီးထမြင့်ခေါင်၊ မြင်းမိုရ်တောင်ဦး၊ မကကျူးသား၊ ကျေးဇူးအရှင်၊ မွေးမိခင်နှင့်၊ ဖခင်တို့အား၊ ရငြားပါစေ၊ အမျှဝေ၏၊ မသွေနိစ္စ၊ ဤကာယကို၊ စောင့်ထပေတက်၊ ကိုယ်စောင့်နတ်လည်း၊ မလပ်စေရ၊ ပေးဝေငှ၏၊ မိတ္တဆွေညာ၊ ဆရာသမား၊ ဘိုးဘွားကစ၊ ယမရာဇာ၊ ဒေဝါယက္ခ၊ ဣန္ဒဘုမ္မာ၊ အာကာသနတ်၊ အထူးမှတ်၍၊ အမြတ်ပုည၊ ကုသလကို၊ ရကြပါစေ၊ အမျှဝေ၏၊ သဗ္ဗေသတ္တာ၊ သတ္တဝါဟု၊ နာနာလောက၊ အနန္တတွင်၊ မပြတ်စဉ်လာ၊ သတ္တာဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏဋ္ဌိတိ၊ တည်ရှိခုနစ်ပါး၊ များစွာလုံးစုံ၊ ဘုံးသုံးဆယ့်တစ်၊ ဖြစ်ဖြစ်သမျှ၊ ဝေနေယျအား၊ အမျှကုသိုလ်၊ ပေးဝေလို၏၊ ထိုကုသလ ဤပုညကို အမျှရ၍၊ ချမ်းသာကြသည်ဖြစ်စေသောဝ်၊ ဝသုန္ဓရေ၊ ဤမြေပံသု၊ သိလာထုလည်း၊ သက်သေအမှု တည်စေသောဝ် ပါတဲ့ ဘုရား

                   သည်စာကို ကျက်မှတ်ထားတော့ ဘာဖြစ်သတဲ့လဲ

                   ကျက်မှတ်ထားတာကတော့ ဘာမှ မဖြစ်ပါဘူး၊ ဒါပေမယ့် စာထဲမှာပါတဲ့ (သတ္တဝါသ၊ ဘုံကိုးဝနှင့်၊ ဝိညာဏဋ္ဌိတိ၊ တည်ရှိခုနစ်ပါး) ဆိုတာ နားမလည်ဘူး တဲ့ ဘုရား၊ အဲဒါ ဘာကို ဆိုလိုတာပါသလဲလို့ တပည့်တော်ကို မေးတယ်ဘုရား

                   သည်တော့ ကိုယ်တော်က ဘယ်လို ဖြေတုန်း

                   တပည့်တော် ဖြေတက်လျှင် ဆရာတော်ကို လျှောက်ထားဖို့  လိုပါ့မလား ဘုရား၊  အခု မဖြေတက်လို့ လျှောက်ထားရတာပါပဲ၊ အဲဒါ အဖြေပေးပါဦး ဆရာတော်

                   အေးကွယ့် - သည်စကားရပ်ဟာ ဘုရားရှိခိုးစာမှာ ပါတာဆိုတော့ ဘုရားရှိခိုးတက်ကြတဲ့ ဗုဒ္ဓဘာသာဝင် အတော်များများ ကျက်မှတ်ပြီးဖြစ်တဲ့ စကားရပ်ပဲ၊ ကျက်မှတ်ပြီး ဘုရားရှိခိုး၊ အမျှအတန်း ပေးဝေနေကြပေမယ့် သိတဲ့လူက အတော်ရှားဟန်တူတယ်၊ မနှစ်က အလှူပွဲရောက်တော့လည်း အင်းရွာ ဒကာများ လျှောက်ထားကြလို့ အဖြေပေးခဲ့ဖူးသေးတယ်၊ ခုလည်း အမေးရောက်ခဲ့ပြန်ပြီ၊ ဒါကြောင့် အဖြေပေးရပြန်ဦးတော့မှာပေါ့

                   မှန်ပါ - အဖြေပေးတော်မူပါဘုရား


                                                                 သတ္တဝါသ ဘုံးကိုးဝ

                သတ္တဝါသဆိုတာ (သတ္တ-အာဝါသ) သတ္တဝါတို့နေရာဘုံကို ဆိုလိုတယ်၊ သတ္တဝါတို့ရဲ့ နေရာဘုံဟာ အပါယ်လေးဘုံ, လူ့ဘုံ, နတ်ပြည် ခြောက်ဘုံ, ဗြဟ္မာဘုံ နှစ်ဆယ်အားဖြင့် သုံးဆယ့်တစ်ဘုံ ရှိတယ်၊ အဲဒီ သုံးဆယ်တစ်ဘုံကို တူရာ ပေါင်းလိုက်တော့ ကိုးဘုံသာ ရှိတယ်လို့ ဆိုလိုတယ်ကွယ့်

                   ဘယ်လို တူရာပေါင်းတယ်ဆိုတာ အမိန့်ရှိပါဦး ဘုရား

                   တူရာပေါင်းတယ်ဆိုတာ ပဋိသန္ဓေစိတ်တူရာနှင့် ကိုယ်ကာယတူရာ ပေါင်းခြင်းကို ဆိုလိုတယ်ကွယ့်၊ သတ္တဝါတို့ ပဋိသန္ဓေ တည်နေတဲ့ စိတ်က အားလုံး ၁၉-ခု ရှိတယ်၊ ၁၉-ခုအရ ဥပေက္ခာသန္တီရဏစိတ် ၂-ခု၊ မဟာဝိပါတ်စိတ် ၈-ခု၊ မဟဂ္ဂုဝိပါတ် ၉-ခု ဖြစ်တယ်၊ သည် ၁၉-ခုအနက် ပဋိသန္ဓေစိတ်ချင်း တူတာကို (ဧကတ္တသညီ) လို့ခေါ်တယ်၊  ပဋိသန္ဓေစိတ်ချင်း မတူလျှင် (နာနတ္တသညီ) လို့ ခေါ်တယ်၊ မှတ်မိရဲ့လား

                   မှတ်မိပါတယ် ဘုရား

                   ကိုယ်ခန္ဓာချင်းတူတာကို (ဧကတ္တကာယ)လို့ ခေါ်တယ်၊ ကိုယ်ခန္ဓာချင်းမတူလျှင် (နာနတ္တကာယ)လို့ ခေါ်တယ်၊ မှတ်မိရဲ့လား

                   မှတ်မိကြောင်းပါ ဘုရား

                   ဘုံပေါင်း ၃၁-ဘုံရှိပါလျက်နှင့် ပဋိသန္ဓေချင်း တူရာမတူရာ ကိုယ်ခန္ဓာချင်း တူရာမတူရာ ပေါင်းလိုက်တော့ ၃၁-ဘုံဟာ ကိုးဘုံဖြစ်သွားတယ်၊ အဲသည် ကိုးဘုံကို (သတ္တဝါသ ဘုံကိုးပါး) လို့ ကျမ်းများက ပြတယ်

                   ပေါင်းပုံ အမိန့်ရှိပါဦးဘုရား 

                   ပထမ ဝိနိပါတိကအသုရာရယ်, လူရယ်,နတ်ရယ် စသည်သုံးမျိုးကို တစ်တွဲတွဲရမယ်ကွယ့်

                   ဝိနိပါတိက အသုရာဆိုတာ ဘာလဲဘုရာ့

                   ဘုတ်, တစ္ဆေ, သရဲ, ပြိတ္တာတစ်မျိုးကို ဝိနိပါတိကအသုရာကို ခေါ်တယ်ကွယ့်

                   သည်အသုရာက မြင်းမိုရ်တောင်အောက်က အသုရာမျိုးနှင့် မတူဘူးလားဘုရား

                   မတူဘူး၊ မြင်းမိုရ်တောင်အောက်က အသုရာက တာဝတိံသာ နတ်မျိုးပဲ၊ တာဝတိံသာနတ်ကို သုရာလို့ခေါ်တယ်၊ သုရာနတ်တို့နှင့် ဆန့်ကျင်ဘက်စစ်ထိုးဘက်မို့ အသုရာလို့ ခေါ်ခြင်းဖြစ်တယ်

                   မှန်ပါ - အသုရာကလည်း ရှုပ်လှပါလား၊ သည့်ပြင် အသုရာများကော ရှိပါသေးသလားဘုရား

                   အေး - ရှိသေးတယ်ကွယ့်

                   ရှိသေးလျှင် အမိန့်ရှိပါဦး ဆရာတော်

                   အသုရာကို ငါးမျိုးခွဲပြီး ကျမ်းများမှာ ပြထားတယ်၊ ငါးမျိုးဆိုတာက-

                   (၁) မြင်းမိုရ်တောင်အောက် မြခနောက်သုံးလုံးအကြားမှာ နေကြတဲ့ နတ်အသုရာတဲ့၊ သည်အသုရာ သဒ္ဒါမှာပါတဲ့ အ-ပုဒ်က တာဝတိံသာနတ်မဟုတ်ဘူးဆိုတဲ့ ဆန့်ကျင့်ဘက် အနက်ကို ဟောတယ်။

                   (၂) ဘုမ္မစိုးနတ်များကို မှီခိုနေကြတဲ့ ဝိနိပါတိက အသုရာတဲ့၊ သည်အသုရာပုဒ်မှာပါတဲ့ အ-သဒ္ဒါက သေးသယ်တဲ့ အနက်ကိုဟောတယ်၊ နတ်အငယ်စားလေးတွေကို ဆိုလိုတာပေါ့။

                   (၃) နေ့အခါ နတ်များလို စည်စိမ်ခံစားပြီး ညအခါ ပြိတ္တာများလို ဒုက္ခခံကြရတဲ့ ဝေမာနိက အသုရာတဲ့၊ သည်အသုရာပုဒ်မှာပါတဲ့ အ-သဒ္ဒါက အတူဆိုတဲ့ သဒိသအနက်ကိုဟောတယ်၊ စည်းစိမ်ခံစားခိုက်မှာ နတ်များနှင့်တူ တယ်လို့ဆိုလိုတယ်၊ ပေတဝတ္ထုက လာတဲ့ ရေကန်အနီး ခွေးနက်ကြီးအစားခံရတဲ့ ဗိမာန်ရှင် ကဏ္ဏမုဏ္ဍပြိတ္တာမဟာ သည်အသုရာမျိုးပဲကွယ့်။

                   (၄) ပြီးတော့ စကြဝဠာသုံးခုတို့ရဲ့အကြား ဒုက္ခခံနေကြတဲ့ ငရဲသားများကိုလည်း လောကန္တရိကအသုရာလို့ ခေါ်သေးတယ်၊ အသုရာဘယ်နှစ်မျိုး ရှိသွားပြီလဲကွယ့်

                   မှန်ပါ - ၄-မျိုးရှိသွားပါပြီ ဘုရား

                   (၅) သည် ၄-မျိုးမှတစ်ပါး ကာလကဥ္စိက အသုရာဆိုတာလည်း ရှိသေးသတဲ့ကွယ်

                   မှန်ပါ - အမိန့်ရှိပါဦး ဘုရား

                   ကာလကဥ္စိက အသုရာဆိုတာက ပြိတ္တာမျိုးပဲကွယ့်၊ သည်ပြိတ္တာမျိုးဟာ တောအုံချောက်ကြား မြစ်ကမ်းပါးစသည်တို့မှာ နေတက်ကြတယ်၊ ပြိတ္တာဖြစ်သည်ကစပြီး မစားရမသောက်ရ အလွန်ဆင်းရဲတဲ့ ပြိတ္တာမျိုးပေါ့၊ တချို့ အသုရာများ ဘုရား ၁-ဆူ, ၃-ဆူ ပွင့်သွားသော်လည်း တစ်ကြိမ်တစ်ခါမျှ မစားကြရ မသောက်ကြေရဘူးတဲ့၊ သည်အသုရာပုဒ်မှာပါတဲ့ အ-သဒ္ဒါကတော့ နတ်တို့နှင့် ဆန့်ကျင်ဘက်အနက်ကိုဟောတယ်။

                   နတ်များက မြူးတူးပျော်ပါး ကာမဂုဏ်ခံစားကြရလို့ သုရာလို့ ခေါ်တယ်၊ သည်ပြိတ္တာမျိုးကတော့ မြူးတူးပျော်ပါး ခံစား စံစားရခြင်း လုံးဝမရှိလို့ အသုရာလို့ ခေါ်သတဲ့ကွယ့်၊ အားလုံးပေါင်းလိုက်တော့ အသုရာငါးမျိုးရှိသပေါ့ကွယ်၊ သတ္တဝါသ ဘုံးကိုးပါးရဲ့ ပထမအတွဲမှာပါဝင်တဲ့ အသုရာက ဝိနိပါတိက အသုရာဖြစ်တယ်၊ အဲသည် ဝိနိပါတိက အသုရာရယ်, လူရယ်, နတ်ပြည်ခြောက်ထပ်က နတ်ရယ် သည်သုံးမျိုးက နာနတ္တသညီ နာနတ္တကာယ ပထမအတွဲလို့ မှတ်ပေါ့ကွယ်

                   သည်ပထမအတွဲရဲ့ နာနတ္တသညီ, နာနတ္တကာယဖြစ်ပုံကို နားရှင်းအောင် မိန့်တော်မူပါဦး ဘုရား

                   ဝိနိပါတိက အသုရာရယ်, လူရယ်, နတ်ရယ် သတ္တဝါ ၃-မျိုး ပဋိသန္ဓေနေတဲ့အခါ ပဋိသန္ဓေစိတ် (၁၉)ပါးအနက် သုဂတိအဟိတ်ခေါ်တဲ့ ကုသလဝိပါတ် ဥပေက္ခာသန္တီရဏ ၁-ခု၊ မဟာဝိပါက်စိတ် ၈-ခု၊ သည် ၉-ခုသော ပဋိသန္ဓေစိတ်ထဲက တစ်ခုခုသောစိတ်ဖြင့် ပဋိသန္ဓေတည်နေကြတယ်၊ သည်လို ပဋိသန္ဓေစိတ်ချင်းမတူတာကို နာနတ္တသညီလို့ ခေါ်တာကွယ့်

                   မှန်ပါ - နာနတ္တကာယ ဆိုတာကောဘုရား

                   နာနတ္တကာယဆိုတာက ကိုယ်ကောင်ချင်း မတူဘူးလို့ဆိုလိုတယ်၊ ခွေးချင်းခွေး, ဆင်ချင်းဆင်, နတ်ချင်းနတ်, လူချင်းလူ တစ်ဦးနှင့်တစ်ဦး ကိုယ်ကာယချင်းမတူညီတာကို ဆိုလိုတယ်၊ သည်ပထမအတွဲက ပဋိသန္ဓေစိတ်ချင်းလည်း မတူဘူး၊ ကိုယ်ကာယချင်းလည်း မတူညီကြဘူး၊ ဒါကြောင့် နာနတ္တသညီ, နာနတ္တကာယလို့ ခေါ်ဆိုရတယ်

                   မှန်ပါ - ပထမအတွဲကို နားပေါက်သွားပါပြီဘုရား၊ ဒုတိယအတွဲကို အမိန့်ရှိပါဦး ဘုရား

                   ဒုတိယအတွဲက နာနတ္တကာယ, ဧကတ္တသညီအတွဲဖြစ်တယ်၊ ဘုံအရကောက်တော့ ပထမဈာန်သုံးဘုံရယ်, အပါယ်လေးဘုံရယ်ပေါင်း (၇)ဘုံလို့ အရကောက်သကွယ့်၊ သည် ၇-ဘုံသော သတ္တဝါများဟာ ကိုယ်ကာယချင်း မတူညီလို့ နာနတ္တကာယလို့ခေါ်ရတယ်၊ ပဋိသန္ဓေစိတ်ချင်းကတော့ တူညီလို့ ဧကတ္တသညီလို့ ခေါ်ရတယ်

                   အပါယ်ဘုံနှင့် ဗြဟ္မာ့ဘုံ ဘယ်မှာ ပဋိသန္ဓေစိတ်ချင်းတူပါ့မလဲကွယ်၊ ဒီနေရာမှာ ဧကတ္တညီပဋိသန္ဓေစိတ်တူတယ်ဆိုတာက အပါယ်လေးဘုံသား အချင်းချင်း အကုသလဝိပါက် ဥပေက္ခာသန္တီရဏစိတ်နှင့် ပဋိသန္ဓေတည်နေကြချင်းတူတယ်၊ အပါယ်ဘုံသားချင်း ပဋိသန္ဓေစိတ် တူသော်လည်း ကိုယ်ကာယချင်းမတူကြဘူး၊ ဒါကြောင့် အပါယ်ဘုံသားကို ဧကတ္တသညီ, နာနတ္တကာယလို့ ခေါ်တယ်၊ ဒီလို နာနတ္တကာယ, ဧကတ္တသညီချင်း တူညီတဲ့အတွက် ကထမဈာန် သုံးဘုံနှင့် အပါယ်လေးဘုံကို ဒုတိယအတွဲပြုထားရခြင်း ဖြစ်တယ်ကွယ့်

                   မှန်ပါ - တတိယအတွဲကို မိန့်တော်မူပါဦး ဘုရား

                   တတိယအတွဲက နာနတ္တသညီ, ဧကတ္တကာယအတွဲဖြစ်တယ်၊ ဘုံအားဖြင့်တော့ ဒုတိယဈာန်သုံးဘုံကို ကောက်ယူရတယ်၊ ဒုတိယဈန်သုံးဘုံဟာ အချို့ ဒုတိယဈာန် ဝိပါက်စိတ်နှင့် ပဋိသန္ဓေနေကြတယ်၊ အချို့ကတော့ တတိယဈာန်ဝိပါက်စိတ်နှင့် ပဋိသန္ဓေနေကြတယ်၊ ပဋိသန္ဓေနေပုံ စိတ်ချင်းမတူလို့ နာနတ္တသညီလို့ခေါ်တယ်၊ ရုပ်ချင်းကျတော့ အတူတူပဲတဲ့၊ ထိုဗြဟ္မာနှင့် ဤဗြဟ္မာ ရုပ်ပုံစံချင်း မကွဲကြဘူး၊ ဒါကြောင့် ဧကတ္တကာယလို့ ခေါ်ကြရတယ်၊ မှတ်မိရဲ့လား

                   မှတ်မိကြောင်းပါ ဘုရား

                   စတုတ္ထအတွဲက ဧကသတ္တသညီ, ဧကတ္တာကာယအတွဲဖြစ်တယ်၊ ဘုံအားဖြင့်တော့ တတိယဈာန် သုံးဘုံ, ဝေဟပ္ဖိုလ်ဘုံ, သုဒ္ဓါဝါသငါးဘုံတို့ကို ရတယ်၊ သည်ဘုံတွေထဲက တတိယဈာန်သုံးဘုံ ဗြဟ္မာများဟာ ပဋိသန္ဓေတည်နေတော့ စတုတ္ထဈာန် ဝိပါက်နှင့်ချည်း ပဋိသန္ဓေတည်နေကြတယ်၊ ရုပ်ချင်းကလည်း ဗြဟ္မာအချင်းချင်း တူညီကြတယ်၊ ဒါကြောင့် တတိယဈာန်ဘုံကို ဧကတ္တသညီ ဧကတ္တကာယလို့ ခေါ်တယ်။

                   စတုတ္ထဈာန်ဘုံ ၇-ဘုံရှိရာမှာ အသညသတ်ကိုကြဉ်, ဝေဟပ္ဖိုလ်နှင့် သုဒ္ဓါဝါသ ၅-ဘုံတို့ဟာ ပဉ္စမဈာန် ဝါပါက်စိတ်နှင့်ချည်း ပဋိသန္ဓေတည်နေကြလို့ ဧကတ္တသညီလို့ခေါ်ရတယ်၊ ဗြဟ္မာအချင်းချင်းလည်း ရုပ်ကာယချင်းတူလို့ ဧကတ္တကာယလို့ ခေါ်ရတယ်။

                   ပဉ္စမအတွဲကတော့ ဧကတ္တကာယအတွဲဖြစ်တယ်၊ အရကောက်တော့ အသညသတ်ဘုံကိုကောက်ရတယ်၊ အသညသတ်ဘုံဟာ နာမ်နှင့်ပဋိသန္ဓေနေတာမဟုတ်လို့ သညီအမည်မရဘူး၊ အသညသတ္တာနံ ပန ရူပမေဝ ပဋိသန္ဓိ ဟောတိ ဆိုတဲ့ ဝီထိမုတ်လာစကားအတိုင်း ရုပ်ဖြင့် ပဋိသန္ဓေတည်နေပြီး ကိုယ်ခန္ဓာချင်းလည်း တူညီတဲ့အတွက် ဧကတ္တကာယပုဂ္ဂိုလ်လို့ ခေါ်ရတယ်။

                   ကျန်အတွဲ ၄-တွဲကတော့ အရူပ ၄-ဘုံကိုတစ်တွဲစီ ကောက်ရတယ်၊ အရူပ ၄-ဘုံဟာ မိမိတို့ဘုံ အားလျော်စွာ ပဋိသန္ဓေစိတ်ချင်းတူညီကြတယ်၊ အာသာနဉ္စာယတနဘုံမှာ ဝိညာဏဉ္စာယတနဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေတယ်၊ အာကိဉ္စညာယတနဘုံမှာ အာကိဉ္စညာယတနဝိပါတ်စိတ်ဖြင့် ပဋိသန္ဓေနေတယ်၊ နေဝသညာနာသညာယတနဘုံမှာ နေဝသညာနာသညာယတနဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေတယ်၊ အရူပလေးဘုံမှာ အသီးသီး မိမိတို့ဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေတဲ့အတွက် ဧကတ္တသညီဘုံများလို့ ခေါ်ကြရတယ်၊ အဲသည်ဘုံတွေမှာ ကာယခေါ်တဲ့ကိုယ်မရှိလို့ ကာယအမည်ကို မရကြဘူး၊ ဤနည်းဖြင့် ၃၁-ဘုံကို တူရာပေါင်းလိုက်လျှင် သတ္တာဝါသဘုံပေါင်း ၉-ဘုံရတယ်

                   အဲသည်ကိုးဘုံရဲ့ ဆောင်ပုဒ်များကော ရှိပါသလားဘုရား

                   ရှိပါတယ်၊ ပါဠိဆောင်ပုဒ်ရချင်လျှင် ဇိနာလင်္ကာရဋီကာပါဌ်နှာ ၉၁(သုဓမ္မဝတီမူ) မှာ ရှိပါတယ်၊ မြန်မာဆောင်ပုဒ်ဆိုလျှင်တော့ သည်လိုမှတ်ပေရော့


                                သတ္တဝါသ ဘုံကိုးဝ ဆောင်ပုဒ်

                   ဝိနိပါတာ၊ အသုရာ၊ လူ့ရွာနတ်တစ်ဘဝ။
                   ပထမဈာန်၊ ပါယ်လေးတန်၊ ယူရန်တစ်ဌာ။
                   ဒုတိယဈာန်ဘုံ၊ အလုံးစုံ၊ အကုန်ယူပါကြ။
                   တတိယနေ၊ ဝေဟပ္ဖေ၊ သုဒ္ဓေငါးအင်ရ။
                   အသညတ်မှာ၊ သူ့ချည်းသာ၊ ယူရာဘုံတစ်ဝ။
                   အရူပလေးဘုံ၊ အလုံးစုံ၊ ယူကုန်ပစ္စေက။
                   မှန်ပါ၊ သတ္တာဝါသ ဘုံ ၉-ပါးတော့ သိရပါပြီ၊ ဝိညာဏဋ္ဌိတိ ၇-ပါးဆိုတာ မိန့်ပါဦးဘုရား


                                ဝိညာဏဋ္ဌိတိ ၇-ပါး

                   ဝိညာဏဋ္ဌိတိဆိုတော့ ဝိညာဉ်၏ တည်ရာလို့ ဆိုလိုသကွယ့်၊ ဝိညာဉ်ဆိုတာ စိတ်နှင့်စေတသိတ်ပေါ့၊ သတ္တဝါသ ဘုံ ၉-ပါးမှာ အသညသတ်ဘုံဟာ ရုပ်သာရှိတယ်၊ ဝိညာဉ်မရှိဘူး၊ ဝိညာဉ်မတည်ဘူး၊ ဒါကြောင့် ဘုံ ၉-ပါးထဲက အသညသတ်ဘုံကို နှုတ်လိုက်ကွယ့်

                   မှန်ပါ - ရှစ်ဘုံ ကျန်ပါတယ်ဘုရား

                   ပြီးတော့ နေဝသညာနာသညာယတနဘုံဟာ ဝိညာဉ်ရှိတယ်လို့လည်း မဆိုလောက်၊ မရှိဘူလည်းမဟုတ်၊ ဝိညာဉ်လှုပ်လှုပ်မျှသာ ရှိတဲ့အတွက် အဲသည်ဘုံကိုလည်း နှုတ်လိုက်ဦးကွယ့်

                   မှန်ပါ - ခုနစ်ဘုံကျန်ပါတယ် ဘုရား

                   အေး-ကျန်တဲ့ ၇-ဘုံဟာ ဝိညာဉ်တည်တဲ့ ဘုံများဖြစ်တဲ့အတွက် ဝိညာဏဋ္ဌိတိ ၇-ဘုံလို့ ဆိုရတယ်ကွယ့်

                   မှန်ပါ - ရှင်းပါပြီ၊ သို့သော်လည်း သည် သတ္တဝါသ ဘုံကိုးဝနှင့် ဝိညာဏဋ္ဌိတိ ၇-ပါးတို့ဟာ ဘယ်ကျမ်းမှာပါတယ်ဆိုတာကိုလည်း အမိန့်ရှိပါဦး ဘုရား

                   ကျမ်းညွှန်း ပြောရမယ်ဆိုလျှင် အင်္ဂုတ္တရပါဠိ သတ္တကနိပါတ်သတ္တဝိညာဏဋ္ဌိတိသုတ်, အင်္ဂုတ္တရပါဠိ နဝကနိပါတ် သတ္တာဝါသသုတ်, သုတ်မဟာဝါ မဟာနိဒါနသုတ်နှင့် ခုဒ္ဒက ပါ-၃၊ ဋ္ဌ-၇၃၊ ပဋိသံ-ပါ-၂၃၊ ဋ္ဌ-မ-၁၀၆။ ဒီဃ ၃-ပါ-၂၁၈၊ ၂၅၂၊ ဋ္ဌ ၂၂၈၊ အဘိ ၁-ဋ္ဌ၊ ၁၅၈-၉များမှာ အကျယ် ဖတ်ကြည့်တာပေါ့ကွယ်

                   မှန်ပါ - ဝမ်းသာလှပါပြီ ဘုရား

                   သာဓု - သာဓု - သာဓု


***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၂၅) -  တရားအားထုတ်သူတိုင်း မဂ်ဖိုလ် ရမရ               


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ - ၁၉၅-၂၀၃) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

(ကပ္ပိယ-မောင်ရဲ) https://www.facebook.com/yewin.tun.71
Friday, September 14,2012        12:13 pm


0 comments:

Post a Comment