Monday, March 4, 2013

တရားအားထုတ်သူတိုင်း မဂ်ဖိုလ် ရမရ နှင့် တရားအားထုတ်သောပုဂ္ဂိုလ် ၄-မျိုး


တရားအားထုတ်သူတိုင်း မဂ်ဖိုလ် ရမရ    
              

                   ပြဿနာတစ်ခု ဆက်ပြီးလျှောက်ထားပါရစေဘုရား

                   လျှောက်ပါလေ၊ လျှောက်ထားတာပေါ့

                   ဥပုသ်ဇရပ်တစ်ဆောင်မှာ ဥပသ်သည်များ တရားဆွေးနွေးနေကြတယ် ဘုရား

                   ဘယ်လိုများ ဆွေးနွေးနေကြတာတုန်း

                   ဥပုသ်သည်တစ်ယောက်က ပြောတယ်ဘုရား၊ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာ မြေကြီးအောက်မှာ အမြဲတည်နေတဲ့ရေလို သဘာဝအလျောက် အမြဲတည်နေတဲ့ တရားမျိုးဖြစ်ပါသတဲ့၊ မြေကြီးအောက်ကရေကို အလိုရှိတဲ့သူဟာ လုံ့လဝီရိယစိုက်ထုတ်ပြီး မြေကြီးကိုတူးယက်လိုက်လျှင် ရေကိုတွေ့နိုင်သလို ယောဂါဝစရပုဂ္ဂိုလ်ဟာလည်း ဝီရိယစိုက်ထုတ်ပြီး ဝိပဿနာအလုပ်ကို လုပ်မယ်ဆိုလျှင် မဂ်ဉာဏ်, ဖိုလ်ဉာဏ်, နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါသတဲ့၊ ခုကာလ မဂ်ဖိုလ် မရကြတာဟာ မြေကိုမတူးလို့ ရေမရတာလို ဝိပဿနာအလုပ်ကို တကယ်မလုပ်တဲ့အတွက် တကယ်မရကြခြင်းဖြစ်တယ်လို့ အဲသည်ပုဂ္ဂိုလ်က အခိုင်အမာ ပြောတယ်ဘုရား၊ အဲသည်တရားဆွေးနွေးပွဲမှာ သူ့အယူအဆကြိုက်နှစ်သက်သူတွေလည်း ရှိကြပါတယ်၊ မကြိုက်သူတွေလည်း ရှိကြပါတယ်၊ တပည့်တော်ကတော့ သူတို့ဆွေးနွေးချက်ကို မှတ်သားပြီးသာယူခဲ့တယ်၊ ဘာမျှထောက်ခံခြင်း, ကန့်ကွက်ခြင်း, စွက်ဖက်ခြင်းမပြုခဲ့ဘူး၊ သည်ပုဂ္ဂိုလ်ပြောတဲ့စကားဟာ ဟုတ်သင့် မဟုတ်သင့် ဆရာတော် ဖြေပေးပါဦး

                   သည်ပုဂ္ဂိုလ်ရဲ့စကားဟာ ဟုတ်သင့်သလောက်တော့ ဟုတ်ပြီး၊ မဟုတ်သင့်သလောက်တော့ မဟုတ်ဘူးကွယ့်

                   ဘယ်လိုကြောင့်တုံး ဘုရား


                                                    သရက်သီးမှည့်ဥပမာ

                   အကြောင်းကတော့ သည်လိုကွယ့်၊ မဂ်ဖိုလ်နိဗ္ဗာန် မျက်မှောက်ပြုနိုင်တယ်ဆိုတာ အရိယာပုဂ္ဂိုလ်များမှ ပြုနိုင်ကြတယ်၊ အရိယာမဟုတ်လျှင် မပြုနိုင်ကြဘူး၊ အရိယာပုဂ္ဂိုလ်ဆိုတာ ဘယ်လိုအမျိုးအစားလဲလို့ သိဖို့အတွက် သိလွယ်အောင် သရက်ပင်က သရက်သီးနှင့် ဥပမာပေးကြစို့ရဲ့၊ သရက်ပင်ပေါ်က သရက်သီးဟာ သီးကင်းကစပြီး မှည့်ရွမ်းနေသည်အထိ အဆင့်ဆင့် ရှိကြတယ်၊ သရက်သီးမှည့်ရွမ်းချိန် မရောက်မီ အဖန်ဓာတ်, အချဉ်ဓာတ်တွေက ပိုကဲနေလို့ အချိုဓာတ်မရှိဘူး၊ အသီးရင့်လာသည်နှင့်အမျှ အဖန်ဓာတ်, အချဉ်ဓာတ်တွေဟာ တစ်စ တစ်စ နည်းပါးလာပြီး အချိုဓာတ်က ပိုလဲလာတယ်၊ လောကအတွင်း ကျင်လည်နေကြတဲ့ သတ္တဝါအနန္တဟာလည်း သရက်သီးဥပမာအတိုင်းပဲကွယ့်၊ ပါရမီအင်အားနည်းပါးနေစဉ်ကာလမှာ တဏှာအင်းအား, မာနအင်အား, ဒိဋ္ဌိအင်အား စတဲ့ အဖန်ဓာတ်, အချဉ်ဓာတ်တွေက များနေယတ်၊ သည်အချိန်မှာ အချိုဓာတ်ဆိုတဲ့ မဂ်ဖိုလ်ရအောင် ပြုလုပ်ဖို့ဆိုတာ မလွယ်ကူဘူး၊ ဒါကြောင့် ဘယ်ပုဂ္ဂိုလ်ဖြစ်စေ ဝိပဿနာအလုပ် အားထုတ်ခဲ့လျှင် အမှန်တကယ် မဂ်ဖိုလ်နိဗ္ဗာန် ရနိုင်တယ်ဆိုတဲ့ စကားဟာ မမှန်ဘူး၊ လောကစကားမှာ ပွင့်ချိန်တန်မှပွင့်, သီးချိန်တန်မှာ သီးဆိုတဲ့ စကားရှိသလို အရိယာဆိုတာလည်း ဖြစ်ချိန်တန်မှ ဖြစ်တယ်၊ ဖြစ်ချိန် မတန်လျှင် မဖြစ်ဘူးကွယ့်

                   ဖြစ်ချိန်တန်တယ်ဆိုတာ ဘာကို ဆိုလိုပါသလဲဘုရား

                   ဖြစ်ချိန်တန်တယ်ဆိုတဲ့ စကားကို အထက်က သရက်သီး ဥပမာနှင့် ပြောခဲ့ပြီးပါပြီ၊ သရက်သီးဟာ မှည့်ချိန်တန်မှသာ မှည့်တယ်၊ မှည့်ချိန်မတန်မီ ဘယ်လိုပင် မှည့်အောင်အုပ်အုပ် မမှည့်ဘူး၊ ပုပ်ဆွေးပြီးသာ သွားတယ်၊ ပုဂ္ဂိုလ်ဟာလည်း အရိယာဖြစ်ချိန် မတိုင်မီ ဘယ်လိုပင် တရားအားထုတ်စေကာမူ မဂ်ဖိုလ်  မရနိုင်ဘူး၊ သူ့အချိန်ကျမှာသာ မဂ်ဖိုလ်ကို ရနိုင်တယ်၊ သည်စကားရပ်ကို ဘုရားရှင်ရဲ့ ဣနြ္ဒိယပရောပရိယတ္တိဉာဏ်တော်နှင့် ချိန်ဆကြည့်လျှင်သိနိုင်တာပေါ့

                   ဘယ်လို သိနိုင်ပါသလဲ၊ အမိန့်ရှိပါဦး ဘုရား

                   သရက်သီးတစ်လုံးဟာ အစေ့ယှက်ပြီး ရင့်ကျက်ပါမှ မှည့်နိုင်သလို ပုဂ္ဂိုလ်တစ်ယောက်ဟာလည်း ဣနြေ္ဒရင့်ကျက်ပါမှ မဂ်ဖိုလ်ကိုရနိုင်ပါတယ်၊ သည်နေရာမှာ ဣနြေ္ဒဆိုတာ ဗောဓိပက္ခိယတရား ၃၇-ပါးမှာပါဝင်တဲ့ သဒ္ဓိနြေ္ဒ, ဝီရိယိနြေ္ဒ, သမာဓိနြေ္ဒ, ပညိနြေ္ဒ တို့ကို ဆိုလိုတယ်ကွယ့်၊ သည်ဣနြေ္ဒတွေ နုသေးလျှင် သရက်သီးနုနုကို အုပ်မရသလို ဝိပဿနာတရား အားထုတ်သော်လည်း မဂ်ဖိုလ်မရနိုင်ဘူး၊ ဥပမာထုတ်ပြရမယ်ဆိုလျှင် -
  

                                           အယူမှားသော မဟာဝါစကာလ

                   ဂင်္ဂါမြစ်တစ်ဘက်ကမ်းမှာ မဟာဝါစကာလအမည်ရှိတဲ့ ဒကာတစ်ယောက် ရှိခဲ့ဖူးတယ်၊ အဲသည်ဒကာဟာ နှစ်ပေါင်း သုံးဆယ်ကြာအောင် သေတာပတ္တိမဂ်ကို မျက်မှောက်ပြုနိုင်အောင်ရယ်လို့ ၃၂-ပါးသော ဒွတ္တိံသကမ္မဋ္ဌာန်းကို စီးဖြန်းပွားများတရားအားထုတ်ခဲ့တယ်၊ သို့သော်လည်း မဂ်ရဲ့ အရိပ်အရောင်မျှကိုတောင် မထင်ခဲ့ဖူးတဲ့ကွယ်၊ သည်တော့ ဒကာရဲ့စိတ်ထဲမှာ ငါဟာ သည်လောက်တရားအားထုတ်ပါလျက်နှင့် မဂ်မရတာကို ထောက်ဆခဲ့လျှင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ သံသရာထွက်မြောက်ကြောင်း မဟုတ်ပါဘူးလို့ အယူဖောက်ပြန်သွားရှာတယ်။

                   အဲသည် အယူဖောက်ပြန်စိတ်နှင့် ကွယ်လွန်တဲ့အခါ မဟာဂင်္ဂါမြစ်အတွင်းမှာ ကိုးဥသဘရှိတဲ့ မိကျောင်းပြိတ္တာကြီးဖြစ်ရှာသတဲ့၊ သည်မိကျောင်းပြိတ္တာကြီးဟာ မိကျောင်းဖြစ်တဲ့နေ့ကစပြီ တစ်ကြိမ်တစ်ခါမျှ ဝမ်းဝအောင် မစားရရှာဘူးတဲ့၊ တစ်နေ့တော့ ကစ္ဆကဆိပ်ကမ်းလမ်းအတိုင်း လှည်းပေါင်း ၆၀-ကျောက်တွေကို တိုက်လာကြသတဲ့၊ သည်လှည်းတွေကိုမြင်တော့ အလွန်ဆာလောင်နေတဲ့ မိကျောင်းပြိတ္တာကြီးဟာ လှည်းပေါ်က ကျောက်တွေရော နွားတွေပါ အကုန်လုံး ဖမ်းပြီး စားလိုက်သတဲ့ကွယ်။

                   သည်ဝတ္ထုကြောင်းက အင်္ဂုတ္တရ တိကနိပါတအဋ္ဌကထာ စာမျက်နှာ ၁၀၈-က လာတဲ့ စကားရပ်ဖြစ်တယ်၊ သည်ဒကာက နောက်ဆုံးအယူဖောက်ပြန်သွားလို့ မဂ်ဖိုလ်မရတာဖြစ်ချင်ဖြစ်နိုင်တယ်၊ သည်ထက်မက အသက်ပေးပြီး တရားအားထုတ်ပါလျက်နှင့် ပါရမီမရင့်တဲ့အတွက် မဂ်ဖိုလ်မရတဲ့ပုဂ္ဂိုလ်တွေလည်း အများအပြားရှိကြတယ်ကွယ့်



                                တောင်ကလပ်ပေါ်က ရဟန်းတော်များ

                   ကဿပဘုရားရှင်ရဲ့ သာသနာတော်နောက်ပိုင်းမှာ သာသနာတော်ဝန်ထမ်း ရဟန်းများဟာ အကျင့်သီလပျက်စီးခဲ့ကြသတဲ့၊ သည်အခါ သတိ သံဝေဂရတော်မူကြတဲ့ ရဟန်းတော် ၇-ပါးတို့ဟာ သာသနာတော် မကွယ်ပျောက်မီကာလမှာ တစ်မဂ်တစ်ဖိုလ်ပိုင်အောင်တော့ အားထုတ်တော်မူကြမယ်လို့ တိုင်ပင်ကြပြီး အလွန်မြင့်တဲ့ တောင်ကလပ်ထိပ်ရောက်အောင် လှေကားထောင်ပြီး တက်ကြသတဲ့၊ တောင်ထိပ်ရောက်တော့ လှေကားရှိနေလျှင် အသက်၌တွယ်တာမှု ရှိနေလိမ့်မယ်၊ အသက်စွန့်ပြီး တရာအားထုတ်ကြစို့လို့ သဘောတူလှေကားကိုတွန်းချပြီး တရားအားထုတ်ခဲ့ကြတယ်၊ သို့ကလောက် အသက်ပေးပြီး တရားအားထုတ်တာတောင် အားလုံး မဂ်ဖိုလ်မရကြရှာဘူး၊ ရဟန်းတော် ၇-ပါးအနက် အကြီးဆုံးမထေရ်ကြီးက ၅-ရက်မြောက်တဲ့နေ့မှာ အရဟတ္ထဖိုလ်ကို ရသွားတယ်၊ ဒုတိယမထေရ်ကတော့ ၇-ရက်မြောက်တဲ့နေ့မှာ အနာဂါမိဖိုလ်ကို ရသွားတယ်၊  ကျန်တဲ့ပုဂ္ဂိုလ် ၅-ပါးတို့ကတော့ ဘာမဂ်ဘာဖိုလ်မျှ မရကြဘဲ ပုထုဇဉ်ဘဝဖြင့် စုတေကွယ်လွန်ခဲ့ကြပြီး ကဿပဘုရား သာသနာတော်နှင့် ယခုဂေါတမဘုရား သာသနာတော်အကြားကာလမှ လူ့ပြည်နတ်ပြည်အလီလီ ကျင်လည်တော်မူခဲ့ကြတယ်။

                   ယခု ဘုရားရှင်လက်ထက်ကျတော့ တစ်ဦးက ဂန္ဓရတိုင်း တက္ကသိုလ်ပြည်မှာ ပက္ကုသာတိမင်းကြီး ဖြစ်လာတယ်၊ တစ်ဦးက မဇ္ဈန္တိကတိုင်းမှာ သဘိယပရိဗိုဇ်ဖြစ်လာတယ်၊ တစ်ဦးက ဗာဟိယတိုင်းမှာ ဗာဟိယဖြစ်လာတယ်၊ တစ်ဦးက ရာဇဂြိုလ်ပြည်မှာ ကုမာရကဿပဖြစ်လာတယ်၊ တစ်ဦးက မလ္လာတိုင်းမှာ ဒဗ္ဗဖြစ်လာတယ်၊ သည်ပုဂ္ဂိုလ် ၅-ဦးဟာ ယခုဂေါတမ ဘုရားရှင်ရဲ့ သာသနာတော်ရောက်မှ ပါရမီပြည့်ဝလို့ မဂ်ဖိုလ်ရခဲ့ကြတယ်၊ ဒါကြောင့် အချိန်မတန်လျှင် ဘယ်လိုပင် တရားအားထုတ်သော်လည်း မဂ်ဖိုလ်မရနိုင်ဘူးကွယ့်

                   သည်လိုဆို ဘယ်ပုဂ္ဂိုလ်ပင်ဖြစ်စေ တရားအားမထုတ်လို့သာ မဂ်ဖိုလ်ကို မရခြင်းဖြစ်တယ်၊ တရားသာအားထုတ်လျှင် ပုဂ္ဂိုလ်တိုင်း မဂ်ဖိုလ်ရနိုင်တယ်ဆိုတဲ့ စကားဟာ မှားတာပေါ့ဘုရား

                   အေး - မှားသလောက်မှားပြီး မှန်သလောက်တော့ မှန်တယ်ကွယ့်

                   ဘယ်လိုမှန်တာလဲ အမိန့်ရှိပါဦး ဘုရား

                   ယခုဘဝ ရဟန္တာအဖြစ်ဖြင့် ကျွတ်တမ်းဝင်မည့် ပုဂ္ဂိုလ်ကို နှစ်မျိုးခွဲရမယ်ကွယ့်၊ တစ်မျိုးက ဧကန် ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်၊ တစ်မျိုးက အနေကန် ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်တို့ ဖြစ်ကြတယ်၊ ယခုဘဝ ဧကန်ရဟန္တာဖြစ်မည့်ပုဂ္ဂိုလ်က ဘာနှင့်တူသလဲဆိုတော့ မှည့်ချိန်တန်လို့ မှည့်တဲ့ သရက်သီးနှင့်တူတယ်၊ မဂ်ဖိုလ်ရဖို့အတွက် သေချာပေါက်ဖြစ်နေပြီ၊ မဂ်ဖိုလ်မရသမျှ မြင်းမိုရ်တောင်ကြီးနှင့် ကြိတ်သတ်လို့တောင် သေရိုးထုံးစံမရှိဘူး၊ ဒဗ္ဗထေရ်တို့ သံကိစ္စထေရ်တို့ဟာ မိခင်ကို ကိုယ်ဝန်ကြီးနှင့် မီးသင်္ဂြိုလ်တုန်း ဖွားမြင်တဲ့ပုဂ္ဂိုလ်တွေပဲ၊  အန္တိမပုဂ္ဂိုလ်တွေဖြစ်လေတော့ မိခင်ရဲ့ အလောင်းကောင်သာ မီးကျွမ်းပြီး ပြာကျသွားတယ်၊ သူတို့ကတော့မသေဘူး၊ ဒါကြောင့် ဓမ္မပဒအဋ္ဌကထာ ပထမတွဲ ၄၂၆-မှာ ပစ္ဆိမဘဝိကဿ သတ္တဿ ဟိ သိနေရုနာ သြတ္ထရိယမာနဿပိ အရဟတ္တံ အပတွာ ဇီဝိတက္ခယော နာမ နတ္ထိ လို့ ဖွင့်ပြထားတာပေါ့။

                   အချို့သောပုဂ္ဂိုလ်များကတော့ ပါရမီဓာတ်အား မနုမရင့်ဖြစ်နေတယ်၊ မနုမရင့်သရက်သီးဟာ အလိုအလျောက်တော့ဖြင့် မမှည့်ဘူး၊ အလိုအလျောက် ပစ်ထားလိုက်လျှင် ပုပ်သွားတက်သလို အချို့သောပုဂ္ဂိုလ်များဟာ တရားအားထုတ်လျှင် မဂ်ဖိုလ်ရနိုင်တယ်၊ အားမထုတ်လျှင် မဂ်ဖိုလ်မရဘူး၊ ဥပမာ အဇာတသတ်မင်းနှင့် မဟာဓနသူဋ္ဌေးသားတို့လိုပေါ့၊ အဇာတသတ်မင်းဟာ အကယ်၍ ခမည်းတော်ကို မသတ်ခဲ့လျှင် သာမညဖလသုတ်တော်ကို နာယူရာ၌ သောတာပန်ဖြစ်နိုင်တယ်၊ သို့သော်လည်း ခမည်းတော်ကို သတ်မိတဲ့ ဂရုကံကြီးကြောင့် မဂ်ဖိုလ်နှင့်လွဲသွားရတယ်၊ ဗာရာဏသီပြည် မဟာဓနသူဋ္ဌေးသားဟာလည်း တရားတော်ကို ကြိုးစားကျင့်ကြံခဲ့လျှင် အရိယာဖြစ်ခွင့်ရှိတယ်၊ သို့သော်လည်း တရားတော်ကို မကြိုးစားဘဲ ကာမတရားလိုက်စားမိတဲ့အတွက် မဂ်ဖိုလ်နှင့်လွဲသွားရတယ်၊ ဒါကြောင့် ဒုတိယအမျိုးအစားပုဂ္ဂိုလ်ဟာ  မဂ်ဖိုလ်ရနိုင်သော ဘဝပင်ဖြစ်စေ သောတာပတ္တိ အင်္ဂါလေးချက်နှင့် မကိုက်ညီခဲ့လျှင် မဂ်ဖိုလ်မရနိုင်ဘူး။


                                သေတာပတ္တိမဂ် အင်္ဂါ ၄-ချက်

                   သေတာပတ္တိမဂ်အင်္ဂါလေးချက်ကို မဟာဝဂ္ဂသံယုတ်ပါဠိတော်မှာ -
                   (၁) သပ္ပုရိသသံသေဝ = သူတော်ကောင်းတို့ကိုမှီဝဲရမယ်၊
                   (၂) သဒ္ဓမ္မဿဝန = သူတော်ကောင်းတရားကြားနာရမယ်၊
                   (၃) ယောနိသောမနသိကာရ = အသင့်အားဖြင့် နှလုံးသွင်းရမယ်၊
                   (၄) ဓမ္မနုဓမ္မပဋိပတ္တိ = တရားအားလျော်သောအကျင့်ကို ကျင့်ရမယ်- တဲ့ သည်အင်္ဂါလေးချက်မှာဓမ္မာနုဓမ္မပဋိပတ္တိ ဆိုတာ ဝိပဿနာအလုပ်လုပ်တာကို ပြောတာပေါ့ကွယ်၊ ပုဂ္ဂိုလ်လေးမျိုးထဲမှာ မိမိဘာသာ ဘယ်ပုဂ္ဂိုလ် အတန်းအစားထဲ ပါဝင်သည်ဖြစ်စေ တရားအားထုတ်တာဟာ အမှန်ကောင်းတယ်၊ အကယ်၍ မိမိဟာ ဉာဏ်ရင့်တဲ့ပုဂ္ဂိုလ်ဖြစ်လျှင်လည်း မဂ်ဖိုလ်ကို ရနိုင်တယ်၊ ဉာဏ်မရင့်ကျက်သေးလျှင်လည်း ပါရမီမျိုးစေ့ဖြစ်နိုင်တယ်၊ မိမိဟာ တရားအားထုတ်လျှင် မဂ်ဖိုလ်ရနိုင်သော ဒုတိယပုဂ္ဂိုလ်မျိုးဖြစ်ပါလျက် တရားအားမထုတ်လျှင် မဂ်ဖိုလ်နှင့်လွဲသွားနိုင်တယ်၊ မဂ်ဖိုလ်နှင့် ခုဘဝမှာ လွဲသွားလျှင် နောင်အခါ သည်လိုတရားအားထုတ်ခွင့်ရှိတဲ့ ဗုဒ္ဓသာသနာတော်နှင့် ကြုံချင်မှ ကြုံတော့မယ်၊ ဒါကြောင့် တရားအားထုတ်လျှင် မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တယ်ဆိုတဲ့ စကားဟာ မှန်သင့်သလောက်မှန်တယ်လို့ ဆိုလိုက်ရခြင်း ဖြစ်တယ်ကွယ့်

                   ယခု ဆရာတော်အမိန့်ရှိတဲ့ ပုဂ္ဂိုလ်လေးမျိုးဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကို ဆိုလိုတာပါလဲ ဘုရား



                                        တရားအားထုတ်သောပုဂ္ဂိုလ် ၄-မျိုး

                   ပုဂ္ဂိုလ်လေးမျိုးကို ပုဂ္ဂလပညတ် စတုက္ကနိဒ္ဒေသနှင့် အင်္ဂုတ္တရ စတုက္ကနိပါတ် ပုဂ္ဂလဝဂ်မှာ ဘုရားရှင်ဟောတော်မူထားတယ်၊ အရေအတွက်ကတော့ (၁) ဥဂ္ဃါဋိတညူပုဂ္ဂိုလ်၊ (၂)ဝိပဥ္စိတညူပုဂ္ဂိုလ်၊ (၃) နေယျပုဂ္ဂိုလ်၊ (၄) ပဒပရမပုဂ္ဂိုလ်များ ဖြစ်ကြတယ်ကွယ့်

                   အကျယ်အမိန့်ရှိပါဦးဘုရား

                   ဥဂ္ဃါဋိတညူပုဂ္ဂိုလ်မျိုးဟာ ရေနှင့်မထိဘဲ ရေကိုလွန်ပြီးတည်တဲ့ ကြာငုံလို ကိလေသာတည်းဟူသော ရေကိုလွန်ပြီး တည်တဲ့အတွက် ဉာဏ်ပညာအလွန်ထက်မြတ်တယ်၊ တရားတော်ကို အကျင်းနာရုံနှင့် အကျယ်ဝေဖန်ပြီး သိနိုင်စွမ်းရှိတယ်၊ (၂)ဝိပဥ္စိတညူပုဂ္ဂိုလ်မျိုးကတော့ ရေမျက်နှာပြင်နှင့်အမျှတည်တဲ့ ကြာငုံလို ကိလေသာရေနှင့် ဉာဏ်ရောင်ဟာညီမျှနေတယ်၊ တရားတော်ကို အကျဉ်းနာရုံနှင့် မဂ်ဖိုလ်မရနိုင်ဘူး၊ အကျယ်နာရမှ မဂ်ဖိုလ်ရနိုင်တယ်၊ (၃) နေယျပုဂ္ဂိုလ်ကတော့ ရေအတွင်း နစ်မြုပ်နေကြတဲ့ ကြာငုံလို ကိလေသာရေထဲမှာ နစ်မြုပ်နေတဲ့အတွက် ဉာဏ်ငုပ်နေတယ်၊ တရားအကျဉ်းနာရုံ အကျယ်နာရုံနှင့် မဂ်ဖိုလ်မရနိုင်ဘူး၊ တရားတော်လာအတိုင်း ဝိပဿနာအလုပ် ပြင်းပြင်းထန်ထန်လုပ်ပါမှ မဂ်ဖိုလ်ရနိုင်တယ်။


                                                                    အရှင်ရဋ္ဌပါလ

                   သည်နေရာမှာ တခြားပုဂ္ဂိုလ်ကို မဆိုထားနှင့်၊ ရှင်မဟာရဋ္ဌပါလကိုပဲ သက်သေထားပြီးကြည့်တော့ ရှင်မဟာရဋ္ဌပါလဟာ လွန်ခဲ့သည့် ကမ္ဘာတစ်သိန်းထက်က ပဒုမုတ္တရ ဘုရားရှင်ရဲ့ ထံတော်မှာ နောင်အခါ ဂေါတမဘုရားလက်ထက် သဒ္ဓါပဗ္ဗဇ္ဇိတဧတဒဂ်ရ ရဟန္တာဖြစ်လိမ့်မယ်လို့ ဗျာဒိတ်တော်ရ ဘုန်းသမ္ဘာထက်ကြပ်မကွာ ပါလာခဲ့သူဖြစ်ပါလျက် နေယျပုဂ္ဂိုလ်အမျိုးအစားမို့ တရားတောကို တစ်ဆယ့်နှစ်နှစ်ကြာအောင် ပြင်းထန်စွာ အားထုတ်ပြီးမှ ရဟန္တာအဖြစ်ကို ဆိုက်ရောက်တော်မူတယ်၊ သည်အကြောင်းကို မဇ္ဈိမပဏ္ဏာသအဋ္ဌကထာမှာ နေယျပုဂ္ဂလော ဟိ အယမာယသ္မာ တသ္မာ ပုညဝါ အဘိနီဟာရသမ္ပန္နောပိ သမနော၊ အဇ္ဇအဇ္ဇေဝ အရဟတ္တန္တိ သမဏဓမ္မံ ကရောန္တောပိ ဒွါဒသမမေဝေဿ အရဟတ္တံ ပါပုဏိ လို့ ဖွင့်ပြထားတယ်ကွယ့်၊ သည်အချိန်ဟာ သာသနာတော်ရဲ့ နောက်ပိုင်းရောက်လာချိန်မို့ နေယျခေတ်လို့ ဆိုရလိမ့်မယ်ကွယ့်၊ သည်ခေတ်မှာ တရားတော်ကို နာရုံ စာပေကိုကြည့်ရုံမျှနှင့် မဂ်ဖိုလ်မရနိုင်ဘူး၊ ရှင်မဟာရဋ္ဌပါလတို့ကို ပြင်းပြင်းထန်ထန် အလုပ်လုပ်ပါမှ မဂ်ဖိုလ်ကို ရနိုင်ခွင့်ရှိတော့တယ် ကွယ့်။

                   (၄) ပဒမရမပုဂ္ဂိုလ်ကတော့ ရေထဲမှာ ငါးလိပ်တို့ရဲ့ အစာဖြစ်ရတဲ့ ကြာငုံလို ကိလေသာအလွန်လွှမ်းအုပ်နေတဲ့အတွက် ယခုဘဝဘယ်လိုပင် တရားအားထုတ်သော်လည်း မဂ်ဖိုလ်မရနိုင်ဘူး၊ ပါရမီမျိုးစေ့မျှလောက်သာဖြစ်တယ်။


                                                  ပုဂ္ဂိုလ်လေးမျိုးချိန်ထိုးကြည့်သော်

                   ဦးပဉ္စင်းလျှောက်ထားတဲ့ မူလစကားကို သည်ပုဂ္ဂိုလ်လေးမျိုးနှင့် ချိန်ထိုးကြည့်မယ်ဆိုလျှင် ဥဂ္ဃါဋိတညူ၊ ဝိပဥ္စိတညူဆိုတဲ့ ပုဂ္ဂိုလ်အမျိုးအစားကတော့ သည်ခေတ်မှာ လုံးဝမရှိတော့ဘူးကွယ့်၊ ဘာကြောင့် မရှိတော့ဘူးလို့ ပြောရတာလဲဆိုတော့ သည်ပုဂ္ဂိုလ်တွေက ပဋိသမ္ဘိဒါပတ္တ အမျိုးတွေဖြစ်ကြတယ်၊ ပဋိသမ္ဘိဒါခေတ်ဟာ သာသနာတော် အနှစ်တစ်ထောင်အတွင်းမှာသာရှိတယ်၊ သာသနာတော်ရဲ့ နောက်ပိုင်းမှာမရှိဘူး၊ ဒါကြောင့် ခုလို သာသနာတော်နောက်ပိုင်းမှာ သည်ပုဂ္ဂိုလ်တွေမရှိတော့ဘူးလို့ ပြောလိုက်ရတယ်၊ သည်ပုဂ္ဂိုလ်ကြီးနှစ်မျိုး သည်ခေတ်မှာမရှိတော့တဲ့အတွက် တရားနာရုံ တရားဆွေးနွေးရုံ စာပေကြည့်ရုံနှင့် တစ်မဂ်တစ်ဖိုလ်မရတော့ဘူးလို့ ပြောခဲ့တာပဲကွယ့်၊ သို့သော်မိမိတို့ဟာ နေယျပုဂ္ဂိုလ်မျိုးဖြစ်လျှင် တရားတော်ကိုလည်း အားထုတ်ခဲ့မယ်ဆိုလျှင် မဂ်ဖိုလ်ကို ရနိုင်ခွင့် ဧကန်ရှိနိုင်ပါတယ်၊ သည်နေယျပုဂ္ဂိုလ်မျိုးကို ရည်ရွယ်ပြီး မြေတူးလျှင် ရေရသလို ဝိပဿနာအလုပ်လုပ်လျှင် မဂ်ဖိုလ်ရနိုင်တယ်လို့ ဦးပဉ္စင်းရဲ့ ဒကာကပြောတာဖြစ်ပါလိမ့်မယ်၊ သို့သော်လည်း ပဒပရမ ပုဂ္ဂိုလ်မျိုးဖြစ်လျှင်တော့ ဘယ်လိုပင်အားထုတ်သော်လည်း မဂ်ဖိုလ်မရနိုင်ပါဘူး။

                   မဂ်ဖိုလ်ကို မရပါဘူးဆိုပြီး ဝီရိယတော့ မလျှော့သင့်ကြဘူး၊ တရားအားထုတ်တယ်ဆိုတာ မဂ်ဖိုလ်ကိုပင်မရသော်လည်း စိတ်ပျံ့လွင့်မှုမရှိဘူး၊ စိတ်တည်ငြိမ်တယ်၊ သောကဗျာပါရ စသောအပူအပင်တွေ အေးငြိမ်းတယ်၊ ဒါကြောင့် ကြုံရခဲတဲ့ ဗုဒ္ဓမြတ်စွာ သာသနာတော်နှင့် ကြုံတွေ့ရခိုက် ပြုလုပ်ရန် အင်မတန်ခက်ခဲတဲ့ ဝိပဿနာအလုပ်ကို တက်နိုင်သလောက် အားထုတ်သင့်ကြတယ်လို့ အဖြေပေးလိုက်ပါတယ်

                                                    သာဓုပါဘုရား - သာဓု - သာဓု


***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၂၆) -  အတ္တ အနတ္တ အနတ္တလက္ခဏာ


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ - ၂၀၄-၂၁၁) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

(ကပ္ပိယ-မောင်ရဲ) https://www.facebook.com/yewin.tun.71
Monday, September 17,2012        12:45 pm




0 comments:

Post a Comment