Thursday, March 7, 2013

ဘုရားရှင်၏ ရိုက်ခြင်း၊ သတ်ခြင်း


                                                                            ဘုရားရှင်၏ ရိုက်ခြင်း၊ သတ်ခြင်း

                   ဟောသည်စာက မိုးကတ်မြို့၊ ပိတ်စွယ်ရပ်၊ ဦးကိုကိုလေး+ဒေါ်စန်းမြင့် တို့ထံက ပေးစာဖြစ်ပါတယ် ဘုရား

                   ဆိုစမ်းပါဦး၊ ဦးကိုကိုလေးရဲ့ စာက ဘာတဲ့တုန်း

                   ဦးကိုကိုလေးရဲ့ စာမှာ ရေးထားတာက ဦကိုကိုလေးဟာ မိလိန္ဒပဥှာ မြန်မာပြန်စာအုပ်ကို ဖတ်ပါသတဲ့၊ ဒေဝဒတ္တပဗ္ဗဇ္ဇပဥှာ အရှင်နာဂသေမနထေရ် မြတ်က မိလိန္ဒမင်းကြီးရဲ့ အမေးကို ဖြေဆိုရာမှာ မင်းမြတ်-မြတ်စွာဘုရားသည် သတ္တဝါတို့၏ အစီးအပွား၏အစွမ်းဖြင့် ရိုက်ပုတ်လည်း ရိုက်ပုတ်တော်မူ၏၊ တွန်းချလည်း တွန်းချတော်မူ၏၊ သတ်လည်း သတ်တော်မူ၏၊ မင်းမြတ်-မြတ်စွာဘုရားသည် ရိုက်ပုတ်၍သာလျှင်၊ တွန်း၍သာလျှင်၊ သတ်၍သာလျှင် သတ္တဝါတို့၏ အစီးအပွားကို ဆောင်ရွက်တော်မူ၏-လို့ ပါရှိပါသတဲ့၊ လောကထွက်ထား ဘုရားစင်စစ်ဖြစ်ပါလျက် သတ္တဝါများကို ရိုက်ရတယ်၊ တွန်းချရတယ်၊ သတ်ရတယ်ဆိုတာ ဦးကိုကိုလေးရဲ့ စိတ်ထဲမှာ ဘဝင်မကျဖြစ်နေပါသတဲ့၊ စာထဲမှာလည်း တိုက်ရိုက်ပါရှိနေလေတော့ မဟုတ်ပါဘူးလို့ ခံငြင်းဖို့လည်း ခက်နေပါသတဲ့၊ ဒါကြောင့် ဘဝင်ကျအောင် အဖြေပေးတော်မူပါဦးလို့ လျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား

                   ဘုရားရှင်ရဲ့ တရားတော်ဟာ အလွန် ခက်ခဲနက်နဲတယ်၊ နာနာနယနိပုဏ ဆိုတဲ့အတိုင်း နည်းပေါင်းများစွာပါဝင်လို့ အလွန်သိမ်မွေ့တယ်၊ မိလိန္ဒပဥှာ မှာ အရှင်နာဂသေနဟောတဲ့ ယခုတရားက တိုက်ရိုက်ယူရမည့် နီတတ္ထနည်း မဟုတ်ဘူး၊ အဓိပ္ပာယ်ကိုဆောင်ရမည့် နေယျတ္ထနည်းဖြစ်တယ်၊ ဒါကြောင့် ရိုက်တယ်ဆိုတာ အဟုတ်ရိုက်တာ မဟုတ်ဘူး၊ တရားဖြင့် ရိုက်ခြင်းဖြစ်တယ်၊ သတ်တယ်ဆိုတာလည်း တကယ်သတ်တာမဟုတ်ဘူး၊ တရားဖြင့် သတ်ခြင်းဖြစ်တယ်၊ သည်အကြောင်းကို သိသာအောင် အင်္ဂုတ္တရ စတုက္ကနိပါတ်ကလာတဲ့ ကေသိသုတ် ကို ပြောပြမယ်

                   မှန်ပါ - မိန့်တော်မူပါဘုရား

                   ကေသိအမည်ရှိတဲ့ မြင်းဆရာတစ်ဦးက တစ်ရက်တော့ ဘုရားရှင်ထံ အဖူးအမြော် ရောက်သွားတယ်၊ ဘုရားရှင်ထံရောက်တော့ ဘုရားရှင်အား ရှိခိုးဦးချပြီး သင့်တင့်လျောက်ပတ်တဲ့နေရာမှာ ထိုင်နေသတဲ့၊ သည်အခါ ဘုရားရှင်က ကေသိ-သင်ဟာ ထင်ရှားတဲ့ မြင်းဆရာတစ်ယောက် ဖြစ်တယ်၊ မြင်းရိုင်းများကို ယဉ်ကျေးအောင် သင် ဘယ်လို ဆုံးမလဲ လို့ မေးတော်မူတယ်၊  အရှင်ဘုရား - တပည့်တော်ဟာ မြင်းရိုင်များကို အနုနည်းဖြင့်လည်း ယဉ်ကျေးအောင် ဆုံးမပါတယ်၊ အကြမ်းနည်းဖြင့်လည်း ယဉ်ကျေးအောင် ဆုံးမပါတယ်၊ အနုအကြမ်းနည်းဖြင့်လည်း ယဉ်ကျေးအောင် ဆုံးမပါတယ် လို့ လျှောက်ထားတယ်။

                   ဘုရားရှင်က ကေသိ-အကယ်၍ မြင်းရိုင်းဟာ  အနုနည်း၊ အကြမ်းနည်း၊ အနုနည်းအကြမ်းနည်းတို့ဖြင့် ဆုံးမလို့မရလျှင် ဘယ်လိုလုပ်ဦးမလဲ လို့ မေးတော်မူတယ်၊ ကေသိက - အရှင်ဘုရား - မြင်းရိုင်းဟာ အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းနည်းတို့ဖြင့် ဆုံးမ၍မရလျှင် ထိုမြင်းရိုင်းကို တပည့်တော် သတ်ပစ်ပါတယ်၊ ဘာကြောင့် သတ်ပစ်ရသလဲဆိုတော့ တပည့်တော် နာမည်အပျက်မခံချင်တဲ့အတွက် ဖြစ်ပါတယ် လို့ လျှောက်တယ်၊ လျှောက်ပြီးတော့ ကေသိက အရှင်ဘုရား- အရှင်ဘုရားဟာ ဆုံးမထိုက်သူကို ဆုံးမတက်တဲ့ အတုမဲ့ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်၊ အရှင်ဘုရားဟာ ဆုံးမထိုက်သူများကို ဘယ်လိုဆုံးမတော်မူပါသလဲ ဘုရား လို့ လျှောက်ထားတယ်။

                   ဘုရားရှင်က ကေသိ - ငါဟာ ဆုံးမထိုက်သူကို အနုနည်းအားဖြင့်လည်း ဆုံးမတယ်၊ ကေသိ - ငါ အနုနည်းဖြင့် ဆုံးမပုံမှာ ဤကား ကာယသုစရိုက်၊ ဤကား ကာယသုစရိုက် အကျိုး၊ ဤကား ဝစီသုစရိုက်၊ဤကား ဝစီသုစရိုက်အကျိုး၊ ဤကား မနောသုစရိုက်၊ ဤကား မနောသုစရိုက်အကျိုး၊ ဤကား နတ်တို့တည်း၊ ဤကား လူတို့တည်းလို့ ဆုံးမတယ်၊ ငါ အကြမ်းနည်းဖြင့် ဆုံးမပုံမှာ- ဤကား ကာယဒုစရိုက် ၊ ဤကား ကာယဒုစရိုက် အကျိုး၊ ဤကား ဝစီသုစရိုက်၊ဤကား ဝစီသုစရိုက်အကျိုး၊ ဤကား မနောဒုစရိုက်၊ ဤကား မနောဒုစရိုက်အကျိုး၊ ဤကား ငရဲ၊ ဤကား တိရစ္ဆာန်၊ ဤကား ပြိတ္တာလို့ ဆုံးမတယ်၊ ငါ အနုအကြမ်းနည်းဖြင့် ဆုံးမပုံမှာ - ဤကား ကာယသုစရိုက်၊ ဤကား ကာယသုစရိုက်၏ အကျိုး၊ ဤကား ကာယဒုစရိုက် ၊ ဤကား ကာယဒုစရိုက်၏ အကျိုး၊ ဤကား ဝစီသုစရိုက်၊ဤကား ဝစီသုစရိုက်၏ အကျိုး၊ ဤကား ဝစီဒုစရိုက်၊ဤကား ဝစီဒုစရိုက်၏ အကျိုး၊ ဤကား မနောသုစရိုက်၊ ဤကား မနောသုစရိုက်၏ အကျိုး၊ ဤကား မနောဒုစရိုက်၊ ဤကား မနောဒုစရိုက်၏ အကျိုး၊ ဤကား နတ်၊ ဤကား လူ၊ ဤကား ငရဲ၊ ဤကား တိရစ္ဆာန်၊ ဤကား ပြိတ္တာလို့ ဆုံးမတယ် လို့ ဖြေကြားတော်မူတယ်။

                   သည်အခါ ကေသိက အရှင်ဘုရား - အရှင်ရဲ့ ဆုံးမထိုက်သူဟာ အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းနည်းတို့ဖြင့် ဆုံးမခြင်းကို မခံယူလျှင် အဘယ်သို့ ပြုလုပ်ပါသလဲ လို့ လျှောက်ထားတယ်၊ ဘုရားရှင်ကကေသိ-ငါဆုံးမသောသူဟာ အနုနည်း၊ အကြမ်းနည်း၊ အနုအကြမ်းနည်းတို့ဖြင့် အဆုံးအမကို မခံယူခဲ့လျှင် ထိုသူကို ငါ သတ်ပစ်တယ် လို့ မိန့်တော်မူတယ်။

                   ဒီတော့ ကေသိက အရှင်ဘုရား - အရှင်ဘုရားအား သူ့အသက်ကို သတ်ခြင်းသည် မအပ်ဘူး မဟုတ်ပါလား ဘုရား၊ သို့ပါလျက် သတ်ပစ်တယ်လို့ အဘယ်ကြောင့် မိန့်တော်မူပါသလဲ လို့ လျှောက်ထားတယ်၊  ဘုရားရှင်က ကေသိ - ငါဘုရားအား သူ့အသတ်ကို သတ်ခြင်းသည် မအပ်၊ သို့ပါလျက် သတ်ပစ်တယ်လို့ မိန့်ဆိုခြင်းမှာ အဆုံးအမ မခံသောသူကို မဆုံးမဘဲ အသိအမှတ်မပြုခြင်းသာဖြစ်တယ်၊ အဆုံးအမ မခံသောသူကို ပညာရှိ သီတင်းသုံးဖော်များကလည်း ပြောဆို ဆုံးမထိုက်သူလို့ အသိအမှတ်မပြုကြတော့ဘူး၊ ယခုကဲ့သို့ အသိအမှတ်မပြု၊ အဆုံးအမမှာ ဝကွက်လိုက်ခြင်းသည်ပင်လျှင် ငါဘုရား၏ သာသနာ၌ သတ်ပစ်ခြင်း မည်တယ် လို့ မိန့်တော်မူတယ်။

                   သည်အခါမှာ ကေသိလည်း သဘောကျသွားပြီး အရှင်ဘုရား - မြတ်စွာဘုရားက အသိအမှတ်မပြု၊ ပညာရှိ သီတင်သုံးဖော်တို့ကလည်း အသိအမှတ် မပြုခြင်းသည် စင်စစ် ကောင်းစွာသတ်ပစ်လိုက်ခြင်း မည်ပါပေတယ်၊ အရှင် ဘုရားရဲ့ တရားတော်ဟာ အလွန်နှစ်သက်ဖွယ်ရှိတယ်၊ ယနေ့မှစပြီး အသက်ထက်ဆုံး ကိုးကွယ် ဆည်းကပ်တဲ့ ဒါယကာလို့ တပည့်တော်ကို မှတ်တော်မူပါ လို့ လျှောက်ထားသတဲ့ကွယ်၊ ဒါကြောင့် ဘုရားရှင် သတ်တယ်ဆိုတာဟာ အဟုတ် သတ်တာမဟုတ် ပါဘူး၊ ရိုက်တယ်၊ တွန်းချတယ်ဆိုတာလည်း အဟုတ်ရိုက်တာ၊ တွန်းချတာမဟုတ်ပါဘူး၊ တရားအားဖြင့် ရိုက်ခြင်း၊ တွန်းချခြင်း၊ သတ်ခြင်းသာ ဖြစ်တယ်ဆိုတာ ဦးကိုကိုလေးထံ ဖြေကြားလိုက်ပါတယ်


                                                                         သာဓု - သာဓု - သာဓု

***ဆက်ရန်***
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၃၃) ဘုရားရှင်များနှင့် ပွင့်တော်မူရာကမ္ဘာ


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၂) (စာမျက်နှာ - ၃၈-၄၁) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

ကပ္ပိယ မောင်ရဲ - https://www.facebook.com/yewin.tun.71
Thursday, September 27,2012        10:40 am


0 comments:

Post a Comment