ဗြဟ္မယာစနကထာ
“ဟောသည်စာကတော့ (၅၊၆၊၈၃) ခုလို့ ရက်စွဲထိုးထားတယ်၊ မြန်မာသက္ကရာဇ်နှင့်ဆိုလျှင်တော့ ၁၃၄၅-ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀-ရက်နေ့ဖြစ်ပါတယ် ဘုရား”
“ဘယ်ကစာလဲကွယ့်”
“စာရှင်ကတော့ အရှင်ဣန္ဒာစာရ(ကျားမင်းကြီး)တစ်ဆင့်၊ ဒေါ်အေးညွန့်၊ မိုးဇာဈေးအတွင်း၊ ဆိုင်(၁)၊ နတ်စင်အနီး (ပန်းဆိုင်)၊ စစ်ကိုင်းမြို့က ဖြစ်ပါတယ် ဘုရား”
“စာက ဘာကိုဆိုလိုသလဲ ဖတ်စမ်းပါဦး”
“မှန်ပါ - တပည့်တော် ဖတ်လျှောက်ပါ့မယ် ဘုရား၊ ရိုသေစွာ လျှောက်ထားပါသည် ဆရာတော်ဘုရား၊ တပည့်တော် မရှင်းလင်းသည့် ပြဿနာကို လျှောက်ထားပါရစေ၊ ဓာရဏပရိတ်တော်မှာ ‘သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနူပရိဝတ္တံ’ - အလုံးစုံသောစိတ်ဖြင့် ကြံစည်အပ်သော အကြံအစည်သည် ဉာဏ်တော်၏ ရှေ့သွားမရှိခြင်း၊ ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်၍ အကြံစည်ခြင်းသည် ရှိတော်မမူဟူ၍လည်းကောင်း၊ တစ်ဖန် ‘နတ္တိ အဗျာဝဋမနော’ အဗျာဝဋမနော - ကိုယ်တော်စီးပွား အများအကျိုး သယ်ပိုးဆောင်မည် စိတ်တော်ရှည်တိုင်း သွေဖည်စိုးနှောင့် ရှောင်ကွယ်ထောင့်၍ ကြောင့်ကြမဲ့လိုသော မနောစိတ္တပ္ပါဒ်တော်သည်၊ နတ္တိ - တစ်ရံတစ်ဆစ် စကားအဖြစ်မျှ လှစ်ဟပြောဆိုရန် ရှိတော် မမူပေ” ဟူ၍လည်းကောင်းရှိပါသည်။
မြတ်စွာဘုရားသခင်သည် ဘုရားအဖြစ်သို့ရောက်တော်မူ၍ အဝိဇ္ဇာ စသော ပဋိစ္စသမုပ္ပါဒ် တရားမြတ်ကို သုံးသပ် ဆင်ခြင်တော်မူလျှင် ငါဘုရားသည် ပိုင်းခြား၍ သိအပ်သော တရားတော်သည်ကား အလွန် သိမ်မွေ့နက်နဲ ခက်ခဲလှ၏၊ ဝေနေယျ သတ္တဝါအပေါင်းတို့ သန္တာန်ဝယ် ပညာတည်းဟူသော မျက်စိ၌ ကိလေသာတည်းဟူသော မြူသည် အလွန် ထူပြောလှ၏၊ ငါဘုရားသည် တရားဟောသဖြင့် ပိုင်းခြား၍ မသိနိုင်လေရာ၊ ကိုယ်တော်၏ ပင်ပန်းကာ မျှသာ ဖြစ်တော့မည်ဟု တရားမဟောလိုသော စိတ်အကြံတော် ရှိသည်ကို သဟမ္ပတိဗြဟ္မာမင်းသိလတ်၍ မြင်းမိုရ်တောင်လုံး ပမာဏရှိသော ရတနာရွှေပန်းကုံးဖြင့် ပူဇော်လျက် ဘုန်းတော်ခြောက်စုံ ဂုဏ်တော်ကိုးတန် ဉာဏ်တော်အနန္တ ဓမ္မသာမိအစစ် ဖြစ်တော်မူပါသော မြတ်စွာဘုရား၊ အရှင်ဘုရားသည် ယခုအကြံတော်မြတ် ဖြစ်တော်မူသည့်အတိုင်း အကယ်၍ တရားဟောတော် မမူချေသည် ဖြစ်အံ့၊ တိတ္ထိခြောက်ယောက်တို့သည် ဇမ္ဗူဒီပါ ကျွန်းအပြင်၌ နေကုန်သော သတ္တဝါအပေါင်းတို့အား မြေပြင်ပြည့်မျှ ဆူးငြောင့်တို့ကို ကြဲဖြန့် စိုက်ထောင်ဘိသကဲ့သို့ မိစ္ဆာဝါဒတည်းဟူသော ဆူးငြောင့်တို့ဖြင့် ချမ်းသာသုံးပါးကို ဆီးတား ပိတ်ကာလျက် အပါယ်လေးရွာသို့သာ ပို့ဆောင်ပစ်ချနစ်မွန်းစေကြလျက် ရှိပါသည်၊ သဗ္ဗညုတဉာဏ်တော် ပန်ဆင်တော် မူစဉ်ကပင် ‘တိဏ္ဏော တာရေယျံ ဗုဒ္ဓေါ ဗောဓေယျံ မောစေယျံ’ ဟု အော်သံ ကြိမ်းဝါးလျက် ပါရမီတော်ကို ဖြည့်ကျင့်၍ ယခု ဘုရားအဖြစ်သို့ရောက်ပါပြီ၊ တရားဟောတော်မူပါဟု သဟမ္ပတိဗြဟ္မာမင်းက တောင်းပန်၍ တရားတော်ကို ဟောတော်မူကြောင်း သိရပါသည်ဘုရား၊ ထို့ကြောင့် ဓာရဏပရိတ်တော်လာ စကားနှင့် ယခုစကားနှစ်ရပ် မည်သို့ဆက်စပ်၍ မှတ်ယူရမည်ကို အများသိအောင် ဓမ္မဗျူဟာစာစောင် ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများဆောင်းပါးမှ ဖြေကြားတော်မူပါရန် ရိုသေစွာလျှောက်ထားပါသည် ဆရာတော်ဘုရား။
ဆရာတော်ဘုရား ကျန်းမာစွာဖြင့် သာသနာပြုနိုင်ပါစေကြောင်း ဆုတောင်းလျက် - ဣန္ဒာစာရ (ကျားမင်းကြီး)
“စာက သည်မှာ ဆုံးပါပြီ ဘုရား၊ အဖြေကို အမိန့်တော်ရှိပါဦး”
“သူ့အမေးက ဝိနယ၊ မဟာဝဂ္ဂပါဠိ၊ ဗြဟ္မာယာစနကထာကို မေးထားတာပဲကွယ့်၊ သည်အမေးပြဿနာကို ဆဋ္ဌသင်္ဂါယနာတင်စဉ်ကာလက ယခင် နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနုက သင်္ဂါယနာတင် ဆရာတော်များကို မေးတယ်၊ ဆဋ္ဌသင်္ဂါယနာဝန်ဆောင် သံဃအဖွဲ့က ၁၃၁၇-ခု၊ ပထမဝါဆိုလဆန်း ၈-ရက်နေ့ တာဝန်လွှဲအပ်ချက်အရ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်က အကျဉ်းနည်း အကျယ်နည်းအားဖြင့် ဝေဖန်ပြီး ဖြေကြားပေးတော်မူပြီးဖြစ်တယ်၊ သည်အမေးကို ယခု ဖြေဆိုရမှည်ဆိုလျှင်လည်း အဲသည်အဖြေမျိုးပဲ ပြန်ကိုင်ရမှာဖြစ်နေတယ်ကွယ့်”
“မှန်ပါ၊ အဖြေဟောင်းပဲဖြစ်ဖြစ် အဖြေသစ်ပဲဖြစ်ဖြစ် အမေးရောက်လာမှတော့ အဖြေထုတ်ပေးဦးမှပေါ့ ဘုရား”
“အဖြေဟောင်းကတော့ ရှိပြီးသားပဲ၊ မေးသူကလည်း အဖြေဟောင်းရှိမှန်း သိပြီသား ဖြစ်ပါလိမ့်မယ်၊ ဒါကြောင့် အဖြေဟောင်းကို မကိုင်ဘဲ အဖြေသစ်ထုတ်ရလျှင် မကောင်းလားကွယ်”
“အလွန်ကောင်းပါတယ် ဘုရား”
“အလွန်ကောင်းပေမယ့် အဖြေဟောင်းကို စွန့်လို့လဲ မဖြစ်ဘူးကွယ့်၊ ဒါကြောင့် အဋ္ဌကထာဖွင့်ပြတဲ့ အဖြေဟောင်းကို ဦးစွာ ဖြေကြစို့ရဲ့”
“မှန်ပါ၊ ဖြေတော်မူပါဘုရား”
“အဇပါလ ညောင်ပင်အောက် ဘုရားရှင်တစ်ပါးတည်း သီတင်းသုံးတော်မူရင်း အကြံတော်ဖြစ်ပုံကို အဋ္ဌကထာဆရာက -
“ပရိတိတက္ကော ဥဒပါဒီတိ တသ္မိံနိသီဒနမတ္တေဿဝ သဗ္ဗဗုဒ္ဓါနံ အာစိဏ္ဏသမာစိဏ္ဏော အယံ စေတသော ဥဒပါဒိ- လို့ ဖွင့်ပြထားတယ်၊ ဘုရားရှင် သည်အကြံဖြစ်တာဟာ ယခု ဘုရားရှင်တစ်ပါးတည်မျှသာ မဟုတ်ပါဘူးတဲ့၊ ဘုရားအဖြစ်ကိုရောက်ပြီး အဇပါလညောင်ပင်အောက် ကြွရောက် သီတင်းသုံးတော်မူကြတဲ့ အလုံးစုံသော ဘုရားရှင်တိုင်းရဲ့ အလေ့အကျက်တော် ဖြစ်သတဲ့ကွယ်၊ ဒါကြောင့် သည်လိုအကြံမျိုးကို ဂေါတမဘုရားရှင်တစ်ပါး တည်းသာ ကြံတော်မူတာမဟုတ်ဘူး၊ ဘုရားရှင်တိုင်း ဘုရားရှင်တိုင်း ကြံတော်မူတဲ့ အကြံမျိုးလို့ ဦးစွာ မှတ်ရမယ်ကွယ့်၊ ဘုရားရှင်တိုင်းဟာ ဘာဖြစ်လို့ သည်လိုအကြံမျိုး ကြံရတာလဲဆိုတော့ ဟောတော်မူရမည့် သစ္စာတရားတော်ရဲ့ လေးလံသော အဖြစ်၊ ထမ်းဆောင်ရမည့်တာဝန်ရဲ့ အဖြစ်ကို ဆင်ခြင်တော်မူမိတာက တစ်ကြောင်းတဲ့၊ ဗြဟ္မာတောင်းပန်မှ တရားဟောတော်မူလိုတာကတစ်ကြောင်းတဲ့၊ သည်အကြောင်း နှစ်ပါးကြောင့် သည်လို အကြံဖြစ်ခဲ့တာပဲကွယ့်၊ သည်အကြောင်းနှစ်ပါးကို အနည်းငယ် ချဲ့ပြောစို့ကွယ်”
“မှန်ပါ၊ မိန့်တော်မူပါ ဘုရား”
“သည်အချိန်မှာ ဘုရားရှင်ဟာ သစ္စာလေးပါးကို သိပြီးတော့ ဗုဒ္ဓအဖြစ်ကို ရောက်ပြီးပြီနော်၊ ဗုဒ္ဓအဖြစ် ရောက်ပြီးတဲ့နောက် မိမိသိတဲ့တရားကို ဝေနေယျတို့အား ဧကန် ဟောကြားရမည့် တာဝန်ဟာ မိမိအပေါ် တင်ရှိနေမှန်း ဘုရားရှင်သိတော်မူနေတယ်၊ ထိုတာဝန်အရ ဟောပြရမည့်တရားနှင့် နာယူမည် သုဏန္တပုဂ္ဂိုလ် ကြည့်လိုက်တော့ နာယူမည့် သုဏန္တပုဂ္ဂိုလ်နှင့် ဟောပြောရမည့် တရားတော် ဆန့်ကျင်ဘက်ဖြစ်နေတာကို မြင်တော်မူတယ်၊ တရားတော်က အလွန်လေးနက်တယ်၊ သတ္တဝါတွေက အလွန်ပေါ့နေတယ်၊ တရားတည်းဟူသော ခြင်္သေ့ဆီကို မြေခွက် နားနှင့် ခံယူလို့မရဘူး၊ ရွှေခွက်နားနှင့် ခံယူရလိမ့်မယ်၊ ယခုရှိနေတဲ့ သတ္တဝါတို့ရဲ့ နားက ရွှေခွက်နားမဟုတ်ဘူး၊ မြေခွက်နားဖြစ်နေတယ်၊ သည် အကြောင်းတစ်ခု ကြောင့်လည်း တရားဟောရန် စိတ် ညွတ်တော်မမူခြင်းဖြစ်တယ်၊ ပြီးတော့ ဘုရားပွင့်စကာလ လူတွေဟာ ဗြဟ္မာကို အလေးပြုနေကြတယ်၊ အလေးပြုဆိုသူတို့ကို ဗြဟ္မာက ဖန်ဆင်းတယ်လို့ ယုံကြည်နေကြတာကိုး၊ သူတို့ အလေးပြုတဲ့ ဗြဟ္မာကတောင် တောင်းပန်ရတယ်ဆိုတော့ လူတွေဟာ ဘုရားရှင် အပေါ် စိတ်ညွတ်လာကြလိမ့်မယ်၊ တရားတော်အပေါ် လေးစားလာကြလိမ့်မယ်၊ ဒါကြောင့် ဗြဟ္မာကိုယ်တိုင် တောင်းပန်လာအောင် ဤလို ကြံစည်ခြင်းမျိုး ဖြစ်သတဲ့ကွယ့်၊ သည်အကြောင်ပြချက် နှစ်ချက်ဟာ အဋ္ဌကထာဆရာရဲ့ အကြောင်းပြချက်မို့ အဖြေဟောင်းလို့မှတ်ပေါ့ကွယ်၊ သည်အဖြေဟောင်းကိုပဲ အဖြေသစ်လုပ်ပြီး ထပ်ဖြေချင်သေးတယ်ကွယ့်”
“အဖြေဟောင်းကို ဘယ်လို အဖြေသစ် လုပ်ရမှာလဲ ဘုရား”
“အဖြေဟောင်းကို အဖြေသစ်လုပ်ရမှာက သည်လိုကွယ့်”
“ဗုဒ္ဓသိတော်မူတဲ့ သစ္စာလေးပါး တရားဆိုတာ အမှန်တော့ မိမိခန္ဓာမှာ ရှိပြီးသား တရားပဲမဟုတ်လား၊ ဒါကြောင့် တရားရှာ ကိုယ်မှာတွေ့လို့ ဆိုကြတာပ၊ ဒါပေမယ့် ပါရမီဉာဏ် နုနေသေးတဲ့ ပုဂ္ဂိုလ်များအတွက် သည်တရားဟာ မျက်စိအောက် ရှိလျက်နှင့် မမြင်ရသော ကြောင်တောင်ကန်း ဖြစ်နေတယ်ကွယ့်၊ ‘သံခိတ္တေန ပဉ္စပါဒါနက္ခန္ဓာ ပိ ဒုက္ခာ’အရ ဒုက္ခသစ္စာကို အကျဉ်းချုံးလိုက်တော့ ခန္ဓာကိုရတယ်၊ သည်ခန္ဓာ ဖြစ်လာခြင်းဟာ ဒုက္ခ၊ သည်ခန္ဓာတည်နေခြင်းဟာ ဒုက္ခ၊ သည်ခန္ဓာအတွင်းမှာ ချမ်းသာလုံးလုံးမရှိဘူးဆိုတာ ဉာဏ်ရင့်တဲ့ပုဂ္ဂိုလ်က သိနိုင်တယ်၊ ဉာဏ်နုတဲ့ပုဂ္ဂိုလ်က မသိနိုင်ဘူး၊ မသိနိုင်ရုံမျှမက သည်ခန္ဓာကို သုခလို့တောင် ထင်နေကြသေးတယ်၊ နုနေတဲ့ဉာဏ်ကရော ဘယ်အချိန်မှာ ရင့်မှာလဲဆိုတော့ အချိန်တန်မှသာ ရင့်လိမ့်မယ်၊ ရင့်ချိန်မတန်လျှင် မရင့်ဘူး၊ ဥပမာအားဖြင့် သရက်သီးလိုပေါ့၊ သရက်သီး ဘယ်တော့မှ မှည့်မှာလဲဆိုလျှင် မှည့်ချိန်တန်မှည့်မယ်၊ မှည့်ချိန်မတန်လျှင် ဘယ်လိုလုပ်လုပ် မမှည့်ဘူး၊ ဒါကြောင့် ပုဂ္ဂိုလ်တစ်ယောက်ဟာ ယခုဘဝကျွတ်တန်းဝင်မည့် အန္တိမပုဂ္ဂိုလ်ဖြစ်စေ အချိန်မကျလျှင် ဉာဏ်မရင့်ဘူး၊ ဉာဏ်မရင့်တဲ့ပုဂ္ဂိုလ် ကို တရားဟောလို့မရဘူး။
ပါရမီနဂို၊ မရှိလိုက၊ ကုသိုလ်သုစရိုက်၊ မဟောထိုက်သည့်၊ လူမိုက် တိရစ္ဆာန်၊ နိဗ္ဗာန်စကား၊ အခွန်ခါး၏၊ နားပါးမဝင်၊ သိမြင်မဲ့စွာ၊ သူယုတ်မာအား၊ ခြင်းရာကောင်းဆိုး၊ ကြောင်းကျိုးတရား၊ မဟောကြားရာ၊ ဟောမိပါက အပြစ်ရ၏-
လို့ မဃဒေဝလင်္ကာသစ်မှာ ဖွဲ့ဆိုထားတာဟာ သည်အဓိပ္ပါယ်ပေါ့၊ သည်နေရာမှာ ဉာဏ်မရင့်သေးသူကို ဘုရားရှင် တရားမဟောဘူးဆိုတာ နားလည် အောင် တိကနိပါတ်၊ မဟာပနာဒဇာတ် နိဒါန်းကလာတဲ့ ဘဒ္ဒဇိမထေရ်ရဲ့ အကြောင်းကို အနည်းငယ် ပြောကြဦးစို့ရဲ့”
“အမိန့်ရှိပါ ဘုရား”
“ဘုရားရှင် သာဝတ္ထိပြည်မှာ သီတင်းသုံး နေထိုင်တော်မူစဉ် နေ့တစ်နေ့မှာ သာသနာတော်အတွက် အလွန် အကျိုးများမည့် ဘဒ္ဒဇိသူဋ္ဌေးသား ကျွတ်တန်းဝင်မှာကို မြင်တော်မူသတဲ့ကွယ်၊ ဘဒ္ဒဇိသူဋ္ဌေးသား ဘယ်မှာနေသလဲဆိုတော့ ဘဒ္ဒိယမြို့မှာ နေတယ်၊ သူ့အဖေက အလွန် ချမ်းသာကြွယ်ဝတဲ့ ဘဒ္ဒိယသူဋ္ဌေးကြီးဖြစ်တယ်၊ ပစ္စည်းဥစ္စာ ဘယ်လောက်ချမ်းသာသလဲဆိုတော့ ကုဋေရှစ်ဆယ် ချမ်းသာသတဲ့၊ သူဋ္ဌေးကြီးမှာသားကလည်း တစ်ယောက်တည်း ဆိုတော့ အလွန်ချစ်တယ်၊ အလွန် အလိုလိုက်တယ်၊ ဒါကြောင့် ဘုရားလောင်း သိဒ္ဓတ္ထမင်းသားလို ဆောင်း-နွေ-မိုး ဥတုသုံးပါးနှင့် လျော်တဲ့ ပြာသာဒ်သုံးဆောင် ဆောက်လုပ်ပြီး ပြာသာဒ်တစ်ဆောင်မှာ လေးလလေးလနေစေတယ်၊ ပြာသာဒ်တစ်ဆောင်က ပြာသာဒ်တစ်ဆောင် ကူးမည်ဆိုလျှင် ကချေသည်ပေါင်း များစွာသောအခြံအရံနှင့် ကူးတယ်၊ သူဋ္ဌေးသား ပြာသာဒ်ကူးချိန်ဆိုလျှင် ပြာသာဒ် ကူးမည့် အခမ်းအနား ကြည့်ကြရအောင် တစ်မြို့လုံး အုန်းအုန်းကျွတ်ကျွတ်ဖြစ်ပြီး ပြာသာဒ်တစ်ဆောင်နှင့် ပြာသာဒ်တစ်ဆောင်အကြား လှည်းအဆင့်ဆင့် ညောင်စောင်း အဆင့်ဆင့်ဖွဲ့ပြီး ကြည့်ရှုကြသတဲ့ကွယ်။
သည်မျှလောက် ကာမဂုဏ်ဗွက်အတွင်း ကျွံနစ်နေတဲ့ ဘဒ္ဒဇိသတို့သား ကျွတ်တန်းဝင်မှာကို ဘုရားရှင် မြင်တော်မူတယ်၊ မြင်တော်မူတယ်ဆိုရင်ပဲ သူဋ္ဌေးသားကို ချေချွတ်ဖို့ ရဟန်းသံဃာ အခြံအရံဖြင့် ဒေသစာရီ ကြွချီတော်မူရင်း ဘဒ္ဒိယမြို့သို့ ဆိုက်ရောက်တော်မူလာတယ်၊ ဘဒ္ဒိယမြို့ကိုရောက်တော့ အလိုလို ဖြစ်တဲ့ အလေ့ပေါက်တောမှာ သီတင်းသုံးတော်မူတယ်၊ ဘဒ္ဒိယမြို့ကို ဘုရားရှင်ရောက်တော်မူတဲ့အချိန်မှာ ဘဒ္ဒဇီသူဋ္ဌေးသားရဲ့ ပါရမီဉာဏ်က မရင့်ကျက်သေးဘူးတဲ့ကွယ်၊ သူဋ္ဌေးသားရဲ့ ဉာဏ်ရင့်ကျက်ချိန်ကို စောင့်ပြီး ဘဒ္ဒိယမြို့မှာ ဘုရားရှင် သုံးလကြာအောင် သီတင်းသုံးတော်မူရတယ်၊ သုံးလစေ့လို့ ဉာဏ်ရင့်ကျက်ချိန်ရောက်တော့ ဘုရားရှင်က မြို့သူမြို့သား များကို ငါတို့သွားတော့မယ်လို့ ပန်ကြားတော်မူတယ်၊ မြို့သူမြို့သားများက အရှင်မြတ်များ ကြွချီကာနီး တပည့်တော်များ ဆွမ်းကပ်ပါစေ၊ နက်ဖြန် ရဟန်းသံဃာတော်များနှင့် တကွ ဆွမ်းအလှူခံ ကြွတော်မူပါလို့ ဆွမ်းဖိတ်ကြတယ်၊ ဆွမ်းဖိတ်ပြီးနောက် မြို့လယ်မှာ မဏ္ဍပ်ကြီးဆောက်လုပ်ပြီး ဆွမ်းလုပ်ကျွေးကြတယ်၊ ဆွမ်းစားကိစ္စပြီးတော့ ဘုရားရှင်က သာယာတဲ့အသံတော်ဖြင့် အနုမောဒနာ တရားတောကို ဟောတော်မူသတဲ့ကွယ်။
သည်အချိန်မှာပဲ ဘဒ္ဒဇိသူဋ္ဌေးသားရဲ့ ပြာသာဒ်ပြောင်းသဘင်ပွဲ ပြုလုပ်တယ်၊ ဒါပေမယ့် ပရိသတ်တွေက ဘုရားရှင်ထံ ရောက်နေကြတော့ ပြာသာဒ်ပြောင်း အခမ်းအနားကို ကြည့်မည့်သူ မရှိသလောက် ဖြစ်နေတယ်။
ပရိသတ်ခြောက်နေတာ မြင်ရတော့ သူဋ္ဌေးသား
“သည်ယနေ့ဘာကြောင့် ပရိသတ်များ မလာပါသလဲ” လို့ မေးတယ်၊
သူ့လူများက “အရှင် - ဘုရားသခင် သည်မြို့မှာ သီတင်းသုံးနေထိုင်တော်မူတာ သုံးလကြာသွားပါပြီ၊ သည်ယနေ့ ဘုရားရှင်ကြွမှာမို့ မြို့သူမြို့သားများက ဆွမ်းလုပ်ကျွေးကြပါတယ်၊ ဆွမ်းကျွေးပွဲအပြီး ဘုရားရှင်တရားဟောမှာမို့ မြို့သူမြို့သား ကုန်သလောက်နီးနီး တရားနာ သွားနေကြပါတယ်၊ ဒါကြောင့် ပရိသတ်များ မလာခြင်းဖြစ်ပါတယ်” လို့ ပြောကြပါတယ်၊
သည်စကားကိုကြားတော့ သူဋ္ဌေးသားက “သည်လိုဆို လာကြ၊ ငါတို့လဲ သွားပြီး တရားနာယူကြမယ်” လို့ ဆင်ယင် ဝတ်စားထားတာတွေတောင် မချွတ်လဲနိုင်တော့ဘဲ များစွာသော အခြံအရံနှင့် ဘုရားရှင်ထံ ချဉ်းကပ်ပြီး ပရိသတ်အစွန်ကရပ်လျက် တရားနာနေရှာသတဲ့၊ ပရိတ်တွေက များလွန်းလို့ ထိုင်စရာနေရာတောင် မရနိုင်တော့ဘူးလေ၊
ဘုရားရှင်ကလည်း ဘဒ္ဒဇိသူဋ္ဌေးသားကို ချွတ်ဖို့ရည်ရွယ်ပြီး တရားဟောတော်မူတာမို့ ဘဒ္ဒဇိသူဋ္ဌေးသားဟာ တရားတော်ကိုနာယူရင်း မတ်တက်ရပ်လျက်ပင် အာသဝေါ ကုန်ခန်းတဲ့ ရဟန္တာဖြစ်အဖြစ်သို့ ဆိုက်ရောက်သွားတယ်၊ ဘဒ္ဒဇိသူဋ္ဌေးသားဟာ လူဝတ်နှင့် ရဟန္တာဖြစ်သွားတော့ ဘုရားရှင်က “ဘဒ္ဒိယ-ယခုသင့်သား အရဟတ္တဖိုလ် တည်သွားပြီ၊ အရဟတ္တဖိုလ်တည်ပြီးသော ပုဂ္ဂိုလ်ဟာ တည်သေနေ့၌ပင် ရဟန်းသော်လည်း ပြုရမယ်၊ ပရိနိဗ္ဗာန်သော်လည်း စံရမယ်၊ သင့်သားရဟန်း ပြုတာကို ကြိုက်သလား၊ သို့မဟုတ် ပရိနိဗ္ဗာန်ဝင် စံတာကို ကြိုက်သလား” လို့ မေးတော်မူတယ်။
ဘဒ္ဒိယသူဋ္ဌေးကြီးက “အရှင်ဘုရား-သားဖြစ်သူ ပရိနိဗ္ဗာန်ဝင်စံတာကို မကြိုက်ပါဘူး၊ သူ့ကို ရဟန်းပြုပေးတော်မူပါ” လို့ လျှောက်ထားတဲ့အတွက် ဘဒ္ဒဇိကို ရဟန်းပြုပေးတော်မူတယ်၊ အခုပြောခဲ့တာက ပါရမီဉာဏ်ရင့်ကျက်တဲ့ အန္တိမပုဂ္ဂိုလ်ဖြစ်စေ ကျွတ်ချိန်မရောက်သေးလျှင် (ဉာဏ်မရင့်ကျက်သေးလျှင်) ဗုဒ္ဓရဲ့တရားသံကို ကြားလျက်နှင့် ဘဝင်မကျဘူး၊ (သဘောမပေါက်ဘူး) ဆိုတာ သိစေချင်လို့ပဲကွယ့်။
သည်အခြင်းအရာကို သိစေပြီးတဲ့နောက် ဘုရားရှင်ရဲ့ဘက်ကို ပြန်လှန်ကြည့်ကြဦးစို့၊ ဘုရားရှင်ဟာ အကယ်၍ တစ်ကိုယ်တော် ကျွတ်လွတ်ခွင့်ကို လိုချင်လျှင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက် က ဒီပင်္ကရာဘုရားရှင်လက်ထက် သုမေဓာရသေ့ဘဝကပင် ကျွတ်လွတ်နိုင်စွမ်းရှိတယ်၊ သို့သော် ငါဟာ ဘုရားအဖြစ်ကို ရောက်အောင် စွမ်းဆောင်နိုင်သော ခွန်အားရှိပါလျက် တစ်ကိုယ်တော် ကျွတ်လွတ်တဲ့အတွက် ဘာမလုပ်လဲ(ဘာအကျိုးရှိမလဲ)၊ ဘုရားအဖြစ်ရောက်အောင် အားထုတ်ပြီး သတ္တဝါတွေကို ကယ်တင်မယ်လို့ သတ္တဝါတွေကို ငဲ့ကွက်ပြီး ကရုဏာစိတ်ဖြင့် မိမိရဲ့ကျွတ်လွတ်ခွင့်ကို စွန့်ခဲ့တယ်၊ ကျွတ်လွတ်ခွင့်ကိုစွန့်ပြီး -
“ဗုဒ္ဓေါ ဗောဓေယျံ - သတ္တဝါတွေ ငါသိသလို သိစေရမယ်၊ မုတ္တော မောစေယျံ - သတ္တဝါတွေ ငါလွတ်သလို လွတ်စေရမယ်၊ တိဏ္ဏော တာရေယျံ-သတ္တဝါတွေ ငါလွန်မြောက်သလို လွန်မြောက်စေရမယ်” လို့ ကြုံးဝါးတော်မူပြီး ပါရမီတော်တွေကို ဖြည့်ကျင့်တော်မူခဲ့လို့ တစ်စထက်တစ်ဘဝ ဉာဏ်ရင့်ကျက်လာပြီး ယခု ဘုရားဖြစ်တော်မူလာကာ သစ္စာလေးပါးကို သိတော်မူခဲ့ပြီ၊ သစ္စာလေးပါးကို သိတော်မူပြီးနောက် သူကြုံးဝါးခဲ့တဲ့အတိုင်း သူသိသလို သတ္တဝါတွေသိအောင် အလွန် ဟောပြနေချင်ပြီ၊ ဟောပြချင်လို့ တရားနာမည့် ပုဂ္ဂိုလ်ကို ကြည့်လိုက်တော့သတ္တဝါတွေမှာ ကိလေသာတရား ပြွမ်းပြွမ်းထနေတာကို မြင်တော်မူရတယ်၊ ပြွမ်းပြွမ်းထနေတဲ့ သည်ကိလေသာ အမှောင်ထုကို တရားအရောင်းက ထိုးဖောက်နိုင်ဖို့ မြင်တော်မမူဘူး၊ သည်အချိန်မှာ ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ဆိုတဲ့ ပဉ္စဝဂ္ဂီများပင် ဉာဏ်အရောင်ရင့်ကျက်သူ မရှိသေးလို့ တရားနာယူနိုင်သော နားရှိသူ မပေါ်ပေါက်သေးဘူး၊ ဘုရားရှင်ကတော့ သူသိတော်မူတဲ့တရားကို ဟောတော်မူချင်ပြီ၊ နာယူနိုင်သူက မရှိဘူး၊ သည်တော့ ဘုရားရှင်ရဲ့ စိတ်မှာ ဘယ်လိုဖြစ်ပေါ်လာသလဲ -
ကိစ္ဆေန မေ အဓိဂတံ၊ အလံ ဒါနိ ပကာသိတုံ။
ရာဂဒေါသပရေတေဟိ၊ နာယံ ဓမ္မော သုသမ္ဗုဒ္ဓေါ။
သည် သစ္စာတရားသိဖို့ ငါဟာ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းကာလ ကြာအောင် ဆင်းဆင်းရဲရဲ့ ဉာဏ်ရင့်ကျက်အောင် ပါရမီဖြည့်ကျင့်ခဲ့ရတယ်၊ ငါသိတဲ့ တရားဟောပြဖို့ ကြည့်လိုက်တော့ သတ္တဝါတွေမှာ ကိလေသာရဲ့ ဆွဲဆောင်ခြင်း ခံကြရလို့ ငါ့တရားကို သိလွယ်မည်သူ မရှိပါတကားလို ဖြစ်လာတယ်။
မိမိက တရားဟောချင်တယ်၊ တရားကို နားလည်မည့်သူ မရှိဘူး၊ နားလည်မည့်သူ မရှိဘဲ တရားဟောနေလျှင် ကျွဲပါးစောင်းတီး ပင်ပန်းရုံသာရှိမယ်၊ အကျိုးတော့ ရှိမှာမဟုတ်ဘူး၊ ဒါကြောင့် ဘုရားရှင်က -
အဟဉ္စေဝ ခေါ ပန ဓမ္မံ ဒေသေယျံ၊ ပရေ စ မေ န အာဇာနေယျံ၊ သောမမဿ ကိလမထော၊ သာ မမဿ ဝိဟေသာတိ။ ။
ငါသည် ယခု တရားဟောငြားအံ့၊ ငါ့တရားကို ဘယ်သူမျှသိမည်မဟုတ်၊ ငါသာ ပင်ပန်းမည်၊ ငါ့အား ညှဉ်းဆဲခြင်းသာ ဖြစ်မယ်၊ ထို့ကြောင့် ငါ ယခု တရားမဟောသေးဘူး၊ ဆိတ်ဆိတ်သာနေဦးမယ်လို့ အကြံ ဖြစ်တော်မူတယ်၊ တရားမဟောဘူးလို့ ဖြစ်တော်မူတဲ့ ဘုရားရှင်ရဲ့အကြံက တစ်ဘဝလုံး မဟောတော့ဘူးလို့ ဖြစ်တော်မူတဲ့အကြံမျိုး မဟုတ်ပါဘူး၊ ယခုအချိန်မှာ နာယူနိုင်မည့်သူ မရှိလို့ မဟောဘူးလို့ ဖြစ်တဲ့အကြံပဲကွယ့်၊
ဒါကြောင့် ပါဠိတော်မှာ -
“အပ္ပေါသုက္ကတာယ စိတ္တံ နမတိ၊ နော ဓမ္မဒေသနာယ” လို့ ပစ္စုပ္ပန်ကြိယာနှင့် ဟောတော်မူထားတယ်၊ အဲသည့်ပစ္စုပ္ပန်ကြိယာကို ထောက်ပြီး ယခု တရား မဟောသေးဘူး၊ နောင် ဟောသင့်လျှင် ဟောမယ်လို့ အဓိပ္ပါယ်ကောက်နိုင်တယ်၊ ဘုရားရှင်က ဉာဏ်ရင့်သူမရှိသေးလို့ တရားမဟော သေဘူးလို့ ဖြစ်တဲ့အကြံကို သဟမ္ပတိဗြဟ္မာမင်းက တစ်သက်လုံး မဟောတော့ဘူးလို့ အဓိပ္ပါယ်ကောက် တရားဟောဖို့ လာရောက်လျှာက်ထားခြင်း ဖြစ်တယ်၊ သဟမ္ပတိဗြဟ္မာမင်းက လာရောက်လျှောက်ထားတော့
ဘုရားရှင်က -
“အို ဗြဟ္မာ - နားမပေါက်သောသူတို့အား ဟောပြောရခြင်းသည် အလွန်ပင်ပန်းတယ်လို့ ယူဆတဲ့အတွက် ငါ ယခု တရားမဟောဘူးလို့ အကြံဖြစ်တယ်၊ ပညာနားရှိသူတွေ ယုံကြည်မှုသဒ္ဓါတရားကို လွှတ်ထားကြပါ၊ ထိုပညာနားပါသူများအတွက် နိဗ္ဗာန်တံခါးကို ငါဖွင့်ထားမယ်” လို့ မိန့်တော်မူတယ်၊ သည်စကားရပ်ကို ထောက်လို့ ဘုရားရှင် တရားမဟောဘူးလို့ စိတ်ညွတ်ခြင်းဟာ တစ်ဘဝလုံး မဟောတော့ဘူးလို့ လုံ့လကိုလျှော့လိုက်တာ မဟုတ်၊ ယခုအချိန်မှာ ကျွတ်ထိုက်သောသတ္တဝါ မရှိသေးလို့ စိတ်ညွတ်ခြင်းမျှသာ ဖြစ်တယ်၊ ကျွတ်ထိုက်သူမရှိပါဘဲ တရားဟောလျှင် ဟောသူ ပင်ပန်းရုံသာရှိမယ်၊ သည်အကြံဟာ ဉာဏ်နုပုဗ္ဗင်္ဂမ-ဉာဏနုပရိဝတ္တ အကြံတော်ပင်ဖြစ်တယ်၊ နောင်အခါ ကျွတ်ထိုက်သော ဝေနေယျ ပညာနားပါရှိသော သတ္တဝါတို့ အား ဧကန် တရားဟောမှာဖြစ်လို့ ကြောင့်ကြမဲ့နေတော်မူလိုသော စိတ်လည်း ဘုရားရှင်၌မရှိ၊ ဒါကြောင့် ဝိနယ မဟာဝဂ္ဂပါဠိ ဗြဟ္မယာစနကထာ၌ လာသော စကားရပ်ဟာ ဓာရဏပရိတ်တော်နှင့် ဆန့်ကျင်ခြင်းမရှိပါဘူးလို့ အဖြေပေးလိုက်ပါတယ်ကွယ်”
“သာဓု - သာဓု - သာဓု”
***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၂၈) - တရားဦးမဟောမီ ဆယ်ရက်အလို
***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၂) (စာမျက်နှာ - ၆-၁၆) မှ ကောက်နုတ်ပူဇော်ပါသည်။
ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။
(ကပ္ပိယ-မောင်ရဲ) https://www.facebook.com/yewin.tun.71
Thursday, September 20,2012 10:11 am
0 comments:
Post a Comment