Sunday, February 24, 2013

သစ္စာနို့ချို ဝိုင်းအုံသောက်စို့



ညောင်လေးပင်မြို့မှာ တရားဟောနေခိုက် 
တစ်နေ့သော ညအခါတွင်
ဆရာတော်လေး ဦးဝိမလမှာ ထူးထူးဆန်းဆန်း အိပ်မက်တစ်ခု မက်သည်။

“တရားပလ္လင် အမြင့်ပေါ်တွင် ထိုင်၍ တရားဟောနေစဉ်
ဒကာ - ဒကာမတွေက ရှေ့သို့ဝိုင်းအုံ တိုးလာကြ၏၊
ပြီးလျှင် ဆရာတော်ကလေး၏ ဝဲဘက် ယာဘက် နို့အုံ ၂-ဘက်ကို အလုအယက် ဆွဲ၍ အလုအယက် စို့ကြတော့သည်။

ဆရာတော်ကလေး ဦးဝိမလကလည်း မတားမြစ်ဘဲ အစို့ခံနေမိသည်၊
ခဏကြာတော့မှ “ဘွား” ခနဲ နိုးလာတော့၏”

နိုးလာတော့မှ
 “သြော် . . .  အိမ်မက်ကိုး” ဟု သိရတော့သတတ်၊
ဆရာတော်ကလေးလည်း အံ့အားသင့်နေမိတော့၏၊
မမက်စဖူး ထူးဆန်းလွန်းလှသည်။

“ဘယ်လိုဖြစ်လာမည့် အတိတ်နိမိတ်လေလဲ”  ဟုလည်း တွေးနေမိတော့သတတ်၊
မနက်မိုးလင်းမှ ညောင်လေးပင်တောရ ဆရာတော်ကြီး ဦးအရိယအား သွား၍ လျှောက်ထားကြည့်သောအခါ

ဆရာတော်ဘုရားကြီးက -

“ဟယ် . . . လက်ခမောင်းသာ ခတ်ပေရော့ဟဲ့၊
တယ်ကောင်းတဲ့နိမိတ်ပါလား မောင်ပဉ္စင်းရဲ့၊ ဟင် . . . ။

ဒီအတိတ်နိမိတ်က 
မောင်ပဉ္စင်းရဲ့ သစ္စာတရား အမြိုက်နို့ချိုတွေကို 
တိုင်းသူပြည်သား ဒကာ - ဒကာမ အများက ဝိုင်းအုံသောက်စို့ကြမယ့် အဓိပ္ပါယ်ပဲကွယ့်။

မကြုံစဖူး ထူးထူးကဲကဲ သိပ်ကောင်းတာပဲ၊
မပေါ့ပါနဲ့ မောင်ပဉ္စင်းရဲ့၊
ကြိုးစားပြီး တရားကိုသာ အားထုတ်ပါတော့ . . .  “
ဟူ၍  မိန့်ဟ တိုက်တွန်းတော်မူပါသတတ်၊ 

ဆရာတော်ဘုရားကြီးက စိတ်ဝင်တစားနဲ့ အံ့အားသင့်ပြီး
 လေးလေးနက်နက် တိုက်တွန်းတော် မူနေခြင်း ဖြစ်ပါသည်တဲ့။

ဝိပဿနာစခန်းတွေကိုတဲ့ အခြေအမှန်သာ . . . 
ဗွေသံသရာမှာတဲ့ အဟို့ဟိုပြေး။
နေရဗာန်လျာတဲ့ သို့မို့ကလေး -
(အမယ်မင်း) အမေ မြန်မြန်လာပါလို့ 
ဓမ္မာနို့ချိုကို ကျွေး . . . ။    ။


***ကောက်နုတ်ချက်***
အဂ္ဂမဟာ ပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး ၏ 
တစ်ဘဝ သာသနာ (နှာ-၁၁၂) 

ကပ္ပိယ မောင်ရဲ
http://kpymgye.blogspot.com/
https://www.facebook.com/yewin.tun.71



  

0 comments:

Post a Comment