Monday, February 25, 2013

လူ့စိတ်နှင့် ဂြိုလ်နက္ခတ်တာရာ




                        သီပေါ ဦးသုခက သူ့ရဲ့ တတိယမေးခွန်းကို မဃဒေဝလင်္ကာသစ်ပိုဒ်ရေ ၂၇၈-ကို ကိုးကားပြီး မေးလျှောက်ထားတယ်ဘုရား

                        မဃဒေဝလင်္ကာသစ် ၂၇၈-မှာက ဘယ်လိုဆုသတဲ့လဲကွယ့်

                        မဃဒေဝလင်္ကာသစ် ၂၇၈-မှာ ဖွဲ့ဆိုထားတာက မင်းတို့မတော်၊ တရားချော်က၊ မြေပေါ်လူများ၊ မဆိုထားနှင့်၊ မိုးဖျားနက္ခတ်၊ အာကာဓာတ်က၊ ဂြိုလ်နတ်ရာသီ၊ သွားမညီဘူး စသည်ဖြင့် ဖွဲ့ဆိုထားပါတယ် ဘုရား

                        သည်အဖွဲ့မှာ ဘာများမေးချင်စရာ ဖြစ်နေသတဲ့လဲကွယ့်

                        ကောင်းကင်မှာ သွားလာနေကြတဲ့ ဂြိုလ်နက္ခတ်တာရာများဟာ လူ့ပြည်က လူသားများ တရားပျက်တဲ့အတွက် အသွားအလာဖောက်ပြန်တယ်ဆိုတာဟာ လက်တွေ့သိပ္ပံပညာနှင့်မကိုက်ညီဘူးလို့ ထင်မြင်ပါသတဲ့၊ သိပ္ပံနည်းနှင့် ကောင်းကင်ရှိ နေလနက္ခတ်တာရာများကို တိုင်းတာကြည့်တဲ့အခါ ဘယ်ဂြိုလ်သည် ဘယ်အချိန်တွင် နိယထံကျင့်မည် သီဟဇာကျင့်မည်-စသည်ကို ကြိုတင်တွက်ချက်နိုင်ကြပါသတဲ့၊ တွက်ချက်တဲ့အတိုင်း မှန်လည်း မှန်ကန်ပါသတဲ့၊ ဒါကြောင့် ကောင်းကင်က နေလနက္ခတ်တာရာတို့ရဲ့ အသွားအလာ မမှန်ကန်မှုဟာ မဃဒေဝလင်္ကာသစ်အဆိုနှင့် ဆန့်ကျင်နေတဲ့အတွက် ဖြေရှင်းပေးဖို့ လျှောက်ထားခြင်း ဖြစ်ပါတယ် ဘုရား

                        မဃဒေဝလင်္ကာသစ် စာပိုဒ် ၂၇၈-ဟာ အင်္ဂုတ္တရစတုက္ကနိပါတ်ပတ္တာကမ္မဝဂ် အဓိမ္မိကသုတ်ကို ဖွဲ့ဆိုထားခြင်းဖြစ်တယ်ကွယ့်၊ အဓိမ္မိကသုတ်က ဘယ်လိုဟောသလဲဆိုတော့ လူ့ပြည်ကလူသားတွေတရားပျက်ခဲ့လျှင် နေလနက္ခတ်တာရာတို့ဟာ မညီမညွတ်လှည့်လည်ကြသတဲ့၊ ညဥ့် နေ့တို့ဟာ မညီမညွတ် ဖြစ်ကြတယ်တဲ့၊ လနှင်လခွဲတို့ဟာ မညီမညွတ်ဖြစ်ကြတယ်တဲ့၊ ဥတုနှစ်တို့ဟာ မညီမညွတ်ဖြစ်ကြတယ်တဲ့၊ လေများဟာ မညီမညွတ်တိုက်ကြတယ်တဲ့၊ မိုလေဝသ မမှန်ကန်ဘူးတဲ့၊ ကောက်များဟာ အမှည့်မညီကြဘူးတဲ့၊ လူတွေဟာ အသက်တိုကြသတဲ့၊ အဆင်းမလှကြဘူးတဲ့၊ အားနည်းကြသတဲ့၊ အနာရောဂါ ပေါများကြသတဲ့။

                        လူ့ပြည်က လူသားတွေ တရားစောင့်ခဲ့လျှင် လ နေ နက္ခတ်တာရာများဟာ ညီညွတ်စွာလှည့်ပတ်ကြသတဲ့၊ ညဥ့်, နေ့, လ, လခွဲ, ဥတု, နှစ်တို့ဟာ ညီညွတ်ကြသတဲ့၊ လေမှန်မှန်တိုက်ပြီး မိုးမှန်မှန်ရွာသတဲ့၊ ဒါကြောင့် ကောက်ပဲသီးနှံများ အမှည့်ညီကြတယ်၊ လူတွေဟာ အသက်ရှည်ကြတယ်၊ အဆင်းလှကြတယ်၊ အားတိုးကြတယ်၊ အနာကင်းကြတယ်လို့ ဟောတော်မူတယ်ကွယ့်

                        သည်အဓမ္မိကသုတ်နှင့် ဆက်စပ်ကြည့်ဖို့ ၅၅၀-နိပါတ်၊ စတုက္ကနိပါတ်မှာ ရာဇောဝါဒဇာတ်ဆိုတာလည်း ရှိသေးတယ်ကွယ့်

                        အမိန့်ရှိတော်မူပါဦး ဘုရား

                        ရာဇောဝါဒဇတ်ရဲ့ ဆိုလိုရင်းက သည်လိုတဲ့ကွယ့်၊ ရှေးက ဗာရာဏသီပြည့် ဗြဟ္မဒတ်မင်းဟာ တရားစောင့်တဲ့အတွက် တိုင်းပြည်ဟာအင်မတန်သာယာသတဲ့၊ တစ်နေ့တော့ မင်းက တိုင်းရေးပြည်ခင်း စုံစမ်းမယ်လို့ မထင်ရှားတဲ့ အသွင်ဖြင့် စုံစမ်းရင်း ဟိမဝန္တာတောအတွင်း ရသေ့တစ်ပါးသီးတင်းသုံးရာဌာနသို့ ရောက်သွားသတဲ့၊ ရသေ့ဟာ ရောက်လာတဲ့ဧည့်သည်ကို ညောင်သီးများနှင့် ဧည့်ခံသတဲ့၊ မင်းဟာ ညောင်သီးကိုစားကြည့်တော့ အလွန်အရသာရှိတာကို တွေ့တဲ့အတွက် အရှင်ဘုရား ညောင်သီးဟာ အနံ့အရသာနှင့် ပြည့်စုံလှချည်ကလား လို့ လျှောက်ထားတယ်၊ ရသေ့က ဟုတ်တယ် ဒကာ-မင်းနှင့်တကွ တိုင်းသူပြည်သားများ တရားစောင့်ကြတဲ့အတွက် ညောင်သီးမှည်ဟာ အနံ့အရသာနှင့် ပြည့်စုံခြင်းဖြစ်တယ် လို့ ပြန်ပြောတယ်။

                        မင်းနှင့်တကွ တိုင်းသူပြည်သားများ တရားစောင့်တာနှင့် ညောင်သီးချိုတယ်ဆိုတာဟာ ယုံကြည်နိုင်ဖွယ်မရှိဘူး၊ ဒါကြောင့် ဗြဟ္မဒတ်မင်းဟာ တိုင်းပြည်ကို ပြန်သွားပြီး တိုင်းပြည်ကို အဓမ္မနည်းနှင့် အုပ်ချုပ်သတဲ့၊ ကာလအတန်ကြာတော့ ရသေ့ကျောင်းပြန်သွားပြီး ညောင်သီးစားကြည့်လိုက်တော့ ညောင်သီးဟာ ရှေးကလိုမချိုတော့ဘဲ ခါးနေသတဲ့၊ ဒီအကြောင်းရသေ့ကို လျှောက်ထားတော့ ရသေ့က ဒါယကာ-သည်အချိန်မှာ တိုင်းသူပြည်သားများ တရားမစောင့်ကြဘူး၊ တရားမစောင့်ကြလို့ နေ လ နက္ခတ် ဂြိုလ်တာရာများ အသွားအလာမမှန်ဘူး၊ အသွားအလာမမှန်လို့ ရာသီဥတုပျက်တယ်၊ ရာသီဥတုပျက်လို့ သစ်သီးများ အရသာပျက်တယ် လို့ ပြန်ပြောသတဲ့။

                        သည်တော့မှ ဗြဟ္မဒတ်မင်းဟာ သဘောပေါက်သွားပြီး တပည့်တော်က ဆင်းရဲသားမဟုတ်ပါဘူး၊ ဗာရာဏသီပြည့်ရှင်ဖြစ်ပါတယ်၊ တိုင်းသူပြည်သား အများ တရားစောင့်ပြီး ညောင်သီးချိုအောင်ပြုပါ့မယ်လို့ လျှောက်ထားပြီး တိုင်းပြည်ပြန်သွားသတဲ့ကွယ်၊ ယခုပြောခဲ့တာဟာ ရာဇောဝါဒဇာတ်ပဲကွယ့်

                        မှန်ပါ - အဓမ္မိကသုတ်ရော ရာဇောဝါဒဇာတ်ပါ မှတ်သားစရာများပါရှိပါတယ်၊ သို့သော်လည်း လူသားတရားပျက်တာနှင့် နေလနက္ခတ် အသွားမမှန်ဘူးဆိုတာ ဘယ်လိုဆက်စပ်ကြောင်း မသိသာပါဘူး၊ သိသာအောင်အမိန့်ရှိပေးပါဦးဘုရား

                        စိတ္တေန နိယျတိ လောကော၊ စိတ္တေန ပရိပဿတိ၊
                        စိတ္တဿ ဧကဓမ္မဿ၊ သဗ္ဗေဝ ဝသမနွဂူ
ဆိုတဲ့ ဂါထာကိုတော့ ကြားဖူးရဲ့ မဟုတ်လားကွယ့်။

                        မှန်ပါ-ကြားဖူးပါတယ်ဘုရား၊ သဂါထာဝဂ္ဂသံယုတ် စိတ္တသုတ်မှာ ဟောထားပါတယ်ဘုရား

                        သည်သုတ်ရဲ့အဓိပ္ပာယ်က ဘယ်လိုဆိုသလဲကွယ့်

                        စိတ်သည် လောကကိုဆောင်အပ်၏၊ စိတ်သည် လောကကိုဆွဲငင်အပ်၏၊ အလုံးစုံသောတရားတို့သည် စိတ်ဟုဆိုအပ်သော တစ်ခုသောတရား၏အလိုကိုသာလျှင် အစဉ်လိုက်ရ၏ လို့ ဆိုပါတယ် ဘုရား

                        သည်လိုဆိုလျှင် လူတို့ရဲ့စိတ်ဓာတ်ကြောင့် နေလနက္ခတ်တာရာများ အသွားမှန်တယ် မမှန်ဘူးဆိုတာဟာ ရှင်းလောက်ပါပြီ၊ တကယ်တော့ သည်စကြဝဠာ လောကကြီးအတွင်းမှာ များစွာသော သတ္တဝါတွေ တည်နေကြသော်လည်း လူသားဟာ အဓိကပုဂ္ဂိုလ်မို့ (မနုဿဘုံ)လူ့လောကကြီးလို့ ခေါ်ကြရတယ်၊ လူ့လောကအတွင်းဖြစ်တဲ့ အရာဝတ္ထုမှန်သမျှတွေဟာ တစ်နည်းမဟုတ်တစ်နည်း လူသားနှင့်ဆက်စပ်တာချည်းပဲဖြစ်တယ်၊ နေလနက္ခတ်တာရာဆိုတာတွေဟာလည်း လူ့ကံကြောင့်ဖြစ်လာတာတွေပါပဲ၊ ဒါကြောင့် လူသားတို့ရဲ့စိတ်ဓာတ်နှင့် ဆက်စပ်နေတယ်၊ လူသားတွေရဲ့စိတ်ဓာတ် သန့်ရှင်းစင်ကြယ်လျှင် နေလနက္ခတ်တာရာများ အသွားမှန်ကန်တယ်၊ လူသားတို့ရဲ့စိတ်ဓာတ် မသန့်ရှင်းမစင်ကြယ်လျှင် နေလနက္ခတ်တာရာများလည်း အသွားအလာ မမှန်ကန်ဘူး။

                        သည်အကြောင်းကို ဗေဒင်နည်းနှင့် တွက်ချက်ကြည့်လျှင်လည်းသိသာပါတယ်၊ ဥပမာဆိုပါစို့၊ ကောင်းကင်က တာရာတစ်လုံးဟာ အသွားမမှန်ဘူး၊ သို့မဟုတ် အရောင်မှိန်တယ်၊ တာရာအရောင်ဖောက်ပြန်တယ်ဆိုလျှင် သည်တရာဟာ ဘယ်ပြည်နှင့်တည့်သလဲ၊  ဘယ်ပြည်အပေါ် ဖြတ်သန်းသွားသလဲလို့ တွက်ကြည့်ရတယ်၊ တွက်ကြည့်လို့ ထိုတာရာဖြတ်သန်းသွားတဲ့ပြည်ကိုတွေ့လျှင် အဲသည်ပြည်ကိုစစ်ဆေးကြည့်လိုက်ကွယ့်၊ စစ်ဆေးကြည့်လိုက်လျှင် ဘာတွေ့မလဲဆိုတော့ အဲသည်ပြည်သားများဟာ တရားပျက်နေတာကိုတွေ့ရလိမ့်မယ်၊ တရားပျက်တဲ့အတွက် စစ်ဘေး, ရောဂါဘေး, ငတ်မွတ်ခြင်းဘေးများ ကြုံနေကြရတာကို တွေ့ရလိမ့်မယ်၊ ဒါကြောင့် နေလနက္ခတ်တာရာများဟာ လူသားတို့ရဲ့ စိတ်ဓာတ်နှင့် ဆက်စပ်နေကြောင်းကို ယုံကြည်သင့်ပါတယ်ကွယ့်

                        မှန်ပါ-ဝမ်းသာလှပါပြီ ဘုရား

                        သာဓု - သာဓု - သာဓု


***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၂၀) သီလခံယူမှုနှင့် ကျင့်သုံးမှု


***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (စာမျက်နှာ - ၁၅၈-၁၆၁) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ အမေး-အဖြေ အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

Monday, September 03,2012        10:56 am 

(ကပ္ပိယ-မောင်ရဲ)

http://kpymgye.blogspot.com/
https://www.facebook.com/yewin.tun.71 


2 comments:

  1. ဗဟုသုတလေး ယူသွားပါတယ် ကိုရဲ။

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ ခင်ဗျ .....

      ကျေးဇူးပါဗျို့

      Delete