Thursday, February 14, 2013

ခန္ဓဘုရားနှင့် ဉာဏ်ဘုရား



ခန္ဓဘုရားနှင့် ဉာဏ်ဘုရား

                   “ဘုရား - ဘုရား လို့ ပြောနေကြပါတယ်တဲ့၊ အဲဒီဘုရားဆိုတာ သဗ္ဗညုတဉာဏ်တော်ကို ပြောတာလား၊ ဉာဏ်တော်ရဲ့တည်ရာ ခန္ဓာတော်ကို ပြောတာလား တဲ့”

                   “ဟာ - ကိုယ်တော်ရဲ့ ပြဿနာက ရှေးကဖြစ်ပြီးသားပြဿနာပဲ၊ ပြဿနာဟောင်းကြီးကို နေနူးဖို့မလိုဘူးထင်ရဲ့ကောကွယ်”

                   “မှန်ပါ - သာသနာတော်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်ကာလက  စတင်လာတာဖြစ်လို့ သာသနာတော်ရဲ ပြဿနာမှန်လျှင် ပြဿနာသစ်ရယ်လို့ ရှိမှာ မဟုတ်ပါဘူး၊ ပြဿနာဟောင်းတွေချည်းနေမှာပါပဲ၊ ဒါပေမယ့် အဟောင်းကအသစ်ဖြစ်၊ အသက်က အဟောင်းဖြစ်ဆိုတာလို ရှေးကအဟောင်း တွေဟာလည်း အခုပြန်ပြီး အသစ်လို အငြင်းအခုံဖြစ်နေကြတယ်ဘုရား၊ ဒါကြောင့် ရှေးဟောင်းပြဿနာကိုလည်း ခေတ်လူတွေနားရှင်းသွားအောင် ထပ်ပြီး ရှင်းပြစေချင်ပါသေးတယ်ဆရာတော်”

                   “၁၉၇၈-ခုနှစ်က တပည့်တော်ရဲ့ ရေးဖက်တစ်ဦးဖြစ်တဲ့ ပူသိမ်ကြီးအရှင်အရိယဝံသက သဗ္ဗညုတဉာဏ်တောင်အမည်နှင့် စာတစ်အုပ်ထုတ်ဝေခဲ့ပါတယ်၊ သူ့စာအုပ်ထဲမှာ ဉာဏ်တော်ဘုရား၊ ခန္ဓာတော်ဘုရားနှင့် စပ်တဲ့စကားရပ်များကို စာမျက်နှာ ၉၉-က ၁၀၈ အထိ ရေးသားထားတယ်၊ ပကိဏ္ဏကဝိသဇ္ဇနာကျမ်း (ပ-၄၇ နှင့် ၂၂၉) တို့မှာလည်း လုံးတော်ဆရာတော်ဘုရား ဖြေကြားထားတော်မူတယ်၊ သထုလဝိသောဓနီကျမ်းဆိုတာဟာလည်း ဉာဏ်တော်ဘုရား ခန္ဓာတော်ဘုရားနှင့်စပ်ပြီး ရေးသားဖွင့်ဆိုထားတဲ့ စာအုပ်ပါပဲ၊ ကျမ်းလာစကားအကျယ်ကိုတော့ အဲဒီစာအုပ်စာတမ်းတွေမှာ ကြည့်ပေါ့ကွယ်၊ ဒီမှာတော့ အရပ်စကားနှင့်ပင် အဖြေပေးကြပါစို့”

                        “တပည့်တော်လည်း အရပ်စကားအဖြေကိုပဲ နာချင်ပါတယ် ဘုရား”

                   “အေး - နာချင်လျှင် ဘုရားရှင်ရဲ့ ခန္ဓာတော်ကို ဦးစွာစစ်ဆေးကြည့်ကြဦးစို့၊ ဘုရားရှင့်ရဲ့ ခန္ဓာတော်နှင့် ပကတိလူသားတို့ရဲ့ ခန္ဓာကိုယ်ဟာ ဘာခြားနားသလဲ၊ အရှင်ဘုရားသဘောကျသလို ဖြေစေချင်ပါတယ်”

                   “ဘုရားရှင်လည်း ခန္ဓာငါးပါး၊ ပကတိလူသားတွေလည်း ခန္ဓာငါးပါးမို့ မခြားနားဘူလို့ ဖြေရမှာပဲဘုရား”

                   “ဟုတ်တာပေါ့ကွယ်၊ ဘုရားရှင်လည်း  လူသားဇာတ်တစ်ဦးမို့ ဆံပင်၊ အမွေး၊ လက်သည်း၊ ခြေသည်းစတဲ့ သုံးဆယ့်နှစ်ပါးသော အစုအဝေးပဲ၊ ပကတိလူသားဆိုတာလည်း သုံးဆယ့်နှစ်ပါးသော ကောဋ္ဌာသအစုအဝေးချည်းမို့ ဘုရားရှင်ခန္ဓာနှင့် ပကတိလူသားခန္ဓာဟာ အတူတူပဲပေါ့၊ ဒီလိုခန္ဓာချင်းတူပါလျက် ဘုရားရှင်ရယ်လို့ ထူးခြားသွားရခြင်းက ဘာကြောင့်လို့ ထင်သလဲကွယ့်”

                   “ဘုရားရှင်ရယ်လို့ ထူခြားသွားရခြင်းကတော့ သဗ္ဗညုတဉာဏ်တော်တည်တော်မူတဲ့အတွက်ကြောင့်ပါ ဘုရား”

                        “ဟုတ်တယ်၊ သဗ္ဗညုတဉာဏ်တော်ကိုရမှ ဘုရားရှင်က ဗုဒ္ဓလို့ဝန်ခံတော်မူတာပဲ၊ သဗ္ဗညုတဉာဏ်တော်ကိုမရမီက ဗုဒ္ဓမဟုတ်သေးဘူး၊ ဒီစကားရပ်ကို ထောက်ချင့်ကြည့်လျှင် ဗုဒ္ဓဘုရားဆိုတာ သဗ္ဗညုတဉာဏ်တော်အပေါ်မှာသာ တည်နေတယ်၊ ဘယ်လိုပုဂ္ဂိုလ်ပဲဖြစ်ဖြစ် သဗ္ဗညုတဉာဏ်တော်ကိုသာ ရမည်ဆိုလျှင် 
“ဗုဒ္ဓဘုရား” လို့ ခေါ်ရမှာပဲ၊ ဟုတ်တယ်မဟုတ်လားကွယ့်”

                   “ဟုတ်ပါတယ် ဘုရား”

                   “ဒီလိုဆိုတော့ ခန္ဓာတော်ဟာ ဗုဒ္ဓဘုရားမဟုတ်ဘူး၊ ဉာဏ်တော်သည်သာ ဗုဒ္ဓဘုရားလို့ ဆိုသင့်နေတာပေါ့ကွယ်၊ ဒါကြောင့် ပကိဏ္ဏက ဝိသဇ္ဇနာကျမ်း (ပ-၄၉)မှာ ‘သဗ္ဗညုတဉာဏ်တော်သည်သာ သိခြင်းကိစ္စ ဗုဇ္ဈနသတ္တိကို ပြီးစေတက်သောကြောင့် မုချဘုရားမှတ်ရာ၏’ လို့  အဖြေပေးထားတယ်၊ သို့သော်လည်း သဗ္ဗညုတဉာဏ်တော်ဟာ သီးခြားတည်နေတာမဟုတ်ဘူး၊ ခန္ဓာတော်ကိုမှီပြီးတည်နေတယ်၊ 
မှီပြီးတည်နေတာက (၁) ကော်ဖြင့်ကပ်ထားသလို တည်နေတဲ့ သြပသိလေသိကာ တည်နေမျိုးလည်း မဟုတ်ဘူး၊ 
(၂) အရာမျှ ဖြစ်၍တည်တဲ့ဝေသယိကာ တည်နေမျိုးလည်းမဟုတ်ဘူး၊ 
(၃) အနီးကပ်တည်နေတဲ့ သာမီပိယာ တည်နေမျိုးလည်းမဟုတ်ဘူး 
(၄) ခန္ဓာတော်အလုံးမွှမ်းထုံပြီးတည်နေတဲ့ ဗျာပိကာ တည်နေမျိုးဖြစ်တယ်။

                   ဒီနေရာမှာ စောဒကဝင်စရာရှိနေလို့ နည်းနည်းစကားလေးပြောလိုက်ရဦးမယ်၊ သဗ္ဗညုတဉာဏ်တော်ဆိုတာ အဘိဓမ္မာနည်းအရတော့ အမောဟခေါ်တဲ့ ပညာစေတသိက်ပါပဲ၊ ဒီပညာစေတသိက်က ဘယ်မှာတည်းသလဲဆိုတော့ မဟာကြိယာ ဉာဏသမ္ပယုတ်စိတ်မှာ တည်နေတယ်၊ မဟာကြိယာ ဉာဏ်သမ္ပယုတ်စိတ်က ဘယ်မှာတည်းနေသလဲဆိုတော့ နှလုံးမှာတည်နေတယ်၊ နှလုံးက ဘယ်မှာတည်နေသလဲဆိုတော့ ခန္ဓာကိုမှာတည်နေတယ်။

                   ဒီလို အဆင့်ဆင့် တည်နေတာကို ထောက်ပြီး သဗ္ဗညုတဉာဏ်တော်ဟာ ခန္ဓာတော်အလုံး မွှမ်းထုံပြီး တည်နေတယ်လို့ဆိုရတယ်၊ လောကဥပမာအားဖြင့် အမွှေးအထုံကို အလိုရှိတဲ့သူဟာ အမွှေးအထုံတို့ရဲ့ တည်ရာနံ့သာသားကို ဆောင်ယူကြတယ်၊ တကယ်လိုချင်တာက အသားမဟုတ်ဘူး၊ အဲဒီအသားမှာ တည်နေတဲ့ အမွှေးအထုံပဲ၊ ဒါပေမယ့် အမွှေးအထုံကို သီးခြားထုတ်ယူလို့မရဘူး၊ ဒီတော့ အမွှေးအထုံအလိုရှိတဲ့ဟာ အမွှေးအထုံတို့ရဲ့ တည်ရာ နံ့သာသားကို ဆောင်ယူကြရတာပေါ့၊ ဒီသဘောအတိုင်းပါပဲ၊ သဗ္ဗညုတဉာဏ်တော်ဟာ မုချအားဖြင့် ဘုရားလို့ဆိုရသော်လည်း ဉာဏ်တော်ကိုချည်း သီးသန့်ထုတ်ယူလို့ မရဘူး၊ ဒါကြောင့် ဉာဏ်တော်ရဲ့တည်ရာ ခန္ဓာတော်ကိုပါ ဘုရားအဖြစ် ကောက်ယူရတယ်၊ ဒီစကားရပ်ကို လယ်တီဆရာတော်ဘုရားရဲ့ သာသနဝိသောဓနိကျမ်းက ဘယ်လိုဖွင့်ဆိုပြထားသလဲဆိုတော့ -

                   “ဗုဒ္ဓေါ - ဘုရားဟူရာ၌၊ ဗုဓဓာတ်နှင့် တ-ပစ္စည်းစပ်၍ ဗုဒ္ဓ ဟု ဖြစ်လာသည်၊ 
ဗုဓဓာတ်မှာ သဗ္ဗညုတဉာဏ်တော်ကိုကောက်ရသည်၊ 
တ - ပစ္စည်းမှာ ခန္ဓာတော်နှင့်တကွ သဏ္ဌာန်တော်ပညတ်ကိုကောက်ရသည်၊ 
သဒ္ဒါမှာ ဗုဓနှင့် တ ပေါင်းမိမှ ဗုဒ္ဓ ဖြစ်လာသည်၊ 
အနက်မှာလည်း သဗ္ဗညုတဉာဏ်တော်နှင့် ခန္ဓာတော်ဒြပ်နှစ်ပါးစပ်မှ ဘုရားဖြစ်လေသည် လို့ ပြဆိုထားတယ်ကွယ့်”

                   ဒါကြောင့် ဘုရားဆိုတာ ‘ဗုဒ္ဓေါ သဗ္ဗညုတဉာဏံ’ ဂါထာမျှကိုသာ ထောက်ပြီး သဗ္ဗညုဉာဏ်တော်သည်သာ ဘုရားဖြစ်တယ်၊ ခန္ဓာတော်ဟာ ဘုရားမဟုတ်ဘူးလို့ မဆိုကောင်းဘူး။ ဒီလိုဆိုခဲ့လျှင် ဘုရားရှင်ရဲ့ ခန္ဓာတော်ကို သွေးစိမ်းတည်အောင်ပြုတဲ့ ဒေဝဒတ်ဟာ အနန္တရိယကံကြီး ထိုက်ဖို့မရှိဘူး၊ ဘုရားရှင်ရဲ့ ခန္ဓာတော်, ဓာတ်တော်, မွေတော်, စေတီတော်တွေ ပူဇော်တာလည်း အကျိုးမရှိဘူး၊ ဘုရားရှင်ရဲ့ဆံတော်နှင့် မြင်းမြီးဘာထူးသလဲလို့ အဆိုမှားသွားလိမ့်မယ်၊ အမှန်ကတော့ ဉာဏ်တော်လည်း ဘုရားပဲ၊ ခန္ဓာတော်လည်း ဘုရားပဲ၊ ခန္ဓာနှင့် ဉာဏ်တော် နှစ်ပါးပေါင်းစပ်နေတာလည်း ဘုရားပဲ၊ ဘုရားရှင်ခွင့်ပြုတော်မူထားတဲ့ ဓာတ်တုတေစတီ, ဓမ္မစေတီ, ဥဒ္ဒိဿစေတီ, ပရိဘောဂစေတီတော်များလည်း ဘုရားပဲ၊ မိမိတို့စိတ်က ဘုရားပကဲလို့ ယုံကြည်ပူဇော်ခဲ့လျှင် ကောင်းကျိုးကို ရတာပဲ၊ ပြစ်မှားလျှင်လည်း ဆိုးကျိုးကိုရတာပဲ၊ ဒီအကြောင်းကို ဝိမာနဝတ္ထု ပါဠိတော်မှာ -
                   တိဋ္ဌန္တေ နိဗ္ဗုတေ စာပိ၊ သမေ စိတ္တေ သမံ ဖလံ။
                စေတောပဏိဓိဟေတု ဟိ၊ သတ္တာ ဂစ္ဆတ္တိ သုဂတိံ -
                   လို့ ပြထားသကွယ့်”

                   “အဲဒီဂါထာတော်ရဲ့ အနက်အဓိပ္ပာယ်က ဘယ်လိုတဲ့လဲဘုရား”

                   “အနက်ကတော့ ဒီလိုကွယ့်”
        
တိဋ္ဌန္တေစ - သက်တော်ထင်ရှား မြတ်စွာဘုရားကိုလည်းကောင်း၊ 
နိဗ္ဗုတေစ - ပရိနိဗ္ဗာန်ဝင်စံကြွသွား မြတ်စွာဘုရား၏ လေးပါးသောစေတီတော်၌သော်လည်းကောင်း၊ 
စိတ္တေ - ကြည်ညိုသောစိတ်သည်၊ 
သမေ - တူမျှခဲ့လျှင်၊
သမံဖလံ - အကျိုးချင်းလည်းတူမျှလေ၏၊ 
ကသ္မာ - အဘယ်ကြောင့်နည်းဟူမူကား၊ 
သတ္တာ - သတ္တဝါတို့သည်၊
စေတောပဏိဓိဟေတု - စိတ်ထားကောင်းသောကြောင့်၊ 
သုဂတိံ - သုဂတိဘဝသို့၊ 
ဂစ္ဆာန္တိ - လားကြရလေကုန်၏ တဲ့။

                   အဓိပ္ပာယ်ကတော့ သတ္တဝါတွေ ဘာကြောင့် သုဂတိဘဝကိုရောက်တာလဲ ဆိုလျှင် စိတ်ထားကောင်းလို့ရောက်တာတဲ့ကွယ်၊ ထို့အတူ သတ္တဝါတွေ ဘာကြောင့် ဒုဂ္ဂတိဘဝရောက်တာလဲဆိုလျှင် အဖြေကတော့ စိတ်ထားမကောင်းတဲ့အတွက်ကြောင့်လို့ ဖြေရမှာပဲတဲ့၊ ဒါကြောင့် သတ္တဝါတစ်ယေက် ကောင်းရာရောက်ခြင်း, မကောင်းရာရောက်ခြင်းတွေဟာ ဘယ်သူကမှ ဆွဲပို့လို့ မဟုတ်ဘူး၊ စိတ္တေန နိယျတေ လောကော ဆိုတဲ့အတိုင်း ကိုယ့်စိတ်က ဆွဲပို့လို့ရောက်တာပဲလို့ မှတ်ရမယ်တဲ့။

                   ယခုအရေးမှာလည်း ဘုရားရှင်ရဲ့ ခန္ဓာတော်နှင့် ခန္ဓတော်အစိတ်အပိုင်းဖြစ်တဲ့ ဓာတ်တော်, မွေတော်, စေတီတော်, ရုပ်ပွားတော်များအပေါ်မှာ ဘုရားရှင်နှင့်ထပ်တူ အာရုံယူနိုင်လျှင် ယူနိုင်သလောက် ကုသိုလ်တရားတိုးပွားနိုင်ပါတယ်၊ ဒီခန္ဓာတော်, စေတီတော်, ရုပ်ပွားတော်, ဓာတ်တော်, မွေတော်, ဆံတော်, အံတော်တွေအတွင်းမှာ သဗ္ဗညုတဉာဏ်မရှိဘူး၊ သဗ္ဗညုတဉာဏ်တော်မရှိလို့ ဘုရားမဟုတ်ဘူး၊ သာသနာတော်ရဲ့ အမှိုက်သရိုက်တွေသာဖြစ်တယ်၊ဒါကြောင့် ဒါတွေကို မကိုးကွယ်နိုင်ဘူး၊ မပူဇော်နိုင်ဘူးဆိုလျှင်လည်း သူ့ရဲ့စိတ်ဓာတ်အတိုင်း ခန္ဓာတော်, စေတီတော်, ရုပ်ပွားတော်တွေကိုအမှီပြုပြီး သူ့သဏ္ဌာန်မှာ ကုသိုလ်တရား မတိုးပွားတော့တာပေါ့၊ ဒီကတစ်ဆင့်တက်ပြီး ဖျက်ဆီးပစ်မယ်ဆိုလျှင်လည်း စိတ်သာချ၊ သူ့မှာ အနန္တရိယကံကြီးလောက် ကြီမားတဲ့ အကုသိုလ် အကုသိုလ်ကံကြီးဖြစ်ပြီး မသေမီဘဝမှာပင် အသရေပျက်ခြင်း၊ စည်းစိမ်ပျက်ခြင်း၊ ကျန်းမာရေးပျက်ခြင်းစတဲ့ ဘေးဒဏ်တွေထိပြီး သေပြီးတဲ့နောက်လည်း ဒေဝဒတ်တို့လို အဝီစိငရဲကို ရောက်တက်တယ်ကွယ့်။

                   ဒါကြောင့် ဉာဏ်ဘုရား ခန္ဓာဘုရားရယ်လို့ ဉာဏ်ကြီးရှင်လုပ်ပြီး ခွဲဝေမနေချင်ပါနှင့်၊ ဘုရားရှင်လက်ထက်ကစပြီး ကိုးကွယ်လာရိုးအတိုင်း ဉာဏ်တော်ကိုရော ခန္ဓာတော်ကိုရော ဉာဏ်နှင့်ခန္ဓာတော်နှစ်ပါးစပ်နေတဲ့ သက်တော်ထင်ရှား ဘုရားရှင်ကိုရော ဘုရားရှင်တော်ကိုယ်စား ဓာတ်တော်, မွေတော်, ရုပ်ပွားတော်, စေတီတော်များကိုရော ဘုရားရှင်အစစ်နှင့်မခြား သဒ္ဓါတရားထားပြီး ကိုးကွယ်နိုင်ခြင်း ပူဇော်နိုင်ခြင်းဟာ အကောင်းဆုံးပဲလို့ အဖြေပေးလိုက်ချင်ပါတယ်ကွယ်”

                   “ဆရာတော်ရဲ့ အဖြေကို တပည့တော်သဘေလာကျပါတယ်၊ ဒါပေမယ့် ဖြည့်စွက်ဖို့ အနည်းငယ် လိုသေးတယ်လို့ ထင်ပါတယ် ဘုရား”

                        “ဘာများလိုတယ်လို့ ထင်သလဲကွယ်”

                   “တစ်ခြားမဟုတ်ပါဘူးဘုရား၊ ဆရာတော်က သဗ္ဗညုတဉာဏ်တော်ပင် မရှိသော်လည်း ဉာဏ်တော်တည်နေဖူးတဲ့ ဓာတ်တော်တို့, စေတီတော်တို့ကို ပူဇော်လျှင်ကောင်းကျိုးရမယ်၊ ပြစ်မှားလျှင် မကောင်းကျိုးဖြစ်မယ်လို့ မိန့်သွားပါတယ်၊ ဒီလိုမိန့်ဆိုချက်ဟာ ခြိမ်းခြောက်တဲ့သဘောလား၊ တကယ်ဖြစ်နိုင်သလားဆိုတာ အများသံသယရှိဖို့ဖြစ်ပါတယ်၊ ဒါကြောင့် အများသံသယကင်းသွားအောင် ကျမ်းလာသာဓကထုတ်ပြနိုင်လျှင်  ပိုကောင်းမှာပဲလို့ တပည့်တော် ထင်ပါတယ် ဘုရား”

                   “အင်း - ကျမ်းလာသာဓက ထုတ်ပြရမှာဆိုလျှင် ပေတဝတ္ထု အဋ္ဌကထာ ၁၉၆-၁၉၇- မှာ ဒီလိုမိန့်ဆိုထားသကွယ့်”

                   “မိန့်တော်မူပါ ဘုရား”

                   “ဘုရားရှင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်းကြီးဟာ မိမိတိုင်းပြည်အတွက် ဝေစုရတဲ့ ဓာတ်တော်များကို ပင့်ယူပြီး ခုနစ်နှစ်, ခုနစ်လ, ခုနစ်ရက်ပတ်လုံး ဓာတ်တော်ပူဇော်ပွဲကြီးကျင်းပသတဲ့၊ အဲဒီဓာတ်တော်များကို ကြည်ညိုတဲ့စိတ်နှင့်ပူဇော်ကြလို့ များစွာသောလူတွေဟာ ကွယ်လွန်တော့ နတ်ပြည်မှာဖြစ်ကြသတဲ့၊ ရှစ်သောင်း လေးထောင်မျှလောက်သော ပုဂ္ဂိုလ်များကတော့ သဒ္ဓါတရားမရှိ၊ ဓာတ်တော်များကို ပြစ်မှာ ကြတဲ့အတွက် ကွယ်လွန်တဲ့အခါ ပြိတ္တာဖြစ်တယ်လို့ ပြဆိုထားသကွယ့်၊ ဒါကြောင့် ဓာတ်တော်, မွေတော်, စေတီတော်, ရုပ်ပွားတော်များကို ယုံကြည်တဲ့ သဒ္ဓါတရားနှင့်ပူဇော်လျှင် အကျိုးရှိတယ်၊ မယုံကြည်လို့ပစ်မှားလျှင် အကျိုးယုတ်တယ်လို့ ဆိုခဲ့ခြင်းဖြစ်တယ်ကွယ့်”

                   “မှန်ပါ့ - ဒီလောက်ဆိုလျှင် သည်ပြဿနာ ပြေတန်လောက်ပါပြီ၊ သာဓုပါ ဘုရား - သာဓု - သာဓု”


***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၃) “ဘုရား ရေးထုံး"

***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (နှာ ၁၆-၂၁) မှ ကောက်နုတ်ပူဇော်ပါသည်။


ဤ “ဗောဓိပင်ပြဿနာ အမေး-အဖြေ” အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

(ကပ္ပိယ-မောင်ရဲ)
 Tuesday, August 07,2012     11:25  am


0 comments:

Post a Comment