Thursday, February 14, 2013

ဘုရားရေးထုံး




  “ဉာဏ်တော်ဘုရားနှင့် ခန္ဓာတော်ဘုရားကို ရှင်းလင်းပြီးတဲ့နောက် ဆက်လက်ဖြေရှင်းရမယ့်ပြဿနာက ဘာများတုန်းကွယ့်”

                   “ဆက်လက်ဖြေရှင်းရမှာကတော့ ဘုရားပြဿနာပါဘုရား”

                   “ဘယ်လိုဘုရားပြဿနာတုန်းကွယ့်၊ ဆိုစမ်းပါဦး”

                   “ပြည်ထောင်စု မြန်မာနိုင်ငံတစ်ဝန်းမှာ သတ်ပုံအရေးအသားဟာ သုံးမျိုးတွေ့ရတယ် ဘုရား”

                   “ဘယ်လို သုံးမျိုးများလဲ”

                   “တစ်ချို့က ဘုရားလို့ ဘကုန်းတစ်ချောင်ငင်နဲ့ ရေးပါတယ်၊ တစ်ချို့က ဗုရားလို့ ဗထက်ခြိုက် တစ်ချောင်ငင်နှင့် ရေးပါတယ်၊ တချို့က ဗရားလို့ တစ်ချာင်းငင်မပါဘဲ ဗထက်ခြိုက်နှင့်ရေးကြပါတယ်၊ ဒီရေးနည်း သုံးမျိုးအနက် ဘယ်ရေးနည်းဟာ အမှန်ဖြစ်မလဲလို့ သိချင်ပါတယ် ဘုရား”

                   “သတ်ပုံ သတ်ထုံးဆိုတာ ခေတ်ရေးစီးကြောင်းအားလျော်စွာ ရေးသွားကြတာပဲ၊ အမှန်ဆုံးဖြစ်ဖို့ခက်ခဲတယ်၊ သည်သဒ္ဒါက ဘာအနက်ကိုဟောတယ်လို့သိရင် ကိစ္စပြီးတာပဲပေါ့၊ သည်နေရာမှာ သတိမူစရာက ကင်္ခါဝိတရနီအဋ္ဌကထာ ပထမပါရာဇိကအဖွင့်ရဲ့အဆုံးမှာ ကျမ်းပြုဆရာ အရှင်မဟာဗုဒ္ဓဃောသက ဆုံးမစကားလေးတစ်ခု ဂါထာဖွဲ့ပြီး ထုတ်ပြထားတယ်။
                   အတ္ထံ ဟိ နာထော သရဏံ အဝေါစ၊
                   န ဗျဉ္စနံ လောကဟိတော မဟေသီ။
                   တသ္မာ အကတွာ ရတိမက္ခရေသု၊
                   အတ္ထ နိဝေသေယျ မတိမာ။
                   လောကဟိတော - လောက၏ အစီးအပွားဖြစ်တော်မူသော၊ မဟေသီ - မြတ်သောကျေးဇူးကို ရှာမှီးလေ့ရှိတော်မူသော၊ နာထော - မြတ်စွာဘုရားသည်၊ အတ္တံဟိ - အနက်အဓိပ္ပာယ်ကိုသာလျှင်၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ အဝေါစ - ဟောတော်မူပြီ၊ ဗျဉ္စနံ - အက္ခရာအရေးအသားကို၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ အ အဝေါစ - ဟောတော်မမူ၊ တသ္မာ - ထို့ကြောင့်၊ အက္ခရေသု - အက္ခရာပုဒ်ဗျည်းတို့၌၊ ရတိံ - မွေ့လျော်ခြင်းကို၊ အကတွာ - မပြုမူ၍၊  မတိမာ - ပညာရှိသည်၊ အတ္ထော - အနက်အဓိပ္ပာယ်၌၊ မတိံ - မိမိပညာကို၊ နိဝေသေယျ - သွင်းထားရာ၏။

                   “အနက်အဓိပ္ပာယ်ကိုသာ ကိုးကွယ်ရာလို့ ဘုရားဟောတော်မူတယ်၊ ဗျည်းအက္ခရာ သတ်ပုံသတ်ထုံးကို ကိုးကွယ်ရာလို့ မဟောဘူးတဲ့၊ ဒါကြောင့် ဗရားပင်ဖြစ်စေ၊ ဗုရားပင်ဖြစ်စေ၊ ဘုရားပင်ဖြစ်စေ၊သတ်ပုံကို အလေးမထားဘဲ သည်ပုဒ်ဟာ သဗ္ဗညုတဉာဏ်တောက်ရှင်ကို ဟောတာပဲလို့ သိခဲ့လျှင် ပြီးတာပါပဲ၊ လောကမှာလည်း ‘အများညီလျှင် ဤကိုကျွဲဖတ်’ ဆိုတဲ့ စကားရှိတယ်မဟုတ်လား၊အများက (ဤ)အက္ခရာကို (ကျွဲ)လို့သဘောတူခဲ့လျှင် ဤဟာကျွဲဖြစ်တာပါပဲ၊ ဒါကြောင့် သတ်ပုံဆိုတာ နင်လား ငါလား ငြင်းခုံနေဖို့ မဟုတ်ပါဘူးကွယ့်”

                   “ဟုတ်တော့ ဟုတ်ပါတယ် ဘုရား၊ ဒါပေမယ့် တချို့က ကိုယ့်အယူကို လက်မလွှတ်ချင်ကြဘူး၊  လက်မလွှတ်ရုံဆို အရေးမဟုတ်သေဘူး၊ သူတို့ရေးသလို လိုက်မရေးခဲလျှင် အဲဒီမရေးသူဟာ ဘာမျှအသုံးမကျသလို စောင်းမြောင်းပြောဆိုတက်ကြသေးတယ်၊ ဒါကြောင့် သတ်ပုံအရေးအသားကို အလေးမပြုထိုက်သော်လည်း အမှိုက်ကစ ပြာဿဒ်မီးလောင်ဆိုတာလို ဒီလိုငြင်းခုံမှုကလေးက ကူးစက်ပြီး ငြင်းခုံမှုကြီးဖြစ်ပွားလာနိုင်တဲ့အတွက်  ယခု သတ်ပုံအရေးအသားကိုလည်း ဆရာတော်လက်မလှမ်းမီသလောက် ဖော်ပြပေးစေချင်ပါတယ် ဘုရား”

                   “သတ်ပုံရေစီးကြောင်းဆိုတာ ကြားဖူးသလားကွယ့်”

                   “မကြားဖူးပါ ဘုရား”

                   “မြစ်တစ်ခုရဲ့ ရေစီးကြောင်းဟာ မမြဲဘူး၊ တစ်ခါတစ်ရံ အနောက်ဘက်ကိုစီးသွားသော်လည်း တစ်ခါတစ်ရံလှည့်ပတ်ပြီး တောင်ဘက် မြောက်ဘက်ဆီ ကို စီးသွားတက်သလို သတ်ပုံဟာလည်း မြစ်ရဲ့ရေစီးကြောင်းလိုပဲ ဟိုတစ်ခေတ်မှာ ယပင့်ဆုံးဖြတ်ထားသော်လည်း ဤခေတ်ကျတော့ ရရစ်ဖြစ်ချင်ဖြစ်နေတက်တယ်၊ ထို့အတူ တစ်ခေတ်မှာ ပသတ်အရေးအသားများသော်လည်း တစ်ခေတ်ကျတော့ တသတ်ဖြစ်ချင်ဖြစ်နေတက်တယ်၊ မြန်မာဘာသာမှာတင် မဟုတ်ဘူး၊ ပါဠိ စတဲ့ အခြားဘာသာတွေမှာလည်း အတူတူပဲကွယ့်၊ ဥပမာ သာဓု ဆိုတဲ့ ပုဒ်ကိုကြည့်စမ်းပါဦး၊ သာဓု သာဒ-ဓာတ် ဥ-ပစ္စည်းနှင့်ပြီးတဲ့ သာဒု၊ သာဓ-ဓာတ် ဥ-ပစ္စည်းနဲ့ပြီးတဲ့ သာဓု၊ ဓကို ဟပြုပြီး ရုပ်ပြီးတဲ့ သာဟုရယ်လို့ အမျိုးမျိုးရှိနေတယ်၊ ဒီတော့ သာဒုမှန်တယ်၊ သာဓုမှန်တယ်၊ သာဟုမှန်တယ်ရယ်လို့ တစ်ဘက်သတ်ငြင်းလို့မဖြစ်ဘူးပေါ့ကွယ်၊ မြတ်မာသတ်ထုံးမှာလည်း ထို့အတူ သတ်ပုံဟာ သူဖြစ်ချင်သလို ဖြစ်နေမှာပါပဲ၊ အဓိပ္ပာယ်အယူအဆမှန်ကန်လျှင် ပြီးစတမ်းပေါ့၊ သို့သော်လည်း ဘုရား-သတ်ထုံး သိချင်တယ်ဆိုတော့ ဉာဏ်မီသလောက် ဖော်ပြရသေးတာပေါ့”


                                                   ရှေးဟောင်းဘုရားသတ်ပုံ    

“ရှေးဦးစွာ ဘုရားသတ်ပုံကို ဘယ်မှာရှာရလဲဆိုတော့ ရှေးဟောင်းကျောက်စာတွေမှာ ရှာရလိမ့်မယ်၊ ကောဇာသက္ကရာဇ် ၄၇၄-ခုနှစ်မှာ ရေးထိုးတဲ့ ပုဂံမြစေတီကျောက်စာ စောကြောင်းရေ ၁-၂- တို့မှာ
ဂြီ၊ နမော ဗုဒ္ဓါယ။    ။ ပုရှာသ္ခင် သာသနာအနှစ် တစ်ထောင့်ခြောက်နှယ်ဆာယ် ဟေတ်နှစ် လောန်-
                   လို့ ရေးထားတယ်၊ ဒီကျောက်စာမှာ ဘုရားကို (ပုရှာ)လို့ ရေးထိုးထားတယ်၊ သက္ကရာဇ် ၄၇၄-ခုနှစ်ထိုး နဘဲဘုရားကျောက်စာ ပုဂံပြတိုက် ကျောက်တိုင် အမှတ် ၁၁၆-မှာတော့-
                   ဂြီ။     ။ ပုတြာသ္ခိင် သာသနာ-
                   ရယ်လို့ ဘုရားကို (ပုဟြာ) လို့ ရေးထိုးထားတယ်၊ ပုရှာနှင့် ပုဟြာတို့ဟာ အသံထွက်တဲ့အခါမှာတော့ (ပုရဟာ) လို့ချည်းပဲ အသံထွက်ကြတယ်၊ (ရနှင့် ဟ) ရှေ့နောက်ဖြစ်ပြီး အက္ခရာပုံစံသာ (ရှာ-ဟြာ)လို့ ဖြစ်နေတယ်၊ ဒါကို ထောက်ဆလို့ ဘုရားရဲ့ မူလရေးထုံးဟာ (ပုရဟာ) ဖြစ်တယ်လို့ မှတ်သင့်တာပေါ့ကွယ်၊ ဒီရေးထုံးဟာ သက္ကရာဇ် ၅၉၀-ခုနှစ်လောက်အထိ (ပုရှာ) အဖြစ်နှင့် တည်နေသေးတယ်၊ ၅၉၀- ပြည့်နှစ်ကလွန်လာတော့ (ပ,ဟာဖ) ဖြစ်လာ သကွယ့်၊ မန္တလေး နန်းတွင်းရုံ ကျောက်တိုင်အမှတ် ၂၈၊ စာကြောင်းရေး ၃-မှာ ‘မဟာဓမ္မရာဇာစေညု အမည်တော်ဟိသော ဖုရာဆုတောင်းသော’ လို့ရေးထိုးထားတယ်၊ ဒီကျောက်စာမှာ ပ မှ ဖ ဖြစ်လာရုံမျှမက ဟထိုးလည်းပျောက်ကွယ်သွားတာကို မြင်တွေ့ရတယ်၊ အဲဒီနောက်တော့ ဖ ဟာ ဘအဖြစ်ကို ပြောင်းလဲလာပြီး(ဘုရား)လို့ပင် အများအပြားရေးသားလာကြတယ်၊ အများရေးရာနောက်ကို လိုက်ပြီး ကဗျာကျမ်း, သတ်ပုံကျမ်းများကလည်း (ဘုရား) လို့ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြတယ်၊ ကင်းဝန်မင်းကြီးရဲ့ ခွဲထားကျော်မှာ -
                   “အကယ်၍ငြား၊ ဘဝလျာလည်း၊ ဘုရားစက်ကွင်း၊ ခြေတော်ရင်းဝယ်”
                                                                   (အရညကောဝါဒလင်္ကာ)
                   “နတ်လူအများ၊ မြှောက်ချီးဖုရား၊ မိုးလွှံ့ကြားမှ၊ ဘုရားကျိန်းတန်”
                                                                   (ရွှေင်္ဟသာပျို့ ၆၈)
                   “ငယ်လင်သက်ထား၊ တို့ဘုရားတည့်၊ လျင်လျားမငံ့၊ လိုက်ကြမအံ့ဟု”
                                                                   (မဟာဇနကပျို့)
                   ကဝိမျက်မှန်သတ်ပုံကျမ်း ၂၄၉-မှာလည်း ‘ထောင့်ကပ်ဖားရား၊ ယန္တရား၊ ဘုရားရကြီးမှတ်’ လို့ ရေးစပ်ထားတယ်၊ ခေတ်ပေါ် မြန်မာစာရေးထုံးကျမ်း ၂၄၄၊ သံတူကြောင်းကွဲသတ်ပုံကျမ်း ၁၈၄၊ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ၂၅၁-တို့မှာလည်း အားလုံး တညီတညွတ်တည်း(ဘုရား)လို့ ရေးထုံးအတည်ပြုထားကြတယ်၊ ဒါကြောင့် ဘုရားရဲ့မူလစပ်ထုံးဟာ ပုရှာဖြစ်ပြီး ပုရှာက ဖုရာ-ဖုရာက ဘုရားဖြစ်လာတယ်ကွယ့်၊ ဒီနေရာမှာ အထူးမှတ်စရာက သဗ္ဗညုတဉာဏ်တော်ကို (ဘုရား)လို့ ရေးသော်လည်း မိဖုရားကျတော့ ဖဦးထုပ်နှင့်ပင် ယနေ့တိုင် ရေးနေကြဆဲဖြစ်တယ်။
                   “မိဖုရားဟု၊ လျောက်လျားထိုက်တန်” (ကိုးခန်းပျို့)
                   “ထိုသို့စိစ္စေး၊ မေးလတ်ရကား၊ မိဖုရားလည်း၊ ကြောင်းလျာခြင်းရာ”
                                                                   (ဘုရိဒတ်လင်္ကာကြီး ၈၇)
                   ဒါတွေက မိဖုရားကို ဖဦးထုပ်နှင့်ရေးပုံ သာဓကတွေပေါ့ကွယ်၊ ယခုတင်ပြခဲ့တာတွေကို ထောက်ချင့်ကြည့်ခဲ့လျှင် ဘုရားရဲ့ မူလအခြေခံ သတ်ပုံဟာ (ပုရှာ)ဖြစ်ကြောင်း၊ ပုရှာကဖုရား- ဘုရားပြောင်းလဲလာတဲ့ သတ်ပုံရေးစီးကြောင်းကို မြင်နိုင်တာပေါ့ကွယ်”

                   “ဒီလောက်ဆိုလျှင် သတ်ပုံအခြေခံတော့ ရလောက်ပါပြီဘုရား၊ ဒါပေသိ ဗျူပ္ပတ်ကျန်နေသေးတယ်၊ ဘာောကာင့် ဘုရားကို ပုရှာရေးသလဲဆိုတဲ့ အကြောင်းပေါ့ ဘုရား၊ ဒါလည်း အများသိသင့်တာမို့ မိန့်တော်မူပါဦး”

                   “အေး- ဗျူပ္ပတ်ကိုပြောဖို့ကျတော့ တစ်ဦးနှင့်တစ်ဦး အယူအဆချင်း မတူညီကြလို့ ခက်နေသကွယ့်၊ ကဝိမျက်မှန်သတ်ပုံကျမ်း ၂၄၉-မှာ (ဘုရားဟု မြန်မာလို ခေါ်ဝေါ်ရေးသားခြင်းကား ဘူရိ ဟူသော မဂဓပုဒ်ပျက်စကားဖြစ်သည်၊ ဘူရိ၌ ဣသရကို အားပြု၍ ဘုရား ဟု ခေါ်ဝေါ်ရေးသားအပ်သည်) လို့ ပြဆိုထားတယ်၊ သို့သော်လည်း အဘိဓာန် သဂ္ဂကဏ္ဍ ဘုရားပရိယာယ် ၃၂-ပုဒ် ပြရာမှာ ဘူရိရယ်လို့ ဘုရားဟောပုဒ်မပါဘူး၊ ဘူရိပညော-မြေကြီးအထုနှင့် တူသော ပညာရှင်ဘုရားလို့သာပါတယ်၊ ဒါကြောင့် ဘူရိက ဘုရားဖြစ်တယ်ဆိုတဲ့ သတ်ထုံးဟာ အင်မတန်အားနည်းတဲ့ သတ်ထုံးဖြစ်နေတယ်၊ ပြီးတော့ မိဖုရားကို ဘာကြောင့် ဖဦးထုပ်နှင့်ရေးတာတဲ့လဲဆိုတော့ မိဖုရားဆိုတာ အတွေ့အထိကောင်းတဲ့အတွက် ဖုသနအနက်ကို ရည်ရွယ်ပြီး ဖဦးထုပ်နှင့် ရေးတာလို့ ဆိုကြတယ်၊ အမှန်ကတော့ ကျောက်စာကရွေ့လာတဲ့ သတ်ထုံးဖြစ်ကြောင်း သိသာပါတယ်၊ ဒါကြောင့် ဗျူပ္ပတ်ကိုရှာလျှင် ကျောက်စာလာ သတ်ထုံးရဲ့ ဗျူပ္ပတ်ကိုသာ ရှာသင့်တယ်၊ ရှေးဟောင်းကျောက်စာများမှာ ရှိနေတာက (ဗုရဟာ-ပုတြာ-ပုရှာ) ဖြစ်နေတော့ ဒီပုဒ်ဟာ ဧကဝဏ္ဍ-အက္ခရာတစ်လုံးမျှသာ ရှိတဲ့ မြန်မာစကား ဟုတ်ဟန်မတူဘူး၊ ရှေးဟောင်းမွန်စကားသော်လည်းကောင်း၊ တိဗက်စကားသော်လည်းကောင်း ဖြစ်ချင်ဖြစ်နိုင်တယ်၊ ဆရာတော်ကြီးများကတော့ (ပုရိဟာ) ဆိုတာ ပူဇာရဟပုဒ်ရင်းက ပျက်လာတာဖြစ်သတဲ့၊ ပူဇာရဟပုဒ်ဟာ စင်စစ် သဗ္ဗညုတဘုရားကိုချည်း မဟောဘူး၊ ပူဇော်ထိုက်သူ အားလုံးကို ဟောတယ်၊ သခင်ဘုရား, ခင်ဗျား, အရှင်ဘုရားဆိုတာတွေဟာ လူရဟန်းအားလုံး  သုံးစွဲနေကြတဲ့ စကားဖြစ်တယ်၊ ဟိတောပဒေသကျမ်း သန္ဓိကဏ္ဍမှာ -
                   ဇေညာ သေဋ္ဌာ ဒွိဇော ပုဇ္ဈော၊ ခတ္တိယော ဗလဝေန ဝါ။
                   ဓနဓညာဓိကာ ဝေေဿာ၊ သုဒ္ဓေါ တု ဒွိဇသေဝယာ။

                   ဒွိဇော - ရဟန်းပုဏ္ဏားကို၊ ဇေညာသေဋ္ဌာ-အတက်ပညာဖြင့် မြင့်မြတ်ခြင်းကြောင့်၊ ပုဇ္ဈော-ပူဇော်ထိုက်၏၊ ခတ္တိယော-မင်းမျိုးကို၊ ဗလဝေန ဝါ-ဗိုလ်ပါခွန်အား ကြီးမားခြင်းကြောင့်လည်း၊ ပုဇ္ဈေ-ပူဇော်ထိုက်၏၊ ဝေေဿာ-ကုန်သည်မျိုးကို၊ ဓနဓညာဓိကာ-ဥစ္စာစပါး ပေါများခြင်းကြောင့်၊ ပုဇ္ဈော-ပူဇော်ထိုက်၏၊ သုဒ္ဓေါတု-သူဆင်းရဲမျိုးကိုကား၊ ဒွိဇသေဝယာ-ရဟန်း, ပုဏ္ဏား, မင်း အများ၏ ကြီးမားပွားတိုး မြတ်အကျိုးကို သယ်ပိုးဆည်းကပ်တက်ခြင်းကြောင့်၊ ပုဇ္ဈော-ပူဇော်ထိုက်၏လို့ ပြထားတယ်။

                   “လောကမှာ မင်းမျိုး, ရဟန်းမျိုး, ကုန်သည်မျိုး, ဆင်းရဲသားမျိုးရယ်လို့ အမျိုးလေးပါးရှိရာမှာ အလှူခံစားတက်တဲ့  ရဟန်းမျိုး, ဗြဟ္မဏမျိုးဟာ သာမန်လူတို့ထက် ပိုမိုပြီး အတက်ပညာ တက်မြောက်တက်ကြတယ်၊ အတက်ပညာ ပိုမိုတက်မြောက်တဲ့အတွက် တစ်ဆင့်ပို့ချပေးခြင်း၊ ဟောပြောပေးခြင်းဖြင့် အသိဉာဏ်တိုးပွားအောင် အားထုတ်ပေးကြတဲ့အတွက် ရဟန်း, ဗြဟ္မဏတို့ဟာ ပူဇော်ခြင်းကို ခံထိုက်သတဲ့၊ တိုင်းပြည်ကိုအုပ်ချုပ်ကြတဲ့ မင်းအစိုးရတို့လည်း စစ်သည်အင်းအားဖြင့် တိုင်းပြည်ကြီးကို ဘေးမသီ ရန်မသန်းရအောင် စောင့်ရှောက်ကာကွယ်ပေးတဲ့အတွက် ပူဇော်ခြင်းကို ခံယူထိုက်သတဲ့၊ ကုန်သည်များလည်း ဥစ္စာပစ္စည်း ပေါများတဲ့အတွက် တစ်နယ်က ကုန်ပစ္စည်းများကို တစ်နယ်သို့ပို့ပေးခြင်းဖြင့် တိုင်းသူပြည်သားများ အလွယ်တကူဝယ်ယူစားသုံး နိုင်ကြတဲ့အတွက် ပူဇော်ခြင်းကို ခံယူထိုက်ကြပါသတဲ့၊ အလုပ်သမား, လယ်သမား, ဆင်းရဲသားများလည်း ရဟန်း, ပုဏ္ဏား, မင်း, အမတ်များကို ဆည်းကပ်တက်ကြတဲ့အတွက် ပူဇော်ခြင်းကို ခံထိုက်သတဲ့၊ ဒါကြောင့် ပူဇော်ခြင်း ခံယူထိုက်တဲ့အနက် ‘ပူဇာရဟ’ ပုဒ်ဟာ သဗ္ဗညုတဘုရားရှင်ကိုချည်း ဟောတဲ့ ပုဒ်မဟုတ်ဘူး၊ အမျိုးလေးပါးကို ဟောတဲ့ပုဒ်ဖြစ်တယ်၊ ဒါကြောင့် မှန်ပါ့ဘုရား၊ အရှင်ဘုရား၊ သခင်ဘုရား၊ ခင်ဗျား၊ မိဖုရား၊ ဘုရားရှင်စတဲ့ ဘုရားမှန်သမျှဟာ (ပူဇာရဟ) ပုဒ်ပျက် ပူရဟာ-ပုရဟာ-ပုရှာ-ပုဟြာ-ဖုရှာ-ဘုရား ရယ်လို့ အဆင့်ဆင့် ပြောင်းလဲလာတဲ့ သတ်ထုံးလို့ ယူဆကြရမယ်”

                   “မှန်ပါ့-ဘကုန်းတစ်ချောင်းငင် ဘုရားနှင့်ပတ်သက်လို့တော့ အတော်ကလေး သဘောပေါက်သွားပါပြီ၊ ဗထက်ခြိုက်(ဗရား)ရဲ့ ဗျုပ္ပတ်ကိုလည်း မိန့်တော်မူပါဦး”

                   “ဗရားဆိုတာကိုတော့ (ဝရ)ပုဒ်က ပျက်လာတယ်လို့ ယူဆကြတယ်၊ စရ, မှာ ဝ,ကို ဗပြု၊ ရ, အက္ခရာက(ရား) ဖြစ်ပြီး (ဗရား) ဖြစ်လာတယ်ပေါ့ကွယ်”

                   “နို့ အဲဒီ ဝရပုဒ်က ဘုရားဟော ပရိယာယ် ၃၂-ပုဒ်အတွင်း ပါဝင်ပါသလားဘုရား”

                   “ဝရပုဒ်သန့်သန့်ရယ်လို့ ဘုရားဟောပရိယာယ်မှာ မလာဘူး၊ (အနဓိဝရ ဝရပည)ရယ်လို့ အခြားပုဒ်များနှင့်တွဲပြီးတော့ဖြင့် လာပါရဲ့”

                   “ဒါလိုဆို ဘူရိပုဒ်က ဘုရားဖြစ်တာ မခိုင်မာသလို ဝရပုဒ်က ဗရားဖြစ်တယ်ဆိုတာလည်း မခိုင်မာလှ ဘူးပေါ့ဘုရား၊ ဗထက်ခြိုက်တစ်ချောင်းငင်နှင့် (ဗုရား)ဖြစ်ပုံကိုလည်း နာချင်ပါသေးတယ်ဘုရား”

                   “ဗထက်ခြိုက်တစ်ချောင်းငင်နှင့် ဗုရားအရေးအသားကတော့ သိပ်မကြာလှသေးပါဘူး၊ ဒီသတ်ပုံကို စတင်ရေးစားခဲ့သူကတော့ သခင်ကိုယ်တော်မှိုင်းဖြစ်တယ်ကွယ့်၊ သခင်ကိုယ်တော်မှိုင်းဟာ သခင်ဘွဲ့ကို မခံယူမီ မစ္စတာမောင်မှိုင်းဘဝက သူရိယသတင်းစာ ဆောင်းပါးပေါင်းချုပ်အခန်း၊ နိုင်ငံခြားဗုဒ္ဓဘာသာအသင်းကို ကောင်းချီးပေးတဲ့ တေးထပ်တစ်ပုဒ်ကို ဒီလိုရေးခဲ့တယ်”

                                                         ဗုဒ္ဓပဏာမတွေးထပ်

                   ဗိုလ်ဝေနေ ဦးခိုက်၊ ဖူးထိုက်ဖို့ခွင့်သာ၊ ကျူးရိုက်လို့ ဆင့်ညာတယ်၊ ပွင့်လာသည်ထင်ရှား။ ဥရောပ အတွင်းမှောင်ကို၊ အလင်းရောင်ပြမယ့် ဗုဓား။
                   ဘုရားရှင့် ဗျာနှုတ်သံငယ်၊ သာရုပ္ပံ ထပ်ပွား။ သာမုက္ကံ အမှတ်ထားပါလို့၊ မြတ်တရားဆယ်ဖြာ။ မဂ်လေးတန် ဖိုလ်စတုငယ်နှင့်၊ ထိုသမု ပေါင်းတဲ့သင်္ဃာ။
                   မြတ်သုံးပါး ရတနာကို၊ ကေဝတ်ညှာထုံးတာဖြန့်ပါလို့၊ သုံးဖြာကံ့ဖူးလက်တင်ချီ၊ ဦးရွက်ဆင်ပြီ။ ရွှေပါဒသင်္ခဋီကို၊ အဉ္စလီကိုညွှတ်တွားငဲ့လေး။
                   ဒီတေးထပ်မှာ(ဗုဓ ၆ား) ဆိုတဲ့ သတ်ပုံထူးတစ်ခုပါတယ်၊ ဗုဓ,သဒ္ဒါမှာ သက္ကတဘာသာ ရေဖ ရောက်လာခြင်းဖြစ်သကွယ့်”

                   “ရေဖ, ဆိုတာ ဘာလဲဘုရား”

                   “ရေဖ, ဆိုတာ ရ,ကောက်အက္ခရာကို ဆိုတာပါပဲကွယ်”

                   “နို့ ခု ဓအောင်ခြိုက်ထက်မှာတော့ ရ,ကောက် မဟုတ်ဘဲ ခြောက်ဂဏန်းဖြစ်နေပါတယ်ဘုရား

                   “အေး - ဒီနေရာမှာ သတိထားစရာ ပြောရဦးမှာပေါ့၊ ရှေးက ရေးထိုးထားခဲ့ကြတဲ့ ကျောက်စာတွေမှာ ကြည့်လျှင် ရ,ကောက် အရေးအသားဟာ ခုခေတ်ရေးသားပုံနှင့် ပြောင်းပြန်ဖြစ်နေတယ်၊ ရ,ကောက်ပြောင်းပြန်ကို အမြီးရှည်ရှည်ဝိုက်ဆွဲလိုက်တော့ ၆-ဂဏန်းနှင့် တူသွားသကွယ့်၊ ဒါကြောင့် ရေဖ,ဆိုတာ ရ,ကောက်လို့ပဲမှတ်ရမယ်၊ ရေဖ,ဆိုတဲ့ ရ,ကောက်အက္ခရာတစ်လုံးလု့း အပေါ်စီးနေလျှင် ရကောက်က သူစီးတဲ့အက္ခရာရဲ့ ဦးစွာအသံထွက်တယ်၊ ဥပမာ ကမာ ဆိုလျှင် ကရမ၊ နိမ၆ ဏမ်ဆိုလျှင် နိရမာဏမ်လို့ အသံထွက်တယ်၊ ခုတေးထပ်မှာလည်း ဓ, အက် ရေဖ, ရောက်တော့ ဗုရဓားလို့ အသံထွက်တယ်၊ သခင်ကိုယ်တော်မှိုင်းဟာ ဒီသတ်ထုံးက ဘုရားဖြစ်လာတယ်လို့ယူဆပြီး ရေးခဲ့တာမဟုတ်ပါဘူး၊ အလင်္ကာရဿ ဝစလင်္ကာရဖြစ်အောင်သာ တေးထပ်ကို တန်ဆာဆင်ခဲ့ခြင်းဖြစ်သကွယ့်၊ သို့သော်လည်း  နောက်လူတွေက ဒီသတ်ထုံးကို အမှီပြုပြီး ဗုဓဓာတ်က ဗုရားဖြစ်လာတယ်ရယ်လို့ ကြံကြံဖန်ဖန် ဉာဏ်စူးရောက်ကြတာပါပဲကွယ်၊ ဒါကြောင့် သတ်ပုံရေစီးကြောင်းအရ ပြောရလျှင် ယနေ့ဘုရားသတ်ထုံးဟာ ဘကုန်းရေးတစ်ချောင်းငင်ပြီး ရကောက်ရေးချ ဝစ္စနှစ်လုံးပေါက်တဲ့ ဘုရားသာ အများက အတည်ပြုကြောင်း မှတ်သားသင့်ကြပေပေါ့ကွယ်”


                   “မှန်ပါ၊ ဒီလို ရှင်းရှင်းလင်းလင်း သိရတဲ့အတွက် အလွန်ဝမ်းသာပါတယ်၊ သာဓုပါဘုရား၊ သာဓု - သာဓု”


***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၄) “ဗုဒ္ဓ၏ကျင်ကြီးကျင်ငယ်နံ့"

***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (နှာ ၂၂-၃၀) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ “ဗောဓိပင်ပြဿနာ အမေး-အဖြေ” အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

(ကပ္ပိယ-မောင်ရဲ)
 Wednesday, August 08,2012     11:05  am


0 comments:

Post a Comment