Monday, February 18, 2013

မာနခံလျှင် တရားမရ


သို့သော် ဘယ်မာနပဲဖြစ်ဖြစ် 


ကိုယ့်တကယ်ရှိတဲ့ အရည်အချင်းကို  အရည်အချင်း ရှိတယ်ဆိုတဲ့ အတွေးသည်ပင်လျှင် 

အင်မတန် ထူးခြားတဲ့ တရားဓမ္မတစ်ခုကို မျက်မှောက်ပြုဖို့ရန် အတွက် အန္တရာယ်ပြုတယ်တဲ့။

ရှင်အနုရုဒ္ဓါမထေရ်မြတ်ဟာ သင်္ကန်းဝတ်ပြီး ပထမဝါတွင်းမှာပဲ 

 
သမထကျင့်စဉ် အောင်မြင်လို့ ဈာန်အဘိညာဉ်တွေ ရတယ်၊

 
ဒိဗ္ဗစက္ခုမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်တယ်၊

 
သူ့စိတ်ထဲမှာ ထင်တယ်၊ 


ဒိဗ္ဗစက္ခုနဲ့ စကြဝဠာတစ်ထောင်ကို သူ ကြည့်နိုင်တယ်၊ 
 
သူ ရဟန္တာဖြစ်ဖို့ အလွယ်ကလေးလို့ အောက်မေ့တယ်၊

 
ဝိပဿနာပြောင်းပြီး အားထုတ်တယ်၊ လုံးဝ ရဟန္တာမဖြစ်ဘူး၊ 


 

ဘာဖြစ်လို့တုံး၊ သူ့မှာ ဘာအတွေး ရှိတုန်းဆိုရင် 

 
“စကြဝဠာ တစ်ထောာင်ကို ကြည့်နိုင်တဲ့ စွမ်းရည်သတ္တိ ငါ့မှာ ရှိတယ်” ဆိုတဲ့

 
အတွေးလေး ရှိတယ်။ 


ဒါလေးက မာနတဲ့၊ အဲဒီ မာနခံနေလို့ သူ ရဟန္တာမဖြစ်ဘူး။

 

ရှင်သာရိပုတ္တရာကို သွားပြီး လျှောက်တယ်၊

 
‘အရှင်ဘုရား တပည့်တော် ဒိဗ္ဗစက္ခုနဲ့ ဒီစကြဝဠာတစ်ထောင်ကို တစ်ပြိုင်တည်း ကြည့်နိုင်တယ်၊ တရားလည်း အားထုတ်တယ်၊ 


သမာဓိတွေလည်း ကောင်းတယ်၊ ဒါပေမယ့် ဘာဖြစ်လို့ ကိလေသာ အာသဝေါ မကုန်မှန်း မသိဘူး’ ပေါ့။

 

ရှင်သာရိပုတ္တရာက ထောက်ပြတယ်၊

 
‘ငါ့ရှင် - စကြာဝဠာတစ်ထောင်ကို ဒိဗ္ဗစက္ခုနဲ့ ကြည့်နိုင်တယ်ဆိုတဲ့ အတွေးဟာ ငါ့ရှင်မှာ မာနဖြစ်နေတာ၊ 


အဲဒီအတွေးကို ဖျောက်လိုက်ပါ၊ မစဉ်းစားပါနဲ့’ တဲ့၊


 
‘ငါ တရားတွေ အားထုတ်နေတယ်၊ သမာဓိတွေလည်း ကောင်းတယ်’ ဆိုတဲ့အတွေးဟာ ဥဒ္ဓစ္စဖြစ်တာ၊ 


စိတ် မငြိမ်မသက် ဖြစ်နေတာ၊ ဘာဖြစ်လို့များ ရဟန္တာမဖြစ်တာပါလဲ လို့ ဆိုတဲ့ ဒီအတွေးဟာ ကုက္ကုစ္စဖြစ်နေတာ၊ 

အကုသိုလ် တွေချည်း ဖြစ်နေတာ၊ စဉ်းစားကြည့်။

 

ဒီ စကြဝဠာတစ်ထောင်ကို သူ ကြည့်နိုင်လို့ ကြည့်နိုင်တယ် ပြောတာများ ဘာအပြစ်ရှိတုန်း၊ ပြောကြမှာပေါ့ ၊ 


ဟုတ်တယ် မဟုတ်လား၊
 
သို့သော်လည်း စဉ်းစားကြည့်စရာက အင်မတန်သေးငယ်တဲ့ မြူမှုံကလေးတစ်ခုဟာ လက်ဖဝါးထဲမှာ ထည့်ပွတ်လို့ ရှိရင် 


ဘာမှ မဖြစ်ဘူး၊ ဟုတ်လား၊ 
 
သို့သော် အဲဒီ မြူမှုံလေးကို မျက်လုံးထဲ ထည့်ကြည့်ပါလား၊ မျက်လုံး ဘယ့်နှယ့်နေမလဲ၊ မခံနိုင်ဘူး၊ 


အမှုံသေးသေးလေးပဲ ဖြစ်စေ မျက်လုံးထဲ ရောက်သွားရင်ခိုးလိုးခုလုနဲ့ မျက်ရည်တွေ ထွက်စေမှာပဲ။ 
 
အဲဒီလိုပဲ ဒီလို သေးတယ်လို့ ထင်ရတဲ့ မာနလေးက ရဟန္တာဖြစ်ဖို့အတွက် စလုံးစခု ဖြစ်စေတယ်။


 

ဒါကို အရှင်သာရိပုတ္တရာက မြင်တယ်၊ ရှင်အနုရုဒ္ဓါက စဉ်းစားလို့ မရဘူး၊ 


ရှင်သာရိပုတ္တရာက ထောက်ပြတယ်၊
 
ဒီ စိတ်ရဲ့အညစ်အကြေးတွေက စိတ်ထဲမှာ ဝင်နေတယ်၊ 

 
အဲဒါလေးတွေကို လျော်ပစ်လိုက်ပါလို့ ပြောတာနော်၊ ဖြူစင်အောင် လုပ်ပစ်လိုက်ပါ၊ 


ဘာဖြစ်လို့လဲဆို ဒီမာနလေးဟာလည်း စိတ်ရဲ့ အညစ်အကြေးလေးပဲ၊
 
ညစ်တယ်ဆိုလို့ရှိရင် မကြည်ဘူး၊ မကြည်ရင် မမြင်ရဘူးပေါ့၊ 


 
မှန်များလိုပေါ့၊ နည်းနည်းလေး အစက်အပြောက်တွေ ရှိနေရင် မြင်ကွင်းမှာ လာရှုပ်နေမှာပေါ့၊ 

 

ဒါကြောင့်မို့ ဒီမာနဆိုတာဟာလည်း 


တရားထူး၊ တရားမြတ် ရဖို့ရအတွက် အနှောင့်အယှက်ဖြစ်တဲ့ အရာတစ်ခု၊ စိတ်ရဲ့ အညစ်အကြေးတစ်ခုပါပဲ။


 

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph.D)

 
အဘိဓမ္မာ မြတ်ဒေသနာ (ပထမတွဲ) မှ ကောက်နှုတ်ရေးသား ပူဇော်ပါသည်။



ကပ္ပိယ မောင်ရဲ 
http://kpymgye.blogspot.com/ 
https://www.facebook.com/yewin.tun.71  


0 comments:

Post a Comment