Thursday, February 14, 2013

ဗုဒ္ဓ၏ ကျင်ကြီး ကျင်ငယ်နံ့

                သည်တစ်ခါပြဿနာကတော့ ရယ်စရာပြဿနာများ ဖြစ်နေမလား မသိဘူးဘုရား


                   ဘာကြောင့်တုန်းကွယ့်

                   ရွာတစ်ရွာမှာ ဒါယကာတစ်စု ပြဿနာဖြစ်နေကြတယ် ဘုရား၊ ပြဿနာက ကတိုးကောင်ကထွက်တဲ့ အဆီအခဲတို့ ကျင်ငယ်တို့ဟာ မွှေးကြိုင်သတဲ့ဘုရား၊ ပြီးတော့ ကြောင်နံ့သာခေါ်တဲ့ တောကြောင်ကစွန့်တဲ့ ကျင်ငယ်နံ့ဟာလည်း နံ့သာလိုမွှေးသတဲ့ဘုရား၊ ပြီးတော့ ခုကာလ ခေတ်စားလာတဲ့ သစ်မွှေးဆိုတာလည်း တကယ် သစ်သားက မွှေးတာမဟုတ်ဘဲ ပိုးကောင်တစ်မျိုးက ထုတ်ပစ်တဲ့ အညစ်အကြေးက သစ်သားထဲစိမ့်ဝင်ပြီး မွှေးတာတဲ့ဘုရား၊

                   သည်လို ပိုးမွှားတိရစ္ဆာန်တွေရဲ့ အညစ်အကြေးတွေတောင် မွှေးကြိုက်တယ်ဆိုလျှင် ပါရမီတော်ပြည့်ဝလို့ ဗုဒ္ဓအဖြစ်ရောက်တော်မူတဲ့ ဘုရားရှင်ရဲ့ ကျင်ကြီး ကျင်ငယ် တံတွေး ချွေးစသော အညစ်အကြေးများလည်း မွှေးကြိုင်ရလိမ့်မယ်လို့ ပြောဆိုနေကြတယ်ဘုရာ့၊ သည်အခါ ဒါယကာတစ်ယောက် ထောက်ခံပြီး ဘယ်လိုပြောသလဲဆိုတော့ အပဒါန်ဝတ္ထုမှာ သုဂန္ဓေထေရ်ဟာ ရှေးအခါက ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို ထုတ်ဖော်ချီးကျူးခဲ့တဲ့ ကောင်းမှုကြောင့် ယခုဘဝမှာ စကားပြောခဲ့လျှင် ပရိသတ်အဆုံးတိုင်အောင် ခံတွင်းကကြာပန်း နံ့နှင့် စကားပန်းနံ့များ မွှေးကြိုင်တယ်၊ ကိုယ်အနံ့  ချွေးအနံ့များလည်း ထို့အတူမွှေးကြိုင်တယ်လို့ ဆိုတယ်ဘုရာ့၊ သည်လိုဆိုတော့ ဒါယကာတစ်ဦးက ပြန်ပြောတယ်ဘုရား

                        “ဘယ်လိုပြန်ပြောသလဲကွယ့်

                   ဟုတ်မှာပဲဗျို့၊ ကျုပ်လည်း ခုမှ စဉ်းစားမိတယ်တဲ့၊ မဟာဝင်ဝတ္ထုမှာ ဒုဋ္ဌဂါမဏိမင်းရဲ့ သားတော် သာလိကုမာရမင်းသားရဲ့ ကြင်ယာတော် အသောကဒေဝီဟာလည်း ခံတွင်းက ကြာညိုပန်းနံ့မွှေးတယ်၊ ကိုယ်အနံ့က စန္ဒကူးနံ့ သရက္ခန်နံ့လို သင်းပျံ့တယ်လို့ ဆိုထားတာကိုတွေးဖူးတယ်၊ မိန်းမသားဖြစ်ပါလျက်နှင့်ပင် သည်လို မွှေးကြိုင်သေးလျှင် ဘုရားရှင်ရဲ့ အညစ်အကြေးဟာလည်း မွှေးကြိုင်မှာ အမှန်ပဲ၊ အရှင်ဘုရားကကော ဘယ်လို သဘောရပါသလဲလို့ တပည့်တော်ကို အဖော်ညှိပြန်တယ် ဘုရား

                   သည်တော့ ကိုယ်တော်က ဘယ်လို ဖြေတုန်း

                   တပည့်တော်ကလည်း သဘောခပ်ကျကျပါပဲ၊ ဒါပေမယ့် ခိုင်ခိုင်လုံလုံ အကြောင်းပြစရာ ကိုယ့်မှာမမရှိတာကြောင့် အေး-ဒကာများပြောတာ သဘောတော့ကျပါရဲ့၊ သို့သော်လည်း ထောက်ခံခြင်း, ကန့်ကွက်ခြင်းတော့ မလုပ်လိုသေးဘူး၊ ကိုယ့်ဆရာသမားထံ လျှောက်ထားမေးမြန်းပြီးမှပဲ အကြောင်းပြန်တော့မယ်လို့ ပြောခဲ့ရတယ်ဘုရား၊ အခု စကားစပ်မိလို့ ဆရာတော်ကို လျှောက်ထားတာပဲ၊ သည်အဖြေကိုလည်း မိန့်ကြားတော်မူပါဦး ဘုရား

                   သည်ပြဿနာက ရှေးကဖြစ်ပြီးသားပြဿနာပဲ၊ ပကိဏ္ဏက ဝိသဇ္ဇနာကျမ်း ပထမတွဲမှာ မြန်အောင်မြို့က  ရဟန်းတော်ဦးရေဝတက လျှောက်ထားတဲ့အတွက် လုံးထော် ဆရာတော်ဘုရားက ဖြေကြားတော်မူထားသတဲ့ကွယ်

                   ဘယ်လို ဖြေကြားထားပါသလဲဘုရား

                   ဆရာတော်ဘုရားရဲ့ အဖြေကတော့ သာမန်လူသားတို့ရဲ့  ကျင်ကြီးကျင်ငယ်နံ့ဟာ မမွှေးကြိုင်ဘဲနံသလို ဘုရားရှင်ဟာလည်း လူသား တစ်ဦးမျှသာ ဖြစ်တော်မူတဲ့အတွက် ဘုရှားရှင်ရဲ့ ကျင်ကြီးကျင်ငယ်ဟာလည်း နံသတဲ့ကွယ်၊ မမွှေးဘဲ နံကြောင်းကို ဆရာတော်ဘုရားက ရှေးဦးစွာ ဝက္ကလိထေရဝတ္ထုကြောင်းကို ထုတ်ပြတော်မူတယ်၊ မြတ်စွာဘုရားက ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော် စံပျော်တော်မူစဉ်ကာလာက သာဝတ္ထိပြည်သား ဝက္ကလိအမည်ရှိတဲ့ ရဟန်းဟာ ဘုရားရှင်ရဲ့ လှပသန့်ရှင်းတဲ့ ရူပကာတော်ကို ဖူးမြင်ရတော့ ဖူးမြင်ရတာ မရောင့်ရဲတဲ့အတွက် ဘုရားရှင်နှင့်အတူတကွ လိုက်ပါသွားတယ်၊ ဒီလိုလိုက်ပါသွားရင်း ငါဟာ လူဝတ်နှင့်ဆိုလျှင် ဘုရားရှင်ကို အမြဲဖူးမြော်ရဖို့မလွယ်လှဘူး၊ သင်္ကန်းဝတ်နှင့်ဆိုလျှင် ဖူးမြော်ရဖို့လွယ်ကူတယ်၊ သည်တော့ ငါရဟန်းဝတ်ပြီးတော့ ရဟန်းကိစ္စဖြစ်တဲ့ ပရိယတ် ပဋိပတ်တရားတို့ကို ပွားများအားထုတ်ခြင်း မပြုတော့ဘဲ အချိန်ရသလောက် ဘုရားရှင်ရဲ့ မျက်နှာတော်ကို ဖူးမြှော်လို့သာနေသတဲ့၊ ဘုရားရှင်ကလည်း ဝက္ကလိရဲ့ဉာဏ် မရင့်ကျက်သေးတာကို ငံ့လင့်တော်မူရင်း မသိသလိုဘာမျှ မိန့်ဆိုတော်မမူဘဲနေတယ်။

                   ဝက္ကလိရဲ့ဉာဏ် ရင့်ကျက်လောက်တဲ့အချိန်မှာ ဘုရားရှင်က 
ကိံတေ ဝက္ကလိ ဣမိနာ ပူတိကာယေန ဒိဋ္ဌေန၊ ယော ဝက္ကလိ ဓမ္မံ ပဿတိ၊ သော မံ ပဿတိ ဆိုတဲ့ ပါဠိနှင့် 
ဝက္ကလိ ငါ၏ကိုယ်ကောက်ပုပ်ကို ကြည့်နေသဖြင့် သင် ဘာအကျိုးရှိသလဲ၊ 
ဝက္ကလိ တရားကိုမြင်သောသူဟာ ငါဘုရားကို မြင်တယ်၊ 
ငါဘုရားကိုမြင်ချင်လျှင် တရားကိုမြင်အောင် အားထုတ်လို့ မိန့်တော်မူတယ်၊ 

ဘုရားရှင်က သည်လို မိန့်ဆိုသော်လည်း ဝက္ကလိဟာ ဘုရားဖူးမြင်ခြင်းကိုပယ်ပြီး အခြားအရပ်ကိုမသွားနိုင်ဘူး၊ 
ဒါကြောင့် ဘုရားရှင်က သည်ရဟန်းဟာ သံဝေဂမရဘဲ တရားမြင်မှာမဟုတ်ဘူး၊ 
သံဝေဉာဏ်ပေါ်အောင် လုပ်မှပဲလို့ ဝါဆိုလပြည့်နေ့မှာ ဝက္ကလိကိုခေါ်တော်မူပြီး ရဟန်း-သင် သည်ကျောင်းမှာမနေနှင့် သွားတော့လို့ နှင်ထုတ်တော်မူလိုက်တယ်၊ ဘုရားရှင် နှင်ထုတ်တော်မူလိုက်တော့ ဝက္ကလိဟာ အလွန် စိတ်မချမ်းမသာဖြစ်ပြီး ဘုရားရှင်ရဲ့ မျက်မှောက်မှာမနေရလျှင် သေရတာက မြတ်သေးတယ်လို့ ဂိဇ္ဈကုဋ်တောင်ပေါ်တက်ပြီး တောင်ထိပ်က ချောက်အတွင်း ခုန်ချမယ်လုပ်တယ်။

                   သည်အကြောင်း ဘုရားရှင်သိတော်မူ၍ ဂိဇ္ဈကုဋ်တောင်ကိုလိုက်ပြီး ချေချွတ်တော်မူတယ်၊ သည်ဝတ္ထုမှာ ဘုရားရှင်က မိမိကိုယ်ကို(ဣမိနာ ပူတိကာယေန) ဤကိုယ်ကောင်ပုပ်လို့ ညွှန်ပြတော်မူတယ်၊ ဘုရားရှင်ရဲ့ အဆင်းတော်ဟာ ရွှေအဆင်းကဲ့သို့ သန့်ရှင်းစင်ကြယ်တော်မူသော်လည်း ချွေးသလိပ်, ကျင်ကြီး ကျင်ငယ်စတဲ့ အညစ်အကြေးများ မပြတ်ယိုစီးတက်လို့ အကောင်ပုပ်လို့ ဟောတော်မူသတဲ့။

                   သည်အကြောင်း ခန္ဓဝဂ္ဂံယုတ် အဋ္ဌကထာ ၂၈၈-မှာ 
ပူတိကာယေနာတိ အတ္တနော သုဝဏ္ဏဝဏ္ဏမိ ကာယံ ဘဂဝါ ဓုဝပဂ္ဃရဏဋ္ဌေန ဧဝမာဟ လို့ ဖွင့်ပြထာတယ်ကွယ့်၊ 

သည်အထောက်အထားကြောင့် ဘုရားရှင်ရဲ့ ကျင်ကြီး ကျင်ငယ်ဟာ သာမန်လူသားများရဲ့ ကျင်ကြီးကျင်ငယ်လို နံစော်ကြောင်း ဖော်ပြထားတယ်၊ 

ဒုတိယအကြောင်းပြချက်ကတော့ အခါတစ်ပါး ဘုရားရှင်ဟာ ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်းမှာ ကိန်းအောင်း မွေ့လျော်တော်မူစဉ် ဝမ်းသွန်တဲ့ ရောဂါဝေဒနာ ကပ်ရောက်တော်မူလာသတဲ့၊ သည်အခါ သိကြားမင်းဟာ မထင်ရှားသောအသွင်ဖြင့် ဘုရားရှင်ရဲ့ ခြေတော်ကို ဆုပ်နယ်လာသတဲ့ကွယ်၊  
ဘုရားရှင်က ဘယ်သူလဲလို့ မေးတော်မူတော့ တပည့်တော် သိကြားပါဘုရားလို့ လျှောက်သတဲ့၊ 
ဘုရားရှင်က သိကြားမင်း လူတို့ရဲ့အနံ့ဟာ အလွန်နံတယ်၊ နတ်တို့ရဲ့ စိတ်ထဲမှာ ယူဇနာတစ်ရာလောက်ကစပြီး လည်ပင်းမှာ ခွေးကောင်ပုပ်အဆွဲခံရသလို အလွန်နံတယ်လို့ထင်ကြတယ်၊ အသင်သိကြားမင်း သွားလေ၊ ငါ့ထံမှာ ကောင်းစွာပြုစုမည့် ရဟန်များရှိတယ်လို့ မိန့်တော်မူတယ်၊ 
သိကြားမင်းက အရှင်မြတ်ရဲ့ သီလရနံ့ဟာ ယူဇနာ ရှစ်သောင်းလေးထောင် အမြင့်ဆောင်တဲ့ မြင်းမိုရ်တောင်များကပင် စံပယ်၊ စကား၊ ခရား၊ စွယ်တော်၊ ကံ့ကော်အနံ့ကဲ့သို့ သင်းပျံ့မွှေးကြိုင် လှိုင်တော်မူတဲ့အတွက်ကြောင့် လာခဲ့ရပါတယ်၊ ကောင်းမွန်စွာလုပ်ကျွေးပါရစေလို့ ဘုရားရှင်ရဲ့ ကျင်ကြီးကျင်ငယ် ရွံရှာဖွယ်စွန့်တဲ့အိုးကို ဦးခေါင်းဖြင့်ရွက်ယူကာ ဆေးကြောသုတ်သင်ပြီးမှ တာဝတိံသာကို ပြန်သတဲ့ကွယ်။

                   သည်အကြောင်း ရဟန်းများသိကြတော့ ဘုရားရှင်၌ သိကြားမင်းရဲ့ ချစ်ခင်ကြည်ညိုခြင်းဟာ အလွန်အံ့သြဖွယ်ရာကောင်းတယ်၊ ကြီးကျယ်သော သိကြားမင်းဖြစ်ပါလျက် ဘုရားရှင်ရဲ့ အညစ်အကြေးစွန့်တဲ့အိုးကို မရွံမရှာ ဦးခေါင်းဖြင့်ရွက်ပြီး လုပ်ကျွေးပြုစုပေးတယ်လို့ ချီးမွမ်းကြသတဲ့၊ 

သည်အခါ ဘုရားရှင်က ငါ့အပေါ် သိကြားမင်း ချစ်ခင်ကြည်ညိုတာဟာ ဘာမျှအံ့သြဖွယ်မရှိဘူး၊ 
ငါဟာ သိကြားအိုကို သိကြားအသစ်ဖြစ်အောင် ပြုပေးခဲ့တယ်၊ အရိယာဖြစ်အောင်လည်း ပြုပေးခဲ့တယ်၊ အဲဒါကသာ အံ့သြဖွယ်ကောင်းတယ် လို့ အနစ္ဆရိယမေတံ သက္ကော ဒေဝရာဇာ မယိ သိနေဟံ အရောဟိ စသော အားဖြင့် မိန့်ကြားတော်မူသတဲ့၊ 
ဓမ္မပဒအဋ္ဌကထာ သုခဝဂ် သက္ကဝတ္ထုကလာတဲ့ သည်စကားရပ်ကို ဒုတိယအကြောင်းပြပြီး 
ဘုရားရှင်ရဲ့ ကျင်ကြီးကျင်ငယ်ဟာ သရက္ခန် စန္ဒကူးများလို မမွှေးကြိုင်ဘဲ သာမန်လူသားများရဲ့ ကျင်ကြီးကျင်ငယ်လိုပင် စက်ဆုပ်ဖွယ်အနံ့ရှိတယ်လို့ ဖြေဆိုတော်မူထားတယ်၊ တို့ကလည်း သည်အဖြေအတိုင်း အဖြေရှိရမှာပဲကွယ့်။

                   တို့တစ်တွေဟာ ဗုဒ္ဓဘုရားရှင်ရဲ့အပေါ် ဘယ်လိုအထင်ကြီးထားကြသော်လည်း 
တရားကိုယ်အားဖြင့် ဗုဒ္ဓဘုရားရှင်ဟာ နတ်လည်းမဟုတ်ဘူး၊ ဗြဟ္မာလည်းမဟုတ်ဘူး၊ သူလိုငါလို လူသားပုဂ္ဂိုလ်မျှသာဖြစ်တယ်၊ လူသားပုဂ္ဂိုလ်မျှသာဖြစ်တဲ့အတွက် သာမန်လူသားများလို ၃၂-ပါးသော ကောဋ္ဌသ အစုအဝေးများဖြင့် တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ရှိတော်မူတယ်၊ ခန္ဓာကိုယ် တည်ဆောက်ထားကြတဲ့ အစုအဝေးအားလုံးတို့ဟာ တင့်တယ်မှုမရှိတဲ့ အသုဘတွေချည်းဖြစ်ကြတယ်၊ ဒါကြောင့် ဘုရားရှင်ရဲ့ ကျင်ကြီးကျင်ငယ်ဟာလည်း တင့်တယ်မှုမရှိ၊ ရွံရှာဖွယ်အတိသာ ဖြစ်ကြောင်းကို မှတ်သင့်တာပေါ့ကွယ်။

“သာဓုပါ ဘုရား - သာဓု - သာဓု”



***ဆက်ရန်**
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ - အမှတ်စဉ်(၅) ဘုရားလောင်း၏ ကြင်ယာတော်နှင့်သားများ

***ကောက်နုတ်ချက်***
နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး
ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၁) (နှာ ၃၀-၃၄) မှ ကောက်နုတ်ပူဇော်ပါသည်။

ဤ “ဗောဓိပင်ပြဿနာ အမေး-အဖြေ” အား ကိုယ်တိုင်ပြန်လည်ရေးသား၍
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး နှင့် တကွ
ဆရာ- အရှင်တေဇာနန္ဒ(Tay Ling) တို့အား ပြန်လည်ကျေးဇူးပြုပူဇော်အပ်ပါသည်။

(ကပ္ပိယ-မောင်ရဲ)
 Friday, August 10,2012     10:42  am


0 comments:

Post a Comment